ယခင်သီတင်းပတ်က ရန်ကုန်နှင့် မန္တလေးမြို့များရှိ မိုဘိုင်းဖုန်း ရောင်းချသောဆိုင်များရှေ့တွင် လူများကြိတ်ကြိတ်တိုး တန်းစီပြီး အသစ်ထွက်ရှိလာသည့် အော်ရီဒူး ဆင်းကတ်များကို အလုအယက် ဝယ်ခဲ့ကြသည်။ ယင်းမှာ မြန်မာလူထုအဖို့ တန်ဖိုးနည်းပြီး အများသုံးစွဲနိုင်သည့် ခေတ်ပေါ်ဆက်သွယ်ရေး နည်းပညာကို မည်မျှ ငတ်မွတ်နေကြောင်း ပြသနေခြင်းသာမက သမ္မတ ဦးသိန်းစိန်အစိုးရ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အလုပ်ဖြစ်ကြောင်းကိုလည်း သက်သေပြချက်တခု ဖြစ်သည်။
မကြာသေးမီ ကာလအထိ မြန်မာပြည်တွင် ရိုးရိုးမိုဘိုင်းဖုန်း ဆက်သွယ်ရေးစနစ်သာ ရှိပြီး ရှုပ်ထွေးများပြားသည့် ဆက်သွယ်ရေးစနစ်များနှင့် စားသုံးသူဈေးကွက်ကို အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (Myanmar Post and Telecommunications – MPT) က လက်ဝါးကြီးအုပ်ထားခဲ့သည်။ မိုဘိုင်းဖုန်း သုံးစွဲနိုင်သည့် လူဦးရေမှာ ယခုအခါ ဆယ်ယောက်တွင် တယောက်နှုန်းအထိ ရှိလာသော်လည်း သမ္မတ ဦးသိန်းစိန် အစိုးရ မတက်လာသေးခင် အချိန်အထိ တရာလျှင် တယောက်နှုန်းသာ ရှိခဲ့ပြီး ဆင်းမ်ကတ်ဈေးမှာလည်း နိုင်ငံတကာက ဩချယူရသည်အထိ ကျပ်ငွေ သိန်း ၂၀ (အမေရိကန်ဒေါ်လာ ၂ ထောင်) ဈေးပေါက်ခဲ့သည်။ ဦးသိန်းစိန် သမ္မတဖြစ်လာပြီး ပြုပြင်ပြောင်းလဲရေး၏ တစိတ်တဒေသအဖြစ် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းကို နိုင်ငံခြားကုမ္ပဏီများအား တင်ဒါခေါ်ယူ လုပ်ပိုင်ခွင့်ပေးခဲ့ပြီးနောက် ဆင်းမ်ကတ်ဈေးနှုန်းများလည်း တဖြည်းဖြည်း ကျဆင်းလာကာ ကျပ်ငွေ ၁၅၀၀ အထိ ကျဆင်းလာခဲ့သည်။
ယခု စတင်ခဲ့ပြီဖြစ်သော အော်ရီဒူး၏ ဆင်းမ်ကတ်နှင့် ဆက်သွယ်ရေး နည်းပညာသစ်သည်၎င်း၊ ရှေ့လ စက်တင်ဘာတွင် စတင်မည့် တယ်လီနော၏ ဆက်သွယ်ရေး ဝန်ဆောင်မှုသည်၎င်း ယင်းတို့သည် မြန်မာပြည် မိုဘိုင်းဆက်သွယ်ရေး ဈေးကွက်အတွက် စစ်မှန်သော အပြောင်းအလဲကြီး ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် မိုဘိုင်းဖုန်း ဆက်သွယ်နိုင်သူ ဦးရေမှာ မြန်မာပြည်လူဦးရေ စုစုပေါင်း၏ ၄ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအခါ ၁၀ ရာခိုင်နှုန်းအထိ ရောက်လာသောကြောင့် ၂ နှစ်အတွင်း ထိုးတက်လာနှုန်းကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သည် ကမ္ဘာပေါ်တွင် ကြီးထွားမှုနှုန်း အမြန်ဆုံး ဈေးကွက်တခု ဖြစ်လာစေရန် တာစူလျက်ရှိသည်။ ဈေးကွက်သုတေသန အေဂျင်စီ Ovum ၏ လေ့လာချက်အရ မြန်မာပြည်တွင် မိုဘိုင်းဖုန်း ဆက်သွယ်နိုင်မှုနှုန်းသည် နှစ်စဉ် ၂၉ ဒသမ ၃ ရာခိုင်နှုန်း ရှိလာနိုင်ရန် မျှော်မှန်းထားပြီး ၂၀၁၉ ခုနှစ်တွင် လူဦးရေ ၃၂ ဒသမ ၃ သန်းထိ ရောက်လာနိုင်ကြောင်း သိရသည်။ မိုဘိုင်းဖုန်း ဆက်သွယ်ရေးဈေးကွက်မှ ဝင်ငွေ ဖွံ့ဖြိုးမှုနှုန်းလည်း အလားတူ ထိုးတက်လာနိုင်ပြီး ၂၀၁၃ ခုနှစ်အကုန် အမေရိကန်ဒေါ်လာ ၆၉၁ မီလီယံ ရှိနေရာက ၂၀၁၉ ခုနှစ်တွင် ၁ ဒသမ ၂ ဘီလီယံ ရှိလာမည်ဟု ခန့်မှန်းတွက်ဆထားသည်။
သို့သော် မိုဘိုင်းဖုန်း အော်ပရေတာများအဖို့ ကြီးစွာသော စိန်ခေါ်မှုများက စောင့်ကြိုလျက် ရှိသည်။ လူဦးရေ စုစုပေါင်း ၆ ဒသမ ၇ သန်းခန့် ရှိနိုင်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တကြော မိုဘိုင်းဖုန်းကွန်ရက် ဖြန့်ကျက်ရေး အခက်အခဲ ကြီးမားစွာ မရှိနိုင်သော်လည်း အခြေခံအဆောက်အဦ မဖွံ့ဖြိုးသေးသော တိုင်းနှင့်ပြည်နယ်များသို့ ကွန်ရက် ဖြန့်ကျက်နိုင်ရေးမှာမူ စိန်ခေါ်မှုကြီး ဖြစ်ပေသည်။
နောက်ဆုံးပေါ် မျိုးဆက်သစ် နည်းပညာဖြစ်သော UMTS ၉၀၀ ဖြင့် ဝန်ဆောင်မှု ပေးပြီဖြစ်သော အော်ရီဒူးက ယခုနှစ် အကုန်တွင် လူဦးရေ စုစုပေါင်း သန်း ၆၀ တွင် ၂၅ သန်းထံ ဖုန်းကွန်ရက် ရောက်နိုင်မည်ဖြစ်ပြီး ၅ နှစ်အတွင်း ၉၇ ရာခိုင်နှုန်းထံ ရောက်ရှိမည်ဟုလည်း ကြေညာသည်။ တယ်လီနောကလည်း ရှေ့လ စက်တင်ဘာတွင် 4G အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုကို စတင်တော့မည်ဖြစ်ပြီး ၅ နှစ်အတွင်း လူဦးရေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းထံ ကွန်ရက်ရောက်ရှိမည်ဟု ကြေညာထားသည်။
သို့ရာတွင် လူဦးရေ သန်း ၆၀ ၏ ၇၅ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုဖြင့် နပန်းလုံးနေရဆဲဖြစ်ပြီး မည်သည့် ခေတ်ပေါ် မိုဘိုင်း အီလက်ထရောနစ် ပစ္စည်းနှင့်မျှ အကျွမ်းဝင်သေးခြင်း မရှိပါ။ အွန်လိုင်းငွေ လွှဲပြောင်းခြင်း၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက် ဝန်ဆောင်မှုများနှင့် e-Government ဝန်ဆောင်မှုများ စသည်တို့ဆိုလျှင် ကြားပင် မကြားဖူးကြပါ။ ထို့ကြောင့် ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ခေတ်ပေါ်နည်းပညာ တော်လှန်ရေးတရပ်မျှသာ မဟုတ်၊ ပညာရေးဆိုင်ရာ အမျိုးသားရေးတာဝန်ကြီးပင် ဖြစ်လေတော့သတည်း။