မြန်မာနိုင်ငံ၏ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ မြေးများ ယမန်နှစ်က အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းကဏ္ဍ တချို့တွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေခဲ့ကြသည်။ အထူးသဖြင့် ဘဏ်လုပ်ငန်း ကဏ္ဍတွင်ဖြစ်ပြီး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင်ဆိုင်သည့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ် (AGD) ၏ အရေးပါသည့် ရှယ်ယာတချို့ကို ဝယ်ယူနိုင်ရန် ညှိနှိုင်းလျှက်ရှိကြောင်း သိရသည်။ လျှပ်စစ်စွမ်းအား ကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများလည်း ပါဝင်သည်။ AGD ဘဏ်၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ဝယ်ယူရန် ဦးတေဇနှင့် သဘောတူညီမှုရရှိ ထားပြီး နောက် ၆ လအတွင်း ရှယ်ယာ ၈၅ ရာခိုင်နှုန်းအထိ တိုးမြှင့် ဝယ်ယူသွားရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည့်အတွက် မီဒီယာများက စုံစမ်းလေ့လာမှုများ ပြုလုပ်လျှက်ရှိသည်။ ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းမှ သတင်းထောက် ကျော်ဆုမွန်က ဦးနေဝင်း၏ အကြီးဆုံး မြေးဖြစ်သည့် ကိုအေးနေဝင်းနှင့် မကြာသေးမီက တွေ့ဆုံပြီး အဆိုပါ စီပွားရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် ငွေများ၏ အရင်းအမြစ်နှင့် သူတို့၏ အနာဂါတ် အစီအစဉ်များကို မေးမြန်းခဲ့ပါသည်။
မေး။ ။ အကျဉ်း ထောင်ကနေပြန်လွတ်လာပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍအများအပြားမှာ ရင်းနှီးမြှုပ်နှံ နေတဲ့ ငွေတွေက ဘယ်ကရပါသလဲ။ ရှင်ပြောသလို ဒီပိုက်ဆံတွေက သန့်ရှင်းရဲ့လား။ ဒါကို ဘယ်လို သက်သေပြနိုင်မလဲ။
ဖြေ။ ။ AGD ဘဏ်ရဲ့ ရှယ်ယာတွေကို ဝယ်ယူခြင်း အပါအဝင် ကျနော်တို့ မိသားစုလုပ်ကိုင်နေတဲ့ စီးပွားရေး စီမံကိန်းတွေ အားလုံးကို တရားဝင်မှန်ကန်တဲ့ နည်းလမ်းတွေက ရရှိတဲ့ ဝင်ငွေတွေနဲ့ လုပ်ကိုင်နေတယ်ဆိုတာ လုံး၀ သေချာပါတယ်လို့ ကျနော်တို့ အာမခံနိုင်ပါတယ်။
မေး။ ။ ဒါက ဗိုလ်ချုပ်ကြီး နေဝင်း မိသားစု ပိုင်ဆိုင်တယ်လို့ သတင်းထွက်ခဲ့တဲ့ နိုင်ငံခြားဘဏ်စာရင်းတွေနဲ့ ဘယ်လို သက်ဆိုင်ပါသလဲ။ ဒါကို ငြင်းပယ်တဲ့ အနေနဲ့ ပြောစရာတခုခု ရှိပါသလား။
ဖြေ။ ။ ဘယ်နိုင်ငံခြား အစိုးရကမှ ကျနော်တို့ မိသားစုဝင်တွေကို ပိတ်ဆို့ အရေးယူမှုတွေ မပြုလုပ်ခဲ့သို ကျနော်တို့ နဲ့ဆက်သွယ်ခဲ့တဲ့အတွက် ဘယ်ဘဏ်စာရင်း ဘယ်ပိုင်ဆိုင်မှုကိုမှ ထိန်းချုပ်ခြင်း၊ နိုင်ငံပိုင်သိမ်းယူခြင်းတွေ မပြုလုပ်ခဲ့တာကို လူတိုင်းသိပါတယ်။ ဒီနေ့ ဝီကီလိခ် ခေတ်ကြီးမှာ မဟုတ်မမှန်တာ ပြုလုပ်ပြီး ရလာတဲ့ငွေကို ဘယ်သူမှ သတိမပြုမိဘဲ နေမှာမဟုတ်ပါဘူး။ ဒါ့အပြင် ၂၀၀၂ ခုနှစ်မှာ အစိုးရက ကျနော်တို့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲတဲ့အခါ တခြားပြစ်မှုတွေလည်း ပါခဲ့တယ်။ တကယ်လို့ ကျနော်တို့မိသားစုက အာဏာအလွဲသုံးစားမှု ရှိခဲ့ရင် အကျင့်ပျက်ခြစားမှုနဲ့ အလွဲသုံးစားမှုတွေ အတွက်လည်း စွဲချက်တင်ခံရသင့်တယ် မဟုတ်ဘူးလား။ ကျနော်တို့ ထောင်ကလွတ်လာတဲ့အခါ ကျနော်တို့ကို ယုံကြည်မှုနဲ့ ထောက်ခံမှုကို ထင်ထင်ရှားရှားပြခဲ့တဲ့ နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ မိတ်ဆွေတွေနဲ့ ထဲထဲဝင်ဝင် ထိတွေ့ခဲ့ရပါတယ်။
ဥပမာ ပြောရရင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းလာသလိုမျိုး ကောင်းမွန်တဲ့ ရပ်တည်ပေးမှုတွေ ရရှိခဲ့ပါတယ်။ သေသေချာချာ တွက်ချက် လေ့လာပြီးတဲ့နောက် ပြောလာတဲ့ ငွေပမာဏက တရားဝင်တယ်၊ သန့်ရှင်းတယ်ဆိုတာ ကျနော်တို့ သိလာရပါတယ်။ ကျနော်တို့ အစိုးရဆီက သေချာတဲ့ စီမံကိန်းတခု မလိုချင်ပါဘူး။ အဲဒီအစား အရင်းအနှီးကို လက်ထဲမှာ ပထမ ကိုင်ထားပြီးတော့မှ ဘာလုပ်မယ် ဆိုတာကို အစိုးရဆီကို တောင်းဆိုချင်တယ်။
မေး။ ။ ဒီငွေတွေက ဘယ်က လာပါသလဲ။
ဖြေ။ ။ ကျနော်တို့ကို ကမ်းလှမ်းလာတဲ့ ငွေတွေက တရုတ်နိုင်ငံက CCOEC (China National Corporation for Overseas Economic Cooperation) လို့ခေါ်တဲ့ ကုမ္ပဏီတခုက ဖြစ်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ ဘဏ်တွေ အများကြီးရှိပါတယ်။ ဘာဖြစ်လို့ ဦးတေဇရဲ့ AGD ဘဏ်ကို ရွေးချယ်လိုက်ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ နာမည်ကျော်ကြားပြီး ဂုဏ်သိက္ခာမြင့်မားတဲ့ ဘဏ်အဖွဲ့အစည်းတွေ ရှိနေတာကို သံသယရှိစရာ မလိုပါဘူး။ ကျနော်တို့ ဦးတေဇနဲ့ AGD ဘဏ်နဲ့ မဟာမိတ်ပြုလုပ်ဖို့ ရွေးချယ်လိုက်ရတာက ကျနော်တို့ မိသားစုတွေကြားမှာ ဆက်သွယ်မှုတွေ ရှိလို့ပါ။ ပြီးတော့ ဒီဘဏ်က အနာဂတ် အလားအလာတွေအတွက် အာမခံချက် ပေးနိုင်တယ်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဦးတေဇရဲ့ ဖခင် ဒုဗိုလ်မှူးကြီး မြင့်ဆွေဟာ ကျနော့် အဘိုး ယုံကြည်တဲ့ အရာရှိတယောက် ဖြစ်ပါတယ်။ သူတို့တွေ ဗမာ့သေနတ်ကိုင်တပ်ရင်း (၄) မှာ အတူ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ကျနော့် အဘိုးက စစ်ထောက် လှမ်းရေးအဖွဲ့ကို ထူထောင်တော့လည်း သူလည်း စွမ်းစွမ်းတမံ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းကျတော့ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံတွေ (BPI) မှာ အရေးပါတဲ့နေရာက တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ AGD ဘဏ်ရဲ့ နောက်ခံ အချက်အလက် ကောင်းမွန်မှုအပြင် ကြားအဖွဲ့အစည်းတခု ဖြစ်တဲ့ Ernst and Young ရဲ့ အကဲဖြတ်လေ့လာမှုကလည်း မျှော်လင့်ထားတာထက်ကို ကျေနပ်စရာကောင်းခဲ့ပါတယ်။
မေး။ ။ နိုင်ငံခြား ဘဏ်တွေလည်း ဝင်လာကြတော့မယ့် အချိန်မှာ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း ကဏ္ဍက အောင်မြင် လိမ့်မယ်လို့ ယုံကြည်ပါသလား။
ဖြေ။ ။ အရင်ပိုင်ရှင်က အများပိုင် ကုမ္ပဏီအဖြစ် ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တဲ့တာက ယုံကြည်ဖို့ အကြောင်းပြချက် ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ တာဝန်ရှိသူတွေက လိုအပ်တဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။ အခြေအနေတွေ အားလုံးရှင်းလင်းသွားမှ ကျနော်တို့ ဆုံးဖြတ်ချက်ချရမှာက သဘာဝပါပဲ။ ဒါက အများပိုင်လုပ်ဖို့ ရည်ရွယ်ချက်ကို ကျနော်တို့က ပြောင်းလဲပစ်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သေချာတာတခုကတော့ ဘဏ်ကို နိုင်ငံခြား စံချိန်မီအောင်လုပ်ဖို့ ကျနော်တို့ ဆန္ဒပြင်းပြနေတယ် ဆိုတာပါပဲ။ နိုင်ငံတကာ ဘဏ္ဍာရေး အကြံပေး ကုမ္ပဏီတခု ဖြစ်တဲ့ Deloitte နဲ့ ကျနော်တို့ စကားပြောနေပါတယ်။
မေး။ ။ AGD ဘဏ်က အစုရှယ်ယာ ၁၅ ရာခိုင်နှုန်းပဲ ရောင်းချခဲ့တယ်လို့ ပြည်တွင်းမီဒီယာ အချို့ကိုပြောခဲ့ပါတယ်။ အဲဒါ မှန်ပါသလား။
ဖြေ။ ။ ပထမဆုံးပြောရရင် ဟိုဘက်၊ ဒီဘက်ဆိုတာ မရှိတော့ပါဘူး။ ဒါပေမယ့် AGD က ကြီးမားတဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အတွက် စီမံခန့်ခွဲရေးပိုင်းမှာ ရှိသူအားလုံးက အခြေအနေ အပြောင်းအလဲကို မသိနိုင်ပါဘူး။ အားလုံးရှင်းသွား ဖို့အတွက် ဒီနေ့ (ဇူလိုင်လ ၂၃ ရက်နေ့) သူတို့ တရားဝင် ကြေညာချက်ထုတ်ပါလိမ့်မယ်။ ဘဏ်က ရှင်းပြမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ ကျနော်တို့ဘက်ကတော့ အရင်က ကြေညာခဲ့တဲ့အတိုင်းပဲ ထပ်မံအတည်ပြုပါတယ်။
မေး။ ။ မြန်မာနိုင်ငံက တခြား ဘယ်စီးပွားရေး ကဏ္ဍကို စိတ်ဝင်စားသေးသလဲ။
ဖြေ။ ။ ဘဏ်လုပ်ငန်းအပြင် ကျနော်တို့ မိသားစုပိုင် Omni Focus ကုမ္ပဏီက လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တာဝန်ယူ တည်ဆောက်နေပါတယ်။ ရန်ကုန်က ယာဉ်ကြော ပိတ်ဆို့မှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်တဲ့ BRT city transport နဲ့ လူနေတိုက်ခန်းတွေ ဆောက်လုပ်နေပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော Ne Win Grandson to invest US$ 4.9b in Burma businesses ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်သည်။)