“စစ်ရေး ဆိုတာက နိုင်ငံရေး ပြဿနာ မဖြေရှင်းနိုင်လို့ ပါလာတာပါ”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

လက်ရှိတွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ တပ်မတော် အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အပေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) နှင့် TNLA တို့ တွေ့ဆုံညှိနှိုင်းမှု တစုံတရာ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ TNLA နှင့် UPWC တို့သည် ၂၀၁၃ ခုနှစ်၊ ဇူလိုင်နှင့် အောက်တိုဘာလတို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ပလောင် (TNLA) နယ်မြေ ဒေသများအတွင်း တိုက်ပွဲများ ဆက်လက် မဖြစ်ပွားစေရေးအတွက် နှစ်ဖက် ညှိနှိုင်းလုပ်ဆောင်ရန်နှင့် နောက်တကြိမ် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးကျင်းပရန်၊ ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်နှင့် အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရန် နှစ်ဖက်ခေါင်းဆောင်များက နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ဆိုသည်။

ယင်းသို့ တိကျခိုင်မာသည့် သဘောတူညီမှု တစုံတရာ မရရှိခဲ့သဖြင့် ယခုနှစ် အစပိုင်းတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာခြင်း ဖြစ်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြောဆိုလျက်ရှိသည်။ ယင်းသို့ တိုက်ပွဲများ ပြင်းထန်လာနေခြင်း၊ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အားနည်းနေခြင်းများနှင့် ပတ်သက်ပြီး TNLA ၏ ပြန်ကြားရေး ဒုတာဝန်ခံ တာပန်လအား ဧရာဝတီ အကြီးတန်း သတင်းထောက် မေခက သွားရောက် တွေ့ဆုံမေးမြန်း ထားပါသည်။

မေး ။     ။ တိုက်ပွဲတွေက လက်ရှိမှာ ဘာကြောင့် ဆက်ဖြစ်နေတာလဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်နေချိန်မှာ အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေတာက အကျိုးဆက်က မကောင်းနိုင်ဘူး ဆိုထားတော့ ဘာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတာ ပြောပြနိုင်မလား။

ဖြေ ။      ။ တခုက ဘာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာလဲဆို ၂၀၁၄ ခုနှစ် နှစ်လပိုင်းက စပြီး ပိုပြင်းထန်လာတယ်။ အရင်၂၀၁၃ လောက်က ဒီအရှေ့မြောက်ပိုင်းတိုင်းထဲက တပ်တွေနဲ့ပဲ ထိတွေ့တာ။ ခုကျတော့ ဟိုးအောက်ဘက်က တပ်မ ၇၇၊ ၈၈ တို့ပါ တက်လာတော့ တိုက်ပွဲတွေ ပြင်းထန်တယ်။ ကျနော်တို့ကတော့ ကျနော်တို့ဘက်က လက်ဖက်ရာသီဆိုတော့ ရှောင်တယ်။ မတတ်နိုင်မှ တိုက်တယ်။ ခု မေလ၊ ဇွန်လလောက်မှာ ပြင်းထန်တယ် ပြောရမယ်။ ဇွန်လထဲဆို ၁၈ ကြိမ်လောက်ထိ ဖြစ်တယ်။ တရက်တည်းကို နှစ်ကြိမ်လောက် ဖြစ်လာတယ်။

အခုဆို ကျနော်တို့ ဒေသမှာ အစိုးရတပ်ရင်း တပ်မပေါင်း ၆၀ လောက် ဖြစ်လာတယ်။ အဲဒီလောက် အထိ တပ်ရင်းတွေ ဝင်လာတာက အကြောင်းရင်း နှစ်ခုလောက် ဖြစ်တာပေါ့။ တခုက ကျနော်တို့ကို နိုင်ငံရေးအရ စကားပြောစရာ မလိုဘဲ အပြုတ်တိုက်မယ်ဆိုတဲ့ သဘောနဲ့ အပြတ် ချေမှုန်းနေတာလည်း ဖြစ်တယ်။ အပစ်အခတ် ရပ်စဲရေးကို စစ်ရေးနဲ့ ဖိအားပေး လုပ်ဆောင်ခိုင်းတဲ့ သဘောလည်း သက်ရောက်တယ်။ ဒီလိုမျိုး အဓိပ္ပာယ်ရပါတယ်။

ဒီလို ဒေသထဲကို တပ်ရင်း တပ်မပေါင်းများစွာက ရွာတွေထဲရော၊ နောက်တောထဲမှာပါ ချောင်းပစ်တာတွေ ရှိလာတော့ တခါတလေ သူတို့ကလည်း လက်ဦးမှု ယူပစ်တယ်။ ကျနော်တို့ဘက်က ကျတယ်။ တခါတလေ ကျနော်တို့ကလည်း ကျနော်တို့နေရာကို မရောက်အောင် လက်ဦးမှုယူပြီး ပစ်တယ်။ အဓိကကတော့ တိုက်ပွဲတွေ ပြင်းထန်လာတာ ထိုးစစ်ပေါ့။

ကျနော်တို့က သူတို့ကို လိုက်ပြီးသတ်ဖြတ်နေတာ၊ သူတို့မြို့မှာရှိတဲ့ စခန်းတွေကို သွားတိုက်တာ၊ ဖျက်ဆီးတာ မရှိဘူး။ အဲဒီလို လုပ်ဖို့လည်း မစဉ်းစားဘူး။ အစီစဉ်လည်း မရှိဘူး။ အဓိက ကတော့ သူတို့ဘက်က တပ်ရင်းတွေ ဒီလောက်ချထားတော့ ကျနော်တို့ အနေနဲ့ ထိတွေ့မှုတွေ ဖြစ်လာရတာပါ။ ကျနော်တို့နေတဲ့ တောတွေထဲ သူတို့ဝင်လာပြီး ကျနော်တို့ဘက်ကို လိုက်တိုက်လို့ ဖြစ်ရတာပါ။ ထိုးစစ်သာ မရှိရင် သူတို့နဲ့ တိုက်ခိုက်စရာ မရှိပါဘူး။

မေး။      ။ TNLA ရဲ့ ရပ်တည်မှုက ဘယ်လိုလဲ ဆိုတာ သိပါရစေ။ အခု လက်ရှိ ရပ်တည်မှုအပေါ် အစိုးရရဲ့ လက်ခံထားမှုနဲ့ ပတ်သက်ပြီးရော ဘယ်လို မြင်ပါသလဲ။

ဖြေ။       ။ အစိုးရဘက်က ကျနော်တို့ ရပ်တည်မှုကို ကချင်တပ်မတော် လက်အောက်ခံ တခုလို့ မြင်တယ်။ အဲဒီလိုပဲ မီဒီယာတွေမှာ သွေးထိုး ဝါဒဖြန့်တယ်။ ဒါက အစိုးရရဲ့ စိတ်ဓာတ် စစ်ဆင်ရေးပေါ့။ ဒါက ဗျူဟာတခုပဲ။ ရန်သူကို စိတ်ဓာတ် စစ်ဆင်ရေး လုပ်တာပါ။ ဒီလို အမြင်မျိုးဖြစ်အောင် ဖန်တီးပြီး ကျနော်တို့ကို စစ်ရေးအရ ဖိအားပေးနေတာပေါ့။ TNLA က ကချင် လက်အောက်ခံလို့ သူတို့မြင်နေရင်တော့ သူတို့လုပ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်က မှားနေတယ်လို့ ပြောရမှာပါ။

မှန်ကန်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းကို လုပ်နေတယ်ဆိုရင် ဒါက အဖွဲ့ကြီးတယ်၊ ငယ်တယ်ဆိုတာကို တွက်စရာ မလိုဘဲ အဖွဲ့တိုင်းနဲ့ သူတို့ စကားပြောရပါမယ်။ ဘာကြောင့် လက်နက်ကိုင်နေတာလဲ။ ဘာအတွက်ကြောင့်လဲ ဆိုတာ သူတို့ မေးရမယ်။ ဘာတွေကြောင့် အခုလို အသက်တွေ စတေးပြီး လုပ်နေတာလဲ မေးရမယ်။ အခုချိန်မှာ ဆွေးနွေးရမှာပါ။ အဲဒီလို မဟုတ်ဘဲ ဟိုအဖွဲ့ လက်အောက်ခံ၊ ဒီအဖွဲ့လက်အောက်ခံလို့ ပြောနေတာက စေတနာ မမှန်ဘဲ လုပ်နေတာကို ပေါ်လွင်စေပါတယ်။ ကျနော်တို့ အနေနဲ့ အဲဒီလိုပဲ သုံးသပ်တယ်။

ကျနော်တို့က သီးသန့် လွတ်လပ်တဲ့ အဖွဲ့အစည်းပဲ။ ဘယ်အဖွဲ့ လက်အောက်ခံမှ မဟုတ်ဘူး။ ဘယ်သြဇာခံမှ မဟုတ်ဘူး။ လိုအပ်လို့ လူထု တောင်းဆိုချက်အရ လက်နက်ကိုင် တော်လှန်ရတာ ဖြစ်ပါတယ်။ သေချာတာကတော့ ကျနော်တို့ TNLA အနာဂတ်ကို TNLA ကပဲ ဆုံးဖြတ်နိုင်တယ်။ ဘယ်လူမျိုးကမှ ပါဝင်ဆုံးဖြတ်ပေးလို့ မရဘူး။ ကျနော်တို့ လိုလားတာကလည်း သူများလိုလားတာနဲ့ တူချင်မှတူမယ်။ သူများဆုံးဖြတ်တာကို လက်ခံမှာ မဟုတ်သလို ဆုံးဖြတ်ပေးတာကိုလည်း လက်ခံမှာ မဟုတ်ဘူး။ကျနော်တို့က ဘယ်သူ့လက်အောက်ခံမှ မဟုတ်ပါဘူး။ ကိုယ့်လူမျိုးအတွက် ကိုယ်တိုင်ရပ်တည် ဆုံးဖြတ်နေတာ ဖြစ်တယ်။

မေး။      ။ တပ်မတော်ဘက်က တပ်ရင်းတွေ အများကြီး ချထားတယ်လို့ ပြောတယ်။ သူတို့ဘက်က တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုပြီး ပြောတာတွေ ရှိတယ်။ ဒီလို လုံခြုံရေးအရ ပြည်သူတွေအတွက် သူတို့က ဒီမှာတပ်စွဲတယ်လို့ ပြောသံတွေလည်း ကြားမယ်ထင်ပါတယ်။ ဒီအပေါ်မှာရော ဘာများ ပြောချင်ပါသလဲ။

ဖြေ။       ။ သူတို့တွေ တချိန်က သူတို့လုံခြုံရေး ယူစဉ်မှာ လူထုတွေမှာ လုံခြုံမှု ဆိုတာကို မခံစားခဲ့ရဘူး။ ဝန်ထုပ်ဝန်ပိုးတွေ ပိုခံစားရတယ်။ ရွာပိုင်ပစ္စည်း သိမ်းပိုက်တာတွေ ရှိတယ်။ အစိုးရစစ်သားတွေက တိုင်းရင်းသားဒေသ ရောက်လာရင် ဥပဒေမဲ့ ဖြစ်သွားတယ်။ ဥပဒေအရ မရှိဘူး။ သောင်းကျန်းရမ်းကားလို့ရတဲ့ နေရာမျိုး ရောက်သွားသလိုပဲ။ လူတွေကို လုံခြုံမှု မပေးတဲ့အပြင် သွားရောက်ဖျက်ဆီးနေတာမျိုးတွေ ဖြစ်လာတယ်။ ကျနော်တို့ ရောက်နေတဲ့ ကျောက်မဲဒေသမှာတောင် လုံခြုံမှုကို ထိရောက်စွာ မပေးနိုင်ဘူး။

နောက်တခုက ဒီဒေသတွေမှာ မူးယစ်ဆေးဝါး ပျံ့နှံတာတွေကို ကြည့်မယ်ဆိုလည်း ဘိန်းသုံးနေတာတွေကို တွေ့လည်း အရေးယူတာ ထိရောက်စွာ မလုပ်ဘူး။ နောက်ဒီမှာ ပြည်သူ့စစ် အမည်ခံတွေက ဘိန်းတွေလုပ်နေတာတို့၊ နောက်ပြည်သူတွေဘက်ကို ဝန်ထုပ်ဝန်ပိုးဖြစ်အောင် လုပ်နေတာတွေ ရှိနေပေမယ့် အစိုးရဘက်က သိသိကြီး လွှတ်ထားတာတွေ ရှိနေတယ်။

အဓိက ကတော့ တိုင်းရင်းသားတွေ လက်နက်ကိုင်ရတာက ဒီလို တိုင်းရင်းသားဒေသတွေမှာ ဥပဒေမဲ့ အစိုးရတပ်တွေက လုပ်လာတဲ့ အတွက် လက်နက်ကိုင်ဆောင်တိုက်ရတဲ့ ဘဝတွေ ဖြစ်လာတာပါဘဲ။ အစိုးရတပ်က လူထုကို ကာကွယ်တာထက် ပိုပြီးဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်။ ဒါက တိုင်းရင်းသားဒေသမှာပဲ မဟုတ်ဘူး၊ ၂၀၀၇မှာပဲ ဖြစ်ဖြစ်၊ ခုလက်ပံတောင်းမှာပဲ ဖြစ်ဖြစ် အစိုးရရဲ့ ကိုင်တွယ်ပုံကို မြင်သာမှာပါ။

မေး။      ။ TNLA တပ်မတော်နဲ့ အစိုးရဘက်က တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းတာ ဘာကြောင့် မရှိတာလဲ။ မြန်မာငြိမ်းချမ်းရေးစင်တာကတော့ သူတို့ဘက်က ဖိတ်ခေါ်ပါတယ်လို့ ပြောတယ်။ ဒီလိုဆိုတော့ TNLAဘက်က ဆွေးနွေးဖို့ မလိုလားတာလား။ ဘယ်လို ရပ်တည်မှုမျိုးမို့ ဒီလိုဆွေးနွေးဖို့ မလိုတာလဲ။

ဖြေ။       ။ ကျနော်တို့ နှစ်ချက် ပြောချင်တယ်။ ကျနော်တို့ဘက်က မဆွေးနွေးချင်တာ မဟုတ်ပါဘူး။ ရန်ကုန်မှာ ကျနော်တို့လာတုန်း NCCT ဆွေးနွေးပွဲတွေမှာ ကျနော်တို့ ကိစ္စကို ဆွေးနွေးဖို့ သူတို့ဘက်က ပြင်တာကို သိရတယ်။ ဒါပေမယ့် ကျနော်တို့က အဲဒီချိန်မှာ NCCT အဖွဲ့ဝင်အနေနဲ့ပဲ လာတာပါ။ ဒီမှာ တခြားခေါင်းစဉ်နဲ့ လုပ်ဖို့ မသင့်လျော်ဘူး။ သူ့စည်းဘောင် မဝင်ဘူး။ နောက် (ထိုင်းနိုင်ငံ) ချင်းမိုင်မြို့မှာလည်း တွေ့ဖို့ သူတို့ပြောတာ ရှိတယ်။ ကျနော်တို့ဘက်က ငြင်းတာ မဟုတ်ဘူး။

ကျနော်တို့အဖွဲ့မှာ နိုင်ငံရေးအရ တွေ့ဆုံတဲ့ အဖွဲ့ဆိုတာ ရှိတယ်။ ကော်မတီနဲ့တွေ့မှ ရမှာမို့ ကျနော်တို့ ဥက္ကဋ္ဌကပဲ လွှဲပေးပါတယ်။ ဥက္ကဋ္ဌနဲ့ပဲ လုပ်လို့မရတဲ့ အဖွဲ့ပေါ်လစီ သတ်မှတ်ထားတာ ရှိတယ်။ ဒီအကြောင်းကိုလည်း သူတို့ဘက်ကို ပြောပါတယ်။ ဒီတော့ သူတို့လုပ်တာကလည်း တရားနည်းလမ်း မကျတော့ဘူးပေါ့။ ဒီကြားထဲမှာ ကျနော်တို့ နားလည်မှု တခုရတာ ရှိတယ်။ ဒါက ကျနော်တို့ဆီ သူတို့လာဖို့က နေရာအခက်ခဲတွေ ရှိတယ်။

ကျနော်တို့ ဆင်းဖို့လည်း အခက်အခဲ ရှိတော့၊ ပြီးခဲ့တဲ့ ဇွန်လက ကချင်နဲ့အစိုးရ မြစ်ကြီးနား တွေ့ဆုံမှုမှာ ကျနော်တို့ နားလည်မှု ရထားတာက အဲဒီမှာ ကချင်နဲ့တွေ့ပြီး ကျနော်တို့နဲ့ တွေ့မယ် လုပ်ထားတယ်။ဒီတော့ ကျနော်တို့ဘက်က သက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့က လူတွေ ပါလာတယ်။ ဒါပေမယ့် ကျနော်တို့ ရောက်နေတာ သတင်းပို့ပြီးတာတောင် အလုပ်များလို့ဆိုပြီး မဆွေးနွေးရဘူး၊ သူတို့ပြန်သွားတာတောင် မသိလိုက်ဘူး။ ကျနော်တို့ လက်မခံတာ မဟုတ်သလို မကမ်းလှမ်းတာလည်း မဟုတ်ဘူး။

မေး။      ။ ဒါဆို နှစ်ဖက်တပ်မတော် အချင်းချင်းက တိုက်နေတာဆိုတော့ တပ်မတော် အချင်းချင်း ညှိနှိုင်းဖို့ ကမ်းလှမ်းတာရော မရှိဘူးလား။ အလွတ်သဘောညှိဖို့ ရှိမလား။ ဒီအတိုင်းပဲ စစ်ပွဲတွေ ဆက်ဖြစ်သွားမှာပဲလား။

ဖြေ။       ။ စစ်ရေးဆိုတာက နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်လို့ ပါလာတာပါ။ ကျနော်တို့ အနေနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ အမြဲ တံခါးဖွင့်ထားပါတယ်။ MPC က လူတွေ ကျနော်တို့ကို ဆက်သွယ်ဖို့ ဘယ်လို ဆက်သွယ် ရမလဲဆိုတာ သူတို့ သိပါတယ်။ သူတို့ဘက်က တွေ့ဆုံဖို့ ပြောတာ မရှိဘူး။

ကျနော်တို့ဘက်က တပ်မတော်နဲ့ တိုက်ရိုက်ညှိဖို့လည်း မရှိဘူး။ ခံယူထားတာက စစ်ရေးဆိုတာ နိုင်ငံရေး ပြဿနာပဲ။ ကျနော်တို့ဘက်က တရားဝင် ညှိနှိုင်းဖို့ လုပ်ရမယ့် ပုံစံအတိုင်းပဲ လုပ်မှာပါ။ နိုင်ငံရေး တွေ့ဆုံမှု အဖွဲ့ကနေပဲ လုပ်သွားမှာပါ။

မေး။      ။ ခုနက ပြောတာမှာ TNLA တပ်နဲ့ အစိုးရတပ်တွေ ထိပ်တိုက်ဖြစ်တာတွေ များလာတယ် ပြောတယ်။ မြောက်ပိုင်းတိုင်းဘက်မှာဆို ကချင်နဲ့အစိုးရတပ်တို့ စစ်အရှိန်လျော့ရေးမှာဆိုရင် သူတို့သွားလာဖို့ လမ်းတွေမှာ ကြိုတင်ရှောင်ဖို့ အကြောင်းကြားထားတာ ရှိတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးစဉ်မှာ ထိခိုက်မှုနည်းအောင် နှစ်ဖက်စလုံးက ဒီနည်းလမ်းအတိုင်း သုံးဖို့ လိုမယ်ထင်လား။

ဖြေ။       ။ ပြီးခဲ့တဲ့ ၂၀၁၂ လောက်မှာ ကွတ်ခိုင်ဒေသမှာ တိုင်းမှူးမဟုတ်ပေမယ့် ဗျူဟာမှူးတွေဘက်က သူတို့ဒီလမ်းကြောင်း သွားမယ်ဆိုပြီး စာပို့တာ ရှိတယ်။ ဒီလမ်းကြောင်းကနေ ဖယ်ပေးရမယ်။ မသွားလို့ မရဘူးလို့ ပြောပြီး ကျနော်တို့ဆီ စာပို့တယ်။ ဒီလိုဆိုတော့ ကျနော်တို့ ဖယ်ပေးခဲ့တာတွေ ရှိတယ်။

အဲဒီမှာ သူတို့ဘက်က အလွဲသုံးစား လုပ်လာတာတွေ ရှိတယ်။ ကျနော်တို့ ရပ်တည်နေတဲ့ နေရာကနေ တိုက်ပွဲတွေ သူတို့ဘက်ကလည်း မဖြစ်ချင်တော့ ရှောင်ချင်တယ်။ ကျနော်တို့လည်း မဖြစ်ချင်ဘူး။ ရှောင်ပေးလိုက်ရင် ကျနော်တို့နေရာတွေကနေ သူတို့ဘက်က မဖယ်ပေးတော့ဘူး။ အဲဒီလိုဆိုတော့ ကျနော်တို့ဘက်က မယုံတော့ဘူး။ ကျနော်တို့ဘက်က စဉ်းစားနေရပြီ။

သူတို့ဘက်က ကင်းလှည့်လို့ ရတယ်။ သူတို့က ကင်းလှည့်တာ အကြောင်းပြပြီး တပ်နေရာပါချတော့ ကျနော်တို့ဘက်က အဆင်မပြေတော့ဘူး။ နားမလည် နိုင်တော့ဘူး။ ယုံကြည်မှု အလွဲသုံးစားလုပ်တော့ ကျနော်တို့ဘက်က ရိက္ခာသယ်တဲ့ လမ်းကြောင်းနေရာတွေ ပိတ်သွားတယ်။ ဒီလိုသာ ဆက်သွားရင် ကျနော်တို့ဘယ်မှ သွားမရတာတွေ ဖြစ်လာမယ်။

မေး။      ။ TNLA စိုးမိုးနယ်မြေ ဆိုတာကို ဘယ်လို သတ်မှတ်လို့ ရမလဲ။

ဖြေ။       ။ ကျနော်တို့ နယ်မြေ စိုးမိုးတာဆို တရုတ်နယ်စပ်ကနေ မူဆယ်၊ နမ့်ခန်း၊ ကွတ်ခိုင်၊ နောက် မန်တုံ၊ မိုးမိတ်၊ မိုးကုတ်၊ နမ့်ဆန်၊ ကျောက်မဲ အဲဒီလောက် နယ်မြေပါပဲ။

မေး။      ။ အစိုးရဘက်က TNLA တပ်မတော် အနေနဲ့က ဗဟိုဌာနချုပ် မရှိဘူး။ နောက်ဖွဲ့စည်းပုံ မရှိဘူး ပြောနေတယ်။ ရပ်တည်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် ပြောပေးနိုင်မလား။

ဖြေ။       ။ ကျနော်တို့ဘက်က ဌာနချုပ်အနေနဲ့ တနေရာကို သတ်မှတ်ထားတာက အားနည်းချက် တခုဖြစ်စေတယ်လို့ ကျနော်တို့ မြင်တယ်။ ဒီအတွက် ကျနော်တို့ ဌာနချုပ် မထားဘူး။ ကျနော်တို့ဘက်ကို လေကြောင်း စစ်ဆင်ရေးတွေပါ ဖြစ်လာနိုင်လို့ပါ။ မရှိတာမဟုတ်ပါဘူး။ နောင်တချိန် ကြေညာမှာပါ။ ဌာနချုပ်နားရှိတဲ့ ရွာတွေဆို တပ်ဘက်က ဖိနှိပ်တာတွေ ပိုဖြစ်တယ်။

ပြီးခဲ့တဲ့ တော်လှန်ရေးနေ့ လုပ်ချိန်က မန်တုံမြို့က ရွာနားမှာ လုပ်ခဲ့တယ်။ ဒီတော်လှန်ရေးနေ့ပြီးလို့ ကျနော်တို့ ပြန်တော့ တော်လှန်ရေးနေ့ လုပ်ရပါ့မလားဆိုပြီး ရွာသူရွာသားတွေကို ရွာထဲဝင် စစ်ဆေးမေးမြန်း ရိုက်နှက်၊ ဈေးဆိုင်တွေ ဖျက်ဆီးပြီး ပိုက်ဆံတွေ သိမ်းသွားတာတွေ ရှိတယ်။ ဒါကြောင့် ဌာနချုပ်ကို မကြေညာသေးတာပါ။ ရွေ့လျားစနစ်နဲ့ပဲ လုပ်ဆောင်ပါတယ်။ ဌာနချုပ်ရော တပ်စခန်းတွေရောပေါ့။ အဲဒီလို လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်။

မေး။      ။ ငြိမ်းချမ်းရေး လုပ်ငန်းမှာ တိုက်ပွဲတွေကြောင့် ပိုနှောင့်နှေး စေတယ်လို့ ပြောနေတာတွေရှိတော့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။       ။ မှန်ပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးက ဝေးနေမှာပါပဲ။ ငြိမ်းချမ်းရေး ဆိုတာကို စစ်ရေးအရ ဖိအားပေး ရယူလို့တော့ မရပါဘူး။ နောက်တခုက ကျနော်တို့ ငြိမ်းချမ်းရေး လက်မှတ် မထိုးထားပေမယ့် ကျနော်တို့ ဥက္ကဋ္ဌ ကိုယ်တိုင် NCCT အဖွဲ့မှာ ပါဝင်ပြီး တက်ကြွစွာ လုပ်ဆောင်နေတာကို ကြည့်မယ်ဆိုရင် ကျနော်တို့ ဘယ်လောက် ငြိမ်းချမ်းရေး လိုလားသလဲ သိမယ်ထင်ပါတယ်။ ကျနော်တို့ တွေ့မြင်နေရတာကတော့ အခုလက်ရှိ ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ကို တော်တော်လေး နည်းစနစ်တကျ လုပ်ဆောင်နေတယ်လို့ မြင်ပါတယ်။

ဒါပေမယ့် အစိုးရဘက်က အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးဖို့ ဦးတည် ပြောနေတာကိုတော့ အဆင်မပြေဘူးလို့ ပြောချင်တယ်။ ဒီလိုလက်မှတ်ထိုးပြီးမှ စစ်ပွဲတွေ ပြန်ဖြစ်နေရင်လည်း အစိုးရရော ကျနော်တို့ဘက်က မကောင်းဘူး။ ဒီတော့ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးခင် ယုံကြည်မှုအရ ညှိုနှိုင်းမှုတွေ လုပ်မှရမယ်။ အဲဒီလိုမှ ခိုင်မာမယ်။ အခုက အပစ်အခတ် ရပ်စဲရေး ကျနော်တို့ ဘာလို့ လက်မှတ်မထိုးလဲ၊ ကျနော်တို့ ယုံကြည်မှုတ ည်ဆောက်ဖို့ လိုနေလို့ပါ။ တခြားအဖွဲ့တွေ လက်မှတ်ထိုးပြီးမှ စစ်ပြန်ဖြစ်တာမျိုး မလိုလားဘူး။

အစိုးရအနေနဲ့ တိုင်းရင်းသားတွေ အပေါ်မှာ တူညီသဘောထား ရှိသင့်သလို လုပ်ဆောင်တာမှာလည်း စေတနာတခု အနေနဲ့ပါဖို့ လိုတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ ဘယ်သူမှ လက်နက် မကိုင်ချင်ဘူး။ အခုချိန်မှာ ကျနော်တို့ တိကျစွာ နားလည်အောင် ညှိပြီး ဒီအပစ်အခတ် ရပ်စဲရေးကို လုပ်မှာပါ။ နားမလည်ဘဲနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ပြီးနောက် စစ်ပွဲတွေဖြစ်ရင် နှစ်ဖက်စလုံးလည်း အရှက်ရတယ်။ ကမ္ဘာမှာဆိုလည်း ဒါဟာ ရှက်စရာ ဖြစ်မယ်။ အဓိက ကတော့ ငြိမ်းချမ်းရေး လုပ်မယ်ဆို တကယ်စိတ်ရင်းမှန်ရှိဖို့ လိုပါတယ်။

မေး။      ။ ဒါဆို အစိုးရ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က မခိုင်မာတဲ့ သဘောလား။ ဘယ်လိုမျိုးကို ပြောတာပါလဲ။

ဖြေ။       ။ စေတနာမှန်ဖို့ လိုတယ်။ ကျနော်တို့ဆီမှာ အပစ်အခတ် ရပ်တာနဲ့ တကယ်ငြိမ်းချမ်းရေး မရဘူးဆိုတာ သိသာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြားအဖွဲ့တွေ ဥပမာ – ရှမ်းတပ်မတော် အချို့ ငြိမ်းချမ်းရေး လုပ်ငန်းအနေနဲ့ အပစ်ရပ်တယ်။ ဒါပေမယ့် တိုက်ပွဲတွေ ဆက်ဖြစ်တယ်။ အပစ်မရပ်ခင်က တိုက်ပွဲက ၂၀ လောက် ဖြစ်ရင် အပစ်ရပ်ပြီးမှ ၂၀၀ ကျော်လောက် ဖြစ်နေတယ်လို့ ရှမ်းတပ်မတော်က အရာရှိတဦးက ပြောဖူးတယ်။

တိုင်းရင်းသားတွေက စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို လိုလားတယ်။ နိုင်ငံရေး ဆွေးနွေးပွဲ မသွားနိုင်သရွေ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးက မရနိုင်ဘူး။ အစိုးရက ယာယီအပစ်ခတ်ရပ်ဖို့ပဲ တွေးနေတာက ငြိမ်းချမ်းရေး လုပ်ငန်းလုပ်ဆောင်တာမှာ မခိုင်မာဘူး။ စေတနာ မမှန်ဘူးလို့ ပြောလို့ရတယ်။

မေး။      ။ ခုဖြစ်နေတဲ့ လက်ရှိတိုက်ပွဲတွေ အရှိန်လျော့ဖို့အတွက် ဘာတွေလုပ်ဖို့ ရှိလဲ။

ဖြေ။       ။ ဒါကတော့ ကျနော်တို့ တဖက်ထဲက လုပ်ဆောင်လို့ မရဘူး။ ကျနော်တို့ဘက်က အမြဲတမ်း တံခါးဖွင့်ထားတယ်။ သူတို့ဘက်က စေတနာမှန်ဖို့ လိုတယ်။ သူတို့တွေဆီ ကျနော်တို့ဘက်က ဝင်တိုက်တာ၊ ဖျက်ဆီးတာ မရှိဘူး။ တပ်မတော်ဘက်ကပဲ ကျနော်တို့နောက်ကို လိုက်တိုက်တာ။ ကျနော်တို့ကို စစ်ရေးအရ ဖိအားပေးတာပဲ ရှိတယ်။ ကျနော်တို့ဘက်ကတော့ ဘယ်ချိန်ပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကို လိုလားတယ်။ ကြိုဆိုတယ်။ စစ်ရေးနဲ့ ဖိအားပေးနေတာကိုတော့ လက်မခံနိုင်ဘူး။

မေး။      ။ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။

ဖြေ။       ။ အဓိက ကတော့ ကျနော်တို့က စစ်ကိုလိုလားနေသူတွေ မဟုတ်ဘူး။ ကျနော်တို့ လူမျိုးတွေ အတွက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ တိုက်ပွဲဝင်ရတာကလည်း ခေတ်အဆက်ဆက် ဖိနှိပ်မှု၊ မတရား အနိုင်ကျင့်မှုတွေကြောင့် ဖြစ်တယ်။ အခုလို လုပ်ဆောင်နေဖို့ အတွက်လည်း ဘယ်သူ့သြဇာမှ ခံယူလုပ်ဆောင်နေတာ မဟုတ်ဘူး။ ကျနော်တို့ ပလောင်လူမျိုးတွေအတွက် လုပ်ဆောင်နေတာ ဖြစ်တယ်။ ကျနော်တို့က လွတ်လပ်တဲ့ အဖွဲ့အစည်း အနေနဲ့ ကိုယ်ယုံကြည်တာကို ရပ်တည်နေတာ ဖြစ်တယ်။ အစိုးရဘက်က ဝါဒမှိုင်းတိုက် ပြောနေသလို ကျနော်တို့က ကချင်လက်အောက်ခံမဟုတ်ဘူး ဆိုတာကို ထပ်ပြောချင်ပါတယ်။

Loading