စား၊ ဝတ်၊ နေရေးဆိုတဲ့ အရေး ၃ ပါးထဲမှာ နေရေးက စားရေးနဲ့ ဝတ်ရေးထက်ပိုပြီး အရေးကြီးတယ်ဆိုတာ “ကျောတခင်းစာ” အတွက် ရုန်းကန် ကြိုးစားနေရသူတွေက သက်သေပြနေပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့လို မြို့ပြမှာ နေရေးအတွက် ဝင်ငွေအများစုကို သုံးစွဲနေရသလို တဘက်ကလည်း ဆောက်လုပ်ရေး လုပ်ငန်းမှာ အထပ်မြင့်တိုက်၊ ကန်ထရိုက် တိုက်တွေ ပိုမို ဆောက်လုပ်လာတာကို တွေ့ရပါတယ်။
နယ်တွေမှာလို မြေနေရာ ကျယ်ကျယ်ဝန်းဝန်း မရှိတဲ့အတွက် ရှိတဲ့မြေပေါ်မှာပဲ အထပ်မြင့် တိုက်ခန်းတွေ ဆောက်တာက သဘာဝကျပါတယ်။ ဒါပေမယ့် အထပ်မြင့်တိုက် ဆောက်လုပ်ရာမှာ စံချိန်စံညွှန်းမီတဲ့ သဘာ၀ ဘေးအန္တရာယ် ဒဏ်ခံနိုင်တဲ့၊ လေဝင်လေထွက် ကောင်းတဲ့ တိုက်တွေဖြစ်ဖို့ လိုပါတယ်။ ရန်ကုန်မြို့က ကန်ထရိုက်တိုက် အများစုဟာ စံချိန်စံညွှန်းနဲ့ မညီသလို ငလျင်လို သဘာ၀ ဘေးအန္တရာယ်ခံနိုင်တဲ့အထိ ကြံ့ခိုင်မှု မရှိတာ တွေ့ရပါတယ်။
|
တကယ်တော့ အဆောက်အဦတခု ဆောက်လုပ်မယ်ဆိုရင် အဲဒီ အဆောက်အဦမှာ နေမယ့်သူတွေ ဘေးကင်း လုံခြုံမှုရှိဖို့ ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ နှစ်အတော်ကြာ အလုပ်လုပ်လာခဲ့တဲ့ ဘူမိဗေဒ ပညာရှင် တယောက်က ရန်ကုန်မှာ ဆောက်လုပ်နေတဲ့ ကန်ထရိုက်တိုက် အများစုဟာ တိုက်ဆောက်ဖို့ Soil Test (မြေစစ်ဆေးမှု) က အစ သေသေချာချာ မလုပ်ဘူးလို့ ဆိုပါတယ်။ စင်ကာပူမျာ မြေမာလား၊ မြေပျော့လား ဆိုတာ အောက်ခံမြေသားကို အရင် Soil Test လုပ်ပါသတဲ့။ ပြီးမှ Blowcount 100 ရတဲ့ မြေအထိကို Pile ရိုက်တယ်လို့ ပြောပါတယ်။ Blowcount 100 ရဖို့ တကြိမ်တည်းနဲ့ မရနိုင်ဘဲ ၃ ကြိမ်၊ ၄ ကြိမ် လောက်လုပ်ရပြီး သေချာမှသာ အဆောက်အဦအတွက် ဖောင်ဒေးရှင်း ချရတယ်လို့ ရှင်းပြပါတယ်။
ရန်ကုန်မှာ မြေမာတဲ့ နေရာတွေရှိသလို ရွှံ့မြေ၊ မြေပျော့တွေလည်း ရှိတာမို့ ကန်ထရိုက်တာတွေ အနေနဲ့ Soil Test ကို သေသေချာချာ လုပ်သင့်ပေမယ့် တချို့က မလုပ်ကြဘဲ ၁၀ ပေ အနက်လောက်နဲ့ ဖောင်ဒေးရှင်းချတာဟာ အန္တရာယ် များပါတယ်။ Blowcount ကို ၁၀၀ မပြည့်ဘဲနဲ့ ၃၀၊ ၄၀ လောက်နဲ့ ဆောက်နေကြသူတွေ ရှိသလို ဘိလပ်မြေနဲ့ သဲအချိုးမှာ သဲက များနေတာတွေလည်း ရှိပါတယ်။ သံချောင်းအရေအတွက် မှန်မှန်ကန်ကန် ထည့်သွင်း မဆောက်လုပ်တဲ့ တိုက်တွေလည်း အများကြီးရှိပါတယ်။ စင်ကာပူ နိုင်ငံမှာတော့ Land Transport Authority (LTA) ဆိုတဲ့ အဖွဲ့က Soil Test သေချာလုပ်၊ မလုပ်၊ Pile သေချာရိုက်၊ မရိုက်၊ သံချည်၊ သံကွေး သေချာလုပ်၊ မလုပ် စစ်ဆေးပါသတဲ့။ အဲဒီလို စစ်ဆေးပြီး ကျေနပ်လောက်တဲ့ လုပ်ဆောင်ချက် တွေ့မှသာ အဆောက်အဦ ဆောက်လုပ်ဖို့ ထောက်ခံတဲ့ လက်မှတ် ထိုးပေးတယ်လို့ သိရတဲ့အခါ အတော်လေး စနစ်ကျတာပဲလို့ တွေးမိပါတယ်။
စံချိန်စံညွှန်း မမီတဲ့ ကန်ထရိုက်တိုက်တွေ များလာတာဟာ မသိနားမလည်တဲ့ မြေရှင်တွေအပေါ် ကန်ထရိုက် တွေက အမြတ်ထုတ်ချင်သလို တဘက်က တိုက်ဖြစ်ပြီးရော၊ နေတဲ့သူ ဘာပဲဖြစ်ဖြစ်ဆိုတဲ့ သိမ်ဖျင်းတဲ့ စိတ်ဓာတ်ကြောင့်ပါ။ ရစ်ချ်တာ စကေး ၈ အထိ ခံနိုင်ရည်ရှိအောင် ဆောက်ရမှာဖြစ်ပေမယ့် ရန်ကုန်က ကန်ထရိုက်တိုက်တွေက ရစ်ချ်တာ စကေး ၆၊ ၇ ဆိုရင်တောင် အလွယ်တကူ ပြိုကျနိုင်ပါတယ်။ အရေးပေါ် လှေကားဆိုရင် ကြံ့ခိုင်မှု ရှိရမယ့် အစား ဖြစ်ကတတ်ဆန်း တပ်ထားတာကြောင့် အရေးပေါ်လှေကားက ဆင်းမှ ဘေးမကင်းဘဲ အသက် အန္တရာယ်ပါ ထိခိုက်နိုင်ခြေ များပါတယ်။
သြဂုတ် ၄ ရက်နေ့က ရန်ကုန်မှာ လှုပ်ခတ်သွားတဲ့ ရစ်ချ်တာစကေး ၄ သာရှိတဲ့ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်က လူနေခွင့်မကျသေးတဲ့ ကန်ထရိုက်တိုက် တလုံး တိမ်းစောင်းသွားတာ သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။ ဒါဟာ ကန်ထရိုက်တိုက်ရဲ့ ကြံ့ခိုင်အား ဘယ်လောက် အဆင့်ပဲ ရှိတယ်ဆိုတာ သိနိုင်ပါတယ်။
ဘိလပ်မြေနဲ့ သဲအချိုးကို မှန်မှန်ကန်ကန်မစပ်ဘဲ သဲများနေတဲ့အတွက် တချို့ တိုက်ခန်းတွေမှာ နံရံနဲ့ ကြမ်းပြင်ကို လက်သည်းနဲ့ ခြစ်ရင်တောင် သဲတွေထွက်လာတာ ကျမတွေ့ခဲ့ဖူးပါတယ်။ တလောကလည်း ဗဟန်း မြို့နယ်ထဲက ကန်ထရိုက်တိုက် တလုံးရဲ့ ကွန်ကရစ်ဆန်းရှိတ်တခု အချပ်လိုက် ပြုတ်ကျခဲ့တယ်လို့ ကြားသိရပါတယ်။ အောက်မှာ လူမရှိလို့သာ အသက်အန္တရာယ် ထိခိုက်မှု မကြုံခဲ့ရတာပါ။ အဲဒီတိုက်ဟာ ဆောက်ပြီးတာ ၆ နှစ်ပဲ ရှိပါသေးတယ်။
ကန်ထရိုက်တွေဟာ ဘယ်လောက်အထိ ကြံ့ခိုင်မှုအားနည်းလဲ ဆိုရင် တိုက်နံရံက ပါးပါးလွှာလွှာ၊ တချို့ တိုက်တွေရဲ့ အပြင်နံရံတွေဆိုရင် အချောကိုင် မထားတာကြောင့် မိုးရာသီမှာ မိုးရေတွေစိမ့်ပြီးနောက်ဆုံး တိုက်နံရံပါ ပြိုသွားနိုင်ပါတယ်။ ပြတင်းပေါက်တွေကို ခိုင်ခိုင်ခံ့ခံ့ တပ်ဆင်ပေးရမယ့်အစာ Slide door တွေကို အဖြစ်ပဲ တပ်ပေးထားလို့ မှန်တွေ ပြုတ်ထွက်တာ၊ သူခိုးအလွယ်တကူ ဝင်နိုင်တာ၊ မိုးပက်နိုင်တာ စတဲ့ အားနည်းချက်တွေ ရှိပါတယ်။ တံခါးမကြီးအတွက် သုံးထားတဲ့ သစ်တွေကလည်း အရည်အသွေး မိုးတွင်းမှာ တံခါးကျပ်တာ၊ အလွယ်တကူ ပျက်စီး လွယ်တာ တွေ့ရပါတယ်။ လေဝင်လေထွက် ကောင်းဖို့ ထည့်မစဉ်းစားတာကြောင့် တိုက်ခန်းအများစုဟာ လှောင်အိုက်နေသလို မီးပျက်ရင် နေ့နဲ့ည သိပ်မကွဲတော့ပါဘူး။ ဆောက်ထားတာ ၄၊ ၅ နှစ်ပဲရှိသေးပေမယ့် အောက်ခံ သံချောင်းတွေတောင် ပေါ်နေတဲ့၊ နံရံတွေမှာ အက်ကြောင်း ပေါ်နေတဲ့ ကန်ထရိုက်တိုက်တွေလည်း တွေ့ဖူးပါတယ်။ မီးကြိုးသွယ်တန်းမှု စနစ်မကျသလို အညံ့စား မီးခလုတ်တွေ သုံးထားတဲ့ တိုက်ခန်းတွေ ဒုနဲ့ဒေးပါ။
လူနေထိုင်ခွင့် (BCC) ဟာ ကန်ထရိုက်တိုက် တတိုက်အတွက် အသက်တမျှ အရေးကြီးပါတယ်။ အစောက ပြောခဲ့သလို ကြံ့ခိုင်မှု ရှိမှ၊ မိလ္လာစနစ်ကောင်းမွန်မှ၊ ရေဆင်းပိုက် တပ်ဆင်ထားမှု စနစ်ကျမှ၊ အရေးပေါ်မီးလောင် မှုဖြစ်ခဲ့ရင် မီးငြှိမ်း သတ်နိုင်အောင် မီးသတ်ပိုက် ထည့်သွင်းထားမှသာ လူနေထိုင်ခွင့်ပြုရမှာပါ။ ဒါပေမယ့် BCC မကျသေးတဲ့ တိုက်တွေကို BCC ကျပါပြီဆိုပြီး ရောင်းနေကြ၊ ငှားနေကြတာဟာ ကန်ထရိုက်တွေ မှာသာမက မြေရှင်၊ တိုက်ခန်းပိုင်ရှင်၊ အားလုံးမှာ တာဝန်ရှိပြီး အဲဒီတိုက်တွေမှာ ဈေးကြီးကြီးပေးပြီး ငှားနေရတဲ့ အိမ်ငှား တွေကို ကိုယ်ချင်းမစာနာရာ၊ လိမ်ညာရာ ရောက်ပါတယ်။
BCC မကျသေးဘဲ ကန်ထရိုက်နဲ့ ပြဿနာတက်နေတဲ့၊ စည်ပင်ရဲ့ တရားဝင်ခွင့်ပြုချက်မရဘဲ ဆောက်ခဲ့တဲ့ တိုက် တတိုက်မှာ ငှားရမ်းမိတဲ့အတွက် ဒုက္ခရောက်ခဲ့ရတဲ့ကျမရဲ့ ကိုယ်တွေ့အတွေ့အကြုံတခုကိုလည်း ပြောပြ ချင်ပါတယ်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျမတို့ ဇနီးမောင်နှံဟာ ဗဟန်းမြို့နယ်၊ ဆရာစံ မြောက် (အနောက်) ရပ်ကွက်၊ အနောက်မြို့ပတ်လမ်းက တိုက်ခန်းတခန်းကို စပေါ်ငွေတင်ပြီး ငှားခဲ့ပါတယ်။ စပေါ်ငွေဆိုတာမှာလည်း ကျပ်သိန်း ဆယ်ဂဏန်းကျော် အထိ တင်ရပြီး အိမ်လခက တလ ငါးသောင်းကျပ်ပါ။ အခန်းကို သွားကြည့်တဲ့အချိန်မှာ ပွဲစားကိုရော၊ အိမ်ရှင်ကိုပါ အခုငှားမယ့် တိုက်က BCC ကျပြီးပြီလားလို့ မေးခဲ့ပါ တယ်။ ဒါကလည်း လိုအပ်လို့ မေးတဲ့မေးခွန်းပါ။ BBC မှာ လျှောက်ထားတာ လိုလို၊ လူနေခွင့် ကျတော့မှာလိုလို ပြန်ဖြေပါတယ်။ ပွဲစားခကိုလည်း တရာမှ ၃ ကျပ်နှုန်းနဲ့ ပေးရ ပါတယ်။ အိမ်ရှင်က ရွှန်းရွှန်းဝေအောင် စကားတွေပြောပြီး ရေမော်တာကို ပြပြီးတော့ ရေမော်တာ တပ်ဖို့ပဲ ကျန်တော့ တယ်။ ကျမတို့ ပြောင်းတဲ့နေ့ အမီ လိုအပ်တာတွေလည်း လုပ်ပေးထားမယ်လို့ ဆိုပါတယ်။ ပြောင်းတဲ့နေ့မှာ ငွေအကြေ ချေပြီးထားပေမယ့် ရေမသွယ်ရ သေးတာကြောင့် ဒေါသထွက်သွားပါတယ်။ အခန်းက မျက်နှာစာမှာ ၁၀ ပေ၊ အရှေ့ x အနောက် ၃၅ ပေခန့်ပဲ ရှိပါတယ်။
ရေးချိုးခန်းထဲကို သေချာ ကြည့်လိုက်တဲ့အခါ ဘုရား တရလောက်အောင် အံ့သြသွားပါလေရော။ ရေဆင်းပေါက် မရှိဘူး။ ရေချိုးခန်းမှာ ကြွေပြား ကပ်ထားပေမယ့် လျှောစောက်က ပြောင်းပြန်ဖြစ်နေပါတယ်။ စိတ်ထဲမှာ သံသတွေဝင်လာလို့ စုံစမ်းကြည့်မှ ဒီတိုက်ဟာ တရားမဝင် ဆောက်တဲ့တိုက်၊ ကန်ထရိုက်က ပြီးပြတ်အောင် ဆောက်မသွားတဲ့ တိုက်ဆိုတာ သိလိုက်ရပါတယ်။ တိုက်ခန်းရဲ့ နံရံတွေမှာ အက်ကြောင်းတွေက ဟိုနေရာမှာတွေ့၊ ဒီနေရာမှာတွေ့ပေါ့။ ပြောင်းပြီး ၂ ရက်နေမှ ရေသွယ်ပေးပါတယ်။ ရေရလို့ ဝမ်းသာတုန်းမှာပဲ အိမ်ရှင် အမျိုးသမီး ရောက်လာပြီး ကျမတို့ကို ရေသွယ် ပေးရတာ ၃ သိန်းကျော်ကုန်လို့ ငှားရတာ တွက်ချေမကိုက်ဘူး။ ပြောင်းပေးပါဆိုတော့ ကျမက ပြန်ပြီး မေးခွန်း ထုတ်လိုက်ပါတယ်။
ရေသွယ်မယ်ဆိုလို့ တပြောင်းခင် ၁၀ ရက်အလိုကတည်းက ငွေအကြေချေခဲ့တယ်။ ရေမရှိ၊ မီးမရှိတဲ့အခန်းကို ဘယ်သူမှ မငှားဘူး၊ ရေချိုးခန်းကိုလည်း ရေဆင်းပေါက် မရှိဘဲ ဖြစ်ကတတ်ဆန်း လုပ်ထားတယ်။ ငွေအကြေ ပြန်မအမ်းရင် ပြောင်း မပေးနိုင်ဘူး။ စာချုပ်ကို ဖောက်ဖျတ်တာ အိမ်ရှင်ပဲလို့ ခပ်ပြတ်ပြတ်ပြောတော့ သူ့အမှားကို လုံး၀ ဝန်မခံဘဲ ပြောင်းပေးဖို့ပဲ ပြောပါတယ်။ တကယ်တော့ တရားဝင် ကန်ထရိုက်နဲ့ ဆောက်တာမဟုတ်ဘဲ တရားမဝင် ကန်ထရိုက်နဲ့ ဆောက်ထားတဲ့ အခန်းကို အိမ်ရှင်အမျိုးသမီးက ပြန်ဝယ်ထားပြီး ကန်ထရိုက်က ရေမီးအတွက် တာဝန်မယူလို့ သူ့နည်းသူ့ဟန်နဲ့ ရေမီး ရအောင်ဆိုပြီး ကျမတို့ကို လိမ်ညာငှားရမ်း ခုတုံးလုပ်တာပါ။
ဘုန်းတော်ကြီး ပညာသင်ကျောင်း အနီးမှာရှိတဲ့ အဲဒီတိုက်ခန်းမှာ ကျမတို့ တကယ် တလပဲ နေခဲ့ပါတယ်။ စပေါ်ငွေ ပြန်ရဖို့ တော်တော်လေး စကားပြောယူခဲ့ရပြီး BCC မကျတဲ့ တိုက်မှာ ငှားမိတဲ့ ဒုက္ခကို လက်တွေ့သိခဲ့ရပါတယ်။ ကျမ ဆက်တွေး မိတာက ရန်ကုန် တမြို့လုံးမှာ လူနေခွင့် မကျသေးတဲ့ တိုက်တွေ ဘယ်လောက်ရှိနေသလဲ၊ လိမ်ငှားနေတဲ့ အိမ်ရှင်၊ ပွဲစား ဘယ်နှယောက် ရှိနေပြီလဲဆိုတာပါပဲ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုချက်မဲ့ ဆောက်လုပ်တဲ့အတွက် တရားစွဲထားတဲ့ တိုက် ၂၀၂၁ လုံး ရှိတယ်လို့ သိရပါတယ်။ သင်္ကန်းကျွန်းမြို့နယ်မှာ ၆၄၂ လုံး၊ လှိုင်မြို့နယ်မှာ ၃၇၄ လုံး၊ မရမ်းကုန်းမြို့နယ်မှာ ၂၉၉ လုံး ရှိပါသတဲ့။ အဲဒီလို စည်ပင်ရဲ့ ခွင့်ပြုချက်မပါဘဲ ဆောက်နေတဲ့ တိုက်တွေကို ပုဒ်မ ၆၉ နဲ့ တရားစွဲပြီး ပုဒ်မ ၆၈ နဲ့ လိုင်စင်မဲ့ ကန်ထရိုက်တွေကို ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်နိုင်ပါတယ်။ ခွင့်ပြုတဲ့ အထပ်ရေထက် ပိုဆောက်တာ၊ သံချောင်း အရေအတွက် မမှန်တာ၊ သတ်မှတ်အချိုးအစား မညီတာတွေကိုပါ ထည့်သွင်း စဉ်းစားတယလို့ ဆိုပါတယ်။ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တွေကို ဖြိုဖျတ်မယ့် အထိ အရေးယူမယ်ဆိုတာ ကြားရလို့ ကြိုဆိုပါတယ်။
တရားဝင် ကန်ထရိုက်နဲ့ မဆောက်တဲ့တိုက်မှာ ရေ၊ မီး ဘာကြောင့် ရနေသလဲ ဆိုတာကလည်း စဉ်းစားစရာပါ။ BCC မကျသေးတဲ့ တိုက်မှာ ရေ၊ မီး သွယ်တန်းမှု တရားဝင် ဟုတ်၊ မဟုတ် သက်ဆိုင်ရာဌာနက ပုဂိုလ်တွေ ကြပ်ကြပ်မတ်မတ် စစ်ဆေးသင့်တယ်လို့ မြင်ပါတယ်။ မသိနားမလည်တဲ့ သူတွေအပေါ်မှာ အမြတ်ထုတ်နေတဲ့ ကန်ထရိုက်နဲ့ အိမ်ရှင်သာမက ပွဲစားတွေကိုပါ ပြတ်ပြတ်သားသား အရေးယူသင့်ပါတယ်။ များသောအားဖြင့် ပွဲစားတွေဟာ ပွဲခရဖို့ကိုပဲ ခေါင်းထဲမှာရှိပြီး တာဝန်ယူလိုစိတ် အလွန်နည်းတာကို တွေ့ရပါတယ်။
နားလည်တဲ့ ပညာရှင်တယောက်က တကယ်လို့ ရန်ကုန်မြို့မှာ ရစ်ချ်တာစကေး ၈ လောက်ရှိတဲ့ ငလျင်သာလှုပ်ခဲ့ရင် ကန်ထရိုက်တိုက် တော်တော်များများ ပြိုကျနိုင်သလို ပြန်လည် ထူထောင်ရေးဟာ အနည်းဆုံး ၁၅ နှစ်၊ အနှစ် ၂၀ အထိ ကြာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကန်ထရိုက်တွေအနေနဲ့ ကိုယ့်အကျိုးအမြတ် တခုတည်းအတွက် မကြည့်ဘဲ နေထိုင်သူတွေ အဆင်ပြေဖို့၊ စံချိန်စံညွှန်းမီဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ မခိုင်ခံ့တဲ့ တိုက်တွေ ပြိုကျခဲ့ရင် ဘယ်လောက် အထိ အန္တရာယ်များတယ်၊ အသေအပျောက် များတယ်ဆိုတာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရှစ်ထပ် အဆောက်အဦ ပြိုကျမှုမှာ လူတထောင်နီးပါး သေဆုံးတာက သက်သေပြခဲ့ပြီးပါပြီ။
အိမ်ငှားခတွေ ခေါင်ခိုက်အောင် မြင့်မား၊ တိုက်ခန်းတခန်းရဲ့ ရောင်းဈေးဟာ သာမန်လူတွေ လက်လှမ်းမမီအောင် မြင့်မားနေတဲ့ ရန်ကုန်မှာ လူများစုဟာ ကန်ထရိုက် တိုက်ခန်းတွေကိုသာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ငှားရမ်းနေထိုင်ရတာပါ။ ဒါကြောင့် စံချိန်စံညွန်း ပြည့်မီတဲ့ ကန်ထရိုက်တွေကိုပဲ ဆောက်လုပ်ဖို့ တာဝန်ရှိသူတွေ အနေနဲ့ အထူးကြပ်မတ်ရမှာ ဖြစ်သလို တဖက်က စံချိန်စံညွန်း မမီတဲ့၊ တရားမဝင် ကန်ထရိုက်တိုက် ဆောက်လုပ်နေတဲ့၊ လူနေခွင့် မကျသေးဘဲ ငှားရမ်းနေတဲ့ အိမ်ရှင်၊ ကန်ထရိုက်၊ ပွဲစားတွေကို စိစစ်အရေးယူဖို့ အချိန်ရောက်နေပြီ ဖြစ်ကြောင်း အလေးအနက် တင်ပြ တိုက်တွန်းလိုက်ရပါတယ်။