ပီအာ (Proportional Representation) ဟာ သည်ရက်ပိုင်းမှာ ပေါ်ပြူလာ ဖြစ်လာပါတယ်။ ဘာသာရေး အကြမ်းဖက်မှု၊ မီဒီယာ ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အလွန်နှေးကွေးနေမှုတွေကို တိတိကျကျ တာဝန်ခံ ဖြေရှင်းခြင်း မရှိတဲ့ မြန်မာပြည်မှာ မဆီမဆိုင် ပီအာကို လုပ်လာတာ အများပြည်သူနဲ့ တကွ နိုင်ငံရေးသမားတွေ၊ ဝေဖန်ဆန်းစစ်သူတွေ အတွက်ပါ တအံတသြ ဖြစ်စရာ ဖြစ်လာပါတယ်။
လွှတ်တော်ထဲမှာ ပီအာကို မကျင့်သုံးသင့်ကြောင်း ဒေါ်ခင်သန္တာ ငြင်းခုံသွားတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ပီအာကို ထောက်ခံကျင့်သုံးလိုတဲ့ လူတွေရဲ့ အကြောင်းပြချက် တချို့ကိုလည်း ကျနော်တို့ စဉ်းစားဆွေးနွေးကြည့်သင့် ပါတယ်။ အကယ်၍ လက်ရှိ အာဏာရပါတီနဲ့ အစိုးရဟာ ပီအာကို ထောက်ခံခဲ့ရင် သူတို့ ဘယ်လို ဆွေးနွေးကြပါလိမ့်မလဲ။
သူတို့ ပြောနိုင်တာက “ငါတို့ အစိုးရဟာ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်း ဖော်ဆောင်ရာမှာ ကမ္ဘာမှပင် စံနမူနာယူဖွယ် အအောင်မြင်ဆုံး ဖြစ်နေပါတယ် (role model of democracy)။ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်ရာမှာ ရွေးကောက်မှုစနစ် (electoral system) သင့်လျော်မှန်ကန်ဖို့ ဆိုတာဟာ အရေးကြီးဆုံး လိုအပ်ချက် ဖြစ်တယ်။ ပီအာ စနစ်ဟာ လက်ရှိ ဗမာပြည်ရဲ့ ဒီမိုကရေစီ စနစ်ကို ဆက်လက်တိုးတက် အကောင် အထည်ဖော်ဖို့ရန် အကိုက်ညီဆုံး (most sutiable) ရွေးကောက်မှု စနစ်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တောင်ပေါ်မြေပြန့် တိုင်းရင်းသားမျိုးစုံ၊ ဘာသာတရားမျိုးစုံ ဗမာပြည်မှာ စုံလင်စွာ ကွဲပြားနေတယ်။ သည်နေရာမှာ များစွာသော လူနည်းစုအုပ်စုတွေရဲ့ အသံဟာ FPTP (first-past-the-post) မဲအများဆုံး ရတဲ့သူဟာ ရွေးချယ်ခံရစတမ်း ဆိုရင် ဖော်ပြခွင့်ရမှာ မဟုတ်ဘူး။ လူနည်းစု အုပ်စု များစွာရဲ့ ဆန္ဒမဲ တွေဟာ နိုင်သူအကုန်ယူ ရွေးကောက်မှု စနစ် (FPTP) မှာ လေလွင့်ဆုံးရှုံးသွားမှာ ဖြစ်တယ် (loss of opinion votes) ။ ဒါကြောင့် ဗမာပြည်နဲ့ အမှန်တကယ် အကိုက်ညီဆုံး ဖြစ်တဲ့ PR စနစ်ဟာ အကောင်အထည်ဖော်ဖို့ မဖြစ်မနေ လိုအပ်နေတယ် (obligatory) ။ ပီအာစနစ်ကို ဖောင်ဆောင်ခြင်းအားဖြင့် ကွဲပြားနေတဲ့ အုပ်စုများစွာရဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံရေး ဦးတည်ချက်တွေဟာ လွှတ်တော်ထဲမှာ စုံလင်စွာ ဖော်ပြပိုင်ခွင့် ရလာမှာ ဖြစ်တယ် (diversity of political standings)” လို့ ဖြစ်ပါတယ်။
သည်နေရာမှာ လုံးထွေးပြီး သုံးစွဲထားတဲ့ အဓိက ဝေါဟာရက “diversity” (ကွဲပြားခြားနား စုံလင်မှု) ဆိုတာပါပဲ။ ကွဲပြားစုံလင်မှုကို ခွင့်ပြုခြင်းဟာ ဒီမိုကရေစီရဲ့ အသက်သွေးကြောလို့ ပြောပါလိမ့်မယ်။ ပီအာဟာ ဒီမိုကရေစီရဲ့ အသက်သွေးကြောကို diversity နဲ့ တည်ဆောက်တာလို့ အာဏာရပါတီဖက်က ငြင်းခုံလိမ့်မယ်လို့ ယူဆရပါတယ်။
ဒီမိုကရေစီမှာ ကွဲပြားစုံလင်မှုကို ခွင့်ပြုဖော်ဆောင်ခြင်းဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ဒါဟာ လူသားဝါဒရဲ့ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ အသိတရားပိုင်း ဖြစ်ပြီး နိုင်ငံနဲ့ ချီပြီး နိုင်ငံရေး စီးပွားရေးပိုင်းဆိုင်ရာ မူဝါဒတွေ ချမှတ်ဖော်ဆောင်တဲ့ နေရာမှာ ကွဲပြားစုံလင်စွာ မူဝါဒတွေ ချမှတ်ဖော်ဆောင်မယ်ဆိုပြီး လုပ်လို့ မရပါ။ ဗမာပြည်စီးပွားရေးကို ကြံ့ခိုင်ရေးပါတီက ခရိုနီ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အတွက် လမ်းကြောင်းဖော်ဆောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လယ်သမား အလုပ်သမားတွေ အတွက် လမ်းကြောင်းဖော်ဆောင်၊ ဆိုကြပါစို့ မျိုးချစ်ရဟန်းတွေ ဦးဆောင်တဲ့ မျိုးချစ်ပါတီက ဘုန်းကြီးတွေ နဲ့ ဗုဒ္ဓဘာသာ လုပ်ငန်းရှင်တွေ အတွက် လမ်းကြောင်းဖော်ဆောင် ဆိုပြီး သူတို့ အသီးသီး “အာဏာခွဲဝေ” ယူကြပြီး ကွဲပြားစုံလင်စွာ ဖော်ဆောင်ကြရအောင် ဆိုပြီး လုပ်လို့မရပါ။ နိုင်ငံတခုလုံးဆိုင်ရာ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ အစိုးရပေါ်လစီတွေဟာ တနိုင်ငံလုံးမှာ တသမတ်တည်း ရှိရမှာ ဖြစ်ပြီး အဲဒီ နိုင်ငံတော်လုံးဆိုင်ရာ မူဝါဒတွေဟာ မည်သူကိုမဆို ခြွင်းချန်ခြင်းမရှိ ဥပဒေနဲ့ အညီ တသမတ်တည်း တန်းတူညီမျှ အကာအကွယ် ပေးထားရမှာ ဖြစ်ပါတယ်။
ဒါကြောင့် diversity principle ဟာ ဒီမိုကရေစီအတွက် အသက်သွေးကြော ဆိုတဲ့ အချက်ဟာ လူတဦးချင်း (individual) နဲ့ အစုအဖွဲ့ အငယ်စားတွေ (small units) အတွက်သာ အကြုံးဝင်ပြီး နိုင်ငံလုံးဆိုင်ရာ ခေါင်ချုပ် နိုင်ငံရေး အဆောက်အဦကြီး ဖြစ်တဲ့ တနိုင်ငံလုံး တညီတညွတ် တသမတ်တည်း အကြုံးဝင် စေရမယ့် ဥပဒေနဲ့ မူဝါဒ လမ်းကြောင်းတွေကို ဆွေးနွေး အတည်ပြုရမှာဖြစ်တဲ့ လွှတ်တော်မှာ ကွဲပြားစုံလင်မှုဟာ အဓိက မကျပါဘူး။ ကျနော် ခုနက ပြောခဲ့သလို ဗုဒ္ဓဘာသာ ပါတီဆိုပြီး ဗုဒ္ဓဘာသာ အတွက် ဖော်ဆောင်မယ်၊ ခရစ်ယာန်ပါတီဆိုပြီး ခရစ်ယာန်တွေ အတွက် ဖော်ဆောင်မယ် ဆိုပြီး “ကွဲပြားစုံလင်စွာ” ဆိုပြီး လာလုပ်လို့ မရပါဘူး။ ခေါင်ချုပ် နိုင်ငံရေး အဆောက်အဦကြီး တခုမှာ အရေးကြီးဆုံးဟာ လက်ခံသဘောတူနိုင်မှုကို ရယူနိုင်စွမ်း (compromise) ဖြစ်ပါတယ်။
ဒီမိုကရေစီ စနစ်မှာ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကိုယ်စားလှယ်ကို အမှန်တကယ် တရားမျှတစွာ ရွေးကောက်ပြီဆိုရင် ယေဘုယျအားဖြင့် ကွဲပြားခြားနားတဲ့ အုပ်စုတွေရဲ့ လက်ခံသဘောတူနိုင်မှုကို ရယူနိုင်စွမ်း အရှိဆုံး ကိုယ်စားလှယ်ကသာ အရွေးချယ်ခံရပါတယ်။ တကယ်ပြောမယ် ဆိုရင် လွတ်လပ်တဲ့ နိုင်ငံရေးစနစ်မှာ လူနည်းစုအုပ်စုက လူတွေဟာ ပီအာစနစ်က ပြောတဲ့ သူတို့ဘာသာ ရွေးချယ်ပြီး လွှတ်တော်ကို ပို့ချင်တာထက် လူများစုထဲကနေပြီး သူတို့ လူနည်းစုရဲ့ ဆန္ဒတွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်တဲ့လို့ သူတို့ ယူဆရလောက်တဲ့ အရည်အချင်းရှိသူကိုသာ ရွေးချယ်လို ကြပါတယ်။ ဆိုပါစို့ဗျာ၊ ဗမာစကား မတတ်တဲ့ နာဂခေါင်းဆောင်ကြီး တယောက်ကို နာဂတွေက နိုင်ငံတော် လွှတ်တော်ထဲ ဝင်ထိုင်ခိုင်းဖို့ထက် လူနည်းစု နာဂတွေရဲ့ ကောင်းကျိုးကို လူများစု ဖြစ်တဲ့ ဗမာတွေနဲ့ တန်းတူညီမျှ ဖြည့်ဆည်းပေးနိုင်မယ်လို့ အထင်ရလောက်ဆုံး ဘယ်သူ့ကို မဆို ရွေးကောက် တင်မြှောက်လိုကြပါတယ်။
FPTP စနစ်ဟာ မဲအများဆုံးရသူ အကုန်ယူမို့လို့ မတရားဘူးလို့ ဆိုတာဟာ လုံးဝမဟုတ်ပါဘူး။ လွတ်လပ်စွာ ယှဉ်ပြိုင်တဲ့ နိုင်ငံရေး စနစ်တခုမှာ ယေဘုယျ အားဖြင့် မဲအများဆုံး ရသူဟာ လူနည်းစု အုပ်စုတွေရဲ့ အနှစ်ခြိုက်ဆုံးကို ခံရသူပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ majority လူများစု အုပ်စုကြီးတခုက ပေးတဲ့ မဲတွေဟာ ပျံ့နေတတ်ပြီး ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေဟာ ဘယ်သူနိုင်မယ်ဆိုတာ မသေချာပါဘူ်း။ များသောအားဖြင့် လူများစုအုပ်စုကြီးက နေရတဲ့ မဲတွေဟာ ကိုယ်စားလှယ် တဦးနဲ့ တဦး သိပ်ကွာလေ့ မရှိပါဘူး။ သည်လို သရေ ဖြစ်နေတဲ့အခါမှာ အဓိကကျလာတာက minority လူနည်းစု အုပ်စုဝင်တွေကနေ ပေးတဲ့ မဲဖြစ်ပါတယ်။ ယေဘုယျ အားဖြင့် သူမသာ ကိုယ်အသုဘ ဖြစ်နေတဲ့ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေဟာ လူနည်းစုတွေနဲ့ ကြားနေ (moderate)တွေကနေ ငါတို့ သည်လူကိုတော့ သဘောတူနိုင်တယ် ဆိုပြီး ဆုံးဖြတ်လိုက်တဲ့ မဲနဲ့သာ ပွတ်ကာသီကာ အနိုင်ရသွားတာ များပါတယ်။ ဒါကြောင့် လွတ်လပ်တဲ့ နိုင်ငံရေးစနစ်ရဲ့ နိုင်သူ အကုန်ယူ စနစ်မှာ ရွေးကောက်ခံရတဲ့သူဟာ အုပ်စုကြီး ဖြစ်ဖြစ်၊ အုပ်စုသေးဖြစ်ဖြစ် ကွဲပြားခြားနားတဲ့ အုပ်စုအသီးသီးရဲ့ ကျေနပ် သဘောတူလက်ခံနိုင်မှုကို အရယူနိုင်ဆုံးသူ (compromise ကို အရယူနိုင်ဆုံးသူ) သာ ဖြစ်ပါတယ်။
ဒါနဲ့ စပ်ပြီး ဆက်ပြောပြမှာက အမေရိကန် အခြေခံဥပဒေကို ရှေ့ဆောင်ရေးဆွဲခဲ့သူ ဂျိမ်းမက်ဒီဆင် (James Madison) က ထောက်ပြခဲ့တဲ့ အရေးကြီးတဲ့ သီအိုရီ ပိုင်းဆိုင်ရာ အချက် ဖြစ်ပါတယ်။ ကျနော်တို့ စဉ်းစားကြည့်ကြပါစို့။ ကွဲပြားခြားနားတဲ့ အုပ်စုအသီးသီးရဲ့ ကျေနပ်သဘောတူ လက်ခံနိုင်မှုကို အရယူနိုင်ဆုံးလူဟာ ယျေဘုယျအားဖြင့် စေ့စပ်ဖြန်ဖြေနိုင်မှု အရည်အချင်း အကောင်းဆုံး လူတွေသာလျှင် ဖြစ်ပါလိမ့်မယ်။ ကွဲပြားခြားနားတဲ့ လူအုပ်စု များစွာက သဘောတူ လက်ခံနိုင်လောက်အောင် အမြင် ကျယ်ဝန်းပြန့်ပြောသူ (broad vision) ၊ သီလသမာဓိစံ မြင့်မားသူ(high moral standards) ၊ အုပ်စုကွဲတွေရဲ့ မတူတဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေကြားမှာ ခလုတ်တိုက်တာတွေ အနည်းဆုံးဖြစ်အောင် စွမ်းဆောင် ပေးနိုင်သူ (best negotiator) ဖြစ်ရပါမယ်။ ဒါကြောင့် ယျေဘုယျအားဖြင့် လူအများကြီးက မဲထည့်ရွေးချယ်တဲ့ ရွေးချယ်ပွဲမှာ အဲသလိုမျိုး တရားမျှတအောင် စေ့စပ်ဖြန့်ဖြေ ပေးနိုင်သူ၊ အရည်အချင်း အမြင့်မားဆုံးသူသာလျှင် မဲအများဆုံးရရှိပြီး နိုင်ငံတော်အဆင့် မူဝါဒကို ကိုင်ဆောင်နိုင်လောက်တဲ့ အရည်အချင်း ရှိသူအဖြစ် FPTP စနစ်မှာ တင်မြှောက်ခံရမှာ ဖြစ်ပါတယ်။
ပီအာစနစ်မှာတော့ မျိုးချစ် “ဗုဒ္ဓဘာသာ ပါတီ” ဟာ ဘာသာအားလုံး ငြိမ်းချမ်းရေးကို ကိုယ်စားပြုလို့ဆိုပြီး လွှတ်တော်ထဲ ထာဝရ ပါလာပါလိမ့်မယ်။ ခရိုနီတွေရဲ့ “ခရိုနီပါတီ” ဟာလည်း အမျိုးသားစီးပွားရေး တိုးတက်မြှင့်မားအောင် ကို ကိုယ်စားပြုလို့ ဆိုပြီး လွှတ်တော်ထဲ ထာဝရ ပါလာပါလိမ့်မယ်။ စစ်သားလူထွက်များဟာလည်း “စစ်မှုထမ်းဟောင်း ပါတီ” ဆိုပြီး အငြိမ်းစား စစ်သားအိုကြီးများ၏ သာယာဝပြောရေးကို ကိုယ်စားပြုလို့ ဆိုပြီး လွှတ်တော်ထဲ ထာဝရ ပါလာပါလိမ့်မယ်။
ကျနော်တို့ သေသေချာချာ စဉ်းစားကြည့်ကြပါစို့။ ပြည်သူလူထုမှ အာဏာကို လွဲအပ်ချီးမြှင့်သည့် ကိုယ်စားလှယ်ဆိုသည်မှာ အများပြည်သူကြားတွင် ခွန်အားကြီးသူက ခွန်အားချို့တဲ့သူကို အနိုင်ကျင့်ခြင်း၊ ခွန်အားကြီးသော အုပ်စုက ခွန်အားချို့တဲ့တဲ့ အခြား အုပ်စု တအုပ်စုကို ဖိနှိပ်ခြင်းတို့ မဖြစ်ပွားရလေအောင် အများပြည်သူ မည်သူမဆို လက်ခံကျေနပ်နိုင်သော တရားမျှတတဲ့ ဘုံလမ်းကြောင်းတခုကို ဖော်ဆောင်ပေးနိုင်သူ ဖြစ်ရပါမယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် တဦးကို အသဲကြားက မဲတပြားဖြင့် ရွေးကောက်တင်မြှောက်ခြင်းဆိုတာ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူပြည်သားအားလုံးရဲ့ ဘုံအကျိုးစီးပွားကို တရားမျှတစွာ လမ်းကြောင်း ဖော်ဆောင် ပေးနိုင်သူလို့ ယူဆယုံကြည်ရလောက်သောသူကိုသာ ရွေးကောက် တင်မြှောက်ခြင်း ဖြစ်ပါတယ်။
ဘုံအကျိုးစီးပွားအတွက် မဟုတ်ဘဲ “ဗုဒ္ဓဘာသာဝင်များ ကောင်းကျိုး”၊ “စီးပွားရေး လုပ်ငန်းရှင်များ ကောင်းကျိုး”၊ “စစ်မှုထမ်းဟောင်းများ ကောင်းကျိုး” ဆိုပြီး သီးသန့် အုပ်စုတစုစီရဲ့ သီးသန့် အမြတ် ရယူလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လွှတ်တော်သို့ တင်မြှောက်ခံရခြင်းဆိုတာ လုံးဝ အဓိပ္ဗာယ် မရှိပါ။ အားလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံတော်အဆင့် လွှတ်တော်မှာ သီးသန့် အုပ်စုတစုရဲ့ ကောင်းကျိုးကိုသာ ရည်ရွယ်ဖော်ဆောင်ဖို့ လွှတ်တော်ထဲ ရပ်တည်ခွင့်ပြုတဲ့ ဒဿန သဘောတရားဟာ အဓိပ္ဗာယ် မရှိပါ။ ဒါဟာ မည်သူကို မဆို ကွဲပြားစွာ လွတ်လပ်ခွင့် ပေးသည့် diversity principle မဟုတ်ပါ။ မိမိတို့ သီးသန့် အုပ်စု တအုပ်စုရဲ့ သီးသန့် အမြတ် သီးသန့်ရည်မှန်းချက် ပန်းတိုင်ကို မတရားသဖြင့် အာဏာသုံး ရယူတာကို တရားဝင် (legitimate) ခွင့်ပြုဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှာ ကိုယ်စားလှယ်လောင်း တဦးဟာ မဲဆန္ဒနယ် တခုကနေ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရပြီ ဆိုတာနဲ့ ရွေးကောက်ခံရတဲ့ မဲဆန္ဒနယ်ရဲ့ သီးသန့် အကျိုးစီးပွားသက်သက်ကို ကိုယ်စား မပြုတော့ပါ။ ထိုနည်းတူ မိခင်ပါတီရဲ့ သီးသန့် အကျိုးစီးပွားကိုလည်း ကိုယ်စား မပြုတော့ပါ။ တနိုင်ငံလုံးက ပြည်သူလူထုကို ကိုယ်စားပြုပြီး ထိုအချိန်မှစ ဆောင်ရွက် ရည်မှန်းဆောင်ရွက်သမျှဟာ ပြည်သူလူထု တရပ်လုံးရဲ့ အကျိုးစီးပွားအတွက်ပဲ ဖြစ်ရပါမယ်။
ပီအာစနစ်နဲ့ ရွေးကောက်ခဲ့ရင်တော့ သီးသန့်အုပ်စုတွေရဲ့ သီးသန့် အကျိုးစီးပွားကို စောင်းပေး အသာစီးယူဖို့ လွှတ်တော်ထဲ ဖြစ်လာပါလိမ့်မယ်။ အခြေခံ အယူအဆ မှားယွင်းတဲ့ ပီအာ ရွေးကောက်ပွဲ စနစ်အရ သူတို့ရဲ့ နိုင်ငံရေး ဆိုင်ရာ တည်ရှိမှု အနှစ်သာရ (existential justification) ဟာ သီးသန့်အုပ်စုရဲ့ သီးသန့် အမြတ်ထွက်လိုတဲ့ “လောကအမြင်” ရပ်တည်ချက်ကနေ ပွားယူထားသောကြောင့် သူတို့ဟာ တနိုင်ငံလုံးကို ကိုယ်စားပြုဖို့ အသိလည်း မရှိနိုင်ပါ။ နောက်ပိုင်းမှာတော့ သီးသန့် အမြတ်ရလိုတဲ့ အဖွဲ့ကွဲတွေဟာ အချင်းချင်း ပေါင်းစည်းသွားပြီး လွှတ်တော်ထဲ အင်အားအများစု majority ဆိုပြီး ဖြစ်လာတတ်ပါတယ်။
နောက် အရေးကြီးဆုံး တချက်က FPTP စနစ်တမှာ ရွေးကောက်ခံရသူ ကိုယ်စားလှယ်ဟာ အမှန်တကယ် ယှဉ်ပြိုင်ပြီး တင်မြှောက်ခံရသူ ဖြစ်တာကြောင့် အများပြည်သူ အပေါ် “တာဝန်ခံမှု” အသိတရား (sense of respsonsibility) သူ့အပေါ် အပြည့်အဝ တင်ရှိပါတယ်။ သူ့ဆုံးဖြတ်ချက် မှားလားမှန်လားဆိုတာ ပြည်သူလူုထုက အမြဲ စောင့်ကြပ် အမှတ်ပေးနေမှာ ဖြစ်သလို တရားမမျှတတာတွေ လုပ်လာရင်လည်း အနှေးနဲ့အမြန် ပြန်ဖြုတ်ချပစ်နိုင်မှာ ဖြစ်ပါတယ်။ အမှန်အကန် တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်ဟာ အများပြည်သူ အားလုံးကောင်းကျိုးအတွက် တာဝန်ယူရဲသူ၊ အားလုံးအတွက် တရားမျှတတယ်လို့ ယုံကြည်ချက်အမြင်ကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရဲသောသူသာ ယေဘုယျ အားဖြင့် ဖြစ်ပါတယ်။ အရည်အချင်း အကောင်းဆုံးလူလည်း ယေဘုယျ အားဖြင့် ဖြစ်ပါတယ်။
မဲအရေအတွက် အချိုးအစား၊ ပါတီ ဖြစ်တည်ရုံနဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး ဖြစ်လာတဲ့ သီးသန့် အုပ်စုရဲ့ ကိုယ်စားလှယ်လောင်းကတော့ အများပြည်သူ အပေါ် “တာဝန်ခံမှု” အသိတရား (sense of respsonsibility) လုံးဝမရှိပါ။ သူ့ သစ္စာစောင့်သိမှုဟာ သီးသန့် အုပ်စုအပေါ်မှာ မူတည်နေပြီး ယေဘုယျအားဖြင့် တခြား ကွဲပြားခြားနားတဲ့ အုပ်စုတို့အပေါ်၊ အများ ပြည်သူလူထုအပေါ် ကျင့်ဝတ် အသိတရား ထားရှိရမည်ကိုလည်း အာရုံရှိလိမ့်မည် မဟုတ်တဲ့အတွက် များသောအားဖြင့် ခပ်တုံးတုံး လူတဦးသာ ဖြစ်ပါတယ်။
လက်ရှိသမ္မတ ဦးသိန်းစိန်ကလည်း ဘယ်လိုပဲ ပြည်သူတရပ်လုံးအပေါ် သစ္စာသိ တာဝန်ခံယူသော သမ္မတလို့ ပြောပြော စစ်အာဏာရှင်အုပ်စုဆိုတဲ့ သီးသန့် အုပ်စု တအုပ်စုရဲ့ သစ္စာကို စောင့်သိလွန်း နေသေးသလား ဆိုတာ သံသယဝင်စရာဖြစ်ပြီး ကွဲပြားခြားနားတဲ့အုပ်စုကွဲတွေ အားလုံးရဲ့ ဘုံအကျိုးစီးပွားကို ရှေးရှုတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်လိုတဲ့ ဆန္ဒ အမှန်တကယ် ရှိသလားဆိုတာ အပြည့်အဝ မယုံကြည်နိုင်သေးပါ။ အကြောင်းကတော့ “ဘာသာရေး ပဋိပက္ခ ဖြစ်လာတာဟာ မီဒီယာတွေမှာ တာဝန်ရှိတယ်၊ တိုင်းပြည်စီးပွားရေး မကောင်းတာဟာ ပိတ်ဆို့မှုကြောင့် ဖြစ်တယ်၊ ဒီမိုကရေစီ လမ်းကြောင်း နှောင့်နှေးတာဟာ အသုံးမကျတဲ့ ပြည်သူကြောင့် ဖြစ်တယ်” လို့ ပြောဆိုတတ်တာမို့ အများပြည်သူ အကျိုးစီးပွား အတွက် တာဝန်ခံယူရဲမှု ဆိုတာ မရှိသလောက်ဖြစ်နေတာ တွေ့လာနေရလို့ပါ။
နောက်ဆုံး တချက်အားဖြင့် ဂျာမနီမှာ ဟစ်တလာလိုမျိုး အစွန်းရောက်တွေနဲ့ တပည့်တပန်း လူ့ကောက်ကျစ် လူ့ယုတ်မာတွေ တလှေကြီး အာဏာရသွားခြင်းဟာ ဒီမိုကရေစီ စနစ်က မှားလို့ မဟုတ်ပါ။ ဂျာမနီ ကျင့်သုံးခဲ့တဲ့ ပီအာစနစ်ကြောင့် ဖြစ်ပါတယ်။ အကယ်၍ FPTP ကျင့်သုံးခဲ့လျှင် ဟစ်တလာရဲ့ နာဇီပါတီ မဲဆန္ဒနယ် တနယ်မှာမှ အနိုင်မရနိုင်ပါ။ သမိုင်းတကွေ့မှာ ဥရောပထိပ်တန်း နိုင်ငံ ဂျာမနီသည်ပင် ဘာကြောင့်မို့ ဘာတွေ ဘယ်လိုမှားယွင်းသွားသလဲဆိုတာ အထက်ဖော်ပြပါအချက်တွေနဲ့ ဆက်စပ်သုံးသပ်နိုင်လျှင် ပီအာစနစ်ရဲ့ အလွန်တရာကြီးမားတဲ့ အန္တရာယ်ကို ကျနော်တို့ ဆင်ခြင်မိနိုင်လောက်ပါပြီ။
(ဒေါက်တာညိုထွန်းသည် Bill and Melinda Gates Foundation၊ ဥရောပ သမဂ္ဂ နှင့် အမေရိကန် နိုင်ငံတကာ ဖွံဖြိုးရေး အစီအစဉ်တို့မှ ကမကထပြုသော ကျန်းမာရေး မူဝါဒဆိုင်ရာ သုတေသန လေ့လာမှု စီမံကိန်း တို့တွင် နိုင်ငံတကာ အကြံပေး ပညာရှင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဘေးဖယ်ခံရသည့် လူ့အဖွဲ့အစည်းဝင်များကို ကျန်းမာရေး စောင့်ရှောက် ကာကွယ်မှုပေးသည့် ဝန်ဆောင်မှု စီမံကိန်းများကို ဦးဆောင်ခဲ့ပါသည်။ ယခုအခါ အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့တွင် နေထိုင်လျက် ရှိသည်။)