မြန်မာ့ ပြုပြင်ပြောင်းလဲမှုကို လက်တလော အကြီးအကျယ် ခြိမ်းခြောက်နေသည်မှာ နက်နက်ရှိုင်းရှိုင်း ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သော ဘာသာရေး လူမျိုးရေး ခွဲခြားမှု အမုန်းတရားများပင် ဖြစ်သည်။ ထိုခြိမ်းခြောက်မှုကို ကိုင်တွယ် ဖြေရှင်းရမည့်သူမှာ နိုင်ငံတော်အစိုးရ သာ ဖြစ်သည်။ သို့သော် ခွဲခြားဆက်ဆံမှုနှင့် ပဋိပက္ခများ ရပ်တန့်စေရေး၊ လူမျိုးကွဲများနှင့် ယုံကြည်မှု ကွဲပြားသူတွေကြား အပြန်အလှန် လေးစားသည်းခံစေရေး သမ္မတ ဦးသိန်းစိန်အနေဖြင့် မိန့်ခွန်းများ မကြာခဏ ပြောဆိုရုံသာ တတ်နိုင်သောကြောင့် ဆန္ဒရှိသည်ဆိုနိုင်သော်ငြား ခိုင်မာသော အရေးယူမှုမျိုးအဖြစ် ကြိုးစားအားထုတ်ခြင်းကို မမြင်ရသေး၍ အပြောသက်သက်သာရှိပြီး အလုပ်မဖြစ်သေးဟု ဆိုရပေမည်။
ရခိုင်ပြည်နယ်၊ မိတီ္ထလာ၊ လားရှိုးနှင့် ဥက္ကံမြို့များတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က တရားစွဲဆိုနိုင်ခဲ့ရုံဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက်မဖြစ်ပွားနိုင်တော့ဟု အာမ မခံနိုင်သည်ကို မန္တလေးဖြစ်ရပ်က ထပ်မံသက်သေခံနေပြန်သည်။ Myanmar Spring ဟု တချို့က သုံးနှုန်းခေါ်ဆိုနေသည့် မြန်မာ့နွေဦး အပြောင်းအလဲသည် လူမျိုးရေး ဘာသာရေး အမုန်းတရားများဖြင့် သွေးသံရဲရဲ အပြောင်းအလဲမျိုး မဖြစ်သင့်ပေ။
အရုပ်ဆိုး အကျည်းတန် ဖြစ်ရပ်များ ငြိမ်းချမ်းသည့် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သော မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည်မှာ အံသြစရာဖြစ်ပြီး ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများထံ ဦးတည်သည့် အမုန်းတရားဖြန့်ဝေသူများကို အရေးမယူဘဲ အာဏာပိုင်များက လက်ပိုက်ကြည့်နေခြင်းသည်လည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။ တရား ဥပဒေမဲ့စေရန် မင်းမဲ့ စရိုက်များကို ဖန်တီး လှုံ့ဆော်နေသူများမှာ မည်သူတွေနည်း၊ အစိုးရက ပြောနေသည့် နောက်ကွယ်မှ ကြိုးကိုင်နေသူများမှာ မည်သူတွေနည်း။ ယခုထိ တရားဥပဒေ ရှေ့မှောက် တရားခံကို ဆွဲထုတ် မလာနိုင်သေးသည်မှာ ရှက်စရာ ကောင်းလှသည်။
တရားဥပဒေစိုးမိုးရေးဆိုသည်မှာလည်း တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး အခြေအနေ အမျိုးမျိုး ပြောင်းပြီး မျက်နှာသာ မပေးသင့်။ ပွင့်လင်းမြင်သာပြီး ကောင်းမွန်သော အုပ်ချုပ်ရေးကို ထူထောင်လိုပါလျှင် ဘာသာရေး လူမျိုးရေး ခွဲခြားကန့်သတ်မှုကို အစိုးရက ဆန့်ကျင်တိုက်ဖျက်ရမည်။ ဘာသာရေး လူမျိုးရေး ခွဲခြား နှိမ်ချမှုကို ၂၁ ရာစု ယဉ်ကျေးသော လူ့ဘောင်အဖွဲ့အစည်းတွင် နေရာမပေးသင့်တော့။
ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုသည် နိုင်ငံ့ကောင်းကျိုးအတွက် အကောင်းဆုံး စဉ်းစားတွေးခေါ်မြော်မြင်မှုနှင့် အကောင်းဆုံး တာဝန်ထမ်းရွက်ခြင်းတို့အား ဘာသာ လူမျိုးမရွေး နိုင်ငံသားတို့ထံမှ လိုလိုလားလား တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မှု ဖြစ်တည်လာစေရေး ဖော်ဆောင် ဖန်တီးပေးသင့်သည်။ သို့မှသာ တန်းတူညီမျှမှုနှင့် လူ့ဂုဏ်သိက္ခာပြည့်ဝစေခြင်းဖြင့် နိုင်ငံသားတဦးချင်းစီသည် နိုင်ငံအပေါ် ချစ်ခင်မြတ်နိုးစိတ် အစစ်အမှန်ဖြင့် သစ္စာစောင့်သိကာ နိုင်ငံနှင့် နိုင်ငံသားတို့အကျိုး လိုလိုလားလား ထမ်းပိုးချင်ပေလိမ့်မည်။
နိုင်ငံတော်အစိုးရ အနေဖြင့် အမုန်းတရား ဝါဒဖြန့်ချိမှု မှန်သမျှကို ထိရောက်စွာ အရေးယူပြီး အကြမ်းဖက်မှုများ မဖြစ်ပွားလာစေရန် ကာကွယ်ရမည်။ ဖြစ်ပွားလာပါကလည်း လုံခြုံရေးတာဝန်ရှိသူများက ထိထိရောက်ရောက် ချုပ်ကိုင်နှိမ်နင်းခြင်းဖြင့် အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ် ပေးရမည်။ အကြမ်းဖက်မှု ဖြစ်ပွားပြီးလျှင်လည်း တရားခံများကို ဖော်ထုတ်ကာ ထိရောက်စွာ အပြစ်ပေး အရေးယူပြီး အကြမ်းဖက်ခံရသူတို့၏ ခုခံပိုင်ခွင့်ကိုလည်း ဥပဒေအရ အကျိုးခံစားခွင့် ပေးရန်လိုသည်။
ထိုသို့ နိုင်ငံသားတို့ကို အကာအကွယ်ပေးမှသာ ယခု တိုင်းပြည်တံခါးအဖွင့်တွင် ဝင်ရောက်လာမည့် ပြည်ပက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် ရပိုင်ခွင့်ကို အကာအကွယ် ပေးနိုင်လိမ့်မည်ဟု ယုံကြည်သက်ဝင်လာပေမည်။ သို့ပါသော်လည်း ထပ်ဖန်တလဲလဲ ဖြစ်ပွားနေသော လူမျိုးရေးနှင့် ဘာသာရေး အခြေခံ အဓိကရုဏ်းများအား ထိန်းချုပ်တားဆီးရန် မစွမ်းဆောင်နိုင် ဖြစ်လာနေခဲ့သည်ကို ထောက်ရှု၍ ရှေ့ဆက် နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲရေး မည်သို့ လုပ်ဆောင် ဦးမည်နည်းဟု သံသယ ကြီးစွာ ဖြစ်ရတော့သည်။