ဂျာနယ်လစ်နှင့် လွတ်လပ်သောမီဒီယာသည် Natural Opposition ဖြစ်သည်။
ထို့ကြောင့်ပင် ယနေ့တံခါးဖွင့်ခါစ မြန်မာနိုင်ငံ၌ မီဒီယာများ အသစ်ထွက်ရှိလာသောအခါ ဂျာနယ်များ သတင်းစာများ၏ လက်သံပြောင်ပြောင် ရေးသားဝေဖန်မှုများ ထိုးနှက်တိုက်ခိုက်မှုများကို စတင်တွေ့ရှိနေရခြင်း ဖြစ်သည်။
ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ် ဓမ္မာတာပင်၊ လုံးဝထိန်းချုပ် ထားသော သက်ဦးဆံပိုင်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့ ရုတ်ခြည်း ခုန်ပျံကူး ပြောင်းလာသောအခါ၊ တွေ့ရတတ်သော အလေ့အထဖြစ်ပြီး၊ ကြာလျှင် တော့ နေသားကျသွား လိမ့်မည်။

ယခုလို အကဲဆတ်သောကာလမှာ မီဒီယာများကလည်း ခေတ်ဟောင်းက အနာဟောင်း အနာဆွေးများကို ပြန်လည် ဖေါ် ထုတ်ရေးသားမှာ ဖြစ်သလို (ရေးလည်းရေးနေကြပြီ ဖြစ်သည်)၊ လက်ရှိကာလ၏ ပြောင်းလဲနေသော အခင်းအကျင်း၊ နိုင်ငံ ရေး၊ စီးပွားရေး၊ လှုမှုရေး နယ်ပယ်အသီးသီးအပါအဝင်၊ နိုင်ငံတကာမှ မြန်မာနိုင်ငံ ပြောင်းလဲမှုကို ပွေ့ဖက်ကြိုဆိုသည့် အကြောင်းများအပြင်၊ နောက်ကွယ်မှ အကြောင်းရင်းများကိုလည်း လေ့လာဆန်းစစ် ရှာဖွေရေးသားနေပြီ ဖြစ်သည်။
လိုအပ်ချက်တခုကြောင့် ရေးခြင်းဖြစ်သည်ဟု ဆိုနိုင်သလို၊ တိတိကျကျ ဆိုရလျှင် စာနယ်ဇင်းတွေက သူ့အလုပ်ကို သူ လုပ်ခြင်းသာ ဖြစ်သည်။
သမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက်များထဲမှ၊ ပြည်တွင်း ပြည်ပကပါ ကြိုဆိုခဲ့သည့် ဆင်ဆာဖြတ်တောက်မှုကို ရုပ်သိမ်း ပေးခဲ့ပြီး၊ သမ္မတ ကိုယ်တိုင်က စတုတ္တမဏ္ဍိုင်ကို အလေးပေးသည့် အကြောင်း၊ သူ၏ မိန့်ခွန်းတချို့တွင် ထည့် သွင်း ပြော ကြားခဲ့ပြီးနောက်ပိုင်း၊ ရရှိခဲ့သော Space ကိုမလွတ်တမ်း ဆုတ်ကိုင်ပြီး စာနယ်ဇင်း အဟောင်းအသစ်များနှင့် ပြည်ပ အခြေစိုက်များ ကပါ ပွင့်ပွင့်လင်းလင်း ဝေဖန်ရေးသားဖေါ်ထုတ် ပုံနှိပ်ခြင်းတို့ လုပ်ခဲ့ကြသည်။
အထက် ဆိုခဲ့သလို မီဒီယာသည် Natural opposition ဖြစ်သည့်အတိုင်း၊ အစိုးရ၏ Performance တခုထဲကို မဟုတ်ပဲ၊ အတိုက်အခံများ အကြောင်းကိုလည်း စိုက်လိုက်မတ်တတ် စူးစမ်းလေ့လာ မေးခွန်းထုတ်ပြီး၊ စာဖတ်သူတွေသိဖို့ လုပ် ဆောင်ခဲ့တာကို တွေ့ရသည်။
ဤလိုအချိန်မှာပဲ သတင်းဆိုးကတော့ စာနယ်ဇင်းသမားများ၊ သတင်းထောက်များ၊ အယ်ဒီတာများကို ဖမ်းဆီးအရေး ယူ ခြင်း (Unity ဂျာနယ်၊ မွန်းတည့်နေဂျာနယ် တို့ကို ဆိုလိုသည်)၊ ထို့အပြင် ဂျာနယ်တိုက်များသို့ ရဲသတင်းတပ်ဖွဲ့က ဝင် ရောက်စစ်ဆေးခြင်း၊ နောက်ဆုံး သမ္မတက သူ၏ ထုတ်ပြန်ချက်တွင် မီဒီယာများကို ပြစ်တင်ကန့်ကွက်ခဲ့ခြင်း၊ ဖြစ်ပေါ် နေသော လူမျိုးရေး ဘာသာရေး ပဋိပက္ခများတွင် မီဒီယာကို လက်ညိုးထိုးခြင်း၊ ထောင်သွင်း အကျဉ်းကျခြင်း ခြိမ်း ခြောက်ခြင်း၊ စသည့်တို့သည် မကောင်းသော အရိပ်လက္ခဏာများသာမက၊ ယခင် “ဘဝရှင်မင်းတြားကြီးခေတ်”ကို ပြန်သွားနေပြီလားဆိုသော နောက်ကျော မလုံသည့် မေးခွန်းများ ပေါ်လာတော့သည်။ အကြောက်တရားကြီး စိုးခဲ့သောခေတ်ကို ပြန်တွန်းပို့သည့် လက္ခဏများ အထင်အရှား တွေ့ခဲ့ရသည်။ ဒါကိုလည်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ ထုတ်ဖေါ်ဝေဖန်ခဲ့သည်။
Unity ဂျာနယ် အမှုမှာ အပ်နှင့်ထွင်းရမှာကို ပုဆိန်နှင့် ပေါက်ခြင်းသာ ဖြစ်ပြီး၊ နိုင်ငံတော် လျို့ဝှက်ချက်ကို ရေးခဲ့သည် ဆို လျှင်၊ထိုအမှုကို ယခု မြန်မာနိုင်ငံတွင် ကောင်စီများ ဖွဲ့စည်းပြီးဖြစ်သော၊ စာနယ်ဇင်းအဖွဲ့များ၊ ကောင်စီများကသာ ဆွေးနွေး ဆုံးဖြတ်သင့်သည်။
ပထမ အဆင့်ကတော့ အမှားပြင်ဆင်ခိုင်းခြင်း (correction)၊ ပြန်လည်ရုပ်သိမ်းခိုင်းခြင်း (retraction ) ပြုလုပ်ရမည်ဖြစ် သည်၊ နောက် တဆင့် က ဖေါ်ပြခဲ့သည့် သတင်းတွင် အမှားများပါခဲ့သော် တရားဝင်တောင်းပန်ခြင်း ဖြစ်သည်။
မိမိရှာဖွေ တင်ပြထားသော သတင်းအချက်အလက်များ မှန်ကန်သည် ဆိုပါက Correction လုပ် စရာမလိုသလို၊ တောင်း ပန်စရာလည်း မလိုပါ၊ ထိုသို့ အကဲဆတ်သော အရေးကိစ္စများကို ဖေါ်ထုတ်ရေးသားဖို့ အခွင့်အရေးက စာနယ်ဇင်း သမား တို့၏ အခွင့်အရေး ဖြစ်သည်။
သို့သော် အတတ်ပညာနှင့် သတင်းအချက်အလက် တင်ပြမှု၊ ခိုင်လုံသော အချက်အလက် ရှာဖွေခြင်း၊ အင်တာဗျူး ပြု လုပ်ခြင်း၊ အတည်ပြုချက်ယူခြင်း၊ လေ့လာစူးစမ်း သုံးသပ်ခြင်း၊ ထို့အပြင် သက်ဆိုင်ရာတို့ဘက်မှ တရားဝင် တုံ့ပြန် မှုကို တောင်းဆိုခြင်းတို့က စာနယ် ဇင်း အလုပ်၏ အခြေခံပင်ဖြစ်သည်။
သို့သော် Unity ဂျာနယ်ဘက်မှ သူတို့လုပ်ရမည့် အိမ်စာတချို့ကို ပျက်ကွက်ခဲ့ရုံနှင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁၀ နှစ် ချစရာမလိုပါ။
ထိုသို့လုပ်မည် ဆိုလျှင် ၁၉၈၈ခုနှစ်မှစ၍ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ၏ လာဘ်စားမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မြောက်ကိုးရီးယား နှင့် စစ်ရေးအရ တိတ်တိတ်ပုန်း ဆက်ဆံမှုများ၊ လျို့ဝှက်လိုဏ်ခေါင်များအကြောင်း စသည်တို့ကို ပြည် ပနေ သတင်းစာ၊ စာနယ်ဇင်းသမားများ၊ မြန်မာ့အရေး လေ့လာကျွမ်းကျင်သူများက အများအပြား ရေးသားခဲ့ပြီးဖြစ်ရာ၊ ထို သူများရော မည်သည့် ဥပဒေ ပုဒ်မများနှင့် ညှိစွန်းပါသနည်းဟု မေးခွန်းထုတ်ရပေမည်။
ပြန်ကောက်ရလျှင် စာနယ်ဇင်းသမားတွေကို ထိန်းကျောင်းရမည့် သူမှာ အစိုးရလည်း မဟုတ်သလို၊ အတိုက်အခံလည်း မဟုတ်ပါ။
လွတ်လပ်ပြီး၊ သမာသမတ်ရှိသော စာနယ်ဇင်း အဖွဲ့အစည်းများက၊ ကျင့်ဝတ်စည်းကမ်းများနှင့် self-regulatory ဆိုသော သဘောတရားကို စာနယ်ဇင်းသမားများနှင့် သဘောပေါက် နားလည်အောင် ဆွေးနွေးထားရမည် ဖြစ်သည်။ self-regulatory ဆိုသည်မှာ self-censorship မဟုတ်ပါ။
မီဒီယာများတွင် လိုအပ်ချက်များ ရှိနေသည်၊ တာဝန်ယူမှုနည်းစွာ တင်ပြမှု များလည်း ရှိနေသည်၊ ရရှိခဲ့သော space နှင့် လွတ်လပ်ခွင့်ကို သုံးကာ မလုပ်ပဲ အလွဲသုံးစား လုပ်နေသော မီဒီယာများ ရှိသည်။
သတင်းရေးနည်း နှင့် မီဒီယာကျင့်ဝတ်ကို မသိနားမလည်ပ၊ဲ ဂျာနယ်သတင်းစာ (အစိုးရ အပါအဝင်) တီဗွီ၊ ရေဒီယို စသည့် မီဒီယာ အလုပ်ကို ဝင်ရောက်လုပ်ကိုင်နေသူများ၊ လက်တဲ့စမ်းနေသူများလည်း ရှိသည်။
နိုင်ငံတကာတွင် သြဇာကြီးမားသော စာနယ်ဇင်းကျောင်းကြီးများ၊ တက္ကသိုလ်ကြီးများ ရှိပါသည်၊ ထိုကျောင်းများ၏ သင် ခန်းစာထဲတွင်လည်း professional စာနယ်ဇင်းသမားကောင်းတို့ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း များ တာဝန် ယူမှုများ ကို၊ တွဲပြီး သင်ကြားပေးလေ့ရှိသည်။
ဒါတွေက ယခုကဲ့သို့ အင်တာနက်ခေတ်မှာ လေ့လာဆည်းပူးဖို့ ရနိုင်ပြီး၊ စာနယ်ဇင်းသမားကောင်းဖြစ်ဖို့ အခြေခံ အုတ်မြစ်များဟု ဆိုရမည်။
ပြန်ချုပ်ရလျှင်တော့ မြန်မာနိုင်ငံစာနယ်ဇင်းလောကသည်၊ ရင့်ကျက်သော တာဝန်ယူမှု ရှိသော စာနယ်ဇင်းကောင်းများ၊ ဒေါင်ဒေါင်မြည် အယ်ဒီတာများနှင့် ဂျာနယ်လစ်များ ရာနှုန်းပြည့်များသော ခေတ်တခေတ်ကိုရောက်ဖို့ အချိန်ယူရဦးမည်။
အစိုးရ၊ နိုင်ငံရေးသမား၊ အတိုက်အခံ၊ ဘာသာရေး အဖွဲ့အစည်းများ၊ စီးပွားရေးသမားများ၊ ထင်ရှားကျော်ကြား သူများက လည်း စာနယ်ဇင်းတို့၏ သဘောအနေအထားကို နားလည်ဖို့ လိုသလို၊ နှစ်ဦး နှစ်ဖက် အရေထူဖို့လည်း လိုသည်။
အထက်က ဆိုခဲ့သလို မီဒီယာရဲ့ သဘောသဘာဝကိုက အစိုးရကိုရော အတိုက်အခံကိုပါ Natural opposition ဖြစ်ပါ သည်။
သူ့ရဲ့အလုပ်က watch dog အလုပ်ဖြစ်ပြီး၊ lap dog တော့ မဟုတ်၊ မှန်တာကို ရေး၊ မှားတာကို ဝေဖန်၊ စာနယ်ဇင်း ကလည်း မှားခဲ့ရင်လည်း ဝန်ခံတောင်းပန်ရဲတဲ့ သတ္တိ အကျင့်ကောင်း ရှိဖို့ လိုသည်။
ဒီမိုကရေစီ လွတ်လပ်ခွင့် တရားဥပဒေစိုးမိုးရေးနှင့် စတုတ္တမဏ္ဍိုင်ကို ရေလဲနှင့်သုံးသော အစိုးရက မီဒီယာကို ပြန် လည် နှိပ်ကွပ်ဖို့ စတင်ကြိုးပမ်းခြင်းမှာ၊ အပေါင်းလက္ခဏာ မဟုတ်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု (transparency နှင့် accountability )ကို မိန့်ခွန်းများတွင် ထည့်သွင်းပြောကြားသော၊ ပြုပြင်ပြောင်းလဲရေးလုပ်နေသည် ဆိုသော အစိုးရသည် စာနယ်ဇင်း သမားတို့၏ မေးခွန်းထုတ်ခြင်း ဝေဖန်ခြင်း ကိုတော့ ခံရမည်မှာ မလွဲပါ။
မြန်မာပြည်သည် မြောက်ကိုးရီးယားမဟုတ်၊ ပြုံးယမ်းဒေးလီးကဲ့သို့ နေပြည်တော် ဒေးလီး တစောင်တည်း ထုတ်ပြီး၊ နိုးကြားတက်ကြွနေသော၊ တနည်းဆိုရလျှင်၊ဆယ်စုနှစ်များစွာ အမှောင်ခေတ်မှာ ကြီးပြင်းခဲ့ပြီး ဖိနှိပ့်ခံခဲ့ရသော၊ တိုင်းရင်းသားပြည်သူ၊ ပြည်သားတွေကို ဦးနှောက်ဆေးတဲ့ ခေတ်မဟုတ်တော့။