မြန်မာတိုင်းမ်မှာ ဆရာ မောင်သွေးသစ်ရဲ့ ဆရာ မင်းသိင်္ခ အမှတ်တရ ဆောင်းပါး နဲ့ အဟော ကို ဖတ်ရတော့ အရင် ဆရာ စံဇာဏီဘို ရေးခဲ့ဖူးတဲ့ ထောင်တွင်း ဇာတ်လမ်းတွေ သတိရတယ်။ ယုံကြည်ချက်၊ စိတ်ဓာတ်၊ ဝါသနာ အလျောက် နိုင်ငံရေး လုပ်ကြပေမယ့် နိုင်ငံရေး အကျဉ်းသမားလည်း ပုထုဇဉ် သွေးနဲ့ကိုယ် သားနဲ့ကိုယ် ချည်း ဆိုတော့ လွတ်မယ့်ရက် မျှော်ကြရတယ်။ စီးပွားသောင်းကျန်း အကျဉ်းသမား၊ ရာဇဝတ်အကျဉ်းသား အားလုံးလည်း လူသားချည်းမို့ လွတ်ချင်ကြတယ်။
ဆိုတော့ “လွှတ်ကြောင်” ကြောင် နေသူတွေ အဲ့တုန်းက ထောင်ထဲ ရှိခဲ့တာပေါ့။ အခါကြီး ရက်ကြီးတွေ ကို မျှော်၊ နေ့ကြီး ရက်ကြီးတွေကို စောင့်၊ “နိုင်ငံတော်” ဆိုတဲ့ အသံကို ကြားချင်ကြတယ်။ ဘုရားကြီး ထီးတော်တင်ရင်လည်း မျှော်၊ စွယ်တော်လာရင် လည်း မျှော် “မျှော်တော်ယောင်” ဇာတ်လမ်းခင်းကြရတယ်။ ပုဒ်မ ၁၀ လိုမျိုး နိုင်ငံရေး ပုဒ်မ အရေးပေါ်စီမံမှု ဥပဒေနဲ့ ထောင်ကျခံ ထိနေသူတွေရဲ့ လွှတ်မိန့်က အာဏာပိုင် စစ်အစိုးရ သဘောက အဓိက၊ အချိန် မရွေး လွတ်နိုင်တော့ ဒီလိုပဲ သူတို့ မျှော်ကြရတယ်။
နိုင်ငံတော်ရဲ့ “မယားငယ် ပေး ပေးတဲ့” စေတနာ ဆိုတာတွေ၊ တပ်မတော် ရဲ့ “ပထွေးနဲ့ အလား သဏ္ဌာန် တူတဲ့” စစ်မှန်တဲ့ သဘောထား ဆိုတာတွေကို မယုံလိုလည်း ယုံခဲ့ရ၊ မပုံလိုလည်း ပုံခဲ့ရတယ် ပေါ့။ အဲ့ဒီလို နောက်ခံမှာ လွတ်လပ်ရေးနေ့ နီးတဲ့တရက် ဆရာ မင်းသိင်္ခက အပြတ်ဟောတယ် ဆိုပဲ။ “အားလုံး လွတ်မယ်၊ နိုင်ငံတော် လာမယ်၊ မှားရင် လျှာ ဖြတ်၊ ဂိုဘီ သဲကန္တာရ ထဲ လွှတ်ပစ်” တဲ့။
မင်းသိင်္ခ ဆိုတာ နာမည်ကြီး ဗေဒင်ဆရာကြီး၊ စာရေးဆရာကြီး လည်း ဖြစ်၊ လူလေးစား ကြည်ညို ချစ်ခင်မှု များသူလည်းဖြစ်တော့ ဒီ ဟောကိန်းက အင်းစိန် တထောင်လုံးတင် မက နယ်အသီးသီက ရဲဘက် တွေ အထိတောင် ပျံ့ခဲ့ တယ် ဆိုပဲ။ ဆရာကြီး မင်းသိင်္ခ က လျှာဖြတ် မယ်တောင် ဆိုထားတာ၊ မမှားနိုင်ဘူး ဆိုပြီး အားလုံးလည်း ယုံကြည် မျှော်လင့် နေခဲ့ကြတာပေါ့။
ဒီလိုနဲ့ လွတ်လပ်ရေးနေ့ ရောက်လာရော ဆိုပါတော့။ အဲ့ဒီနေ့ မနက် စားရတဲ့ ထောင် ပဲကုလားဟင်းက အရင်နေ့တွေက ထက် ပိုကောင်း သီးစုံ၊ ငါးခြောက်ဖတ်ကလေးတွေတောင် တွေ့ရတယ်။ စံဇာဏီဘိုကလည်း ဆရာမင်းသိင်္ခ တပည့် ပီသစွာ ပဲကုလားဟင်း တွေ ကြည့်ပြီး “ကိုယ့်ဆရာက အရမ်းတော်တာ၊ ဒီနေ့အားလုံး လွတ်မှာ သေချာတယ်၊ ခု မနက်စာတောင် ဟင်းက ရှယ် ပဲ” ဆိုပြီး သူက ထပ်ဆင့် လျှာ တယားယားနဲ့ အာမခံ တယ် “နိုင်ငံတော်လာမယ်၊ မှားရင် လျှာကိုဖြတ်၊ ဂိုဘီ သဲကန္တာရထဲပစ်”။
နေ့ခင်းဘက်ကျ ထူးထူးခြားခြား ရေနွေးခါးကြီးတွေ ထောင်က တိုက်သေးသတဲ့။ ဒါနဲ့ ဒီလောက် ထူးခြားနေတာ သေချာပြီဆိုပြီ ကိုယ့်် သိမ်းထားတဲ့ ရိက္ခာထုပ်တွေတောင် ဗုံးပေါလအော အကုန် စားပစ်ကြတယ်တဲ့။ ဒီလိုနဲ့ ညရောက် ၈ နာရီ သတင်းကို ထောင်ဝါဒါ ရဲ့ ရေဒီယို ကနေ နားစွင့်ကြတာ ဗိုလ်ချုပ်ကြီးများရဲ့ တံတားဖွင့်ပွဲတွေ၊ ညစာစားပွဲ တွေ သတင်းကုန်လို့ မိုးလေဝသ သာ ကြေညာ တယ် “လွှတ်” သတင်း မပါဘူးတဲ့။
အဲ့ဒီအချိန် မင်းသားကြီး အောင်လွင် ဆီက တရွှီးရွှီး တရွှမ်းရွှမ်း အသံကြားရတယ်။ “ဘကြီးအောင် ဘာလုပ်နေတာလဲ” ဝိုင်းမေးကြတော့ “ဗိုလ်ခ လျှာ သွားဖြတ်မလို့ဟေ့၊ အခု ဓားသွေးနေတာ” လို့ ဖြေသတဲ့၊ အားလုံးလည်း စိတ်ပျက်နေကြပေမယ့် ပွဲကျပြီး ရယ်ရယ်မောမော ဖြစ်သွားတယ်။
မနက်လင်းတော့ မင်းသိင်္ခလည်း သူ့ စကားအတိုင်း လျှာဖြတ်တဲ့ အနေနဲ့ စကားမပြော၊ ဝစီပိတ် ကျင့်ရတော့တယ်။ ကြားက ဝင် အာမခံတဲ့ တပည့်ကျော် စံဇာဏီဘိုလည်း အပြင်ထွက်ရင် ပါးစပ် အဝတ်စည်း ထွက်ရတယ်တဲ့။ ဆရာ မင်းသိင်္ခ စကားမပြောတော့ အားလုံးက ဘာဖြစ်သလဲ မေးကြတယ်၊ လျှာဖြတ်တဲ့ အကြောင်း စကားတွေ ကားကုန်၊ ထောင်ထဲမှာ ဆူကုန်တာပေါ့။ အဲ့တော့ ထောင်မှူး က ရောက်လာပြီး “ဆရာ ခ မမှားပါဘူး၊ နိုင်ငံတော် အဆင့် မဟုတ်ပေမယ့် ပြည်ထဲရေးဝန်ကြီး အမိန့်နဲ့ လျှော့မိန့်၊ လွတ်မိန့်တွေ ကျလာပါပြီ၊ ရဲဘက်တချို့လည်း လွတ်ကြပါတယ်” ဆိုတော့မှ ဆရာမင်းသိင်္ခလည်း ပါးစပ် ဟနိုင် စနေမောင်မောင် စတိုင် ငါးသုံးလုံး ဆေးလိပ်ခဲနိုင်တော့တယ် ဆိုတယ်။ ဆရာမင်းသိင်္ခ ရဲ့ “မှားရင် လျှာဖြတ်၊ ဂိုဘီ သဲကန္တာရထဲပစ်” ဟောချက်က အဲ့ဒီ ဖြစ်စဉ် တခုတည်း မဟုတ်သေးပါဘူး။
၁၉၈၈ နောက်ပိုင်း နဝတ အစိုးရခေတ် ပထမဆုံး သေဒဏ်ကျတဲ့ မြဂေါင်ကိုလည်း “ကိုယ့်လူ မသေပါဘူး၊ လွတ်မှာပါ” ဟောတော်မူ သတဲ့။ နောက်ဆုံး အယူခံတောင် ရှုံးလို့ ထောင်ဝန်ထမ်းတွေက မြဂေါင် အတွက် ကြိုးပေးတောင် ကျင့်နေကြပြီ၊ ကြိုးပေးဖို့ ၂ ရက်ပဲ လိုချိန် မင်းသိင်္ခ က ဒီလို ဟောတော့ တထောင်လုံး ပွက်လောရိုက်ကုန်ကြတာပေါ့။ ထုံးစံ အတိုင်း “ဆရာ ခ ဟော၊ မြဂေါင် မသေ၊ မှားရင် လျှာဖြတ်၊ ဂိုဘီ သဲကန္တာရထဲပစ်” တွေ ဖြစ်ကုန်ကြတယ် ဆိုတယ်။
လူတိုင်းကလည်း ဒါဆို ကျန်တာ မဖြစ်နိုင်ဘူး၊ “နိုင်ငံတော်” လာတာ ပဲ ဖြစ်ရမယ် ဆိုပြီး ကိုယ့်အတွက်ပါ ပို ပျော်ကုန်ကြသတဲ့။ စီးပွားရေး ထောင်ကျ သူဌေး တယောက်ကလည်း မုန့် တွေ ဝေတယ်၊ တကယ် “နိုင်ငံတော်” လာရင် ဆရာ ခ အပါအဝင် အားလုံးကို ထပ်ပြီး ပြုစုဦးမယ် ဆိုတယ်။
နောက်နေ့ တကယ်ပဲ လွတ်ငြိမ်းချမ်းသာခွင့် ရောက်လာတယ်။ အားလုံး ကွင်းလုံးကျွတ် လွတ်ကြတာ မဟုတ်ပေမယ့် သေဒဏ်သမား ကျွန်းဒဏ် ဖြစ်၊ ကျွန်းသမားတွေ ၁၀ နှစ် ဖြစ်၊ ၁၀ နှစ်ကျသူတွေ ၅ နှစ်ဖြစ် ထက်ဝက် လျှော့ရက်တွေ ရကြတယ်။ မြဂေါင်လည်း ကြိုးပေးခံရဖို့ ၂ ရက် အလိုမှာ သေကံမရောက်၊ အသက်မပျောက် ဖြစ်ခဲ့ဖူးတယ် ဆိုတယ်။
အခုလည်း ဆရာ မောင်သွေးသစ် စာ အရ ဆရာ မောင်ဝံသ ပြောခဲ့ဖူးတယ် ဆိုတဲ့ ဆရာမင်းသိင်္ခရဲ့ နှစ်ပေါင်း ၂၀ ကျော်က ဟောကိန်း “၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို အုပ်ချုပ်ခွင့် မုချ ရမယ်” ဆိုတာ လာပြန်ပါပြီ။ ဆရာ ခ ထုံးစံ အတိုင်း “မှားရင် လျှာဖြတ်၊ ဂိုဘီ သဲကန္တာရထဲ ပစ်” ဟောကိန်း နောက်တခုပေါ့။ ဒီ ဟောကိန်းကတော့ ပြည်သူ အပေါင်း ၁၉၉၀ ရွေးကောက်ပွဲ ကတည်းက မျှော်လင့်နေကြတဲ့ ဟောကိန်းလည်း ဖြစ်တယ်။
မင်းသိင်္ခ ဒီလို တကယ် ဟောခဲ့၊ မဟောခဲ့ က မောင်ဝံသ လည်း ဆုံးပြီ၊ ဆရာ ခ ကိုယ်တိုင် လည်း မရှိတော့ပြီ မို့ တပ်အပ် သေချာအောင် အတည်ပြုချက်တော့ ယူလို့ မရတော့ပါဘူး။ ဒါပေမယ့် ဆရာ မောင်သွေးသစ် က ဆရာ မောင်ဝံသ မပြောခဲ့ဘဲနဲ့တော့ အခုလို မရေးလောက်ပါဘူး။ ဆရာမောင်ဝံသလည်း ဆရာမင်းသိင်္ခ အဲ့တုန်းက တကယ် မဟောခဲ့ဘဲ လုပ်ကြံပြောခဲ့စရာ အကြောင်းမရှိဘူး။
ဒါ့အပြင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ ခေတ်အဆက်ဆက် အာဏာတည်မြဲရေး အတွက် ဗေဒင်တွေ၊ ယတြာတွေ နောက်လိုက်ခဲ့ကြတာ၊ ယုံခဲ့ကြတာ ဟိုးလေးတကျော် ပြည်သူများ အသိပါပဲ။ တံတားနောက်ပြန်ဆင်းရတာက အစ၊ ဘုရားရွှေချ၊ ထီးတော် တင်တာ အဆုံး ယတြာအမျိုးမျိုး ချေခဲ့ကြတယ်၊ ဘိုးတော်အစုံစုံကို ဆည်းကပ်ခဲ့ကြတယ်။ အခုလည်း မင်းသိင်္ခကို လူကြီးများ အတင်းအကျပ် ဟောကိန်းထုတ်ခိုင်းခဲ့တယ် ဆိုတာ အာဏာတည်မြဲလိုသူတို့ရဲ့ ဓလေ့ အရ အများကြီး ဖြစ်နိုင်ပါတယ်။ ဆိုတော့ ဆရာ ခ ဒီလို တကယ် ဟောခဲ့တယ်လို့ပဲ ယူဆရမယ်။
ဒါပေမယ့် ဒီ ဟောကိန်း မှန်ဖို့ကတော့ အရင် ဟောကိန်းတွေလို “နိုင်ငံတော်” ကို မျှော်လို့ မရတော့ပါ။ ဒီတခါ “နိုင်ငံတော်” က ကယ် မှာ မဟုတ်ပါ။ မကယ်တဲ့ အပြင် ဒီ ဟောကိန်း မမှန်အောင်တောင် “နိုင်ငံတော်” ဆိုတာကို အလွဲသုံးစားလုပ် “အာဏာ” ကို ချုပ်ကိုင်ထားတဲ့သူတွေ အမျိုးမျိုး ကြံစည်နေကြတာ မျက်မြင်ပါ။ အစွန်းရောက် အမျိုးသားရေး မှိုင်းလုံးတွေ၊ ကော်မရှင်နဲ့ပေါင်း ရွေးကောက်ပွဲ မဲဆွယ်ပွဲ ကန့်သတ်မှုများ က အစ၊ သမ္မတ အရည်အချင်း ကန့်သတ်ချက် ဖွဲ့စည်းပုံ မပြင်ရေး တင်းခံတာမျိုး အလယ်ကနေ အချိုးကျ ရွေးကောက်ပွဲစနစ် ကျင့်သုံးဖို့ ကြံစည်နေတာမျိုးတွေ အထိ တိုက်နည်းမျိုးစုံ၊ ဖျက်နည်းမျိုးစုံနဲ့ “ကလိမ်စေ့ ငြမ်းဆင် ငြိမ်ပိလမ်းစဉ်” အင်တိုက်အားတိုက် ဆောင်ရွက်နေကြတာ အားလုံး အသိပါပဲ။
အခု ဆရာ မောင်သွေးသစ် ဆောင်းပါး က အစပြန်ဖော်မှုကြောင့် ဆရာမင်းသိခရဲ့ ဟောကိန်းကို ပြန်သတိရကြလို့ ပိုတောင် ကြောက်လန့်ပြီး အောက်လမ်းနည်း၊ အထက်လမ်းနည်း မျိုးစုံ အတွင်းကြိတ်ကြံနေမှာ မြင်ယောင်မိပါရဲ့။ ကြောက်ပါတယ် ဆိုမှ မင်းသိင်္ခရဲ့ နာမည်ကျော် “မှားရင် လျှာဖြတ်၊ ဂိုဘီ သဲကန္တာရထဲ ပစ်” ဟောကိန်းနဲ့ လာခြောက်နေတယ်ဆိုပြီး ကြောက်ကန် ဆက်ကန်ဦးမှာလည်း အသေအချာပါပဲ။
ဆိုတော့ ဒီ ဟောကိန်းမှန်ဖို့ရာ ဒီ/ချုပ် နဲ့ ၈၈ မျိုးဆက် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစု ဘက်က ၂၀၁၅ မတိုင်မီ ကျန်ရှိတဲ့ အချိန်မှာ လိမ္မာ ပါးနပ်စွာနဲ့ နိုင်ငံရေး ကစားကွက်တွေကို လျှင်မြန် သွက်လက် ရွှေ့နိုင်ဖို့လိုနေပါတယ်။ ဒီ/ချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုး၊ ဘာသာ၊ သာသနာ နဲ့ လှည့်ရန်တိုက်ပေး အမျိုးမျိုး သွေးထိုး အပုပ်ချခဲ့ကြပေမယ့် လက်ရှိတိုင် လူထု ထောက်ခံမှု အရှိဆုံး ဆိုတာ ငြင်းမရပါ။ ဗမာ့ဒီမိုကရေစီ အပြောင်းအလဲ လမ်းဟာ လူထုခေါင်းဆောင် အစစ် ဒေါ်အောင်ဆန်းစုကြည် အာဏာယူနိုင်တဲ့ နေ့ကျမှ အဆင့်တဆင့်တက် ခရီးလမ်းပန်းမြောက်မယ် ဆိုပြီး ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး လေ့လာသူ ပညာရှင်များ နဲ့ နိုင်ငံတကာကလည်း အမြဲ သုံးသပ်နေကြတာပါပဲ။ ဒါပေမယ့် စစ်တပ် ထိန်းချုပ်ခံ ဗမာ့နိုင်ငံရေး မှာ လူထု ထောက်ခံမှု တခုတည်းနဲ့ နိုင်ငံရေး အာဏာ မယူနိုင်ကြောင်းက သင်ခန်းစာ ယူစရာ အောတိုက် ရင်နာဖွယ် တွေ့ကြုံခဲ့ရပါတယ်။
ဒါကြောင့် ဆုံးသွားတာ ၆ နှစ်ပြည့်ခဲ့ပြီ ဖြစ်တဲ့ ဆရာမင်းသိင်္ခ တယောက် မဟာမြိုင် တောအလယ် တနေရာကနေ “လျှာဖြတ်၊ ဂိုဘီ သဲကန္တာရထဲ ပစ်” ဝစီပိတ် မကျင့်ရလေအောင် နဲ့ ပြည်သူ အပေါင်းရဲ့ မျှော်လင့်ချက် ဆန္ဒ အမှန်တကယ် ပြည့်ဖို့ရာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီ/ချုပ် ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားုစု အနေနဲ့ တာထွက်လည်း မှန်ခဲ့သလို၊ သက်လုံလည်း ဆက်လက် ကောင်းရင်း ဒီမိုကရေစီ ခရီးကြမ်းကို လူထု အခြေခံ လွှတ်တော် အတွင်း၊ ပြင်ပ အင်အား အမျိုးမျိုးသုံး၊ အကြမ်းမဖက် တန်ပြန် တိုက်နည်း အစုံစုံ ထုတ်၊ ပရိယာယ်ဝေဝုစ် အဖုံဖုံ နဲ့ အခုထက် အားသွန်ခွန်စိုက် စုစည်းညီညာ လျှောက်လှမ်းနိုင်ကာ ၂၀၁၅ မှာ ဒီမိုကရေစီ အောင်ပန်းဆွတ် ပန်းတိုင် အမှန် ရောက်နိုင်ဖို့ရာ မျှော်လင့်မိကြောင်းပါ ခင်ဗျား။
(ငြိမ်းချမ်းအေးသည် အွန်လိုင်း မီဒီယာများတွင် မျက်မှောက် ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဆောင်းပါး ပါ အာဘော် နှင့် ပတ်သက်၍ ဝေဖန် ဆွေးနွေးလိုပါက [email protected] ထံ စာရေး ဆက်သွယ်နိုင်သည်။)