ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ပြုတ်သွားပြီးတဲ့နောက် ပြန်ကြားရေး ဒုဝန်ကြီး၊ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် ဝန်ကြီး ဖြစ်လာပါတယ်။ မီဒီယာတွေနဲ့ အစိုးရတို့ ထိပ်တိုက်တွေ့နေမှု၊ ဝန်ကြီးသစ်အနေနဲ့ ချဉ်းကပ်မယ့်နည်းလမ်းများ၊ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းများနဲ့ ပတ်သက်ပြီး ဧရာဝတီ အကြီးတန်း သတင်းထောက် ထက်နိုင်ဇော်က ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။ ။ ဒီနေ့ ကျင်းပနေတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ဦးရဲထွဋ်ကို ပြန်ကြားရေးဝန်ကြီးအဖြစ် အတည်ပြု ခန့်အပ်လိုက်ပြီဆိုတော့ ဝန်ကြီးတယောက် ဖြစ်လာတဲ့အပေါ်မှာ ဘာများ ပြောစရာ ရှိပါသလဲ။
ဖြေ ။ ။ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးခံရခြင်းအပေါ် ကျနော့် သဘောထားကို (ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ) ပို့စ်တင်ထားပြီး ဖြစ်ပါတယ်။
မေး ။ ။ အခုလက်ရှိ ဖြစ်နေတဲ့ မီဒီယာတွေနဲ့ အစိုးရကြားမှာ ပဋိပက္ခ ပြဿနာ တချို့ကို ဘယ်လို ကိုင်တွယ် ဖြေရှင်းဖို့ ရှိပါသလဲ။ အန်ကယ့်မှာ တခြားဝန်ကြီးတွေထက် ဘယ်လို အားသာချက် ၊ အားနည်းချက်တွေ ရှိမယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ လက်ရှိ အစိုးရနဲ့ မီဒီယာကြား ကွဲလွဲမှုတချို့ ရှိနေခြင်းရဲ့ အဓိကအချက်ကတော့ ဆက်ဆံရေး ပြဿနာပါပဲ။ ဒါ့ကြောင့် အစိုးရနဲ့ မီဒီယာများအကြားမှာ ကျင့်ဝတ်နဲ့ အပြန်အလှန် လေးစားမှုကို အခြေခံတဲ့ မီဒီယာ ဆက်ဆံရေးတခု တည်ဆောက်ဖို့ ကျနော် ကြိုးစားပါ့မယ်။ ကျနော်ဟာ ၂၀၀၅ ခုနှစ် မေလထဲက ပြန်ကြားရေးဝန်ကြီးဌာနမှာ တာဝန်ယူခဲ့ပြီး
မီဒီယာပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ ပါဝင်ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် နှစ်ဖက်လုံးရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိပါတယ်။ ဒါ့ကြောင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ဖို့အတွက် ဘာတွေလုပ်ရမယ်ဆိုတာ
သိတဲ့ အားသာချက် ရှိပါတယ်။ တဖက်ကလည်း အဲဒီလို ဆက်တိုက် တာဝန်ယူခဲ့တဲ့အတွက် ကျနော်အပေါ် မယုံကြည်မှုတွေ ရှိနိုင်တယ်ဆိုတဲ့ အားနည်းချက်လည်း ရှိပါတယ်။
မေး ။ ။ အခု နောက်ဆုံး မီဒီယာတွေအပေါ် သမ္မတရဲ့ Massage က အရမ်း ဆိုးပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေက မီဒီယာတွေကြောင့်လို့ သုံးသပ်ထားပါတယ်။ ဘာလို့ အဲဒီလိုသုံးသပ်တာလဲ။ ဘယ်မီဒီယာ ၊ ဘယ်သတင်းဌာနက လုပ်တာမျိုးလဲဆိုတာ သမ္မတရုံးမှာ အချက်အလက် ရှိပါသလား။
ဖြေ ။ ။ သမ္မတက မီဒီယာအားလုံးကို ဆိုလိုတာ မဟုတ်ပါဘူး။ တာဝန်မသိတဲ့ တချို့မီဒီယာတွေကိုသာ ဆိုလိုပါတယ်။ ဘယ်လို မီဒီယာတွေဆိုတာ လေ့လာထားပါတယ်။
မေး ။ ။ ပြန်ကြားရေး ဝန်ကြီးအဖြစ် ရာထူး တိုးသွားပြီဆိုတော့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆက်လုပ်ဦးမှာလား။ တာဝန် ၂ ခုဆိုတော့ အန်ကယ့်မှာ ဘယ်လိုအခက်အခဲတွေ ရှိနိုင်လဲ။
ဖြေ ။ ။ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆက်လက် တာဝန်ပေးထားပါတယ်။ တာဝန်နှစ်ခု ဖြစ်တဲ့အတွက် အချိန်ပိုပေးရမှာရှိသလို အရင်ကလို ဝန်ကြီးဌာနအားလုံးရဲ့ လုပ်ငန်းတွေအတွက် လိုက်လံဖြေဆိုပေးနိုင်မှာ မဟုတ်ပါဘူး။ မူဝါဒဆိုင်ရာ ကိစ္စတွေအတွက်ပဲ ဖြေကြားပေးနိုင်မှာဖြစ်ပါတယ်။
မေး ။ ။ အန်ကယ် ပြောပြောနေတဲ့ စကားတခုရှိပါတယ်။ မီဒီယာတွေ ကျင့်ဝတ်စောင့်ထိန်းဖို့ပါ။ ကျနော်တို့ နိုင်ငံမှာရှိတဲ့
ထောက်တိုင်တိုင်းဟာ ကြံ့ခိုင်ရေး ကြိုးပမ်းနေတဲ့ ကာလဖြစ်ပါတယ်။ မီဒီယာတွေကလည်း စင်းလုံးချော မဖြစ်သေးပါဘူး။ အားနည်းချက်တွေ ရှိပါတယ်။ ဒါပေမယ့် မှားတာနဲ့ ပြင်းပြင်းထန်ထန် အရေးယူတာမျိုးကတော့ မေးခွန်းထုတ်စရာပါ။ အဲဒီလိုဆိုရင် အစိုးရကရော ဒီမိုကရေစီ ရောက်အောင် သွားနေတာ ဘယ်လောက် ရောက်နေလို့လဲ။ ဘယ်လောက် လုပ်နိုင်နေလို့လဲ။
ဖြေ ။ ။ မှားတိုင်း ပြင်းပြင်းထန်ထန် အရေးယူတာ မဟုတ်ပါဘူး။ သမ္မတကို ဝေဖန်လို့၊ အစိုးရကို ဝေဖန်လို့ အသရေဖျက်မှုတွေ၊ အစိုးရကို အကြည်ညိုပျက်စေမှုတို့နဲ့ ပြစ်မှုကြောင်းအရ စာနယ်ဇင်းသမားတွေကို တရားစွဲတာ အစိုးရဘက်က လုံးမဝလုပ်ခဲ့ပါဘူး။ စာနယ်ဇင်း အချင်းချင်း အသေရေဖျက်မှုနဲ့ တရားစွဲထားတာ ဘယ်နှစ်မှုရှိလဲဆိုတာ ဧရာဝတီက လေ့လာစေချင်ပါတယ်။
ဒါပေမယ့် ကြားဖြတ်အစိုးရဖွဲ့ဖို့ လှုံ့ဆော်တဲ့ အရေး အသားမျိုးရေးတာ၊ ကာကွယ်ရေးဆိုင်ရာ စက်ရုံထဲကို အယောင်ဆောင်ပြီး ခိုးဝင်တာမျိုးလို ပြစ်မှုမျိုးကတော့ စာနယ်ဇင်းသမားမှ မဟုတ်ပါဘူး၊ ကျနော် ကျူးလွန်ရင်လည်း
ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ပေးခံရမှာ ဖြစ်ပါတယ်။ သို့သော် တဖက်ကလည်း စာနယ်ဇင်းသမားများ မသိလို့ ဥပဒေ ချိုးဖောက်တာမျိုး မဖြစ်ရအောင် စာနယ်ဇင်းကောင်စီနဲ့ ပူးပေါင်းပြီး ဆွေးနွေးပွဲတွေ ပြုလုပ်ခြင်း၊ အစိုးရဌာနတွေ အနေနဲ့လည်း မီဒီယာရဲ့ သဘောသဘာဝတွေကို ပိုမို သိရှိအောင် စာနယ်ဇင်း ကောင်စီနဲ့ ပူးပေါင်းပြီး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ အစီအစဉ်တွေ ရှိပါတယ်။
အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးဘယ်လောက်ရောက်ပြီလဲဆိုတာ ၂၀၁၀ အခြေအနေနဲ့ ၂၀၁၄ အခြေအနေ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ နောက်ပြီး အာရှ၊ အာဖရိကတိုက်တွေက ဒီမိုကရေစီ အသွင်ကူးပြောင်းခဲ့တဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ပထမ သုံးနှစ်တာကာလနဲ့ ကျနော်တို့ ပထမ သုံးနှစ်တာကာလအတွင်း ကဏ္ဍအလိုက် ဆောင်ရွက်ခဲ့ချက်များကို နှိုင်းယှဉ်ဇယားချ ကြည့်ရင် ဘယ်လောက် ခရီးပေါက်ခဲ့တယ်ဆိုတာ မြင်နိုင်ပါတယ်။
မေး ။ ။ နောက်တခုက ပြုပြင်ပြောင်းလဲရေးအတွက် အခုလို ဝန်ကြီးတွေကို ဖြုတ်ရုံ၊ အနားပေးရုံနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး အောင်မြင်ပါ့မလား။
ဖြေ ။ ။ ဝန်ကြီးတွေ ပြောင်းလဲ တာဝန်ပေးခြင်းဟာ ဒီမိုကရေစီအစိုးရတွေမှာ လုပ်လေ့ရှိတဲ့ လုပ်ငန်းစဉ်တခုပါပဲ။ ဒါဟာ ဌာနအလိုက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအတွက် လိုအပ်တဲ့ တွန်းအားနဲ့ ခေါင်းဆောင်မှုကို ရရှိစေပါတယ်။ ဒါဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းအောင်မြင်ဖို့အတွက် အဓိကကျတဲ့ အကြောင်းအချက် တခုဖြစ်ပါတယ်။