ကလေးတွေ မေးခွန်းမေးခွင့်ရတဲ့ ခေတ်ကို ဘယ်တော့ ရောက်မလဲ

ခေတ်ဘုန်းသစ်

This article has been converted from Zawgyi One to Unicode

“ကျမတို့ လူမျိုးတွေဟာ မေးခွန်းမေးရမှာ ကြောက်တယ်၊ မေးခွန်း မမေးတတ်ကြဘူး၊ တကယ် နားမလည်ပါဘဲနဲ့ နားလည်သယောင်နဲ့ ငြိမ်နေတတ်ကြတယ်” ဆိုတဲ့ မှတ်ချက်ကို နိုင်ငံခြားသားများ ဆီကနေ ကျမ မကြာခဏ ကြားဖူး ရပါတယ်။

ကျမတို့ လူမျိုးတွေ ဘာကြောင့် မေးခွန်းတွေ မမေးရတာလဲ။ မမေးတတ်လို့လား၊ အားနာတတ်တဲ့ လူမျိုးဖြစ်တာမို့ မေးခွန်း မေးရမှာကို အားနာလို့လား၊ ဒါမှမဟုတ် ကိုယ်က မေးခွန်းတခုကို မေးလိုက်ပြီ ဆိုတာနဲ့ တပြိုင်နက်တည်း ကိုယ့်ကို ငတုံးလို့ လူတွေထင်သွားမှာ စိုးလို့လား စသဖြင့် မေးခွန်း မမေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တွေးတော စဉ်းစား စရာတွေက အများကြီးပါပဲ။ ဘယ်လိုပဲ ဖြစ်ပါစေ၊ ကျမတို့ လူမျိုးတွေ မေးခွန်း မေးရမှာကို ကြောက်တာ ကတော့ အမှန်ပါပဲ။

မေးခွန်း မေးရမှာကို ဘာကြောင့် ကြောက်ရသလဲ ဆိုတဲ့ အခြေခံ ဇာစ်မြစ်ကို လိုက်ကြည့်မယ် ဆိုရင်ဖြင့် ကျမတို့ဟာ ဟိုးငယ်ငယ် ကတည်းက လူကြီးများကို ပြန်လှန် မေးခွန်းထုတ်ခွင့် မရခဲ့ကြပါဘူး။ လူကြီး ပြောတဲ့အတိုင်းလုပ်၊ လူကြီးကို ပြန်မမေးရဘူး၊ ပြန်မပြောရဘူး ဆိုတဲ့ အထက်အောက် အာဏာနဲ့ အုပ်ချုပ်ရေး အောက်မှာ ငယ်စဉ် ကတည်းက နေခဲ့ကြရပါတယ်။

လူကြီးများ ကလည်း သားသမီးများကို ဘာကြောင့် ဘယ်လို မလုပ်ရဘူး ဆိုတဲ့ အကျိုးနဲ့ အကြောင်း ပြပြီးတော့ ဆုံးမတာမျိုး နည်းကြပါတယ်။ တခုခုကို ကိုယ်က နားမလည်တဲ့ အတွက် ဘာကြောင့် ဘယ်လို ဖြစ်တာလဲလို့ ပြန်မေးမိရင်ဖြင့် လူကြီးများက စိတ်ဆိုးလို့ မဆုံးကြတော့ပါဘူး။

ဟော … ကျောင်းနေတဲ့ အရွယ်ကို ရောက်လာပြန်တော့လည်း ကျောင်းတွေမှာ ဆရာမက ကျောက်သင်ပုန်းမှာ ရေးပေးတဲ့ စာတွေကို ဗလာစာအုပ်ထဲကို ကူးထည့်ပြီးတော့ အလွတ်ကျက်ကြရ ပါတယ်။ ဆရာမနဲ့ ကျောင်းသားတို့ အပြန်အလှန် ဆွေးနွေးတာ၊ မေးခွန်းထုတ်တာမျိုးတွေ မရှိခဲ့ကြပါဘူး။ အတန်းထဲမှာ ကျောင်းဖတ်စာ စာအုပ်ထဲက ရေးထားတဲ့ အတိုင်းထက် ပိုပြီးတော့ ပြောခွင့်၊ ရေးခွင့်၊ တွေးခွင့် မပေးထားတဲ့ အခြေခံပညာရေးနဲ့  ဆယ်နှစ်လုံးလုံး ဖြတ်သန်းလာခဲ့ရပါတယ်။

ဒီလိုနဲ့ ကျမတို့ဟာ မေးခွန်းတွေကို မေးခွင့်၊ တွေးခွင့် မရကြတော့ ပါဘူး။ မေးခွင့်၊  တွေးခွင့် မရတဲ့ ပညာရေးနဲ့ ဖြတ်သန်းလာကြရတာမို့ စူးစမ်းလေ့လာ ချင်စိတ်လည်း နည်းသွားကြရပါတယ်။ စူးစမ်းလေ့လာ ချင်စိတ်နဲ့ မေးခွန်းများ ကို မေးခြင်းဟာ တကယ်တော့ ဆက်စပ်နေတာပါ။

ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ မေးမြန်းစူးစမ်းတာကို အင်မတန်မှ အားပေးကြ ပါတယ်။ ကျောင်းတွေမှာလည်း အားပေးကြ ပါတယ်။ ကျမတို့ဆီမှာတော့  အမေးမြန်းထူတဲ့ ကလေးကို စာသင်နေတုန်း အနှောင့်အယှက်ပေးတဲ့ သူလို့ ထင်တတ် ကြတယ်။ အဲဒီလိုပဲ ဟိုမေး၊ ဒီမေး မေးတဲ့ ကလေးမျိုးကို မိဘများကလည်း စိတ်ရှည်လက်ရှည်နဲ့ မဖြေပေးချင်ကြ ပါဘူး။

အထူးသဖြင့် ဘာကြောင့် မို့လို့ မလုပ်သင့်ဘူး၊ ဘာကြောင့် မကိုင်ရဘူး စတဲ့ ကျိုးကြောင်း ပြပြီးတော့ ပြောဆို ဆုံးမမှုမျိုးလည်း  နည်းကြပါတယ်။  စလောင်းဖုံး နှစ်ချပ်တီးရင် ကွဲတတ်တယ် ဆိုတာမျိုး ပြောမယ့်အစား စလောင်းဖုံး နှစ်ချပ်တီးရင် ကျားကိုက်တတ်တယ် ဆိုတာမျိုး၊ မမေးကောင်းဘူး ငရဲကြီးတတ်တယ် ဆိုတာမျိုးနဲ့ ကလေးတို့ရဲ့ မေးခွန်းတွေကို ခြောက်လုံး၊ လှန့်လုံးတွေနဲ့ ပိတ်ပင်ပစ်လေ့ ရှိပါတယ်။

ကလေးဆိုတာမျိုးဟာ တကယ်တော့ အင်မတန် စူးစမ်းလေ့လာ တတ်တဲ့ လူကလေးများ ပါပဲ။ ဒါကြောင့် မို့လို့ ကလေးတိုင်း၊ ကလေးတိုင်းဟာ သိပ္ပံပညာရှင်တွေ ဖြစ်ကြတယ်လို့ ကလေး စိတ်ပညာရှင်များက ဆိုတာပါ။ သိပ္ပံ ပညာရှင်များဟာ မေးခွန်းတွေ မေးတတ်ကြ၊ စူးစမ်းလေ့လာတတ်ကြ သလိုပဲ ကလေးများ ဟာလည်း မေးခွန်းလေး တွေ မေးကြ၊ စူးစမ်းလေ့လာ တတ်ကြပါတယ်။

ကလေးတို့ဟာ  စကား မပြောတတ်ခင်မှာ ကတည်းက မျက်လုံးလေးတွေနဲ့ စူးစမ်းလေ့လာ တတ်ကြသလို စကား စပြောတတ်ပြီ ဆိုတာနဲ့ ကလေးများဟာ မဆုံးနိုင်တဲ့ မေးခွန်းတွေကို  တရစပ်  မေးတော့တာပါပဲ။ ဒါ ဘာကြီးလဲ  ဆိုတာက စလို့၊  ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ စသဖြင့် သူတို့ လိုချင်တဲ့ အဖြေကို မသိရမချင်း ထပ်တလဲလဲ မေးတော့တာပါပဲ။

ကလေးတို့ရဲ့ မေးခွန်းတွေဟာ လူကြီးများ အတွက် အင်မတန် ဖြေရခက်တဲ့ မေးခွန်းမျိုးတွေလည်း ဖြစ်တတ်ကြ ပါတယ်။ ကလေးမေးတဲ့ မေးခွန်းတွေကို လူကြီးက စိတ်ရှည်လက်ရှည်နဲ့ ဖြေပေးဖို့ လိုပါတယ်။ မဟန့်တားရပါဘူး။ ကလေးတို့ရဲ့ စူးစမ်းလေ့လာစိတ်၊ မေးမြန်းလိုစိတ်ကို မဟန့်တားမိဖို့လိုပါတယ်။

မူကြိုမနေခင်၊ ကျောင်းမနေခင်မှာ ကလေးတို့ရဲ့ မေးခွန်းတွေကို အိမ်က မိဘက စိတ်ရှည် လက်ရှည်နဲ့ ဖြေပေးဖို့ လိုသလို သုံးလေးနှစ်အရွယ် မူကြိုကျောင်းကို သွားတဲ့ အချိန်မှာလည်း ကလေးတို့ရဲ့ မူကြိုကျောင်းက ဆရာများဟာ ကလေး မေးတာကို စိတ်ရှည်လက်ရှည်နဲ့ ဖြေပေးတတ်တဲ့ ဆရာမများ ဖြစ်ဖို့ လိုပါတယ်။

ကလေးတို့ရဲ့ စူးစမ်းလေ့လာ စိတ်လေးတွေ ဖွံ့ဖြိုးစေဖို့ အတွက် ကလေးတို့ရဲ့ မူကြိုကျောင်းဟာ တနေကုန် နီးပါးလောက် ဝလုံးတွေချည်း ထိုင်ရေး ခိုင်းနေတဲ့ကျောင်းမျိုး မဖြစ်ရပါဘူး။ ကလေးတို့ကို သူငယ်တန်းစာတွေ အလွတ်ရွတ်ခိုင်းဖို့ပဲ ဖိအားပေး နေတဲ့ မူကြိုမျိုးလည်း မဖြစ်ရပါဘူး။

ကလေးတို့ရဲ့ မူကြိုဟာ လွတ်လပ်စွာ မေးခွင့်၊ စူးစမ်းခွင့်၊ လေ့လာခွင့်ရဖို့ လိုပါတယ်။ အခုချိန်ထိတော့ ကျမတို့နိုင်ငံမှာ ကလေးတို့ကို လွတ်လပ်စွာ စူးစမ်းလေ့လာခွင့်၊ မေးမြန်းခွင့် ပေးတဲ့ မူကြိုမျိုး အင်မတန် ရှားလှပါသေးတယ်။

ကျောင်းနေတဲ့ အရွယ်ကို ရောက်လာတဲ့ အချိန်မှာတော့ ကလေးတို့ရဲ့ စာသင်ခန်းတွေမှာ ဆရာနဲ့ ကျောင်းသား အပြန်ပြန် အလှန်လှန် ဆွေးနွေးတာမျိုး၊ ကျောင်းသားတွေကို မေးချင်တာ မေးခွင့်ပေးတာမျိုး တွေကို ကျမတို့ရဲ့ ကျောင်းစာသင်ခန်း တွေထဲမှာ အခုချိန်ထိ မလုပ်နိုင်ကြသေးပါဘူး။

မလုပ်နိုင်သေးတဲ့ အပြင် ကလေးက နားမလည်တာ၊ တွေးမိတာလေးတွေကို ထမေး၊ ထပြောခဲ့ရင်လည်း စာသင်ခန်းကို နှောင့်ယှက်သူတယောက် အဖြစ် အဆူခံကြရပါ သေးတယ်။ ဒီလိုမူကြိုမျိုး၊ ဒီလိုစာသင်ခန်းမျိုးကနေ ဖြတ်သန်း လာခဲ့ရတဲ့ အခါမှာတော့ တော်တော်များများ ကလေးများဟာ (နောင် လူကြီးဖြစ်လာတဲ့အချိန် ထိလည်း) မေးခွန်းတွေကို မမေးတတ်ကြတော့ပါဘူး။

ဆရာမ စာသင်နေရင် စာအုပ်ထဲမှာ လိုက်ကူးဖို့ပဲ အားသန်လာကြ ပါတော့တယ်။ မှတ်စုစာအုပ်ထဲမှာ မှတ်စုရှိဖို့ပဲ အားထုတ်လာကြ ပါတော့တယ်။ ဒီလိုနဲ့ပဲ  မေးခွန်းတွေကို  မမေးတတ်ကြတော့ပါဘူး။ မေးခွန်းဆိုတာ ဆရာမ အတွက်ပဲ၊ ကျောင်းသားတွေ မေးရမယ့်အရာ မဟုတ်ဘူးလို့ ထင်လာ၊ တွေးလာ ကြပါတော့တယ်။

ဒီလိုမျိုး မေးခွန်း မမေးတတ်ခြင်း (တနည်းပြောရရင်) မေးမြန်း စူးစမ်းလိုစိတ် အားနည်းခြင်းဟာ နိုင်ငံတနိုင်ငံရဲ့ ပညာရေး အားနည်းခြင်း ပါပဲ။ ပညာရေး အားနည်းခြင်းဟာ လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံရဲ့ အနာဂတ် အတွက် အင်မတန်မှ အန္တရာယ်ရှိပါတယ်။

ကျမတို့ ကျောက်ခေတ်ကနေ ရုန်းထွက်နိုင်ခဲ့ခြင်းဟာ မေးခွန်းတွေကို မေးခဲ့ကြ၊ စူးစမ်းခဲ့ကြလို့ပါ။ အိမ်တွေမှာ၊ ကျောင်းစာသင်ခန်းတွေမှာ ဆရာမ ပြောတဲ့ အတိုင်း လိုက်လုပ်၊ မိဘပြောတဲ့အတိုင်း နားထောင်ဆိုတဲ့ သင်နည်းတွေ၊ ဆုံးမနည်းတွေ အစား ကလေးတွေရဲ့ တွေးတောဆင်ခြင်မှုကို နှိုးဆွပေးနိုင်မယ့် သင်နည်းစနစ်တွေကို ပြုပြင် ပြောင်းလဲဖို့ လိုပါပြီ။ စာသင်ခန်းတွေမှာ သင်ရိုးကုန်ရင် ပြီးရော ဆိုပြီးတော့ သင်နေကြ တာတွေ၊ စာမေးပွဲအောင်ရုံ တပွဲတိုး စာကျက်မှတ် ခိုင်းနေကြတာတွေကြောင့် ဘွဲ့ရ၊ ပညာမတတ်တွေ ပေါနေကြရတာပါပဲ။

ကိုယ့်နိုင်ငံကဘွဲ့ကို နိုင်ငံတကာက အသိမှတ် မပြုတာ၊ ပြည်တွင်းမှာ ဘွဲ့တွေ ဘယ်လောက်ရရ သူများနိုင်ငံကို သွားရင် နိုင်ငံတွင်းက ရထားတဲ့ဘွဲ့နဲ့ ဘာမှမဆိုင်တဲ့ အောက်ကျ နောက်ကျ အလုပ်တွေကို လုပ်နေရတာ၊ သူများနိုင်ငံမှာ ကျောင်းသွားတက်ပြန်တော့လည်း အတန်းထဲမှာ ပြန်လှန်မေးခွန်း မထုတ်တတ်တဲ့၊ မေးခွန်း မမေးတတ်တဲ့ ကျောင်းသား အဖြစ် အထင်သေးခံရတာတွေ ပပျောက်ဖို့ အတွက် ကျမတို့ စတင်ပြောင်းလဲကြဖို့ လိုပါပြီ။

ကလေးတွေကို မေးခွန်း မေးခွင့်ပေးတဲ့ မိဘ၊  မေးခွန်းမေးမှာကို မကြောက်တဲ့ ဆရာ၊ မေးခွန်း မေးခွင့် ပေးတဲ့ကျောင်း၊ ဒါတွေကို ကျမတို့ ဘယ်အချိန်မှာ မြင်ခွင့်ရကြမှာလဲ။ အပြင်ပန်း သဏ္ဌာန်တွေကို မြင်ကောင်းအောင်လို့ ပြုပြင် ပြောင်းလဲ နေဖို့ထက် တကယ့် အနှစ်သာရကို ပြောင်းလဲပစ်ဖို့ လိုပါပြီ။ ဒါဆိုရင်ဖြင့် မေးခွန်းမေးရမှာကို မကြောက်တဲ့၊ ရဲရဲဝံ့ဝံ့နဲ့ ပြန်လှန်မေးခွန်းထုတ်ရဲတဲ့ လူမျိုး ဖြစ်လာပါလိမ့်မယ်။

Loading