ပြီးခဲ့တဲ့ တန်ဆောင်မုန်းလ အမျိုးသားနေ့က မန္တလေး ကံတက်ကုန်း ဘုန်းတော်ကြီးကျောင်းမှာ ဟောပြောပွဲတခု ကျင်းပခဲ့တယ်။ အဲဒီမှာ လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီး ဝမ်ပေါင်ကုမ္ပဏီဘက်က ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ လောင်ကျုံးရဲ့ ပြောဆိုချက်ကို ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက ပြန်တင်ပြပါတယ်။ တာဝန်ခံ လောင်ကျုံးက “ဒေသခံတွေကလည်း လက်မခံ၊ ဒေသအတွက်လည်း အကျိုးမရှိ၊ ကျနော်တို့ကိုလည်း မလိုလားရင် ကျနော်တို့ တရုတ်ပြည်ကို ပြန်ဖို့ပဲရှိပါတယ်” လို့ ပြောတယ်လို့ ဆိုပါတယ်။
ဝမ်ပေါင် တာဝန်ခံ လောင်ကျုံးပြောဆိုတာ ဧကန်အမှန်ဖြစ်ခဲ့ရင် ဒီစကားက အသစ်အဆန်းဖြစ်တယ်။ တခါတလေ ကြားခံစကားပြန်တွေရဲ့ ဘာသာပြန်ဆိုမှု လွဲမှားနိုင်တော့ အရေးကြီးကိစ္စကို နားနဲ့ဆတ်ဆတ် တိုက်ရိုက်ကြားမှ တိကျမှန်ကန်တဲ့ စကားလို့ သုံးသပ်နိုင်မှာဖြစ်တယ်။ ကျနော် စဉ်းစားမိတာက ဝမ်ပေါင်ဘက်က တာဝန်ခံ လောင်ကျုံး ကိုယ်တိုင် ဒီလိုစကားပြောခဲ့ရင် ဦးပိုင်လီမိတက်ဘက်က ဘာကြောင့် မဖြစ်မနေ လုပ်ချင်နေကြတာလဲ၊ နစ်နာကြေးနဲ့ ဆုံးရှုံးမှုကို ဘယ်လိုတွက်ချက် သုံးသပ်နေလို့လဲ။ ဒီအနှစ် ၃၀ မဟာစီမံကိန်း ကြေးနီထုတ်လုပ်ရေးကို လုပ်ချင်နေကြတာ၊ လုပ်ဖြစ်အောင် အားထုတ်နေကြတာ ဘာ့ကြောင့်ပါလဲ။ ကိုယ်ကျိုးစီးပွားရေး အတိုင်းအတာ ဘယ်လောက်အထိ ကြီးမားနေသလဲ။
လက်ပံတောင်းဒေသခံ ပြည်သူတွေရဲ့အသံနဲ့ ပကတိအနေအထားကို သဲသဲကွဲကွဲ မှန်မှန်ကန်ကန် သိရအောင် မန္တလေးမြို့ကနေ မုံရွာ လက်ပံတောင်းဒေသကို လာခဲ့ပါတယ်။ ကျနော်က မုံရွာဇာတိသားဖြစ်ပြီး ကျနော့်ရဲ့ ဘွဲ့ယူကျမ်းအတွက်လည်း လက်ပံတောင်း နယ်မြေမှာ ကွင်းဆင်းလေ့လာခဲ့ဖူးပါတယ်။ ယခင်က စိမ်းညို့နေတဲ့ စပယ်တောင်နဲ့ ကြေးစဉ်တောင်တို့ကို လုံးဝ မတွေ့ရတော့။ တောင်ပြားပိုင်းပြတ် မြေစာတို့ မွစာကြဲနေတဲ့ လွင်တီးခေါင်အရပ် ဖြစ်နေပါပြီ။
နေပူကြဲကြဲ ထီးထီးမတ်မတ် ရှိနေတဲ့ တိုက်နယ်ဆေးရုံက တည်ဆောက်ဆဲပါ။ ရွာစဉ်နဲ့ ဝေးကွာလွန်းတဲ့ တသီးတသန့် တိုက်နယ်ဆေးရုံကို ဘယ်လိုလူတွေ ဆေးသွားကုကြမလဲ။ အဲဒီကနေ လှမ်းမျှော်ကြည့်လိုက်တော့ ဘုရားပရဝုဏ် ဝင်းတခုနဲ့ တည်ဆောက်ဆဲ စေတီတဆူကိုလည်း တွေ့ခဲ့ရပါတယ်။ ကြဲပါးလှတဲ့ အပင်ရိပ်အောက်မှာ လည်ပတ်အနီ တပ်ဆင်ထားတဲ့ လုံခြုံရေး ရဲဝန်ထမ်းတွေက ကြိမ်လုံးတွေ ကိုင်ထားပါတယ်။ ရဲဝန်ထမ်းတွေနဲ့ ကျေးရွာနေ ဒေသခံလူတွေ ရန်ဖက်ပမာ ဖြစ်နေကြပြီလား။ ရဲဝန်ထမ်းတွေ ကြိမ်လုံးကိုင်ပြီး လက်ပံတောင်နယ်မြေ အေးချမ်းငြိမ်သက်ဖို့ ထိန်းသိမ်း ပေးနေရတာက ဘယ်သူ့အတွက်ပါလဲ။ အစိုးရသတင်းစာမှာတော့ ဆိုးသွမ်းလူတစုက ဦးဆောင်ပြီး လက်ပံတောင်းနယ်မြေ ပြဿနာကို ပုံကြီးချဲ့နေတဲ့သဘော ရေးသားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရပုံတွေ ဖော်ပြခဲ့ပါတယ်။ စစ်ကိုင်းတိုင်း တာဝန်ရှိသူတွေကလည်း ဝန်ထမ်းကောင်း ဆုလက်မှတ်တွေ ချီးမြှင့်တာ ရုပ်သံနဲ့ အစိုးရသတင်းစာတွေမှာ ပါရှိခဲ့ပါတယ်။ မီးလောင်ဗုံး ဒဏ်ရာရ ရဟန်းသံဃာများရဲ့ ပုံရိပ်ကတော့ တဖြည်းဖြည်း ဝေဝါးခဲ့ပါတယ်။
နှိုင်းယှဉ်ကြည့်ရင်တော့ တဖက်က လက်ပံတောင်းဒေသခံ ပြည်သူတွေမှာ မိမိတို့ ဘိုးဘွားစဉ်ဆက် နေထိုင်လာခဲ့တဲ့ ဇာတိမြေ၊ မြေဩဇာကောင်းမွန်လှတဲ့ ယာမြေတွေမှာ ဂျုံ၊ ပြောင်း၊ ပဲ၊ နှမ်း နှစ်စဉ်စိုက်ပျိုးရင်း ဒီဒေသမှာ ရိုးသားအေးချမ်းစွာ အစဉ်အဆက် နေထိုင်လာခဲ့ကြတယ်။ ဘယ်သောအခါမှ ဒီတောင်ခြေ ဒီဒေသကို လာရောက်နှောက်ယှက်မယ့်သူ မရှိလို့ ထင်ခဲ့ကြတယ်။ အခုတော့ ဒီဒေသကြီးတခုလုံး ဘေးဆိုးကပ်ဆိုးသင့်ခဲ့ကြပြီ။ အခြေပျက်၊ အနေပျက်၊ ဘဝပျက်ခဲ့ကြပြီ။ ပြည်သူကို စောင့်ရှောက့်ရမယ့် ပြည်သူဝန်ထမ်း ရဲတို့ကလည်း အပြင်ထရံ၊ အတွင်းထရံ ပြောင်းပြန်ပြုပြီး မိမိပြည်တွင်းသား အချင်းချင်း စော်ကားရန်ပြုဖို့ ဝန်မလေးကြတော့ပါ။ တရုတ်ကို ကြောက်နေရတယ်ဆိုတဲ့ သိက္ခာနဲ့ အရှက်ကင်းမဲ့စွာ ပြောဆိုခဲ့တဲ့ နိုင်ငံ့အကြီးအကဲတွေကလည်း မှတ်တမ်းတင်စရာ ဖြစ်လာခဲ့ပါတယ်။ ဒီတော့လက်ပံတောင်း ဒေသခံ ပြည်သူတွေ အမှန်တရားအတွက် ဆောင်ရွက်ပေးမယ့် ကိုးကွယ်အားထားရသူက ဘယ်မှာရှိနေပါသလဲ။
နစ်နာကြေးလား၊ လျှော်ကြေးလား
လက်ပံတောင်းတောင်ခြေက ဝက်မှေးရွာရောက်တော့ ကျနော် ကျောင်းသားဘဝကတည်းက တည်းခိုနေနားခဲ့ရာ ဒေါ်ခင်သောင်းတို့အိမ်ကို တန်းဝင်ခဲ့တယ်။ အရင်ကတော့ မိသားစု စုံစုံလင်လင်ရှိပြီး ဝင်းခြံကြီးထဲမှာ အိမ်ကြီးရခိုင်နဲ့ မန်ကျည်းပင်တွေကလည်း တဝေဝေ၊ ထန်းပင်ကြီးတွေကလည်း အစီအရီ အင်မတန် နေပျော်စရာကောင်းတဲ့ အရပ်ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကာလက လက်ပံတောင်းတောင်ကြီးက လည်းစိမ်းမြမှိုင်းဝေနေပြီး နှမ်းခင်း၊ ပဲခင်း၊ ဂျုံခင်းတွေက ရှုမျှော်မဆုံး ရှိနေတယ်။ စေတနာကောင်းလှတဲ့ ဝက်မှေးရွာမှာ စတည်းချပြီး လက်ပံတောင်းတောင် ဒေသဝန်းကျင်က ဆေးဖက်ဝင် အပင်ပေါင်းများစွာကို သုတေသနပြုခဲ့တယ်။
အခုရောက်ရှိတဲ့ ကာလမှာတော့ ဒေါ်ခင်သောင်း ပြောပြတာက သူရဲ့နှမ်းနက် စိုက်ပျိုးထားတဲ့ မြေလေးဧကမှာ ဒီနှစ် အထွက်နှုန်း တော်တော်ကောင်းတယ်။ မိဘလက်ငုတ်လက်ရင်း ဒီမြေမှာ စိုက်ပျိုးရင်း အသက်မွေး ဝမ်းကျောင်း ပြုလာခဲ့တာ ဒီကနေ့တိုင်ပဲ ဖြစ်တယ်။ မိမိရဲ့ အထွက်နှုန်းကောင်းလှတဲ့ နှမ်းခင်းပေါ်မှာ မြေစာတွေ လာပုံတော့ နှမ်းရိပ်သိမ်းချိန်ပင် မရလိုက်ဘဲ မြေစာတွေဖုံးပြီး လုံးဝဆုံးရှုံးသွားခဲ့တယ်။ ပြောဆိုသတိပေးတာလုံး ဝမရှိ၊ နိုင်လိုမင်းထက် စော်ကားသည့် သဘောနဲ့ အနိုင်ကျင့်ခံရတာ ကြာလှပြီလို့ သိရတယ်။
ဒီနှစ်မှာတော့နှမ်းတစ်တင်း ၅၅၀ဝ၀ ကျပ် ပေါက်ဈေး ရှိတယ်။ နှမ်းခင်းကို မြေစာတွေဖုံးသွားခဲ့တော့ နှမ်း ၁၀ တင်းလောက် လုံးဝဆုံးရှုံး ပျက်စီးသွားပြီး တန်ဖိုးငွေ ၅ သိန်းခွဲ လုံးဝ ဝင်ငွေမရဘဲ ဆုံးရှုံးခဲ့ရတယ်။ ဒီဖြစ်စဉ်က ဒေါ်ခင်သောင်း တဦးတည်း မဟုတ်ဘဲ ဝက်မှေးကျေးရွာတရွာလုံးက ဒေသခံအားလုံး ဆုံးရှုံးနစ်နာခဲ့ကြတာဖြစ်တယ်။ မြေဧကရာချီရှိတော့ ဒေသခံတို့ရဲ့ ဆုံးရှုံးမှုက အတိုင်းအတာ ကြီးမားလှတယ်။
တရုတ်စကားပြန်က “ဒါ ငါတို့မြေ၊ နင်တို့မပိုင်” လို့ ပြောဆိုကာ ကျေးရွာပိုင်မြေ၊ ယာမြေတို့ကို ကျူးကျော်ပြီး မြေစာဖို့၊ သွပ်ဆူးကြိုးကာဖို့ ကြိုးစားကြတယ်။ ကြေးနီမထွက်တဲ့ တောင်ပူစာတခုကိုလည်း မြေစာဖုံးအုပ်လိုက်တော့ ဒေသခံတို့အတွက် ရာသီစာ စားပင်သီးပင်တွေ မခူးမဆွတ်နိုင်အောင် ဒုက္ခပေးခဲ့ပြန်တယ်။ ဒီနောက် သတ်မှတ်နယ်မြေကို ကျော်ပြီး ကျေးရွာပိုင်မြေကို တိုးချဲ့မြေခိုးယူကာ ဆူးကြိုးခတ်ဖို့ကြိုးစာခဲ့တယ်။
စကားဝိုင်းဆီ လာရောက် ရှင်းလင်းပြောပြတဲ့ အသက် ၂၂ အရွယ် ဝက်မှေးရွာသားလူငယ် ကိုနောင်နောင်ကလည်း ဝမ်ပေါင်က ကြေးနီရှာဖွေရေး စီမံချက် လုပ်ဆောင်ကတည်းက သူတို့ယာမြေအတွင်းမှာ စိုက်ပျိုးထားတဲ့ သီးနှံခင်းတွေပေါ် ဖြတ်သန်းသွားလာတဲ့အတွက် ပျက်စီးဆုံးရှုံးခ လျော်ကြေးအဖြစ် တဧကငွေ ၅ သိန်း ၃ သောင်း သတ်မှတ်ကာ လျော်ကြေး ပေးဆောင်ခဲ့ကြတယ်လို့ ဆိုတယ်။ ၃ နှစ်စာ သီးနှံလျော်ကြေး သတ်မှတ်ပေးခဲ့တာကိုပဲ အခုတော့ နိုင်ငံတော်အစိုးရဆီ တင်ပြတဲ့အခါမှာ သီးနှံလျော်ကြေး ခေါင်းစဉ်အစား မြေယာလျော်ကြေးခေါင်း စဉ်ပြောင်းပြီး လိမ်လည်တင်ပြခဲ့ကြတယ်။ ဒီခေါင်းစဉ်ကိုပဲ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီ ဆက်လက် လိမ်လည်ပြီး အောက်ခြေက တင်ပြပေးနေကြခြင်း ဖြစ်တယ်လို့ ပြောပြတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာထဲမှာ နယ်မြေဒေသ ဖွံ့ဖြိုးရေး၊ ဒေသခံများရဲ့ ဘဝများ တိုးတက်ဖွံ့ဖြိုးရေးနဲ့ နိုင်ငံတော်အတွက် အကျိုးရှိမယ့် လုပ်ဆောင်မှုများကို အားပေးသင့်ကြောင်းနဲ့ ဒေသရဲ့ပေါက်ဈေးအရ ငွေပေးချေခြင်းနဲ့ လျော်ကြေးများ ပေးဆပ်ရမည်ဖြစ်ကြောင်း အတိအကျ ညွှန်ကြားထားပြီး ဖြစ်သော်လည်း ဒေသအတွင်း နေထိုင်သူများအပေါ် ဒေသခံအာဏာပိုင် အဖွဲ့အစည်းများက ပွင့်လင်းမြင်သာ စကားများ ပြောဆိုဆွေးနွေးညှိနှိုင်းခြင်း လုံးဝမရှိဘဲ အနိုင့်အထက် ပြုမူစော်ကား ဆက်ဆံခြင်းနဲ့ စိတ်ဓာတ်ရေးရာအရ ညှိးနွမ်းသိမ်ငယ်အောင် လုပ်ဆောင်နေကြောင်း ကိုနောင်နောင်က ပြောပြခဲ့တယ်။
ကိုနောင်နောင်ကပင် ဆက်လက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာထဲမှာ ယင်းကဲ့သို့ ဒေသပေါက်ဈေး ပေးချေရန်နဲ့ ဒေသနှင့်ဒေသခံတို့အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ ညွှန်ကြားပါရှိခဲ့ပေမယ့် သီးနှံလျော်ကြေး ခေါင်းစဉ်အစား မြေနေရာများ အပြတ်ဝယ်ယူခြင်းနဲ့ သားစဉ်မြေးဆက် မြေယာစွန့်လွှတ်ပါသည် ဆိုတဲ့ စာသားတွေ ပြောင်းလဲကာ တံဆိပ်ထု၊ လက်မှတ်ထိုးစေခဲ့ကြောင်း၊ တဧက ငွေ ၁၀ သိန်း တိုးမြှင့်ပေးချေသော်လည်း မိမိတို့မြေမှာ တဧက ၁၀ သိန်းမက တန်ဖိုးရှိ ၍မြေဩဇာ အထူးကောင်းမွန်သော ယာမြေများဖြစ်ကြောင်း တရွာနှင့်တရွာ၊ တဒေသနှင့် တဒေသရွာအနေ အထားတို့ပင် မတူညီကြောင်း ယာမြေမကောင်း၍ လျော်ကြေးငွေ ၁၀ သိန်းလက်ခံသူ တချို့ရှိကြောင်း မိမိတို့မြေမှာ မြေဩဇာကောင်းမွန်၍ တဧက ငွေ ၁၀ သိန်း မဖြစ်သင့်ကြောင်းတို့ကို ပြောပြခဲ့တယ်။
လက်ရှိအားဖြင့် မိမိတို့ဒေသမှာ ပုဂ္ဂလိက အရောင်းအဝယ်ဖြစ်နေတဲ့ မြေဈေးကွက်တွေက ဓာတ်ဆီဆိုင်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေ ကိုယ်တိုင် စံသတ်မှတ်နှုန်းထား အနေနဲ့ လက်ရှိပေါက်ဈေး ၁ ပေလျှင် ၁ သိန်းကနေ ၁ သိန်းခွဲအထိ ပေးချေဝယ်ယူနေကြောင်း ပြောပြတယ်။ စာရေးသူက ကြားဖြတ်ပြီး ၁ ပေကို အဲဒီဈေးနှုန်းတွေနဲ့ ပေးချေခဲ့ရင် ကျေနပ်နိုင်မလား မေးမြန်းကြည့်ရာ မိမိတို့ လက်ခံနိုင်ရန် အများသဘောဆန္ဒကို တောင်းယူပြီး ပြန်ကြားပေးမည် ဖြစ်ကြောင်း ကိုနောင်နောင်က ပြောပြခဲ့တယ်။
ကျနော် သတိထားမိတာကတော့ အဲဒီအချိန်က တရုတ်ယွမ်ငွေ ၆ ယွမ်ခန့်နဲ့ မြန်မာငွေ ကျပ် ၁ ထောင် အရောင်းအဝယ် ပေါက်ဈေးရှိတာ သတိထားမိတယ်။ ဒီတော့ မြန်မာကျပ်ငွေ ၁ သိန်းဆိုတာ တရုတ်ငွေယွမ် ၆၀ဝ၀ ထောင်သာ ရှိတာကို မြန်မာအစိုးရ အာဏာပိုင်အဖွဲ့က သတိထားဆင်ခြင်ကြည့်ဖို့ လိုအပ်နေတယ်။ အဲ့ဒီတော့ မြန်မာငွေ ထောင်ဂဏန်းနဲ့ တရုတ်ငွေ ခုဂဏန်း အနေအထားမှာရှိပြီး တရုတ်ပြည်နယ်စပ်က ရွှေလီဒေသမှာ အိမ်ခန်းတခန်း ဝယ်ယူလျှင်ပင် ယွမ်ငွေသောင်းဂဏန်း တန်ကြေးရှိကြောင်း လေ့လာတွေ့ရှိရတော့ လက်ပံတောင်း ဒေသက ဒေသခံတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို စည်းမဲ့ကမ်းမဲ့ လျော်ကြေး သတ်မှတ်ခြင်းတွေကို မပြုသင့်ဘူး၊ စာနာထောက်ထား နားလည်ပေးဖို့ လိုအပ်နေကြောင်း တင်ပြချင်ပါတယ်။
ဘိုးဘွားပိုင် မြေယာတို့ကို သီးနှံလျော်ကြေး အနေအထားက ခေါင်းစဉ်ပြောင်းပြီး၊ မြေယာလျော်ကြေးအဖြစ် လိမ်လည် တင်ပြခဲ့တာတွေ ရာသက်ပန်လုံး မိမိတို့ရဲ့ မြေတဧကကို ငွေ ၁၀ သိန်းလောက်နဲ့ လက်လွှတ် ဆုံးရှုံးကြရတော့မယ် ဆိုတော့လည်း ကိုယ်ချင်းစာနာစိတ်နဲ့ မြန်မာပြည်သားအချင်းချင်း ရင်ထဲမှာ ခံစားကြည့်ခဲ့မိတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ဒေသခံတွေရဲ့ အကျိုးကျေးဇူးနဲ့ နယ်မြေဒေသတိုးတက်မှု ရှိမှသာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း ထောက်ခံထားချက်များကို သတိတရရှိမိတယ်။
ကျနော်က ဆက်လက်ပြီး ဒီဒေသကို တိုင်းအဆင့်ရှိတဲ့ အကြီးအကဲတွေ အောက်ခြေနယ်မြေအထိ ကိုယ်တိုင် ကွင်းဆင်း ကြည့်ရှုတာတွေ ရှိခဲ့သလား မေးတော့ တခါမှ မလာဖူးပါ၊ ဆားလင်းကြီးမြို့နယ် အာဏာပိုင်အဖွဲ့ကသာ ကွင်းဆင်းပြီး အထက်ကို တင်ပြနေခြင်းသာ ရှိပါတယ်လို့ ဖြေကြားခဲ့တယ်။
ခြောက်ခြားပြေးလွှား ခါးသီးဖွယ်ရာများ
ကျနော်ရောက်ရှိနေတဲ့ ညနေခင်း ၄ နာရီနဲ့ ၅ နာရီ ဝန်းကျင်လောက်မှာ တုံးခေါက်သံ၊ ခရာတုတ် လူစုကြသံ၊ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ပြေးလွှားသံတွေနဲ့ အုတ်အော်သောင်းတင်း လှုပ်ရှားအော်ဟစ်သံတွေ ကြားနေရတယ်။ ဝက်မှေးရွာအစပ်မှာ သံဆူးကြိုးတားပြီး ဝင်းထရံခတ်ဖို့ သတ္တုတွင်းလုပ်သားတွေနဲ့ လုံခြုံရေးရဲတွေ ဝက်မှေးရွာအနီး ရောက်လာလို့ ရွာသူရွာသားတွေ လှုပ်လှုပ်ရှားရှား ပြေးလွှားသွားလာနေကြတာလို့ ဆိုတယ်။
နေ့ရောညပါ စိတ်ဖြောင့်ဖြောင့် မအိပ်ကြရ၊ ရွာသားများ အလစ်အငိုက်မှာ သွပ်ကြိုးတန်း နယ်နိမိတ် စည်းခတ်ဖို့ ဝမ်ပေါင်ဖက်က ကြိုးစားနေသလို ဝက်မှေး ရွာသူရွာသားတွေကလည်း မိမိတို့နယ်မြေဖက်က မြေခိုးယူပြီး ဆူးကြိုးတန်းမှာစိုးလို့ သတိဝီရိယ ရှိနေကြရတာ ဖြစ်တယ်။ တရုတ်စကားပြန်က “ဒါ ငါတို့ပိုင်တဲ့ နယ်မြေ၊ နင်တို့ မပိုင်ဘူး ငါတို့ဝင်းခတ်တာ နှောင့်ယှက်ရင် တရားစွဲဆိုခံရမယ်” ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
ကျနော် ဝက်မှေးရွာက ပြန်လည်ထွက်ခွာလာတော့ နေလုံးကွယ်ပြီး ညနေ ၆ နာရီခွဲသာသာ ရှိနေပြီ။ ယခင်ကလို ကြည်နူးလွမ်းမော ဖွယ်ရာ စပယ်တောင်နဲ့ ကြေးစင်တောင်တို့ မရှိတော့။ လက်ပံတောင်းတောင် အရေးကလည်း ရင်မအေးစရာ ဖြစ်သည်။
မုံရွာရောက်တော့ သာစည်လမ်းက ဗိုလ်ချုပ်ကြေးရုပ်အနီးမှာ နေထိုင်တဲ့ ဒေါက်တာ ဘဟိန်းဆီ ဝင်ခဲ့တယ်။ သူက ချက်ချင်းပဲ အောင်ချမ်းသာအရပ်မှာရှိတဲ့ သာမဏေကျော် ပိဋကတ်လင်္ကာရကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဦးကောဝိဒဆီ ချက်ချင်း ခေါ်ဆောင်သွားတယ်။ ဆရာတော်က စာချဆရာတော်တပါးဖြစ်ပြီး မုံရွာမြို့ရဲ့မျက်နှာဖုံး အကြီးအကဲတွေနဲ့ လူပုဂ္ဂိုလ်တွေ ကိုးကွယ်တဲ့ ဘုန်းတော်ကြီးတပါး ဖြစ်တယ်။
ဆရာတော်ရဲ့ ဇာတိက ချင်းတွင်းမြစ်အနောက်ဘက် လက်ပံတောင်းတောင်အနီးက မိုးကြိုးပြင်ရွာ။ မယ်တော်ကြီး ဒေါ်တင်လှိုင်က ဒီကနေ့အထိ သူ့ရွာသံယောဇဉ်နဲ့ အဲ့ဒီရွာမှာ နေထိုင်ဆဲဖြစ်တယ်။ မိုးကြိုးပြင်ရွာထိပ်မှာ ရဲကင်းဆောက်ပြီး လက်ပံတောင်းဒေသ အရေးကြုံလျှင် ချက်ချင်းအရေးယူ ဆောင်ရွက်နိုင်ဖို့ အစိုးရဖက်က စီစဉ်ကြတော့ ပစ္စည်းတွေ တင်လာတဲ့ကားတွေ ရွာအနီးရောက်အလာမှာ အသက် ၈၀ ကျော် အဖွား ဒေါ်တင်လှိုင်က ကားတွေရှေ့မှာ ဝမ်းလျားမှောက်ပြီး ဆန္ဒပြခဲ့တယ်။ “ငါ့ကိုတက်နင်းပြီး၊ ငါမရှိမှ ရဲကင်းဆောက်ကြ” လို့ အဖွားအိုက ကန့်ကွက်ခဲ့ကြောင်း ဆရာတော်က မိန့်တော်မူတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အာဏာပိုင်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ ကိုးကွယ်တဲ့ ဆရာတော်ရဲ့ မယ်တော်ကြီးကိုယ်တိုင် ဒီလို မတရားနိုင်လိုမင်းထက် ပြုမူမှုတွေကို ဆန္ဒပြကန့်ကွက်ခဲ့ကြောင်း ကြားသိခဲ့ရတယ်။
စနစ်တကျ မရှိပုံကတော့ သတ်မှတ်နယ်မြေနေရာကနေ ကျော်လွန်ပြီး မိမိတို့ထင်သလို မြေစာတွေ ပုံချင်ရာပုံ၊ ဂရုမစိုက် ပမာမခန့်သဘောနဲ့ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရာဒေသနဲ့ ၂ မိုင်အကွာမှာရှိတဲ့ ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းပေါ်က တယ်ပင်ကန်ရွာဆိုတာ ဖိုဝင်းတောင်သွား ကားလမ်းအနီးမှာ ရှိတယ်။ အခု မြေစာတွေပုံထားတာက တဖြည်းဖြည်းနဲ့ တယ်ပင်ကန်ရွာ အနီးအထိ မြေစာလာပုံနေကြတော့ နယ်မြေခံ ကျေးရွာသားတွေအပေါ် မထီလေးစား ပြုမူနေကြပုံက ရင်ထဲမှာ မီးအပူလောင်ကျွမ်းသလို ခံစားနေကြရတယ်လို့ ဆိုတယ်။ တကယ်တော့ အဲဒီ တယ်ပင်ကန်ရွာဆိုတာ ဖိုဝင်းတောင်နဲ့ အလွန်နီးကပ်နေတော့ ပျူခေတ်ကတည်းကရှိတဲ့ ရှေးသမိုင်းပန်းချီလက်ရာတွေ အပါအဝင် ဘုရားဂူပုထိုးတို့နဲ့ ဖိုဝင်းတောင်ဒေသအနီးပင် ရောက်လာနေပြီဆိုကြတယ်။
ညောင်ပင်ကြီးနဲ့ ဆားလင်းကြီးသွား ကားလမ်းနံဘေးက တုံကျေးရွာဆိုတာ လက်ပံတောင်းတောင်ကြီးနဲ့ နယ်နိမိတ် ထိစပ်နေတယ်။ တုံကျေးရွာအုပ်စုထဲက သဲကောကြီးခေါ်တဲ့ ဥနဲ္နပုတ်ကျေးရွာတို့မှာ ရေတွင်းတွေ ရေခန်းခြောက်ပြီး သောက်ရေသုံးရေရရှိဖို့ အခက်အခဲဒုက္ခတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတယ်။ အဲ့ဒီကိစ္စကို ကရုဏာမြင့်မိုရ် လူမှုရေးအသင်းက အတွင်းရေးမှူး ကိုစိုးလင်းက ဒေါက်တာ ဘဟိန်းဆီ လာပြောပြတော့ ဘယ်လိုလုပ်ပြီး ရေတွေ ခန်းခြောက်သွားသလဲဆိုတဲ့ မေးစရာတွေ မေးခွန်းတွေက ခြောက်ခြားဖွယ်ရာ အမေးပုစ္ဆာတွေ ဖြစ်လာနေတယ်။
မကြာသေးတဲ့ ကာလပိုင်းကပဲ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်တည်ရှိရာ တောင်ကြား တောရကျောင်းကို ပြောင်းရွေ့ဖို့ စီစဉ်နေကြောင်း ကြားသိရတယ်။ အဲဒီ တောင်ကြားတောရကျောင်းဆိုတာ တရားဓမ္မ စီးဖြန်းရာ၊ ဥပုသ်သီတင်းစောင့်တဲ့ တရားရိပ်သာ၊ စေတီပရဝုဏ်တို့နဲ့ အေးငြိမ်းသာယာလှတဲ့ နေရာကလေးတခု ဖြစ်တယ်။ သတင်းကြားသိပြီး မကြာခင်မှာပဲ သိမ်တော်နဲ့စေတီကို နေရာသစ်ဆီ ပြောင်းရွေ့လိုက်ကြောင်း သတင်း ကြားသိရပြန်တယ်။
တန်ဖိုးသိမှ တန်ဖိုးရှိ
အဲဒီသိမ်ကျောင်း ပတ်ဝန်းကျင် တကြောမှာ အသက်အရွယ်ကြီးရင့်သူ ဇရာအိုအရွယ်တိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သွက်ခြာပါဒ၊ လေငန်းရောဂါ၊ ခန္ဓာကိုယ်လေးလံပြီး စွမ်းအင်ချို့တဲ့လာတဲ့အခါ မသုံးမဖြစ်တဲ့ ဆေးတမျိုး အလေ့ကျ ရှင်သန်ဖြစ်ထွန်းနေတာ ကျနော် သုတေသနကွင်းဆင်း နေစဉ်ကတည်းက စုဆောင်းရယူခဲ့ဖူးတယ်။
တရုတ်ပြည်က ဂျင်ဆင်းဆေးပင်တို့ နာမည်ကြီးသလို၊ နောင်ကာလမှာ နာမည်ထင်ရှားလာပြီး ကမ္ဘာကျော် ဆေးတလက် ဖြစ်လာမယ်လို့ ကျနော်မျှော်လင့်ခဲ့တယ်။ အခုတော့ သိမ်ကျောင်းကြီးလည်း ပျက်စီးသွားသလို မြန်မာ့ဆေးပစ္စည်း ရတနာသိုက်ကြီးလည်း ပျက်စီးသွားခဲ့ပြီ။ တရုတ်ပြည်က ဥက္ကဌကြီး မော်စီတုန်းက တရုတ်ဆေးဝါးတို့သည် တရုတ်ပြည်သူတို့၏ အသက်ကယ်တင်ရာ သဘာဝ ရတနာသိုက်ကြီးများ ဖြစ်သည်ဟူ၍ သူ၏မိန့်ခွန်းတွေထဲမှာ ညွှန်ပြပြောဆိုလေ့ရှိခဲ့ပြီး၊ တရုတ်ဆေးကျမ်းတွေမှာလည်း ကိုးကားဖော်ပြခဲ့ကြတယ်။ မြန်မာတို့ရဲ့ ဒေသမှာတော့ လူသားတို့အတွက် သက်စောင့်ဆေးဝါး သယံဇာတပစ္စည်းများကို မသိနားမလည်သူတွေက ပယ်ရှားဖျက်စီးခဲ့ကြတယ်။
ကြေးနီသတ္တုတူးဖော်မှုမှ နိုင်ငံခြားငွေ ရယူပေးနိုင်တယ်လို့ ထင်မြင်ယူဆခဲ့ကြသူများ၊ ကမ္ဘာ့ငွေကြေးကို ရယူပေးပြီး လူသားကျန်းမာရေး စောင့်ရှောက်မည့် အဖိုးတန်ဆေးဝါးပစ္စည်းများကိုတော့ တန်ဖိုးကို မသိနားမလည်ခဲ့ကြဘဲ ဘယ်သောအခါမှ ပြန်လည်မရနိုင်တော့တဲ့၊ ဆေးပင်ကြွယ်ဝတဲ့ လက်ပံတောင်းတောင်ကြီးကတော့ ဆုံးရှုံးခြင်းဖြင့် ရင်ဆိုင်ခဲ့ကြရပြီ။
သိမ်ကျောင်းကို မပယ်ဖျက်မီက ဗုဒ္ဓဘာသာဝင်အများဆုံး နေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအစဉ်အလာအရ သိမ်ကျောင်းတော်ကြီးကို ပယ်ဖျက်ခြင်းမပြုဘဲ အထွဋ်အမြတ်အဖြစ် ဆက်လက်ပြီး မူလအနေအထားအတိုင်း ဒေသခံတို့ဆန္ဒကို လိုက်လျောတော့မလို အသံလွှင့်ထားခဲ့တယ်။ မြန်မာပြည်အရပ်ရပ်က ဗုဒ္ဓဘာသာဝင်တိုင်းကလည်း သာဓုခေါ်ရင်း ကျေနပ်နေခဲ့ကြတယ်။ ဒီကြားထဲမှာ မလုပ်ဆောင်မီ အချိန်ယူရင်း နည်းလမ်းရှာကြံခဲ့ကြဟန်တူတယ်။
နောက်ပိုင်းမှာတော့ နိုင်ငံတော်ပိုင်းဆိုင်ရာ မဟာသံဃနာယက ဆရာတော်နဲ့အဖွဲ့ကို နိုင်ငံရေး၊ စီးပွားရေးထဲမှာ ထည့်သွင်းပြီး အာဏာစက်၊ ဓမ္မစက်တို့နဲ့ ပေါင်းဖက်ချဉ်းကပ်ပြီးတော့ လက်ပံတောင်းတောင်က လယ်တီဆရာတော် ဘုရားကြီးရဲ့ သိမ်တော်နဲ့ ပတ်သက်တဲ့ သာသနိက အဆောက်အအုံတွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ပင့်ဖိတ်ပြီး ဆုံးဖြတ်စေခဲ့တယ်။ နိုင်ငံတော် သံဃာ့နာယက ထေရ်ကြီး၊ ဝါကြီး ရဟန်းအရင့်အမာကြီးများဆိုတော့ ဗုဒ္ဓဘာသာ ကြည်ညိုလေးစားတဲ့ မြန်မာပြည်တဝှမ်းက ပြည်သူတွေ မျှော်လင့်စောင့်စား နားထောင်နေခဲ့ကြတယ်။ အထူးသဖြင့် မုံရွာနယ်ခံလူထုရဲ့ ရင်ထဲမှာ ရင်တထိတ်ထိတ် ခံစားနေကြတဲ့ လက်ပံတောင်းတောင် သိမ်တော်ကျောင်းပြဿနာကို မြတ်စွာဘုရားသားတော် ရဟန်းသံဃာများက တရားဓမ္မနည်းလမ်းအရ တိတိကျကျ ဆုံးဖြတ်ပေးကြမယ်လို့ ယုံကြည်ခဲ့ကြတယ်။
အဲ့ဒီနေ့က ရုပ်သံအစီအစဉ်မှာ ကျနော်လည်း စောင့်စားနားထောင်နေတော့ လယ်တီဆရာတော် ဘုရားကြီးရဲ့ သိမ်ကျောင်းပြဿနာက စေတီတော်လည်း ဉာဏ်တော်နှစ်ဆမြင့်မားပြီး၊ ကျောင်းပရဝုဏ် အကျယ်အဝန်းကလည်း ယခင်မူလကထက် ကျယ်ကျယ်ဝန်းဝန်း ဆောင်ရွက်ထားသည့်အတွက် နေရာအသစ်ကို ပြောင်းရွေ့ပူဇော်ထိုက်ကြောင်း နိုင်ငံတော် သံဃာ့နာယက ကိုယ်တိုင် မိန့်ကြားတော့ ကျနော်ဝေဝေဝါးဝါး ဖြစ်သွားမိတယ်။
အခု လက်ပံတောင်းတောင်ကြား သိမ်တော်ကို ရွေ့ပြောင်းခြင်းရဲ့ ရည်ရွယ်ချက်က မှန်ကန်တဲ့သဒ္ဓါတရားနဲ့ လုပ်ဆောင်ကြခြင်း ဟုတ်၊ မဟုတ် မေးခွန်းမေးစရာတွေ ရှိနေတယ်။ ဒီတောင်ကြားမှာ မိမိတို့ ကြေးနီရှာဖွေ ရေးစီမံချက်အတွက် မလွတ်မကင်းလို့ မဖြစ်မနေ ပြောင်းရွေ့ရမယ်လို့ ယခင်ကတည်းက ကြေညာခဲ့တယ်။ ဒီနေရာမှာ ပြောင်းရွေ့ရခြင်းရဲ့ ရည်ရွယ်ချက်က စေတနာမှန်တဲ့ လုပ်ဆောင်မှုလားဆိုတာ စဉ်းစားကြည့်ရအောင်ပါ။ အမိုက်မှောင်တရားထဲက လောဘ၊ မောဟ၊ စိတ်နဲ့အပြင် ဗုဒ္ဓဘာသာဝင်တို့က မပြောင်းရွေ့ရဆိုတဲ့ စကားကို အနိုင့်အထက် ဒေါသနဲ့ အနိုင်ယူလိုတဲ့ အဓမ္မဝါဒစိတ်နဲ့ သိမ်ကျောင်းကို ရွေ့ပြောင်းဖို့ အားထုတ်လိုသူတွေရဲ့ အတွင်းအစ္ဇျတ္တသဏ္ဍန်က ထင်ရှားလျက်ရှိတယ်။ ဒီအနေအထားရှိတဲ့ လူပုဂ္ဂိုလ်တွေရဲ့ဆန္ဒကို စာတတ်ပေတတ် ပဋိကတ်သုံးပုံ ကျွမ်းကျင်နှံ့သိတော်မူတဲ့ ထေရ်ကြီးဝါကြီး ရဟန်းသံဃာများက လှူဖွယ်ဝတ္ထုတွေနဲ့ ရေစက်သွန်းချ ဆက်ကပ်လှူဒါန်းခြင်းကို ခံယူတော်မူပြီး သိမ်တော်ကို ရွှေ့ပြောင်းခွင့်ပြုလိုက်တယ်။
လက်ပံတောင်းတောင်ကြားက သိမ်တော်နဲ့ စေတီပြောင်းရွေ့ဖို့ စီစဉ်ပြီးကတည်းက ဒေသခံတို့ရဲ့ ရင်ထဲမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ကြတာကတော့ တရုတ်နိုင်ငံက သွင်းလာတဲ့ တရုတ်ပစ္စည်းမှန်သမျှ မိမိတို့ဒေသမှာ မသုံးစွဲဘဲ သပိတ်မှောက်ကြဖို့ပါ။ ကျိန်စာတိုက်တာတွေလည်း လုပ်ခဲ့ကြပါတယ်။ ဝမ်ပေါင်တာဝန်ခံ လောင်ကျုံးပြောခဲ့တဲ့ “ဒေသခံတွေကလည်း လက်မခံ၊ ဒေသအတွက်လည်း အကျိုးမရှိ၊ ကျနော်တို့ကိုလည်း မလိုလားရင် ကျနော်တို့ တရုတ်ပြည်ကို ပြန်ဖို့ပဲရှိပါတယ်” ဆိုတဲ့ စကားက ကျိန်စာတိုက်ကြသူ လက်ပံတောင်း ပြည်သူတွေရဲ့ သစ္စာတရားများ ဖြစ်လာသလား ကျနော်တို့ ရင်တမမနဲ့ စောင့်ကြည့်ရပါတော့မယ်။
(ဒေါက်တာ ကျော်သန်းထွန်းသည် တရုတ်နိုင်ငံ ကန်တုန် ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး တိုင်းရင်းဆေး သိပ္ပံ သုတေသန ဌာနတွင် သုတေသနမှူး တာဝန် ထမ်းဆောင်ခဲ့သည်။ အမျိုးသား စာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာပေဆုများလည်း ရရှိခဲ့သည်။)