ပညာသင်ဆုလား၊ ခြေချုပ်မိစေတာလား

နန္ဒာဘုန်းမြင့်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပညာသင်ဆု လျှောက်ထားရေးနှင့် ပညာသင်ဆု ပေးအပ်ချီးမြှင့်ခြင်းတို့ဟာ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အထူး အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှာ ပညာရေး ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်နဲ့ ပြုလုပ်ဖို့ အဖက်ဖက်က တိုက်တွန်း အားပေးနေပေမယ့်လည်း ပညာရေးပြုပြင်ပြောင်းလဲမှု ခရီးက တာရှည်နေဦးမယ်လို့ ဝါရင့်ပညာရေး အကဲဖြတ်သုံးသပ်သူတွေက ဆိုကြပါတယ်။

ပညာရေးပြုပြင်ပြောင်းလဲမှု ဘာကြောင့် တာရှည်နေဦးမလဲ …၊ အထူးသဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုကို ပုံဖော် လုပ်ဆောင်နေတဲ့ ဆရာ၊ ဆရာမတွေ အပါအဝင် ပညာရေးဝန်ထမ်းတွေရဲ့ အချိန်နဲ့တပြေးညီ လုပ်ဆောင်တတ်မှု၊ သမ္မတကြီး လမ်းညွှန်ခဲ့တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု စတဲ့ လုပ်ငန်းစွမ်းဆောင်ရည် ညံ့ဖျင်းနေမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ပညာသင်ဆု လျှောက်ထားမှုတွေမှာ အချိန်နဲ့ တပြေးညီ ရောက်ရှိမှု နှောင့်နှေးတာ၊ ပညာသင်ဆု လျှောက်ထားဖို့အတွက် အကန့်အသတ်များနေတာ၊ အစရှိတာတွေဟာလည်း ပညာရေးပြုပြင်ပြောင်းလဲမှုကို ဟန့်တားနေတဲ အချက်များပဲ ဖြစ်ပါတယ်။

မကြာသေးတဲ့ အချိန်က နိုင်ငံတော်သမ္မတကြီးရဲ့ ပညာသင်ဆုအဖြစ် နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ ရေဒီယို တွေမှာ ကြေညာခဲ့ပြီး ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် အရှိန်အဟုန်ကို မြှင့်တင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘွဲ့လွန် ပညာသင်ဆု လျှောက်ထားရေးမှာ အပျို၊ လူပျိုဖြစ်ရမယ် ဆိုတဲ့အချက်ကတော့ ပညာသင်ဆု လျှောက်ထားရေး အတွက် အဓိက အဟန့်အတားတခု ဖြစ်နေသလို၊ ပညာသင်ပြီးရင် နိုင်ငံတော်မှာ ပညာတော်သင် ကာလနဲ့အညီ တာဝန် ထမ်းဆောင်ဖို့၊ တကယ်လို့ ပြန်လည်မထမ်းဆောင်နိုင်ရင် ပညာတော်သင်စရိတ်ရဲ့ သုံးဆ ပေးလျော်ဖို့ စတဲ့ အချက်တွေဟာလည်း ပညာတော်သင်ဆု လျှောက်ထားလိုသူတွေ အတွက် သံသယ ဖြစ်ဖွယ်ရာ အချက်တွေပဲ ဖြစ်နေပါတယ်။

အရင်ကာလတွေတုန်းက နိုင်ငံရပ်ခြား ပညာသင်ဆုတွေ ရရှိလို့ မဟာဘွဲ့၊ ပါရဂူဘွဲ့တန်းတွေကို သွားရောက် ပညာသင်ခွင့် ရရှိသူ တချို့ဟာ ကန့်သတ်ထားတဲ့ ပညာသင်ကာလအတွင်း ဘွဲ့ယူစာတန်း မပြီးပြတ်သေးတာကြောင့် အချိန်ထပ်ပေးဖို့ တောင်းခံခဲ့ပေမယ့်လည်း ပညာရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာန တွေက ထပ်မံပြီးအချိန်တိုး မပေးတာကြောင့် ဘွဲ့မရရှိဘဲ ပြန်လာခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ပါရဂူဘွဲ့အတွက် စေလွတ်ခြင်းခံခဲ့ရတဲ့ ပညာရေးဝန်ကြီးဌာနက ဆရာတဦးက “ကျတော်က ဂျပန်နိုင်ငံမှာ ပါရဂူဘွဲ့အတွက် စကောလားရှစ် ရပါတယ်။ ဂျပန်နိုင်ငံမှာ ဘွဲ့ယူစာတန်းတွေက ဂျပန်ဘာသာနဲ့ ရေးသားရပါတယ်။ အဲဒီတော့ ဂျပန်ဘာသာစကားကို အသေးစိတ်လေ့လာရတယ်။ ဘွဲ့ယူစာတန်း တင်သွင်းတဲ့အခါမှာ ဘာသာစကား အခက်အခဲကြောင့် အချိန်မလောက်ငှမှု ဖြစ်ခဲ့တယ်။ ကျနော့်ရဲ့ ကျမ်းက ရာနှုန်းပြည့်နီးပါး ပြီးစီးနေပါပြီ၊ ဒါပေမယ့် အပြီးသတ်ဖို့ အချိန် ၃ လလောက် ထပ်တိုးပြီး တောင်းပါတယ်။ ဝန်ကြီးဌာနက အချိန်ကို ထပ်တိုးပြီးမပေးပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ကျန်နေခဲ့တဲ့ မိသားစုတွေကို အမျိုးမျိုး ဖိအားတွေပေးတယ်။ ဒါနဲ့ ကျနော် ဘွဲ့ယူစာတန်း မတင်ရဘဲ ဒီအတိုင်း ပြန်လာခဲ့ရတယ်။ ဂျပန်တက္ကသိုလ်က ကျနော့် ဘွဲ့ယူစာတန်းကို ကြီးကြပ်ပေးတဲ့ ပါမောက္ခကလည်း ဝန်ကြီးဌာနကို အမျိုးမျိုးအကြောင်းကြားပြီး ဘွဲ့တင်သွင်းဖို့ခေါ်ပေမယ့် ကျနာ့်ကို လုံး၀ ပြန်မလွှတ်ခဲ့ပါဘူး” လို့ သူ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနမှာလိုပဲ တခြား ဝန်ကြီးဌာနတွေဖြစ်တဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဝန်ကြီးဌာန၊ အရင် သစ်တောရေးရာ ဝန်ကြီးဌာန တွေမှာလည်း ပညာတော်သင်ကာလ အချိန်ပြည့်သွားတဲ့ အတွက် ဘွဲ့ယူစာတန်း မတင်သွင်းရဘဲ၊ ဘွဲ့မရရှိဘဲ ပြန်လာခဲ့ရသူ အစိုးရဝန်ထမ်းများစွာ ရှိခဲ့ကြပါတယ်။

ဝန်ကြီးဌာနတွေကနေ နိုင်ငံခြားပညာတော်သင်ဆုအတွက် လျှောက်ထားရာမှာ ပွင့်လင်းမြင်သာမှု အားနည်းတာကလည်း အရင်အစိုးရ လက်ထက်ကနေ အခုအစိုးလက်ထက် အထိပဲ ဖြစ်ပါတယ်။ နိုင်ငံခြား ပညာတော်သင်ဆု လျှောက်ထားမှု တွေအတွက် ဝန်ကြီးဌာနတွေက အချိန်နဲ့တပြေးညီ အကြောင်းမှု အားနည်းသလို၊ စိစစ် ရွေးချယ်မှုမှာလည်း ပွင့်လင်းမြင်သာမှု အားနည်းပုံလှတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မန္တလေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင် နေတဲ့ လက်ထောက်ကထိက ဆရာမ တဦးက သူဖြေဆိုခဲ့ဖူးတဲ့ ဂျပန်နိုင်ငံ ပညာသင်ဆု၊ တရုတ်နိုင်ငံ ပညာတော်သင်ဆု စတာတွေ ဖြေဆိုရာမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပြောကြားပါတယ်။

“နိုင်ငံခြားပညာသင်ဆုအတွက် ဝန်ကြီးဌာနက အကြောင်းကြားတာက အချိန်နဲ့တပြေးညီ မဖြစ်ဘူး၊ အားနည်းခဲ့တယ်။ အချိန်က အရမ်းကပ်လွန်းတယ်။ မနက်ဖြန်မနက် ၉ နာရီမှာ ဖြေဖို့အတွက်ကို ဒီနေ့ညနေ ၄ နာရီမှာမှ အကြောင်း ကြားတယ်။ ကြိုတင်ပြင်ဆင်ဖို့ အတွက် အချိန်မရှိဘူး။ ဖြေပြီးသွားရင်လည်း အောင်သလား မအောင်သလား ဘယ်သူ အောင်ပြီး ဘယ်လို သွားလိုက်ရတယ်ဆိုတာ လုံးဝမသိရဘူး။ ပညာသင်ဆု အစီအစဉ်က ပျက်သွားတာလားဆိုတာလည်း မသိရဘူး၊ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့ဘူး။  အဲဒီတော့ ပညာသင်ဆုဆိုရင် ဘယ်သူမှ စိတ်မဝင်စားကြတော့တာက ထုံးစံလိုဖြစ်နေပြီ” လို့ အဲဒီ ဆရာမက ဆိုခဲ့ပါတယ်။

ဒါ့အပြင် ပညာရေးဝန်ကြီးဌာနအပါအဝင် တခြား ဝန်ကြီးဌာနတွေက ဝန်ထမ်းတွေဟာ ပညာတော်သင်ဆုကို မိမိ အစီအစဉ်နဲ့မိမိ လျှောက်ထားနိုင်မှုလည်း မရှိကြပါဘူး။

အထက်ပါ လက်ထောက်ကထိက ဆရာမက ဆက်လက်ပြီး “အခုခေတ်က အင်တာနက်မှာရှာလိုက်ရင် တက္ကသိုလ်တွေက စကောလားရှစ်တွေ ပေးတာ အများကြီးပဲရှိတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် လျှောက်ထားလို့ မရဘူး။ စကောလားရှစ် တခုဖြေမယ်ဆိုရင် သက်ဆိုင်ရာဌာန အကြီးအကဲက တဆင့် ဝန်ကြီးဌာနကို စာတင်ရတယ်။ အဲဒီလို မတင်ဘဲဖြေခဲ့လို့ စကောလားရှစ် ရခဲ့ပြီဆိုရင် အလုပ်ထွက်ဖို့ပဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ပမှာ သွားရောက် ပညာသင်ဖို့မပြောနဲ့ ပြည်တွင်းမှာရှိတဲ့ သင်တန်းတွေ ဒီပလိုမာတွေ တက်မယ်ဆိုရင်ကို ဝန်ကြီးဌာနမှာ အဆင့်ဆင့် စာတင်ရတယ်။ ခွင့်ပြုချက် ရမှ တက်ရတယ်။ တကယ်လို့ ပြည်တွင်းဒီပလိုမာ သင်တန်း၊ အထူးသဖြင့် အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းတွေ ခွင့်ပြုချက် မရဘဲ တက်ထားတယ် ဆိုရင်တောင် ကိုယ်ရေးမှတ်တမ်းလိုဟာမျိုးမှာ ဒီသင်တန်းတွေ တက်ထားပါတယ်ဆိုတာ ထည့်ရေးခွင့် မရှိဘူး။ ခိုးတက်ရတဲ့ သဘောတွေအထိ အရင်ကရှိခဲ့ဖူးတယ်။ ပြည်ပ စကောလားရှစ် ရပြီဆိုရင်တော့ ပထမဆုံး ပတ်စပို့ လျှောက်ထားရေးပဲ။ အစိုးရဝန်ထမ်းတွေအနေနဲ့ ပတ်စပို့ လျှောက်ထားတဲ့အခါမှာ သက်ဆိုင်ရာ ဌာနဆိုင်ရာက ခွင့်ပြုချက်ပါရတယ်။ သက်ဆိုင်ရာ ဌာနတွေကလည်း ပတ်စပို့ လျှောက်ထားတဲ့အခါမှာ အလွယ်တကူ ခွင့်ပြုလေ့မရှိဘူး။ ပညာသင်ဆုလျှောက်ထားလို့ အောင်မြင်ခဲ့ရင်တောင် ပတ်စပို့ လျှောက်တဲ့အခါမှာ ခွင့်ပြုချက်ရဖို့ အတော်လေး အချိန်ကြာတယ်။ တချို့ဆို ကျောင်းဖွင့်ရက် နောက်ကျမှ ရောက်သွားလို့ ကျောင်းတက်ခွင့် မရတော့တာတွေ ရှိခဲ့တယ်။ အခက်အခဲတွေက အတော်များတယ်။ အခု ပွင့်လင်းလာတဲ့ ခေတ်မှာ ပညာသင်ဆု လျှောက်ထားတာ စကောလားရှစ် လျှောက်တာတွေကို အရင်ကထက် ဖြေလျှော့လိုက်ပြီ ပြောပေမယ့် လက်တွေ့မှာတော့ ခက်ခဲနေတာတွေက အများကြီးပါပဲ” လို့ ဆိုပါတယ်။

အရင်က တခါမှ မရှိခဲ့ဖူးတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ပညာသင်ဆုဟာ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နဲ့ ကောလိပ်တွေမှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေအတွက် ဘွဲ့လွန်ပညာသင်ဆု လျှောက်ထားနိုင်ဖို့ အခွင့်အရေး အများကြီး ရှိတယ်ဆိုပေမယ့် ပညာသင်ဆု ရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှု ဘယ်အတိုင်းအတာအထိ ရှိနိုင်မလဲဆိုတာကတော့ မခန့်မှန်းနိုင်တဲ့ အနေထား ဖြစ်နေပါတယ်။ ဒါ့အပြင် အိမ်ထောင်မရှိသူများသာ လျှောက်ထားနိုင်တယ် ဆိုတဲ့ အချက်နဲ့ သတ်မှတ် ကာလအတွင်း အမိနိုင်ငံကို ပြန်လည်ရောက်ရှိပြီး တာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့ အချက်တွေဟာ ပညာသင်ဆု လျှောက်ထားလိုသူတွေ အတွက် နောက်ပိုင်းကာလတွေမှာ ခြေချုပ်မိစေမယ့် အချက်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဝါရင့် ကထိကဆရာ တဦးကတော့ ပညာတော်သင်ဆုနဲ့ ပတ်သက်ပြီးတော့ “ဒီလို ပညာသင်ဆုပေးတာတွေက ဟိုးအရင် တရုတ်နိုင်ငံမှာ ပေးခဲ့ဖူးတယ်။ တရုတ်သမ္မတကြီး မော်စီတုန်း လက်ထပ်မှာ အမေရိကန် သမ္မတကြီး နစ်ဆင်နဲ့ ပါမောက္ခ ဟင်နရီ ကစ်ဆင်းဂျားတို့ တရုတ်နိုင်ငံကို အလည်လာတဲ့အခါမှာ တရုတ်နိုင်ငံသားတွေကို အမေရိကန်ကို ပညာသင် ခေါ်နိုင်မလားလို့ မေးပြီးတော့ အမေရိကန်ကို ပညာတော်သင် စေလွှတ်ခဲ့တယ်။ အယောက်ပေါင်း အများကြီးပဲ ဘာစာချုပ်မှ မရှိဘူး။ မိမိနှစ်သက်ရာ ဘာသာရပ်ကို သင်ခိုင်းတယ်။ အမေရိကန်မှာ ကြိုက်တဲ့အလုပ်ကို လုပ်စေခဲ့တယ်။ တရုတ်နိုင်ငံကို ပြန်လာတဲ့ ပညာတော်သင်တွေ အစိုးရလုပ်ငန်းတွေမှာ နေရာကောင်းကောင်း ပေးတယ်၊ လစာ ကောင်းကောင်း ပေးတယ်။ ဒါ့အပြင် ပညာတော်သင်တွေ မိမိတိုင်းပြည်ကို ပြန်လာချင်တဲ့အချိန် ပြန်လာနိုင်အောင် စီစဉ်ပေးထားတယ်။ အဲဒီတော့ အားသာချက်က နိုင်ငံခြားက ပညာလည်းတတ်ခဲ့တယ်၊ လုပ်ငန်းအတွေ့အကြုံလည်း ရခဲ့တယ်။ တရုတ်သမ္မတကြီး မော်စီတုန်း စေလွတ်ခဲ့တဲ့ အမေရိကန် ပြန်ပညာတော်သင် တွေကြောင့် ဒီနေ့ တရုတ်နိုင်ငံဟာ စီးပွားရေးမှာ အင်အားကြီး နိုင်ငံအဖြစ် အမေရိကန်ကို ယှဉ်ပြိုင်နိုင်သလို အမေရိကန်ကို ကျော်ဖြတ်ဖို့ အထိတောင် တာစူနေတာကို တွေ့ရတယ်” လို့ တရုတ်နိုင်ငံက ၁၉၇၀ ပြည့်နှစ်ကျော်က တရုတ်သမ္မတကြီးမော်စီတုန်း စေလွှတ်ခဲ့တဲ့ အမေရိကန် ပညာတော်သင်များနဲ့ နှိုင်းယှဉ် ဝေဖန်သုံးသပ် ပြခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပညာသင်ဆုအတွက် စိတ်ပါဝင်စားပါတယ်ဆိုတဲ့ ရွှေဘိုတက္ကသိုလ်က နည်းပြ ဆရာမ တဦး ကတော့ “ဒီဆုကို စိတ်ဝင်စားပါတယ်။ လျှောက်လည်းလျှောက်ချင်တယ် ပြည်တွင်း ပါရဂူဘွဲ့ထက် ပြည်ပက ဘွဲ့ဆိုရင်ပိုကောင်းပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံကို သွားရမယ် ဘယ်လို ဘာသာရပ်တွေ လျှောက်ထားနိုင်တယ် ဆိုတာ မပါဘူး ဖြစ်နေတယ်။ နောက်တချက်က ပညာသင်ကာလ ပြီးဆုံးတဲ့အခါမှာ မိမိတိုင်းပြည်မှာ ပြန်လည် တာဝန် ထမ်းဆောင်ရမယ် ဆိုတဲ့အချက်ပေါ့။ ကျမတို့က ကိုယ့်တိုင်းပြည်ကို ချစ်လို့ မဖြစ်စလောက် လစာလေးနဲ့ ကျရာ နေရာမှာ တာဝန် ထမ်းဆောင်နေတာပါ။ တိုင်းပြည်ကို ချစ်တဲ့လူတိုင်းဟာ ကိုယ့်တိုင်းပြည် အကျိုးစီးပွားအတွက် အချိန်တန်ရင် ပြန်လာကြတာပါပဲ။ ဒါကို စာချုပ်ချုပ် ကန့်သတ်ထားတာတော့ ဘဝင်မကျပါဘူး။ ကျမတို့ စီနီယာတွေ ရှိပါတယ်၊ ပါရဂူ ဘွဲ့အတွက် ၄ နှစ် သတ်မှတ်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ၄ နှစ်နဲ့ ဘွဲ့ယူစာတမ်းက မပြီးဘူး။ ဒီမှာတော့ ၃ လလောက် Extension တိုးလို့ရတယ်။ ပညာသင်ဆုမှာတော့ ခုနှစ်၊ လ၊ ရက်တွေ ကန့်သတ်ထားတော့ Extension တိုးလို့မရဘူး။ အဲဒီတော့ ဘွဲ့လည်းမရဘူး၊ အချိန်တွေကုန်ပြီး ပြန်လာကြတာတွေ ရှိခဲ့တယ်။ နောက်ပြီး အိမ်ထောင် မရှိသူ ဖြစ်ရမယ်ဆိုတဲ့ အချက်ပေါ့၊ ဒါက လျှောက်တဲ့အချိန်မှာပဲ ကန့်သတ်တာလား၊ ပညာသင်ကာလတွေရော အကျုံးဝင်သလား၊ ဒါတွေက သိပ်မရှင်းလင်းဘူးပေါ့။ သေချာရှင်းလင်းဖို့လည်း ဘယ်သူကမှ မသိဘူး ပညာသင်ကာလပြီးမှ အိမ်ထောင် ပြုရမယ် ဆိုရင် စဉ်းစားစရာတွေ ဖြစ်လာတာပေါ့။ ဒါ့အပြင် ဒီမှာက လုပ်သက်နဲ့ ရာထူးတိုးတာတွေ ရှိတယ်။ နိုင်ငံခြား ဘွဲ့ဆိုပေမယ့်လည်း လုပ်သက်နဲ့ ရာထူးတိုးတာ၊ အကျိုးခံစားခွင့်ကလည်း ပြည်တွင်းဘွဲ့ရသူတွေ မထူးခြားဆိုတော့ လျှောက်ချင်ပေမယ့် စဉ်းစားစရာတွေ အများကြီးရှိပါတယ်။ နောက်ပြီး ပွင့်လင်းမြင်သာမှုပေါ့၊ ဒီမှာက လူကြီးနဲ့ နီးစပ်သူတွေပဲ ပြည်ပ ပညာတော်ဆု ရသွားမျိုးတွေက ထုံးစံလိုဖြစ်နေတော့ လျှောက်လည်း အပိုပဲဆိုတဲ့ အတွေးက ကျမတို့လို သာမန်လူတွေအတွက်က အရိုးစွဲနေပါပြီ” လို့ သူ့ရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။

နိုင်ငံတော် သမ္မတကြီးရဲ့ ပညာသင်ဆုဟာ အနာဂတ် ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အင်အားတရပ် ဖြစ်ပေမယ့်လည်း ကန့်သတ်ချက်တွေ များလွန်းပြီး စတင်ခေါ်ယူကတည်းက အဓိပ္ပာယ်ရှင်းလင်းမှု အားနည်းတာ၊ ပွင့်လင်းမြင်သာမှု အားနည်းနေတာတွေကြောင့် ဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲဆိုတာ စဉ်းစားဖွယ်ရာ ဖြစ်နေပါတယ်။ ပြီးတော့ ကိုယ့်တိုင်းပြည်မှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့၊ မထမ်းဆောင်ရင် ပညာသင်ဆုရဲ့သုံးဆ ပေးလျော်ဖို့ ဆိုတဲ့ အချက်ကလည်း ဘဝင်မကျဖွယ်ရာ ဖြစ်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ရုရှားနိုင်ငံကို ပညာတော်သင်စေလွှတ်ခဲ့တဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက ဝန်ထမ်း တချို့ကို နိုင်ငံတော် ကာကွယ်ရေးစက်ရုံတွေမှာ မဖြစ်မနေ တာဝန်ထမ်းဆောင်ဖို့ ဖိအားပေးမှုတွေကြောင့် အဲဒီ ပညာတော်သင် တွေဟာ ပြည်ပနိုင်ငံတွေကို တရားမဝင် ထွက်ခွာခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ အဲဒီဝန်ထမ်းတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကိုလည်း ဖိအားပေးမှုများစွာ ဒီနေ့ အချိန်အထိ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကြီးရဲ့ ပညာဆုဟာ ပညာတော်သင်လား၊ ခြေချုပ်မိစေခြင်းလား ဆိုတာ ဝေခွဲဖို့ ခက်ခဲနေဆဲ ဖြစ်နေသေးကြောင်း တင်ပြလိုက်ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading