“မိုင်းက လုံးဝ အဓိပ္ပာယ် မရှိတဲ့ တိုက်ပွဲ တခုပါပဲ”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး သုတေသီ ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ် ( Dr. Yeshua Moser-Puangsuwan ) အား မြန်မာပြည်တွင်း၌ မြေမြှုပ်မိုင်း သုံးစွဲမှု အခြေအနေနှင့် မြေမြှုပ်မိုင်း သုံးစွဲရသည့် အကြောင်းအရင်းများနှင့်ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံ မေးမြန်း ထားသည်များ ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ်သည် မြန်မာပြည်တွင်း၌ မြေမြှုပ်မိုင်း သုံးစွဲသည့် အခြေအနေနှင့် ပတ်သတ်ပြီး ၁၉၉၉ ခုနစ်မှ ယနေ့အထိ စောင့်ကြည့် လေ့လာ၍ သုတေသန ပြုလုပ်နေသူ တဦးလည်း ဖြစ်သည်။

မေး။     ။ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ ဘယ်အချိန်ကတည်းက စတင်သုံးစွဲခဲ့တယ်လို့ တွေ့ရပါလဲ။

ဖြေ။     ။ မြန်မာပြည်မှာ ဒုတိယ ကမ္ဘာစစ်ကတည်းက အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ ကွန်မြူနစ် ပါတီတွေနဲ့ အာဏာရှင်တွေ အကြား တိုက်ပွဲဖြစ်ပွားတဲ့ အခါမှာလည်း မြေမြှုပ်မိုင်းကို အသုံးပြုခဲ့ကြတယ်။ ကျနော့်အနေနဲ့တော့ ၁၉၉၉ ခုနစ် ကတည်းက မြန်မာပြည်မှာ မြေမြှုပ်မိုင်းရှိတဲ့ နေရာတွေကို လေ့လာခဲ့ပါတယ်။

မေး။     ။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း အသုံးပြုမှု လက်ရှိမှာ ဘယ်လောက် များနေပါပြီလဲ။

ဖြေ။      ။ တကယ်တော့ သုံးစွဲမှုများတာ သိပ်အရေးမကြီပါဘူး။ မြေမြှုပ်မိုင်း သုံးစွဲတာက စစ်တပ်တွေပါ။ တိုက်ပွဲဖြစ်နေတဲ့ လယ် ကွင်း တွေမှာ မြေမြှုပ်မိုင်းတွေကို ထားကြတယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲတွေမှာ အနိုင်ရဖို့အတွက် ရန်သူတွေကို အဟန့်အတား လုပ်တာပါ။ တကယ်တော့ မြေမြှုပ်မိုင်းကို တလုံး၊နှစ်လုံး ထားခဲ့မယ် ဆိုရင်တောင် အနီးအနားမှာရှိတဲ့ ရွာသားတွေကို အန္တရာယ် အမျိုးမျိုး ဖြစ်စေနိုင်တယ်။

ဥပမာ ဖာပွန်မှာ ဖြစ်တဲ့ ကိစ္စတခုပေါ့။ အမျိုးသမီးတယောက်ဟာ သူဈေးသွားဖို့အတွက် နေ့စဉ် ဒီလမ်းကို သုံးတယ်။ တနေ့ သူသွားနေကြလမ်းမှာ မြေမြှုပ်မိုင်း နင်းမိပြီး လဲကျသွားတယ်။ ဒါပေမယ့် နောက်တနာရီ အကြာမှာ ရွာသားတွေ သူ့ကိုတွေ့ပြီး ဆေးခန်း လိုက်ပို့တယ်။ လမ်းခရီးကြောင့် သုံးနာရီလောက်ကြာမှ ဆေးခန်းကို ရောက်တယ်။ ဒီလိုဖြစ်တဲ့အတွက် ရွာသားတွေက ဒီလမ်းကို အသုံးမပြုရဲတော့ဘဲ ဒီထက်ဝေးတဲ့ ဒီထက်စိတ်ချရတဲ့ လမ်းကို အသုံးပြုကြတယ်။ အဲဒီအတွက် အချိန်တွေ အများကြီး မကုန်သင့် ဘဲနဲ့ ကုန်တယ်။ ပြီးတော့ လယ်ကွင်းအနီးမှာ ဖြစ်သွားတဲ့ အတွက် လယ်ကွင်းထဲကို ဘယ်သူမှသွားပြီး အလုပ် မလုပ်ရဲတော့ အလုပ်လက်မဲ့တွေ ဖြစ်သွားတယ်။ ဒါတွေ ကြည့်ခြင်းအားဖြင့် မြေမြှုပ်မိုင်း တလုံးကြောင့် ပြည်သူတွေဟာ ပိုပြီးတော့ ဆိုးကျိုးတွေ ခံစားရတယ်။

မေး။     ။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ ဘယ်သူတွေက မြေမြှုပ်မိုင်း သုံးစွဲမှုပိုများတာ တွေ့ရပါလဲ။

ဖြေ။      ။ ဒါကတော့ သူတို့ကို မေးရင် ပိုကောင်းပါတယ်။ ဘယ်သူတွေ ပိုသုံးသလဲဆိုတာ မသိနိုင်ပါဘူး။ ကျနော့်အနေနဲ့ ပြောရ မယ် ဆိုရင်တော့ တိုက်ပွဲတွေမှာ တောက်လျှောက် သုံးနေကြတာကိုပဲ ပြောနိုင်ပါတယ်။ လက်ရှိ အခြေအနေမှာ တိုက်ပွဲတွေ ဖြစ် နေတဲ့အတွက် မြေမြှုပ်မိုင်း သုံးစွဲမှုက ပိုပြီးအရင်ထက် များနေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ အတိအကျ မပြောနိုင် ဘူး။

မေး။     ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေတဲ့ ကာလအတွင်းမှာရော မြေမြှုပ်မိုင်း သုံးစွဲမှု အခြေအနေ ဘယ်လို ရှိပါသလဲ။

ဖြေ။      ။ ကချင်ကလွဲပြီး တခြားလက်နက်ကိုင်တွေက အစိုးရနဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်။ ဆွေးနွေးမှု အတွင်းမှာ မြေမြှုပ်မိုင်း သုံးစွဲမှု လျှော့ချဖို့ ညှိနှိုင်းလာကြတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်နေတဲ့ အဖွဲ့တွေ အနေနဲ့တော့ မြေမြှုပ်မိုင်း သုံးစွဲမှု လျော့မယ် လို့ ကျနော် ထင်ပါတယ်။ ဘယ်အဖွဲ့အစည်းမှာ သူတို့အနေနဲ့ ဘယ်လိုနေရာမှာ ဘယ်လိုမြှုပ်နှံတယ် နောက်ထပ်မိုင်းတွေကို ထပ်ချတယ်၊ မချဘူး ဆိုတာတွေကို ထုတ်ဖော် ပြောဆိုချင်း မရှိဘူး။ ဆွေးနွေးမှုတွေ ရှိနေတဲ့ အလျောက်တော့ မြေမြှုပ်မိုင်း သုံးစွဲမှု လျော့နည်းနိုင်ပါတယ်။

မေး။     ။ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ဆန့်ကျင်ရေး အဖွဲ့(ICBL) ရဲ့ ၂၀၁၃ ခုနစ် ထုတ်ပြန်ချက် အရ တိုင်းရင်းသား လက်နက် ကိုင်တွေက မြေမြှုပ်မိုင်း သုံးစွဲမှု လျော့ကျလာပြီး အစိုးရဘက်က ပိုသုံးလာတယ်လို့ ပြောထားပါတယ်။ အဲဒီ အပေါ်မှာရော ဘာများပြောချင်ပါလဲ။

ဖြေ။      ။ ဘယ်သူက ပိုသုံးတယ်ဆိုတာ ပြောလို့ မရပါဘူး။ အင်အားနည်းတဲ့ အဖွဲ့ကတော့ မြေမြှုပ်မိုင်းကို ပိုသုံးတယ် ဆိုတာ လည်း တိုက်ပွဲပေါ်မှာပဲ မူတည်ပါတယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲတခုမှာ မခုခံနိုင်တဲ့ အဖွဲ့အစည်းတွေက မိုင်းကို ပိုသုံးကြတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသား လက်နက်ကိုင်တွေက မိုင်းကို ပိုသုံးနိုင်သလို နောက်တကြိမ်မှာ မြန်မာအစိုးရကလည်း ပိုသုံးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မိုင်းသုံးစွဲမှုက တိုက်ပွဲ အခြေအနေနဲ့ စစ်သည်တော် အခြေအနေပေါ် မူတည်ပါတယ်။

မေး။     ။ မြေမြှုပ်မိုင်းကြောင့် ဘဝပျက်ခဲ့တဲ့ လူဦးရေက ဘယ်ဒေသတွေမှာ အများဆုံး ဖြစ်မယ်လို့ ထင်ပါလဲ။

ဖြေ။      ။ ကရင်၊ ကရင်နီ(ကယား) တွေမှာ အဆင့်တခုထိ သုံးစွဲမှု ရှိတယ်။ စနစ်တကျ စစ်တမ်း မကောက်ရတဲ့ အတွက် သေချာ မပြောနိုင်ဘူး။ မနှစ်ကဆိုရင် မြဝတီမှာ မိုင်းကြောင့် သေကြသူ ဒဏ်ရာရတဲ့သူတွေ အများဆုံးပဲ။ ကျနော့်အနေနဲ့ အတိအကျတော့ ပြောလို့မရပါဘူး။ ဒီနှစ် မြဝတီမှာ များပေမယ့် နောက်နှစ်တွေမှာ နောက်လတွေမှာ အခြားနေရာမှာလဲ များလာနိုင်ပါတယ်။ ဘာ တခု မှ အတိအကျ ပြောလို့ မရပါဘူး။ စနစ်တကျ စစ်တမ်းကောက်လို့ မရလို့ပါ။

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက မိုင်းဒဏ်သင့်တဲ့ သူတွေကို တရားဝင် ထုတ်ပြန်ကြေညာမှု မရှိတဲ့အတွက် လက်ရှိ ကျနော်တို့ ရရှိတဲ့ စာရင်းထက် များမယ်လို့ ယူဆရတယ်။ ဒါပေမယ့် စာရင်းအရအောက်လည်း နည်းကောင်းနည်းနိုင် တယ်။ ဒါပေမယ့် ကျနော်တို့ရတဲ့ စာရင်းအရဆိုရင် မနှစ်ကတော့ မြဝတီက မိုင်းဒဏ်သင့်သူ အများဆုံးပါပဲ။

မေး။     ။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ မြေမြှုပ်မိုင်းသုံးစွဲမှု အရမ်းများနေတယ်လို့ ကြားရပါတယ်။ အဲဒီအပေါ်မှာ ပြည်သူတွေအတွက် ဘယ်လို အန္တရာယ်မျိုး ဖြစ်စေပါသလဲ။

ဖြေ။      ။ လယ်ကွင်းတွေမှာ မိုင်းတလုံး၊ နှစ်လုံးကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးတယ်။ ပြီးတော့ လယ်ထဲ မဆင်းရဲကြတော့ဘူး။ ဒါကြောင့် လူတွေက ပိုဆင်းရဲလာတယ်။ မိသားစုတွေက ပိုပြီး ခက်ခဲတဲ့ အခြေအနေ ကြုံရတယ်။ အဲ့ဒါကြောင့် မြေမြှုပ်မိုင်းကို ပြည် သူတွေက ပိုကြောက်လာတယ်။ ဒီလို အဖြစ်အပျက်တွေ ဘယ်သူမှ မကြုံချင်ကြဘူး။ ပြည်သူတွေကတော့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာထက် ဆင်းရဲဒုက္ခကိုပဲ ရင်ဆိုင်လိုက်တယ်။ ဆင်းရဲဒုက္ခ ရောက်တာထက် ခြေလက်ဆုံးရှုံးမှာကို ပိုကြောက်လာကြတယ်။

ကချင်ပြည်နယ်မှာ အန္တရာယ် ပိုများလာတယ် ဆိုတာ ပိုသိလာတယ်။ ဒါပေမယ့် ဘယ်နေရာမှာ ဘယ်လို အန္တရာယ်ရှိတယ် ဆိုတာ သူတို့မသိကြဘူး။ တချို့နေရာတွေဆိုရင် သတိပေး တားမြစ်ချက်တွေ ပြုလုပ်ပါတယ်။ တချို့နေရာကတော့ နှုတ်အားဖြင့်သတိပေး တားမြစ်ချက် ပြုလုပ်တယ်။ များသောအားဖြင့် မိုင်းရှိတဲ့ နေရာမှာ အမှတ်အသားတွေ ခြံစည်းရိုး ကာထားတာတွေ မရှိဘူး။ ဘယ် သူမှလည်း မပြောထားဘူး။ ကချင်ပြည်နယ်က ခြံပိုင်ရှင် တဦးဆိုရင် သူ့ခြံကို သူမရောက်တာ ၂ နှစ် ရှိသွားပြီ။ ဘာဖြစ်လို့လဲ ဆို တော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်က သူ့ခြံနားမှာ မိုင်းထောင်ထားတယ်လို့ ပြောတော့ သူ့ခြံလုပ်ငန်းကို သူသွား မလုပ်ရဲတော့ဘူး။ အဲ့ဒါနဲ့  ခြံနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ ဆုံးရှုံးသွားတယ်။

မေး။     ။ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ လက်မှတ်ထိုးထားတာတွေ ရှိလား။

ဖြေ။      ။ မရှိပါဘူး။

မေး။     ။မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါလား။

ဖြေ။      ။ နှစ်တိုင်းအတွက် ကျနော်တို့ အစီရင်ခံစာ လုပ်ပါတယ်။ နိုင်ငံတိုင်း အတွက်ပါ။ မြန်မာနိုင်ငံ အတွက်လည်း လုပ်ပါတယ်။ မနှစ်က မြန်မာအစိုးရက နေပြီးတော့ ကျနော်တို့ စည်းလုံးလှုံ့ဆော်ရေး အဖွဲ့က ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ၂၀၁၃ ခုနစ် မေလမှာ ကျနော်တို့ ရာထူးအမြင့်ဆုံး ကိုယ်စားလှယ်နဲ့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ အစိုးရ အဖွဲ့ဝင်များနဲ့အတူ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ကျနော်လည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒါဟာ ပထမဆုံး မြန်မာနိုင်ငံ အဖွ့ဲဝင်များနဲ့ အတူ တရားဝင် တွေ့ဆုံခဲ့တာပါ။

သူတို့ကတော့ ဘာမှ ထွေထွေထူးထူး မပြောပါဘူး။ ကျနော်တို့ ပြောတာပဲ နားထောင်ခဲ့တယ်။ သူတို့ကနေပြီး မိုင်းနဲ့ပတ်သက်ပြီး ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ဝန်ခံပြောဆိုခြင်း မရှိပါဘူး။ ကျနော်တို့နဲ့ တိုက်ရိုက် တွေ့ဆုံခဲ့ပြီး ကျနော်တို့ရဲ့ အစီရင်ခံစာတွေကို ဆန့်ကျင်ပြောဆိုတာလည်း မရှိပါဘူး။ ကျနော်တို့ အစီရင်ခံစာ မိတ္တူတစောင်ကိုလည်း ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ဘာထင်မြင်ချက်မှ သူတို့ ပြန်မပို့ပေးခဲ့ပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း အစိုးရ အချင်းချင်း အစည်းအဝေးတက်ရန် ကိုယ်စားလှယ်တယောက် စေလွှတ်ဖို့ ဖိတ်ကြားခဲ့ပေမယ့် မြေမြှုပ်မိုင်း အများဆုံးသုံးတဲ့ မြန်မာနိုင်ငံက ဘယ်သူမှ မတက်ရောက်ခဲ့ပါဘူး။

ကျနော်တို့ မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့်လေ့လာရေး အဖွဲ့က ၁၉၉၇ ခုနစ်မှာ တည်ရှိခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာ့အစိုးရပေါင်း ၈၀ ရာခိုင်နှုန်းကျော်က မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း သဘောတူညီ စာချုပ်ကို သဘောတူ လက်ခံကျင့်သုံး လာကြပါပြီ။ စာချုပ်ထဲမှာ မြေမြှုပ်မိုင်း အသုံးမပြုတော့ဖို့၊ မြေမြှုပ်မိုင်းကို ဖျက်ဆီးပစ်ဖို့နဲ့ မြေကြီးထဲက မိုင်းများကို ဖယ်ရှားပေးဖို့ဆိုတဲ့ အချက် တွေ ပါပါတယ်။

ကမ္ဘာ့လုံးဆိုင်ရာ ညီလာခံ အစည်းအဝေးကို နိုင်ငံတော်တော်များများနဲ့ သဘောတူညီမှုတွေ လုပ်ပေမယ့် မြန်မာနိုင်ငံကတော့ ပါဝင်ခြင်း မရှိသေးပါဘူး။ မြန်မာနိုင်ငံက ၁၉၉၇ ခုနစ်ကတည်းက မြေမြှုပ်မိုင်း ဆက်တိုက် အသုံးပြုခဲ့ပါတယ်။ မိုင်းအသုံးပြုမှု ပိတ်ပင် တားမြစ်ခြင်း သဘောတူညီမှု စာချုပ်ရှိကတည်းက နှစ်တိုင်း သုံးလာတာကတော့ မြန်မာနိုင်ငံပါပဲ။

၂၀၀၇ ခုနစ်ကနေ ယနေ့တိုင် မြေမြှုပ်မိုင်း သုံးစွဲမှုက တကမ္ဘာ့လုံးနဲ့ နှိုင်းယှဉ်ရင် မြန်မာက နံပါတ်သုံး နေရာမှာ ရှိပါတယ်။ နံပါတ် (၁) ကတော့ အာဖဂန်နစ္စတန်ပါ။ နံပါတ်(၂) ကတော့ ကိုလံဘီယာ ပါပဲ။ အာဖဂန်နစ္စတန်နဲ့ ကိုလံဘီယာမှာတော့ ကျနော်တို့ အနေနဲ့ စစ်တမ်း ကောက်ယူမှုက စနစ်ကျမှုရှိတဲ့ အတွက် အစီရင်ခံစာ အမှန်အကန် ရခဲ့တယ်။ မြန်မာနိုင်ငံကတော့ စာရင်း အတိ အကျ မှန်ကန်မှု မရခဲ့ပါဘူး။ တကယ်လို့ အမှန်အကန် ရမယ်ဆိုရင် မြန်မာနိုင်ငံက နံပါတ် (၁) ဖြစ်နိုင်တယ်။

မေး။     ။ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာတဲ့ နေရာမှာ ဘာအချက်တွေက အခက်အခဲ ဖြစ်စေပါသလဲ။

ဖြေ။      ။ အခက်အခဲကတော့ ကျနော်တို့ကို ဘယ်သူမှ သတင်းမပေးချင်ကြဘူး။ တိုင်းရင်းသား လက်နက်ကိုင်ရော အစိုးရရော ကျနော်တို့ကို သတင်းမပေးချင်ကြဘူး။ မြန်မာနိုင်ငံရဲ့ အစီရင်ခံစာရဖို့ အတွက် ကျနော်တို့ တော်တော်ခက်ခဲ ပါတယ်။ သတင်းအချက်အလက် ရဖို့ ဒုက္ခသည် စခန်းတွေ စစ်ထွက်တွေ ဆေးဝါး ကုသပေးနေတဲ့ သူတွေဆီကနေ ရပါတယ်။ စစ်တပ်အဖွဲ့ကို မကြိုက် တဲ့ သူတွေဆီက ရပါတယ်။

သူတို့ရတဲ့ သတင်းရင်းမြစ်က အမျိုးမျိုး ဖြစ်နေပါတယ်။ တခါတလေ ဒီတခါ ရပေမယ့် နောက်နှစ်ရချင်မှ ရမယ်။ ရလာတဲ့ အခါလည်း မှန်ကန်တယ် ဆိုတာ ပြောရခက်ပါတယ်။ တနှစ်ထက် တနှစ် တိကျတဲ့ သတင်းရဖို့ ခက်ခဲပါတယ်။ ဘယ်လောက် မိုင်းဒဏ် သင့်ပြီး ဘယ်လောက် သေကြတယ် ဆိုတာတွေကိုလည်း ပြောရခက်ပါတယ်။ ကျနော်တို့ ပြောနိုင်သလောက်ပဲ ပြောတာပါ။ အတိအကျတော့ မရပါဘူး။

မေး။     ။ မြန်မာအစိုးရ အနေနဲ့ မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး ဘယ်လို ထိန်းချုပ်သင့်ပါလဲ။

ဖြေ။      ။ မြေမြှုပ်မိုင်း အသုံးပြုခြင်း ရပ်ဆိုင်းရမယ်ဆိုပြီး လုပ်ငန်းစဉ်တွေကို ၁၉၉၇ ကတည်းက စခဲ့ပါတယ်။ အစိုးရတွေ အားလုံး မိုင်းအသုံးပြုဖို့ ရပ်ဆိုင်းရမယ်။ မိုင်းကြောင့် ခံစားနေရတဲ့ ဒုက္ခသည်ကို အကူအညီ ပေးရမယ်။ မြေကြီးမှာရှိတဲ့ မိုင်းတွေကို ရှင်းရ မယ်။ မိုင်းမရှိတော့မှ ဘေးအန္တရာယ်တွေ လွတ်မြောက်မယ်။

စစ်ပွဲတွေမှာ မိုင်းသုံးတာက မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအတွက် အကျိုးမရှိဘူး။ အဓိပ္ပာယ် မရှိဘူး။ လက် နက် ကိုင် ခေါင်းဆောင်တွေကို မေးဖူးပါတယ်။ သူတို့ကတော့ သိပ်မဖြေချင်ပေမယ့် သူတို့ထောင်တဲ့ မိုင်းတဝက်က ရန်သူတွေကို သေစေခဲ့ပြီး တဝက်က သူ့ပြည်သူတွေကို သေစေခဲ့တယ်။ မိုင်းက လုံးဝ အဓိပ္ပာယ် မရှိတဲ့ တိုက်ပွဲ တခုပါပဲ။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading