“ဂုဏ်သိက္ခာရှိတဲ့ ကြိုဆိုဂုဏ်ပြုတာကို ခုမှပဲ လုပ်နိုင်တော့တယ်လို့” မလေးရှားလေယာဉ် MH-17 မှာ သေ ဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို နယ်သာလန် တော်ဝင်လေတပ်မတော်ရဲ့ C- 130 နဲ့ သြစတြေးလျ တော် ဝင် လေတပ်မတော်ရဲ့ C-17 ဂျက်လေယာဉ်ကြီးနှစ်စီး ရဲ့ နောက်ပေါက်ကနေ အခမ်းအနားနဲ့ သယ်ချ နေ ချိန်မှာ BBC နဲ့ CNN ကေဘယ်လ်တီဗွီ သတင်းတွေက Live ပြနေတုန်းမှာ Dignity (ဂုဏ်သိက္ခာ) ဆိုတဲ့ စကားလုံးကို ရေလဲနဲ့ သုံးပြောသွားတာ ကြားလိုက် ရပါတယ်။
ခရီးသည်တင် လေယာဉ်ကို ရုရှားလိုလားသူ သူပုန်တွေက ရုရှား ထောက်ပံ့ထားတဲ့ supersonic အသံထက် မြန်တဲ့ဒုံးကျည်နဲ့ ပစ်ချအပြီး ကလေးသူငယ်တွေ အပါအဝင် ခရီးသည်တွေရဲ့ အလောင်းတွေ၊ သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို သူပုန်များ ထိန်းချုပ်ထားတဲ့ နယ်မှာ သုံးလေးရက် ဒီအတိုင်း ပစ်ထား ခဲ့ တာ တွေ၊ အလောင်းတွေကို ရွှေ့ပြောင်းခဲ့တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင် ရှုတ်ချခဲ့ ပါ တယ်။
မနေ့ကစပြီး အလောင်းတွေကို စတင် သယ်ခွင့်ရချိန်ကစပြီး နယ်သာလန်နိုင်ငံ အင်ဒိုဗန်( Eindhoven) လေ ဆိပ်မှာ အခမ်းအနားနဲ့ သေသေချာချာ ကြိုဆိုခဲ့ကြပါတယ်။
နယ်သာလန် နိုင်ငံရဲ့ ဘုရင်နဲ့ ဘုရင်မကြီး ကိုယ်တိုင် တက်ရောက်ခဲ့သလို ခရီးသည်တွေရဲ့ အလောင်းတွေ ကိုလည်း (အမျိုးဘာသာ မခွဲခြားဘဲ) သေသေချာချာ အခမ်းအနားနဲ့ သပ်သပ်ရပ်ရပ် ဂုဏ်သိက္ခာရှိစွာ ကြိုဆို တာကို တွေ့ရပါတယ်။
လူ့ဂုဏ်သိက္ခာဆိုတဲ့ စကားလုံးလေးနဲ့ ဒီဖြစ်ရပ်ကို ကြည့်နေရင်း ခံစားမိတာက ၂၀၀၈ တုန်းက မြန်မာ နိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်တဲ့အချိန်မှာ အလောင်းတွေ တောင်လိုပုံခဲ့တာ၊ မိသားစုဝင်တွေခမျာ သေသေ ချာချာ သဂြ ႋုလ်ဖို့ အခွင့်အရေးတောင် မရရှာတာကို သွားသတိရမိပါတယ်။
နောက်ဆုံး ကူညီကယ်ဆယ်မယ် ဆိုတဲ့ အဖွဲ့အစည်း တချို့နဲ့ ပြည်ပ မီဒီယာတွေကို အင်တာဗျူး ပြောဆိုပြီး သတင်းမှန်တွေ ပေးခဲ့သူတွေကိုတောင် ထောင်ချခဲ့တာတွေ ရှိခဲ့ပါတယ်။
နိုင်ငံတကာ အကူအညီ ပေးမယ့်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေကို အကန့်အသတ်နဲ့ ဝင်ခွင့်ပေးခဲ့ပြီး စစ်အစိုးရ ထိန်းချုပ်ထားတဲ့ သတင်းစာကနေ လယ်ကန်သင်းရိုးမှာ ဖားရှာ ငါးရှာပြီး မုန်တိုင်းဒဏ်ခံ ဒေသတွေမှာ အပူအပင် မရှိပါဘူးလို့ နာဂစ်မုန်တိုင်း တိုက်ခတ် အပြီး သုံးပတ်လောက် အတွင်း ဝါဒဖြန့် ချီရေး ရေးခဲ့သူတွေရဲ့ စာသားတွေကို သွားသတိရမိပါတယ်။
သူ့နိုင်ငံက လေကြောင်းလိုင်း မဟုတ်သော်လည်း ဒတ်ချ်လူမျိုး ခရီးသည် အများစုပါဝင်သွားတာ ဖြစ်တဲ့ အတွက် နယ်သာလန်မှာ အလံကို တိုင်တဝက် လွှင့်ထူပြီး ဝမ်းနည်းခြင်း အခမ်းအနားကို တရားဝင်ကျင်း ပပါတယ်။
နာဂစ်မှာတော့ လူပေါင်း တစ်သိန်းကျော် သေဆုံး ပျောက်ဆုံး ခဲ့ရပေမယ့် ဘာအခမ်းအနားမှ တရားဝင် ပြုလုပ်ပေးခြင်း မရှိခဲ့ပါဘူး၊ လူ့ဂုဏ်သိက္ခာမဲ့စွာ သေဆုံးခဲ့ရခြင်းပါ။
အခု MH17 အရေးအခင်းမှာလည်း အပြစ်မဲ့တဲ့ ခရီးသည်တွေ အစုလိုက် အပြုံလိုက် အသက် စတေးခံ ရတယ်၊ ပြီးတော့ ဂုဏ်သိက္ခာမဲ့စွာ ပစ်ထားခံခဲ့ရတယ်။
ဒါတွေကို လူ့ဂုဏ်သိက္ခာ လေးစားတဲ့ အဖွဲ့အစည်းတွေ၊ ပတ်ဝန်းကျင်တွေမှာ မွေးဖွားခဲ့သူတွေက ဒီလို လူ့အကျင့်စရိုက် လက္ခဏာတွေကို လက်မခံဘဲ ဝေဖန်ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။
အတွေးစ တခုကတော့ လူ့ဂုဏ်သိက္ခာကို မလေးစားတဲ့ လူ့အဖွဲ့အစည်း တခုကနေ၊ အသင်းအပင်းတခု ဒါမှမဟုတ် ဖွဲ့စည်းထားတဲ့ အစိုးရတခုက လူသားတွေအတွက် တိုင်းပြည် တပြည်ကို ဂုဏ်သိက္ခာရှိရှိ အုပ်ချုပ်ဖို့ဆိုတာ တော်တော် ခက်တယ်ဆိုတာပဲ ဖြစ်ပါတယ်။
နေရာတိုင်းမှာ ဂုဏ်သိက္ခာ အရေးကြီးပါတယ်၊ MH17 ခရီးသည်တွေရဲ့ ဂုဏ်သိက္ခာကို နိုင်ငံတကာနဲ့ အခြားလူ့ ဂုဏ်သိက္ခာကို လေးစားတဲ့ အစိုးရတွေ လူ့ဘောင် အဖွဲ့အစည်းတွေက ပြန်ဆယ်ပေးတာကို တွေ့ရတော့ သူတို့ကိုယ်စား ခံစားရတာ သက်သာပါတယ်။
(ကိုအောင်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား တဦးဖြစ်ပြီး ၁၉၈၈ မှ စတင်၍ မြန်မာ့အရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည်။)