ယူနတီ ဂျာနယ်မှ ဂျာနယ်လစ် ၅ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်း၊ ထိုချမှတ်သည့်အပေါ် ဆန္ဒဖော်ထုတ်သည့် ဂျာနယ်လစ်များကို ပုဒ်မ ၁၈ ဖြင့် တရားစွဲခြင်းတို့သည် သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် မီဒီယာများအပေါ် ဖိနှိပ်မှုများ ပြင်းထန်စွာ ဆက်လုပ်လျက်ရှိကြောင်း သက်သေပြနေသည်။
မန္တလေး ပဋိပက္ခအပြီး သမ္မတ ဦးသိန်းစိန်က မီဒီယာလောကကို သတိပေးစကား ထည့်သွင်းပြောကြားပြီးနောက် ယူနတီ ဂျာနယ်လစ်များအပေါ် ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ခြင်း၊ သတင်းထုတ်ပြန်ချက်ကို ပြန်လည် ရေးသားသည့် Bi မွန့်တည့်နေ ဂျာနယ်မှ တာဝန်ရှိသူများကို ဖမ်းဆီးခြင်းများ ဆက်တိုက် ပေါ်ပေါက်လာသည်။
စွဲတင်သော ပုဒ်မများနှင့် ပြစ်ဒဏ်များမှာ ပြင်းထန်လွန်းပြီး စီရင်ချက်ချသည့် တရားရေးမဏ္ဍိုင်ကိုလည်း မေးခွန်းထုတ်စရာများ ရှိနေသည်။ ယူနတီ ဂျာနယ်ပါ သတင်းနှင့် ပတ်သက်၍ CEO၊ အယ်ဒီတာနှင့် သတင်းထောက် အပါအဝင် ၅ ဦးအထိ ဖမ်းဆီးခြင်း၊ ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်မှု နောက်ကွယ်တွင်အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားလိုပြုလုပ်ခြင်း၊ သမ္မတရုံး၏ ညွှန်ကြားချက် ရှိနေခြင်း၊ Bi မွန်းတည့်နေ ဂျာနယ်ကိစ္စတွင် ရုံးတာဝန်ခံသာမက ထုတ်ဝေသူကို မတွေ့၍ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးခြင်းကဲ့သို့သော လွန်ကျွံသည့် ဖြစ်ရပ်များ ရှိနေသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ၊ တပ်မတော်တို့နှင့် ပတ်သက်လာလျှင် မီဒီယာများကို အတိမ်းအစောင်း ခံမည်မဟုတ်ဟု ခြိမ်းခြောက်ရာ ကျနေသည်။ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဂျာနယ်များကို ပြင်းထန်စွာ အရေးယူပြခြင်းဖြင့် စတင်နှိပ်ကွပ်နေသည့် သဘောဖြစ်သည်။
ဤသို့ ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခြင်းကို အများမြင်သာသော်လည်း ပြီးခဲ့သည့် လပိုင်းများမှ စ၍ အယ်ဒီတာအဖွဲ့၏ ကိုယ်ရေးရာဇဝင်ကို စာမျက်နှာ များစွာ ဖြည့်စွက်ခိုင်းခြင်း၊ ပြည်တွင်း ဝင်မည့် ဂျာနယ်လစ်များကို ဗီဇာရက် ကန့်သတ်ခြင်း၊ ဗီဇာထုတ်ပေးရာတွင် ကြန့်ကြာနေခြင်းမှသည် မကြာသေးမီက ဂျာနယ်မှ တာဝန်ရှိသူများကို ရဲအထူးသတင်းတပ်ဖွဲ့က ဖိတ်ခေါ် မေးမြန်းစုံစမ်းခြင်းများအထိ ပြည်သူလူထု အသိနည်းသော ထိန်းချုပ် တင်းကြပ်မှုများလည်း တောက်လျှောက် ရှိနေခဲ့သည်။
ယူနတီ ဂျာနယ်အဖွဲ့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်သည့် အဖြစ်ဟု မမြင်ကြောင်း ပြန်ကြာရေး ဒု ဝန်ကြီး၊ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောဆိုခဲ့သော်လည်း အထက်ဖော်ပြပါ ထိန်းချုပ် တင်းကြပ်လာမှုကို ကြည့်လျှင် သမ္မတ ဦးသိန်းစိန် အစိုးရက မီဒီယာများအပေါ် အစီအစဉ်တကျ အကွက်စေ့စေ့ ပြုလုပ်လာကြောင်း ထင်ရှားသည်။
ယူနတီ ဂျာနယ်အဖွဲ့ကို ပြင်းထန်သော စီရင်ချက် ချမှတ်ခြင်းနှင့် ပတ်သက်၍ “မီဒီယာနှင့် ပတ်သက်လာလျှင် ဂျာနယ်လစ်များကို ထိန်းချုပ်တင်းကြပ်ရေး နည်းလမ်းအသစ် အနေဖြင့် ဥပဒေကို တမျိုး အသုံးချရန် လမ်းကြောင်းပေးလိုက်ခြင်း ဖြစ်သည်” ဟု အရှေ့တောင်အာရှ စာနယ်ဇင်း မဟာမိတ်အဖွဲ့ (SEAPA) က သတင်းထုတ်ပြန်သည်။
ဂျာနယ်လစ်များကို ဖမ်းဆီးခြင်း၊ ရုံးများကို ဝင်ရောက်ရှာဖွေခြင်း၊ စီရင်ချက်ချခြင်းတို့တွင် သတင်းမီဒီယာ ဥပဒေ၌ ဖော်ပြထားသည့်အတိုင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ အကြောင်းကြားမှု မပြုလုပ်ခြင်းကလည်း တရားဝင် ဖွဲ့စည်းထားသည့် သက်ဆိုင်ရာ အဖွဲ့အစည်းကိုပင် ဂရုမစိုက်ဟူသော သဘောပင်ဖြစ်သည်။ အရေးမယူမီ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ဝင်ရောက် ညှိနှိုင်းပေးရန်ပင် အခွင့်အရေး မရှိဟူသောသဘော သက်ရောက်နေသောကြောင့် စာနယ်ဇင်းသမားများအတွက် အကာအကွယ် လုံးဝ ကင်းမဲ့နေသည်။
အရှေ့တောင် အာရှတွင် မီဒီယာလွတ်လပ်ခွင့် အရှိဆုံးနိုင်ငံတခုဖြစ်သည်ဟု သမ္မတ ဦးသိန်းစိန်၏ မန္တလေး ပဋိပက္ခ မိန့်ခွန်း၌ ထည့်သွင်းပြောကြားချက်သည် ရက်ပိုင်းမျှ အကြာတွင် တကယ်လွတ်လပ်ခွင့် ရှိ မရှိ အဖြေပေးလိုက်ပြီ ဖြစ်သည်။ အုပ်ချုပ်ရေးပိုင်း ခြစားမှုများ၊ လွှတ်တော်တွင်း တဖက်စောင်းနင်း နေရာယူထားမှုများ၊ မျှတခြင်း အလျဉ်းမရှိသည့် တရားစီရင်ရေး မဏ္ဍိုင်များဖြင့် ရှေ့မတိုးနိုင်သည့် မြန်မာ့အကူးအပြောင်းကာလတွင် ၎င်းတို့ကို ပြန်လည်စောင့်ကြည့် တည့်မတ်မည့် စာနယ်ဇင်းများလည်း မှောင်ရိပ်ထိုးစ ပြုနေပေပြီ။