အချိန်က ည ၁၁ နာရီလောက် ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ သန်းခေါင်ယံကို ရောက်ပါတော့မယ်။ ဒါပေမယ့် အခုတလော မီးမှန်နေတဲ့ ကျမတို့ ရပ်ကွက်ကတော့ လင်းထိန်လို့ နေပါတယ်။ မကြာခင်မှာ သက်ကြီး ခေါင်းချချိန်ကို ရောက်ပါတော့မယ်။ လမ်းမပေါ်မှာ လူသွား လူလာ ကျဲပါးသွားပြီ ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်တခုလုံး တိတ်တိတ်ဆိတ်ဆိတ်လေး ဖြစ်နေရမယ့် အချိန်ပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အရက်၊ ဘီယာ သောက်စားထားတဲ့ လူငယ်တွေဟာ အိမ်ရှေ့လမ်းမ တလျှောက်မှာ ဆူညံစွာနဲ့ ဝိုင်းဖွဲ့ စကားပြောနေတာ၊ အော်ဟစ်ရန်ဖြစ်တာတွေကြောင့် ဆူညံလို့ နေပါတယ်။
ဒါကတော့ နေ့တိုင်းလိုလို ကြားနေ၊ မြင်နေရတဲ့ မြင်ကွင်းကတော့ အဲလိုလူငယ်တွေရဲ့ အော်ဟစ် ပြောဆိုနေတဲ့ စကားသံတွေနဲ့ သူတို့လိုပဲ မူးယစ်နေတဲ့ လမ်းသွားလမ်းလာ လူငယ်တွေကို ရန်စတာ၊ ရန်ဖြစ် တာတွေပါပဲ။
အိမ်ရှေ့လမ်းမပေါ်က ကြားရတဲ့ အသံတွေကြောင့် အိမ်ပေါ်က လှမ်းကြည့်လိုက်ချိန်မှာ ဘီယာပုလင်း ကိုင်ထားတဲ့ လူငယ် တယောက် ဟာ ကျမတို့ အိမ်ရဲ့ အောက်ထပ်ဈေးဆိုင်ထဲက ထွက်လာတာကို တွေ့ရပါတယ်။ သူဝယ်လာတဲ့ ဘီယာပုလင်းကို အိမ်ရှေ့ တိုက်ရဲ့ အောက်ထပ် အမှောင်ရိပ်ထဲက အုတ်ခုံပေါ်မှာ ဝိုင်းဖွဲ့ပြီး သောက်နေကြတာကို တွေ့ရပါတယ်။
ရန်ကုန်မြို့အနှံ့က လမ်းတိုင်းလိုလို၊ ရပ်ကွက်တိုင်း လိုလိုမှာ ၂၄ နာရီလုံး အလွယ်တကူ ဈေးဝယ်နိုင်တဲ့ အလင်းပေါက် စတိုးဆိုင်တွေဟာ ဒီ တနှစ်၊ နှစ်နှစ်အတွင်းမှာ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။ စားသောက်စရာဖြစ်စေ၊ အသုံးအဆောင် ပစ္စည်းတွေကို ဖြစ်စေ၊ ဆေးဝါးတချို့ကိုဖြစ်စေ ညရေးညတာ အလွယ်တကူ ဝယ်ယူနိုင်တဲ့အတွက် အင်မတန် အသုံးတည့်တဲ့ ဝန်ဆောင်မှုမျိုး ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁ နှစ်နီးပါးလောက်က ကျမတို့နေတဲ့ ကန်ထရိုက်တိုက်ရဲ့ အောက်ထပ်ကို ၂၄ နာရီ စတိုးဆိုင်တခု ရောက်လာပါတယ်။ ၂၄ နာရီစတိုးဆိုင်ဟာ အားလုံး သိကြတဲ့အတိုင်း အင်မတန် အဆင်ပြေပါတယ်။ ကိုယ်ကြိုက်တဲ့ ပစ္စည်းတွေကို လွတ်လွတ်လပ်လပ် ရွေးချယ် ဝယ်ယူနိုင်လို့ သဘောကျပါတယ်။ ကိုယ့်အိမ် အောက်ကို ဒီလိုဆိုင်လေးတဆိုင် ရောက်လာတော့လည်း ဝမ်းသာမိတာပေါ့။
ဈေးဝယ် စင်တာကြီးတွေလောက် ပစ္စည်းမစုံပေမယ့် ဈေးနှုန်း သတ်မှတ်ချက် ကို ဖော်ပြထားတဲ့အတွက် ဈေးဆစ်စရာမလို၊ ဈေးရောင်းသူနဲ့ ထွေထွေထူးထူး စကားပြောနေစရာ မလိုတဲ့အတွက် အင်မတန် သဘောကျပါတယ်။ တခါတရံ အိမ်ပြန်နောက်ကျလို့ အဆင်သင့် ချက်ပြုတ်ထားတဲ့ အစားအစာ မရှိဘူးဆိုရင် ငါးသေတ္တာဖြစ်စေ၊ ကြက်ဥဖြစ်စေ၊ ခေါက်ဆွဲပြုတ်ဖြစ်စေ ဝေးဝေးလံလံ သွားစရာမလိုဘဲ အောက်ထပ်က ဆိုင်ကိုဆင်းပြီး အလွယ်တကူ ဝယ်လို့ ရတဲ့အတွက် အင်မတန် စိတ်ကျေနပ်ရပါတယ်။
ဆိုင်စဖွင့်ပြီး တပတ်အတွင်း နေ့တနေ့မှာတော့ အိမ်အောက်ဘက်က ကြားလိုက် ရတဲ့ တဝုန်းဝုန်း၊ တဒုန်းဒုန်း အသံတွေကြောင့် နှက်နှက်ခြိုက်ခြိုက် အိပ်မောကျနေရာက လန့်နိုးလာပါတယ်။ သေသေချာချာ နားထောင် ကြည့်လိုက်တော့ အောက်ထပ်က ဆိုင်က ပစ္စည်းတွေကို နေရာချနေတာပါ။ တစစီဖြုတ်ပြီး သယ်လာတဲ့ ပစ္စည်းတင် သံစင်ကြီးတွေကို တပ်ဆင်နေတဲ့ အသံတွေပါ။ တမံသတင်းပေါ်မှာ ဆွဲရွှေ့နေတဲ့ အသံတွေ၊ စတီးချောင်းတွေကို ရိုက်ထုပြီး တပ်ဆင်နေတဲ့ အသံတွေဟာ ညလယ်ခေါင်မှာ အင်မတန် ကျယ်လောင်နေပါတယ်။ ည ၂ နာရီလောက်ရှိတဲ့ အချိန်မှာ စိတ်အနှောက်အယှက်ဖြစ်စရာ ကြုံရလိုက်ရပါတယ်။ ဒါက ပထမဆုံး အကြိမ်ပါ။
ဒီလိုနဲ့ သူတို့ဆိုင်ဖွင့်ပြီး ၂ လကျော်ကျော်လောက်အထိ အင်မတန် အဆင်ပြေပါတယ်။ တနေ့မှာတော့ မြန်မာပြည်ရဲ့ ထုံးစံအတိုင်း မီးပြတ်ပါတယ်။ လူတွေ အိပ်မောကျနေတဲ့ ညသန်းခေါင်ကျော်မှာ အောက်ထပ်က ဆိုင်ဟာ ဆိုင်ရှေ့မှာ အသင့် ချထားတဲ့ လုပ်ငန်းသုံး ဂျင်နရေတာကြီးကို မီးပြန်မလာမချင်း မောင်းထားပါတော့တယ်။ ပတ်ဝန်းကျင် တခုလုံး အဲဒီမီးစက်သံရယ်၊ မီးစက်ကိုယ်ထည်ရဲ့ တုန်ခါမှုတွေရယ်နဲ့ ညံစီနေပါတော့တယ်။ ဒါက ဒုတိယမြောက်ပါ။
၂၄ နာရီဆိုင်တွေရဲ့ ထုံးစံအတိုင်း အဲဒီဆိုင်ကို ၂၄ နာရီလုံးလုံး ဆက်သွယ်သွားလာ နေကြတဲ့ လုပ်ငန်းတွေ၊ လူတွေ ရှိပါတယ်။ အဲဒီ လုပ်ငန်း တွေထဲမှာ ပစ္စည်းပို့တဲ့ ကုမ္ပဏီကားတွေလည်း အပါအဝင် ဖြစ်ပါတယ်။ ကျမတို့အိမ်အောက်ထပ်က ၂၄ နာရီဆိုင်ကို ကုမ္ပဏီတွေက မုန့်ပို့တဲ့ ကားတွေဟာ ည သန်းခေါင်လောက်မှာ လာလေ့ရှိကြတယ်။ အဲဒီတနေ့ကတော့ ည ၁ နာရီ ကျော်လောက်ရှိပါ မယ်။ မုန့်လာပို့တဲ့ ကားကက်ဆက်က ဖွင့်ထားတဲ့ အဆိုတော်မျိုးကြီးရဲ့ သီချင်းသံဟာ နေ့ခင်းနေ့လည်ဆိုရင် နားထောင်လို့ ကောင်းမယ့် သီချင်းသံ ဖြစ်ပေမယ့် အခုလို ညသန်းခေါင်အချိန်မှာတော့ တလမ်းလုံး ကြားလောက်အောင် ကျယ်လှပါတယ်။ တခါတလေမှာ တည တည်းနဲ့ ပစ္စည်းတွေ၊ မုန့်တွေ လာပို့တဲ့ကားက တစီး၊ နှစ်စီးမကပါဘူး။ ဒါက တတိယ အကြိမ်မြောက်ပါ။
ထူးခြားတာက ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေဟာ တော်တော်ခွင့်လွှတ်နိုင်စွမ်း ရှိတာလား၊ အမုန်းမခံချင်လို့ပဲလား၊ ပြဿနာ မဖြစ်ချင်လို့ ပဲလား ဆိုတာတော့ ကျမ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။ ပတ်ဝန်းကျင် အနှောက်အယှက် ဖြစ်စေတဲ့ လုပ်ရပ်တွေအတွက် အိမ်နီးချင်း တဦးတယောက်ကမှ ဟန့်တားတာ၊ သတိပေးတာမျိုး လုပ်တာ မတွေ့ရပါဘူး။
၄ ကြိမ်မြောက် စိတ်အနှောက်အယှက် ဖြစ်စရာကတော့ မနက် ၅ နာရီ ကျော်ရုံသာရှိသေးတဲ့ တနေ့မနက်ခင်းမှာ အိမ်အောက်ထပ်က ၂၄ နာရီဆိုင်ဆီက ထွက်လာတဲ့ ခေတ်ပေါ်သီချင်းသံတွေပါ။ ပုံမှန် နေ့လည်ခင်းတွေမှာ ဖွင့်တဲ့ အသံထက် ၃ ဆ၊ ၄ ဆလောက် ကျယ်လောင် တဲ့ အသံနဲ့ ဖွင့်ထားတဲ့သီချင်းသံဟာ ဘယ်လိုမှ သည်းမခံနိုင် လောက်အောင်ကို ဖြစ်ရပါတယ်။
သူတို့ဆိုင်ရှေ့မှာ ကပ်ထားတဲ့ ဝန်ထမ်းခေါ်စာက ရုံးချုပ်ဖုန်းနံပတ်ကို မှတ်ပြီး၊ ပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်စေတဲ့ ဒီလို အခြေအနေတွေကို သတိပေးဖို့ သူတို့ရုံးချုပ်ကို ဖုန်းခေါ်ပါတယ်။ ဖုန်းမကိုင်ပါဘူး။ ဖုန်းနံပတ် မှားနေသလားဆိုပြီး နောက်တကြိမ် ပြန်ဆင်းကြည့်လိုက်တော့ ဆိုင်ဝန်ထမ်း မိန်းကလေးတွေက အကျိုးအကြောင်းမေးပြီး တောင်းပန်ပါတယ်။ နောက်တကြိမ် ထပ်မဖြစ်စေ ရအောင် တာဝန်ယူပါမယ်ဆိုတဲ့ ကတိတွေကို အထပ်ထပ် ပေးပါတယ်။
ဒါပေမယ့် အဲဒီကတိကို တပတ်မပြည့်ခင်မှာပဲ သူတို့ ဖျက်လိုက်ပါတယ်။ ည ၁ နာရီခွဲကျော်ကျော်မှာ တဝုန်းဝုန်း တဒိုင်းဒိုင်း ဆူညံသံ တွေက ကျမတို့ အောက်ထပ်က ထွက်လာပြန်ပါတယ်။ မတော်တဆ ထွက်လာတဲ့ အသံမျိုး မဟုတ်ဘဲနဲ့ ဆက်တိုက်ဆိုသလို ထွက်နေတာ ဖြစ်ပါတယ်။ ဆိုင်ဝန်ထမ်းနှစ်ယောက်ဟာ ဆိုင်ဖွင့်ခါစတုန်းကလို ပစ္စည်းတင် သံစင်ကြီးတွေကို တနေရာက တနေရာ ရွေ့တာ၊ ပစ္စည်းတွေ ရွှေ့ပြောင်းတာတွေကို မနိုင်မနင်း လုပ်နေကြတာပါ။ ပတ်ဝန်းကျင်ကလည်း စူးစမ်းတဲ့ အကြည့်နဲ့ အိမ်ဝရန်တာတွေကနေ ထွက်ကြည့်နေကြပါတယ်။
ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အတွက် အောက်ထပ်ကိုဆင်းပြီး ဒေါသစိတ်နဲ့ ပြောဆို အပြစ်တင်လိုက်ပါတယ်။ ဒေါသအင်မတန် ထွက်နေတာကို တွေ့လိုက်ရတော့ ဆိုင်ဝန်ထမ်းတွေက ပြာပြာသလဲ တောင်းပန်ပါတယ်။ တကယ်တော့ သူတို့က ဝန်ထမ်းတွေပါ။ နေ့ဝန်ထမ်းနဲ့ ညဝန်ထမ်း မတူတဲ့အတွက် နေ့လည်ခင်းမှာ သတိပေးစကားပြောထားတာကို ညပိုင်း အလုပ်ဆင်းတဲ့သူတွေက မသိကြဘူး။
ပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ကိုင် ဆောင်ရွက်ရမယ် ဆိုတာလည်း စကားလက်ဆင့် မကမ်းကြသလို၊ သူတို့ ပင်ကိုယ်စိတ် အရလည်း မသိကြတဲ့အတွက် အင်မတန် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ သူများတွေ သက်တောင့်သက်သာ အိပ်စက် အနားယူနေတဲ့ အချိန်မျိုးမှာ ပင်ပင်ပန်းပန်း အလုပ်လုပ် နေကြရတဲ့ သူတို့ကို ကိုယ်ချင်းစာစိတ် ဖြစ်ပေမယ့် ဘယ်လိုမှ ခွင့်လွှတ် နိုင်စရာ အကြောင်းမရှိ ပါဘူး။
အဆိုးဆုံးကတော့ ညအချိန်မတော် အရက်၊ ဘီယာကို အလွယ်တကူ ဝယ်ယူလို့ရနေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ အစိုးရက ကန့်သတ် ထားတယ်လို့ သိရပေမယ့် အဲဒီကန့်သတ်ချက်ကို လိုက်နာတယ်၊ ချိုးဖောက်တယ်ဆိုတာကို ဝင်ရောက်စစ်ဆေးတယ် ဆိုတာမျိုး တကြိမ် တခါမှ မကြားဖူး၊ မကြုံဖူးပါဘူး။ ဒီလိုကိစ္စမျိုးတွေကို ဘယ်သူ့ကို တိုင်ရမလဲဆိုတဲ့ တိကျတဲ့ သတ်မှတ်ချက်လည်း မရှိပါဘူး။ ရပ်ကွက်ရုံးနဲ့ ဆိုင်သလား၊ ရဲစခန်းနဲ့ ဆိုင်သလား၊ ကိုယ်ကသွားအကြောင်းကြားရင်ရော သူတို့ တာဝန်ယူ ဖြေရှင်းပေးမှာလား ဆိုတဲ့ မေးခွန်းပဲ ပြန်ထွက်လာ ပါတယ်။
ဒီလို ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေဟာ ကျမတို့ အိမ်အောက်ထပ်က ၂၄ နာရီ ဈေးဆိုင် တခုတည်းမှာ ဖြစ်နေသလားဆိုတာ နီးစပ်ရာ မိတ်ဆွေတွေနဲ့၊ ၂၄ နာရီစတိုးဆိုင် အနီးဝန်းကျင်မှာနေတဲ့ သူတွေကို မေးမြန်းကြည့်ပါတယ်။ အများစုက ၂၄ နာရီ စတိုးဆိုင်တွေရဲ့ အ ချိန်မရွေး ဝယ်ယူနိုင်တဲ့ အားသာချက်တွေနဲ့တူ အရွယ်မရွေး အရက်သေစာ အလွယ်တကူ ဝယ်ယူလို့ရနေတဲ့ ကိစ္စကို ထောက်ပြကြ ပါတယ်။
လူနေရပ်ကွက်ထဲမှာ လုပ်မယ့် စီးပွားရေး လုပ်ငန်းတခုဟာ ပတ်ဝန်းကျင်အပေါ် သက်ရောက်မယ့် ဆိုးကျိုးနဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ လုပ်ငန်းသုံး ဂျင်နရေတာကြီး လည်ပတ်နေတဲ့ အချိန်ဟာ ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ နှက်နှက်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ အချိန်လည်း ဖြစ်နိုင်ပါတယ်။
၂၄ နာရီ စတိုးဆိုင် ယဉ်ကျေးမှုဟာ မြန်ပြည်မှာ အခုနောက်ပိုင်းမှ ဖွံ့ဖြိုးစ ပြုလာတာ ဖြစ်ပေမယ့် အိမ်နီးချင်း နိုင်ငံတွေမှာတော့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တွေကို အရက်၊ ဆေးလိပ်မရောင်း၊ ညဘက် ဘယ်နှစ်နာရီ နောက်ပိုင်းမှာ အရက်သေစာ မရောင်းရ၊ လပြည့်၊ လကွယ်၊ အခါကြီး၊ နေ့ရက်ကြီးတွေမှာ အရက်သေစာ မရောင်းရ ဆိုတဲ့ စည်းကမ်းတွေ၊ ဥပဒေတွေ၊ တာဝန် ယူမှု၊ တာဝန်ခံမှု တွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်ပါတယ်။
မြန်မာပြည်မှာလည်း နာမည်အမျိုးမျိုးနဲ့ ၂၄ နာရီ စတိုးဆိုင်လေးတွေ များပြားလာတာကြောင့် ဈေးဝယ်သူတွေအတွက် အများကြီး အဆင်ပြေအောင် ဖန်တီးပေးနိုင်သလို၊ စီးပွားရေး လုပ်နေတာဖြစ်တဲ့ အတွက် ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် လုပ်ဖို့ အဲဒီ ဆိုင်တာဝန်ခံတွေ၊ လုပ်ငန်းရှင်တွေက တာဝန်ယူကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချမှတ်သင့်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေတွေကို ချမှတ်ဖို့ လိုအပ်နေသလို၊ ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ စည်းကမ်းတွေကို လိုက်နာသလား၊ ချိုးဖောက်သလားဆိုတာ ရပ်ရွာအေးချမ်း သာယာရေး တာဝန်ယူထားသူတွေ အနေနဲ့ စိစစ် ထိန်းသိမ်းဖို့လည်း လိုအပ်နေပါတယ်။