တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ အနာဂတ်ဘဝအတွက် လျှောက်လမ်းဖို့ ဘယ်တက္ကသိုလ်ကို ရွေးချယ်မလဲဆိုတဲ့ မေးခွန်းကို ရင်ဆိုင်ရစမြဲပါပဲ။ အခု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး ပုံစံကို ၂၀၁၅ – ၂၀၁၆ မှာပြောင်းလဲတော့မှာ ဖြစ်တဲ့အတွက် ကျောင်းသူ၊ ကျောင်းသားနဲ့ ကျောင်းသားမိဘများ အဖို့ အရင်နဲ့ မတူတဲ့ အခြေအနေ၊ ကွဲပြားတဲ့ အမြင်တွေနဲ့ ရွေးချယ်ဖို့ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။
အစဉ်အလာ ထုံးစံအရကတော့ တက္ကသိုလ် ဝင်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ကြရတဲ့ ကျောင်းသူ၊ ကျောင်းသား များဟာ ဆေးတက္ကသိုလ် ဝင်ခွင့်ရဖို့ စိတ်ကူးယဉ်ကြသလို ဆွေမျိုး မိဘတွေကလည်း ဆေးတက္ကသိုလ်ကိုပဲ ရွေးချယ်ဖို့ ဖိအားပေးတာ၊ တိုက်တွန်းတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဆေးတက္ကသိုလ်ဟာ ပေါ်ပြူလာအဖြစ်ဆုံး တက္ကသိုလ် အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သလို၊ ဝင်ခွင့်အမှတ်လည်း အများဆုံး ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၀၀ ပြည့်လွန်နှစ်များက စတင် ဖွင့်လှစ်ခဲ့တဲ့ ရေကြောင်းပညာ တက္ကသိုလ်ဟာ အခုအခါမှာ ဆေးတက္ကသိုလ် ထက်တောင် လူကြိုက်များတဲ့ တက္ကသိုလ်အဖြစ် ရပ်တည်နေပြီး ဝင်ခွင့်အမှတ်မှာလည်း ယခုအခါမှာ ဆေးတက္ကသိုလ် ထက်တောင် ပိုပြီး များနေခဲ့ပါတယ်။ ဝင်ငွေကောင်းတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ရေကြောင်းပညာ တက္ကသိုလ်ဟာ လတ်တလော တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူး ၅ ဘာသာနဲ့အထက် အောင်မြင်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စိတ်ကူးယဉ်ကြတဲ့ တက္ကသိုလ်တခုလည်း ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ ကျောင်းသား ကျောင်းသူများ အနေနဲ့ ဘာကြောင့် အနာဂတ်ကာလမှာ ဝင်ငွေကောင်းတဲ့ လုပ်ငန်းတွေမှာ သေချာပေါက် လုပ်ကိုင်နိုင်တဲ့ တက္ကသိုလ်များကို တက်ရောက်ခွင့် ရရှိလိုကြပါသလဲ …။ ဒါဟာ နိုင်ငံရဲ့ ချွတ်ချုံကျနေတဲ့ စီးပွားရေး၊ လူမှုရေးတို့ အပါအဝင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတို့ကြောင့်ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဘွဲ့ရရှိပြီး လူငယ်များအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးသလို ရရှိထားတဲ့ ဘွဲ့လက်မှတ်တွေက အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းအတွက် အထောက်အကူ မပေးနိုင်ဘူးလို့ ယူဆလာကြတဲ့အတွက် ဘွဲ့ရရှိပြီးရင် အလုပ်အကိုင် ရရှိစေတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို ရွေးချယ် တက်ရောက်ကြခြင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်ကနေ စတင်ခဲ့တာ ဒီနေ့အထိ ဖြစ်ပါတယ်။
စစ်အာဏာရှင် လက်ထက်မှာ စစ်တက္ကသိုလ် တွေဟာလည်း မြန်မာနိုင်ငံမှာ အထူးရေပန်းစားခဲ့ပါတယ်။ စစ်ဗိုလ်များ အနေနဲ့ အခွင့်ထူးခံ လူတန်းစားတရပ် အနေနဲ့ ရပ်တည်နိုင်တာကြောင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး လူငယ် အများစုဟာ စစ်တက္ကသိုလ်တက်ဖို့ ရွေးချယ်ကြတဲ့ ယဉ်ကျေးမှု ဖြစ်ခဲ့ပါသေးတယ်။
ဒီလိုမျိုး ပညာရေးနဲ့ပတ်သက်ပြီး ကသောင်းကနင်းတွေ ဖြစ်စေခဲ့တာကတော့ မဆလ အစိုးရတက်လာပြီး မကြာခင် ပညာရေးနဲ့ ပတ်သက်တဲ့ မူဝါဒ ရေးဆွဲခဲ့စဉ်က သိပ္ပံပညာကို ဦးစားပေးသင်ကြားမယ် ဆိုတဲ့မူဝါဒ တခု ပါဝင်ခဲ့ရာက အစပြုခဲ့ပါတယ်။ တက္ကသိုလ်ပညာရေးရဲ့ ရည်မှန်းချက်ဟာလည်း အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုနိုင်မယ့် အတတ်ပညာနဲ့ သိပ္ပံပညာကို ဦးစားပေး သင်ကြားလေ့လာဖို့ ဦးတည် ရေးဆွဲခဲ့တာကြောင့် ဝိဇ္ဇာ ပညာရပ်တွေဟာ မှေးမှိန် ခဲ့သလို ဖြစ်ရပြန်ပါတယ်။ ဒါ့အပြင် တက္ကသိုလ်တွေမှာ မေဂျာစနစ်ကို ပြဌာန်းကျင့်သုံးခဲ့သလို၊ အသက်မွေးကျောင်းမှု တက္ကသိုလ် တွေကိုလည်း သီးသန့်ခွဲထုတ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း အောင်မှတ်နဲ့ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးကို ကျင့်သုံး ခဲ့ပါတယ်။ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘအများစု ကိုယ်တိုင်က အနာဂတ်အတွက် အာမခံချက် အပြည့်အ၀ ပေးနိုင်မယ်လို့ ယုံကြည်ထားတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေနဲ့ သိပ္ပံဘာသာတွဲ တွေကိုသာယူဖို့ စိတ်ညွတ်ခဲ့ကြပါတယ်။ ဒါ့ကြောင့် တွေးခေါ်မြော်မြင်ရေး၊ ကျင့်ဝတ်ပိုင်းနှင့် ယဉ်ကျေးမှုကို အလေးထားသင်ကြားတဲ့ ဝိဇ္ဇာပညာရပ်တွေဟာ နောက်တန်းသို့ ရောက်ရှိသွားသလို၊ တက္ကသိုလ် ဝင်တန်းမှာ ရမှတ်အနည်းဆုံးနဲ့ အောင်မြင်လာတဲ့ ကျောင်းသားများကသာ သင်ကြားခွင့်ရတဲ့ ပညာရပ်တွေအဖြစ် မျက်နှာငယ်ခဲ့ရပါတယ်။
ဒီနေ့ မြန်မာနိုင်ငံရဲ့ လူမှုဘဝမှာ တွေးခေါ်မြော်မြင်နိုင်မှု စွမ်းအားကျဆင်းတာ၊ ကျင့်ဝတ်ပိုင်း အားနည်းတာ၊ ယဉ်ကျေးမှုကို တန်ဖိုးမထားတတ်တာ စတဲ့ ပြဿနာတွေဟာ မဆလ အစိုးရလက်ထက်က စပြီး ဝိဇ္ဇာပညာရပ်တွေကို နောက်တန်းကို တွန်းပို့လိုက်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာရပ်တွေပဲ ဖြစ်ပါတယ်။
အမှန်တကယ်မှာတော အဆင့်မြင့်ပညာရေးမှာ အသက်မွေးကျောင်းမှု ပညာရေး (Vocational Education) နဲ့ အသိပညာ၊ အတတ်ပညာကို ပေးတဲ့ ပညာရေး (Academic Education) ဆိုပြီးရှိရာမှာ ဒီနေ့ ခေတ်စားနေတဲ့ ဆေးတက္ကသိုလ် အပါအဝင် အသက်မွေးဝမ်းကျောင်းမှု တက္ကသိုလ်အသီးသီးမှာ သင်ကြားနေတဲ့ ပညာရေးကို Vocational Education လို့ ခေါ်ဆိုပြီး တက္ကသိုလ်မှဘွဲ့ရရှိပါက သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်သို့သာ ဝင်ရောက်အလုပ်လုပ်ကိုင်ရန် အဓိက ရည်ရွယ်ကာ သင်ကြားလေ့ကျင့်ပေးသော ပညာရေးစနစ်ဖြစ်ပါတယ်။
အသိပညာ၊ အတတ်ပညာတို့ကို ပေးတဲ့ ပညာရေး (Academic Education) ကတော့ ဝိဇ္ဖာ၊ သိပ္ပံ ပညာရပ်တွေကို သင်ကြား ပေးတဲ့ တက္ကသိုလ်များဖြစ်ကာ အထူးသဖြင့် တွေးခေါ်မြော်မြင်ရေး၊ ကျင့်ဝတ်နဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးဗေဒတွေကို အဓိက တွေးခေါ်နိုင်ဖို့အတွက် သင်ကြားလေ့ကျင့်ပေးတဲ့ ပညာရေး စနစ်ကို ဆိုလိုပါတယ်။
ဒီတက္ကသိုလ် ပညာရေးကတော့ လုပ်ငန်းခွင်ကို တိုက်ရိုက်ဝင်ရောက်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးခြင်းမျိုး မဟုတ်ဘဲ လုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်တဲ့ အခါမှာ သွယ်ဝိုက်တဲ့ နည်းနဲ့ အကျိုးသက်ရောက်စေမယ့် ပညာရေးမျိုးပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို တိုက်ရိုက် ဝင်ရောက်လုပ်ကိုင် နိုင်မယ်လို့ အာမခံချက် ပေးထားခြင်းမျိုး မရှိပေမယ့်လည်း ဘယ်လို လုပ်ငန်းခွင်ကိုမဆို ဝင်ရောက်လုပ်ကိုင်နိုင်မယ့် တွေးခေါ်မြော်မြင်ရေး၊ ကျင့်ဝတ်၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှု ဓလေ့တွေကို သင်ကြား လေ့ကျင့်ပေးခြင်းမျိုးသာ ဖြစ်ပါတယ်။
တက္ကသိုလ် ဝင်တန်းကို အောင်မြင်ပြီးနောက် အနာဂတ်ကို လျှောက်လှမ်းကြမယ့် လူငယ်တွေအတွက် အသက်မွေး ဝမ်းကျောင်း တက္ကသိုလ်တွေဟာ အနာဂတ်အတွက် အာမခံချက် အပြည့်အဝပေးသလို အသိပညာ၊ အတတ် ပညာတွေကို သင်ကြားလေ့ကျင့်ပေးတဲ့ Academic University ဟာလည်း အနာဂတ်အတွက် အာမခံချက် အပြည့်ရှိတယ်ဆိုတာကို အခုလို ပွင့်လင်းလာတဲ့ ခေတ်မှာ သိနားလည်ဖို့ လိုအပ်ပါတယ်။
မကြာမမှာပြဌာန်းအတည်ပြုတော့မယ့် ပညာရေးမူကြမ်းမှာ အမှတ်နဲ့ တက္ကသိုလ် ရွေးချယ်တဲ့ စနစ်အစား နှစ်သက်ရာ တက္ကသိုလ်ကို တက်ရောက်ခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ အဆိုပါ စနစ်အရ ၂၀၁၅ – ၁၆ ပညာသင်နှစ်မှာ အကျိုးသက်ရောက်မှု ဖြစ်မယ်လို့ သိရပြီး အဲဒီလို နှစ်သက်ရာ တက္ကသိုလ်ကို တက်ရောက်ခွင့် ရလာတဲ့အခါမှာ ကျောင်းသားများရဲ့ ကိုယ်ပိုင် ရွေးချယ်တာမျိုးမဟုတ်ဘဲ မိဘဆွေမျိုးတွေရဲ့ ဖိအားပေး ရွေးချယ်ခိုင်းတာမျိုးမှ ကင်းဝေး ဖို့လည်း အရေးကြီးပါတယ်။
အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေဟာလည်း နိုင်ငံအတွက် အရေးကြီးသလို၊ တွေးခေါ်မြော်မြင်ရေး အတွက် အဓိက ပြုစု ပျိုးထောင်ပေးတဲ့ Academic Education တွေဟာလည်း နိုင်ငံ တည်ဆောက်ရေးမှာ အရေးကြီးတယ် ဆိုတဲ့ အကြောင်း သိနားလည်ဖို့ လိုအပ်ပါတယ်။ အတတ်ပညာတွေ ဘယ်လောက်ပဲ တတ်ကျွမ်းနေပါစေ တွေးခေါ် မြော်မြင်ရေးနဲ့ ကျင့်ဝတ်ပိုင်း အားနည်းနေမယ် ဆိုရင် နိုင်ငံရဲ့ အနာဂတ်ဟာ လှပနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အတတ်ပညာ များကိုသာ အဓိကထား သင်ကြားတဲ့ အသက်မွေး ဝမ်းကျောင်းသင် ပညာရေးများမှာ တွေးခေါ် မြော်မြင်ရေးနဲ့ ကျင့်ဝတ်ပိုင်းကို သိနားလည်စေဖို့ ထည့်သွင်း စဉ်းစားပေးဖို့လည်း လိုအပ်ပါတယ်။
ပညာရေး ပြုပြင်ပြောင်းလဲရေးဟာ နိုင်ငံရဲ့ အနာဂတ်နဲ့ သက်ဆိုင်သလို၊ အဆိုပါ ပြောင်းလဲမှုဟာ ကျောင်းသား၊ ဆရာ၊ မိဘ၊ နိုင်ငံတော် လေးဘက်စလုံး အချိုးညီညီ လိုက်ပါပြောင်းလဲနိုင်ဖို့ လွန်စွာမှ လိုအပ်တယ် ဆိုတဲ့အကြောင်း ဖော်ပြလိုပါတယ်။