ဆေးကောင်စီကို လွတ်လပ်ခွင့် ပေးပါ

ဒေါက်တာမြင့်ဦး (ဂျီပီ)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ ဆရာဝန်တွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း ၃ ခုရှိနေပါတယ်။ မြန်မာနိုင်ငံ ဆရာဝန်အသင်း (MMA)၊ မြန်မာနိုင်ငံဆေးကောင်စီ (MMC) နဲ့  ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်မှာ ဖွဲ့စည်းပေးခဲ့တဲ့  မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့(MAMS) ဆိုတာတွေပါ။ ဒီအထဲမှာ အစိုးရက ဥပဒေထုတ်ပြန်ပြီး ဖွဲ့စည်းပေးခဲ့တာကတော့ မြန်မာနိုင်ငံ ဆေးကောင်စီပါ။ ၁၉၅၇ ခုနှစ် မြန်မာနိုင်ငံ ဆေးဘက်ဆိုင်ရာ အက်ဥပဒေကို စစ်အစိုးရလက်ထက်မှာ ၂၀၀၀ ခုနှစ်က ဖျက်သိမ်းလိုက်ပြီး မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေကို ပြဌာန်းပေးခဲ့ပါတယ်။

၁၀ နှစ်ကျော်တဲ့အထိ လုပ်ထုံးလုပ်နည်း ဥပဒေကို မထုတ်ပြန်ဘဲ ထားတဲ့အတွက် ဆေးကောင်စီဝင် ဖြစ်နေသူတွေက လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်မရဘူးဆိုတဲ့ ပြောဆိုဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။  “ဒီမိုကရေစီ”ခေတ်ရောက်တဲ့အခါ လွတ်လပ်တဲ့ ဆေးကောင်စီဖွဲ့စည်းဖို့ဆိုတဲ့ အသံတွေ ပိုပြီး ကျယ်လောင်လာပါတယ်။ အခု စစ်တပ်အသွင်ပြောင်း အစိုးရက ဆေးကောင်စီ ဥပဒေကြမ်းကို ချပြလိုက်ပါပြီ။ ဒီဥပဒေကြမ်းအရ ဆေးကောင်စီ တကယ်လွတ်လပ်ပြီလား ဆိုတာကို ဆွေးနွေးတင်ဆက်ပါ့မယ်။

ဆေးကောင်စီ ဥပဒေအဟောင်းနဲ့ ဥပဒေသစ်ကို နှိုင်းယှဉ်ကြည့်လိုက်ရင် နည်းနည်းပါးပါး ပြင်ဆင်ထားတာကလွဲလို့ သိပ်ပြီး ထူးခြားမသွားပါဘူး။ ဥပဒေဟောင်းနဲ့ မတိမ်းမယိမ်း ဖြစ်နေပါတယ်။ ဥပဒေကြမ်း ပုဒ်မ ၄(က) မှာ  “မြန်မာနိုင်ငံ ဆေးကောင်စီသည် လုပ်ငန်းသဘောအရ လွတ်လပ်စွာ ရပ်တည် ဆောင်ရွက်သော အဖွဲ့အစည်းဖြစ်သည်” လို့ ပါလာတယ်။ စာသားကတော့ ကြိုက်နှစ်သက်စရာပါဘဲ။ ဒါပေမယ့် ပုဒ်မ ၄ (ခ) နဲ့  ပြန်ပိတ်ထားတာကို တွေ့ရတယ်။ “ဆေးကောင်စီသည် ကျန်းမာရေးဝန်ကြီးမှ တစ်ဆင့် နိုင်ငံတော်အစိုးရအဖွဲ့ကို တာဝန်ခံသည်” တဲ့။ အစိုးရကို တာဝန်ခံပြီဆိုကတည်းက ဘယ်လိုလုပ် လွတ်လပ်တော့မှာပါလဲ။  အစိုးရအကြိုက်ကိုပဲ လုပ်ဆောင်ပေးရဖို့ ရှိနေပါတယ်။

ဆေးလောကကို ဦးဆောင်ဦးရွက်ပြုတဲ့ အဖွဲ့အစည်းတခုဟာ Medical Professionalism ကျင့်စဉ်အရ၊ ဆေးလောကသားတွေ အားလုံးနဲ့ လူနာတွေအပေါ်မှာပဲ တာဝန်ခံဖို့ လိုအပ်ပါတယ်။ အစိုးရကို တာဝန်ခံနေစရာမလိုပါဘူး။ ကောင်စီအဟောင်းတုန်းက နည်းဥပဒေ မရှိတာကို အပြစ်ပုံချပြီး မလွတ်လပ်ဘူးလို့ ပြောဆိုခဲ့ကြတယ်။ အခု ဥပဒေအသစ်ကတော့ နည်းဥပဒေကို ဆေးကောင်စီက ထုတ်ပါဆိုပြီး လုပ်ပိုင်ခွင့်ပေးလိုက်တယ်ဆိုပေမယ့် တကယ် မထင်လိုက်ပါနဲ့။ ပုဒ်မ ၆၁ မှာ “ကောင်စီသည် လိုအပ်သော နည်းဥပဒေများ လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့သို့ တင်ပြပြီး ထုတ်ပြန်နိုင်သည်” လို့ ပါရှိနေတယ်။

အစိုးရကို တင်ပြပါဆိုတာကိုက ကန့်သတ်လိုက်တာပါဘဲ။ ကိုယ့်ဟာကိုယ် မလုပ်နဲ့လို့ ပြောလိုက်တာပါ။ အစိုးရက သဘောမတူဘူးဆိုရင် အရင်လိုပဲ နည်းဥပဒေထွက်ပေါ်လာနိုင်မှာ မဟုတ်တော့ပါဘူး။ လွတ်လပ်တဲ့ဆေးကောင်စီ ဖြစ်ဖို့ဆိုရင် ဆေးကောင်စီ ပုဒ်မ ၄(ခ) ကို ဖျက်သိမ်းပစ်ဖို့ လိုအပ်သလို ပုဒ်မ ၆၁ ကိုလည်း ပြင်ဆင်ရပါ့မယ်။ ဆေးကောင်စီ မလွတ်လပ်သေးသမျှ ဆေးတက္ကသိုလ်တွေလည်း လွတ်လပ်ဖို့ အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။

ဥပဒေအသစ်မှာ ပိုဆိုးသွားတာက နာယကအဖွဲ့ထဲမှာ ကျန်းမာရေးဝန်ကြီး ကိုယ်တိုင်ပါဝင်နေတာပါ။ အရင် ဥပဒေအဟောင်းမှာတောင် ဒီလိုမျိုး မပါခဲ့ပါဘူး။ ဝန်ကြီးပါဝင်တဲ့ နာယကအဖွဲ့ဝင်သုံးယောက်က ပုဒ်မ ၆ အရ ဆေးကောင်စီအဖွဲ့ဝင်တွေကို ခန့်အပ်မှာ ဖြစ်ပါသတဲ့။ ဆရာဝန်ထုက ရွေးကောက်တင်မြှောက်တာ မဟုတ်တဲ့အတွက် ဒီမိုကရေစီခေတ်နဲ့ လုံးဝမကိုက်ညီတော့ပါဘူး။ အဲဒီပုဒ်မအရ ကျန်းမာရေးဌာနက ညွှန်ကြားရေးမှူးချုပ်တွေ၊ ပြည်နယ်တိုင်း ကျန်းမာရေးဦးစီးမှူးတွေ အားလုံးဟာ သူ့အလိုလို ဆေးကောင်စီအဖွဲ့ဝင် ဖြစ်လာပါတော့မယ်။ ဒါကိုက အစိုးရရဲ့လက်အောက်ခံဖြစ်တာ ပေါ်လွင်နေပါတယ်။ ဆေးတက္ကသိုလ် ပါမောက္ခချုပ်တွေ၊ တခြားဆေးပညာဆိုင်ရာ ပါမောက္ခတွေ အားလုံးကလည်း အစိုးရဝန်ထမ်းတွေပါဘဲ။ (ဒါကလည်း မထူးဆန်းပါဘူး။ ဥပဒေအဟောင်းတုန်းကလည်း ဒီအတိုင်းပါ။ ဥပဒေအသစ်အရ အဖွဲ့ဝင်အရေအတွက် အနည်းဆုံး ၇၇ ယောက်ကျော် ရှိမယ်လို့ ခန့်မှန်းရပါတယ်)။ တကယ်တမ်း ဆေးလောကမှာ အရေးပါလှတဲ့ ပြည်သူ့ကျန်းမာရေး ပါမောက္ခတွေ၊ ရောဂါဗေဒ ပါမောက္ခတွေ၊ စိတ်ကျန်းမာရေးပညာ ပါမောက္ခတွေကိုတော့ အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားတာမတွေ့ရပါဘူး။ ပြည်သူ့ကျန်းမာရေးကို အဓိကထားပြီး လုပ်ဆောင်နေတဲ့ ဆရာဝန်ကြီးတွေ ဆေးကောင်စီမှာ ပါဝင်သင့်ပါတယ်။

“ပြည်နယ်တိုင်း အသီးသီးက ကိုယ်စားလှယ်တစ်ယောက်စီကို ဆရာဝန်ထုက ရွေးချယ်ရမည်” ဆိုတာကတော့ အရင်ဥပဒေအဟောင်းမှာလည်း ဒီအတိုင်းပါရှိပြီးသား ဖြစ်နေပါတယ်၊ ဒီလိုပါရှိပေမယ့် ဘယ်တုန်းကမှ ရွေးချယ်တင်မြှောက်ခဲ့တာကို မတွေ့ခဲ့ရပါဘူး။ ဥပဒေအသစ်မှာ ဒီအတိုင်းပြန်ပါနေတဲ့အတွက် အရင်အတိုင်း ဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းရပါတယ်။ အငြိမ်းစားဆရာဝန်ကြီး ၇ ယောက်ကို ဆေးကောင်စီအဖွဲ့ထဲမှာ ထည့်သွင်းထားပေမယ့် လူငယ်ဆရာဝန်တွေကို မျက်ကွယ်ပြုထားတာတွေ့ရပါတယ်။ အသက် ၃၀ – ၃၅ နှစ်အရွယ် လူငယ်ဆရာဝန်တစ်ယောက်အဖို့ ဘယ်လိုနည်းနဲ့မှ ဆေးကောင်စီအဖွဲ့ဝင် ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဆေးကောင်စီမှာ လူကြီးတွေပါဝင်သလို တက်ကြွတဲ့လူငယ်တွေလည်း ပါဝင်စေသင့်ပါတယ်။

ဖွဲ့စည်းပုံတစ်ခုလုံးကိုကြည့်လိုက်ရင် အစိုးရခိုင်းတာလုပ်မယ့် လူကြီးတွေနဲ့ နီးစပ်ရာ နာခံမယ့် သူတွေကိုပဲ ရွေးခန့်မယ့်သဘော ဆောင်နေပါတယ်။ ခေါက်ရိုးကျိုးနေတဲ့ အငြိမ်းစား ဆရာဝန်ကြီးတွေကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုအမတ်အနေနဲ့ လွတ်တော်ထဲ ရောက်နေကြတဲ့အတွက် ဆေးကောင်စီ ဥပဒေမူကြမ်းကိုပြဌာန်း လိုက်ရင် ဆေးလောကကြီး ပြောင်းလဲ သွားမယ်လို့ သိပ်မထင်မိပါဘူး။ လုံခြုံတဲ့ကျန်းမာရေး ဥပဒေအသစ်မှာ “အရည်အသွေးပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံး ခံစားခွင့်ရှိစေရန်” ဆိုတဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ “ကျန်းမာရေးလုံခြုံမှု” ဆိုတာကို ဥပဒေအသစ်ကျမှ ထပ်ဖြည့်လိုက်တာတွေ့ရပါတယ်။ ကျန်းမာရေးလုံခြုံမှုလို့ ပြောထားပြီး လူနာ့အခွင့်အရေး ပြဌာန်းချက်တွေ၊ လူနာကာကွယ်ရေးပြဌာန်းချက်တွေကို လုံး၀ မတွေ့ရှိရပါဘူး။

ဆရာဝန်ကို တရားစွဲဆိုခွင့် ဥပဒေသစ်ရဲ့ထူးခြားချက်ကတော့ ပုဒ်မ ၅၆ မှာ “ဆရာဝန်က လူနာကောင်းကျိုးအတွက် စိတ်အာရုံပြုပြီး သဘောရိုးဖြင့် ကုသခဲ့ပါလျက် လူနာဘေးအန္တရာယ် ကျရောက်ခဲ့သည်ရှိသော် ဆရာဝန်ကို ပြစ်မှုကြောင်းရော၊ တရားမကြောင်းနဲ့ပါ တရားစွဲဆိုခြင်းမပြုရ” လို့ ပြဌာန်းထားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ “သဘောရိုး”ဆိုတာဘာလဲ၊ “စိတ်အာရုံပြု”တယ်ဆိုတာ ဘာလဲ၊ လူနာရဲ့ သဘောတူညီမှု ရရဲ့လား စတာတွေကို သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်ပါတယ်။ ဒီပုဒ်မကို အလွဲသုံးပြီးတော့ လူနာအပေါ်မှာ သုတေသနဆောင်ရွက်တာတွေ၊ ဆေးပညာအရှိန်အဝါ (Medical Paternalism) အလွန်အမင်းသုံးစွဲတာတွေ ပေါ်ပေါက်လာနိုင်စရာ ရှိနေပါတယ်။ လူနာတွေကို ကြက်ကလေး ဌက်ကလေးလို စမ်းသပ်ကုသတာတွေ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ သဘောရိုးနဲ့လုပ်တာပါ၊ ကောင်းဖို့လုပ်တာပါ ဆိုပြီးတော့ ဆေးကုသခွင့် အာဏာကြီးစိုးမှုတွေကို ထည့်သွင့်စဉ်းစားဖို့ လိုပါတယ်။ အမှန်က လူနာတွေ တကယ်နစ်နာခဲ့ရင် ဘယ်ကို တိုင်တောရမှာလဲဆိုတာကို ထည့်ပေးဖို့သင့်ပါတယ်။

ကောင်းတာတချက်ကတော့ အရင်တုန်းက ဝန်ထမ်းဆရာဝန်တစ်ယောက်ကို နယ်သွားခိုင်းလို့ မသွားဘူးငြင်းဆန်ခဲ့ရင် ဆေးကုသခွင့် လိုင်စင် (ဆမ) လက်မှတ်ကို ရုတ်သိမ်းတယ်။ အခု အဲဒါကို ဖြုတ်ပေးထားပါတယ်။ ကြိုဆိုပါတယ်။

ဆေးကောင်စီရဲ့ အဓိကလုပ်ငန်းက အစိုးရအသိအမှတ်ပြုတဲ့ တက္ကသိုလ်က အောင်မြင်ပြီးတဲ့သူတွေကိုသာ ဆေးကုသခွင့် လိုင်စင်ထုတ်ပေးတာ။ ရုတ်သိမ်းတာတွေ ပြုလုပ်နေကျဖြစ်ပါတယ်။ တကယ်တော့ မြန်မာပြည်မှာ ဆမ လိုင်စင်မရှိဘဲ ဆေးကုသနေတဲ့သူက ဆရာဝန်အရေအတွက်ထက်တောင် များနေပါသေးတယ်။ အပ်ပုန်းတွေ၊ တရုတ်ဆေးဆရာ အတုတွေ၊ ဆေးထိုးတဲ့ (အိယောင်ဝါး) တိုင်းရင်းဆေးဆရာတွေ၊ ဆေးအိပ်ကိုင်ပြီး ရွာစဉ်လှည့်ကုသနေတဲ့ (ရော) ဆရာကြီးတွေ၊ ဆေးဝါးကျွမ်းကျင်မှုသင်တန်း ၃ လလောက်တက်ပြီး ဆေးကုနေတဲ့သူတွေ၊ ဆေးဆိုင်ဖွင့်ပြီး စပ်ဆေး ရောင်းစားနေတဲ့သူတွေ၊ အဲဒီလူတွေဟာ ဆမ လိုင်စင် မရှိဘဲ ကုသနေတဲ့အတွက် ဒီဥပဒေအရ အရေးယူမလားလို့ မေးစရာရှိလာပါတယ်။

အမှန်ဆိုရင် ဒီလိုကိစ္စတွေကို ပြင်းပြင်းထန်ထန် အရေးုယူဖို့ လိုအပ်ပါတယ်။ ဒါမှပဲ လုံခြုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်လာနိုင်စရာရှိပါတယ်။ ဒီလိုကိစ္စတွေကို ဘယ်လို တားဆီးကာကွယ်မလဲ။ ဆေးကောင်စီက တကယ်အရေးယူမှာလား။ ဥပဒေတခုလုးံမှာ လူနာတွေအတွက် အသားပေးထားတာ မတွေ့ရတဲ့အပြင် လိုင်စင်ရဆရာဝန်တွေကို ကြပ်သလိုတောင်ဖြစ်နေပါတယ်။

ဆေးပညာဘွဲ့ထူး ဂုဏ်ထူး ဖောင်းပွနေမှုကလည်း တမှုပါ။ ဆေးကောင်စီက နိုင်ငံတကာဘွဲ့ ဒီဂရီတွေကို စိစစ်အတည်ပြုပေးတယ်လို့ ဆိုပါတယ်။ ၂၀၀၀ခုနှစ်ကစပြီး ၂၀၁၄ ခုနှစ်အထိ ဆေးကောင်စီက ဘယ်ဘွဲ့တွေကို အသိအမှတ် ပြုတယ် မပြုဘူးဆိုတာကို ထုတ်ပြန်ကြေညာတာ မတွေ့မိပါဘူး။ ဒီအတွက် FRCS မရတဲ့ ဆရာဝန်ကြီးတွေက နိုင်ငံတကာအဖွဲ့ဝင်ကြေး ဒေါ် လာ ၂၀၀ ပေးရတဲ့ အဖွဲ့ဝင်ဖြစ်အောင် လျှောက်ယူကြတယ်။ ပြီးတော့ သူတို့နာမည်နောက်မှာ FRCS ဆိုပြီး တပ်ပစ်လိုက်ကြတယ်။ ဘွဲ့မဟုတ်တာကို လူနာတွေ ထင်ရောင်ထင်မှားဖြစ်အောင် လုပ်လိုက်တာပါ။ MACTM ဆိုတာလည်း ဒီအတိုင်းပါပဲ။ အခုဥပဒေအသစ်မှာလည်း ဒီအတိုင်းပြဌာန်းထားတဲ့အတွက် ဒါတွေကို တကယ်အရေးယူမှာလားဆိုတာ မေးစရာဖြစ်လာပါတယ်။

ဥပဒေသစ်က အစိုးရကို တာဝန်ခံထားတယ်။ ပြီးတော့ ဖွဲ့စည်းပုံအရ ဆေးကောင်စီမှာ အရင်က ဆရာဝန်ကြီးတွေပဲ ပြန်ပြီး ပါလာမယ့် အခြေအနေမှာရှိတဲ့အတွက် ဆေးလောကကြီးတခုလုံး ပြောင်းလဲလာမယ်လို့ မျှော်လင့်မထားပါဘူး။ လူနာတွေကို ကာကွယ်ပေးမယ့် ပြီးတော့ ဆေးလောက တခုလုံးကို ကာကွယ်ပေးမယ့် အချက်အလက်တွေကို ဥပဒေသစ်မှာ အဓိက ထည့်သွင်းဖို့လိုပါတယ်။ ဆေးကောင်စီဥပဒေမှာ “ဆေးပညာ” ဆိုတာကို “ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအားလုံးနှင့် စပ်ဆိုင်သော ပညာရပ်” လို့ အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့အတွက် တိုင်းရင်းဆေးကောင်စီဆိုတာ သီးခြားရှိမနေသင့်ပါဘူး။ မြန်မာနိုင်ငံ ဆေးကောင်စီရဲ့ လက်အောက်ခံအဖွဲ့ခွဲတခုသာ ဖြစ်သင့်ပါတယ်။ အခြား အထူးကု ဘုတ်အဖွဲ့တွေကိုလည်း ဖွဲ့စည်းပေးဖို့လိုပါလိမ့်မယ်။

ဆေးကောင်စီအသစ်ကနေ ဘယ်လိုကြေညာချက်တွေကို ထုတ်ပြန်မလဲဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်။ အခု ဥပဒေကြမ်းကတော့ အရင်အဟောင်းနဲ့ သိပ်မထူးလှပါဘူး။ လွတ်လပ်တယ်ဆိုတာ ဟန်ပြပဲ ရှိပါလိမ့်မယ်။ တကယ်လွတ်လပ်ဖို့ဆိုရင် ဆေးကောင်စီဥပဒေကို ဆရာဝန်အသိုင်းအဝန်းက ဦးဆောင်ပြီးရေးဆွဲဖို့လိုပါတယ်။ လူနာကိုယ်စားလှယ်တွေ၊ ရှေ့နေတွေ၊ တိုင်းရင်းဆေးဆရာတွေ၊ အထွေထွေကုဆရာဝန်တွေ၊ အထူးကုဆရာ ဝန်တွေ အကုန် ပါဝင်ဖို့လိုပါတယ်။

မီဒီယာဥပဒေကို မီဒီယာသမားတွေ ဦးဆောင်ရေးဆွဲခဲ့သလိုမျိုး ဖြစ်သင့်ပါတယ်။ ဆေးကောင်စီဟာ Medical Professionalism ကို စံပြကျင့်သုံးပြရမှာဖြစ်တဲ့အတွက် ဆရာဝန်ထုတစ်ရပ်လုံးနဲ့ လူနာထုအပေါ်မှာသာ တာဝန်ခံဖို့လိုအပ်ပါတယ်။ လူနာကာကွယ်ရေး ဆမ လိုင်စင်မရှိဘဲ ဆေးကုသတာတွေကို ဆေးကောင်စီက ဖေါ်ထုတ်အရေးယူဖို့ ဒါမှမဟုတ် တရားလိုပြုလုပ်ပြီး တိုင်ကြားပေးဖို့ လိုအပ်ပါတယ်။ ဆေးလောကနဲ့ လူနာထုကိုကာကွယ်ဖို့ ဆေးကောင်စီမှာ တာဝန်ရှိနေပါတယ်။ လူနာတွေကိုယ်တိုင်ကလည်း သူတို့နစ်နာခဲ့ရင် ဘယ်မှာတိုင်ရမလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။

စားသုံးသူ ကာကွယ်ရေး အသင်းတွေ ရှိနေသလိုမျိုး၊ လူနာကာကွယ်ရေးအဖွဲ့တွေကို ဆေးကောင်စီက ဖွဲ့စည်းပေးဖို့ လိုပါလိမ့်မယ်။ ဥပဒေကြမ်းက ဆေးကောင်စီရဲ့လွတ်လပ်မှုကို အပြည့်အ၀ မပေးထားတဲ့အတွက် ဆရာဝန်ထုနဲ့ လူနာထုကို တကယ် ကာကွယ်နိုင်ပါ့မလား၊ ဆေးလောကကို အမှန်တကယ် မြှင့်တင်နိုင်ပါ့မလားဆိုတာကိုတော့ သံသယရှိနေဆဲပါပဲ။

(ဒေါက်တာမြင့်ဦး (ဂျီပီ)သည် ထွန်းဖေါင်ဒေရှင်း  စာပေဆုရ “ဆေးပညာကျင့်ဝတ်”စာအုပ်ကို ရေးသားခဲ့သူဖြစ်ပြီး ကျန်းမာရေးပညာပေး ဆောင်းပါး ၄၀၀ ကျော်ကိုလည်း ရေးသားခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့ရှိ Tufts University School of Medicine – Public Health and Community Medicine Department တွင် Adjunct Assistant Professor တဦးအဖြစ် ဆေးပညာကျင့်ဝတ်နှင့် Health and Human Rights ဘာသာရပ်များကို သင်ကြားပို့ချသူဖြစ်ပါသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading