ပထမ ကမ္ဘာစစ် နှစ် ၁၀ဝ ပြည့်တော့

ညီစောလွင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၄ ခုနှစ်ဟာ ပထမ ကမ္ဘာစစ် နှစ် ၁၀ဝ ပြည့်တဲ့နှစ် ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ကမ္ဘာကြီးမှာတွေ့ရတဲ့ အကြမ်းဖက်မှုတွေ၊ ကလိမ်ကျမှုတွေ၊ အပြန်အလှန် မယုံကြည်မှုတွေဟာ ပထမကမ္ဘာစစ်ကြီးကို မွေးဖွားပေးခဲ့တဲ့ အခြေအနေမျိုးနဲ့ တူပါတယ်။

ယူကရိန်းအပိုင် ခရိုင်းမီးယားဒေသကို ရုရှားက ကျူးကျော်တဲ့အခါ သမိုင်းလေ့လာသူ တချို့က ပထမကမ္ဘာစစ် (၁၉၁၄) မတိုင်ခင် နှစ်တွေမှာ ရောက်နေတယ်လို့ တွက်ကြတယ်။ ကမ္ဘာစစ်ကြီးကတော့ မလွှဲမသွေ လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

တချို့ကတော့ ဒုတိယကမ္ဘာစစ် အကြိုကာလမှာ နာဇီ ဂျာမနီက ချက်ကိုစလို ဗက်ကီယား နယ်မြေ (ဆူတန်လန်း) ကိုကျူးကျော်ခဲ့တာကို ပြေးမြင်ကြတယ်။ ဒါလည်း နောက်ထပ် ကမ္ဘာစစ်ရဲ့ ရှေ့ပြေး နိမိတ်တခုပါပဲ၊ ဘယ်လိုမှ နားချလို့မရနိုင်တဲ့ ကျူးကျော်ရေးသမားနဲ့ ရင်ဆိုင်နေရတဲ့ အဓိပ္ပာယ်ပါ။ တချို့ကလည်း ၁၉၄၅ ခုနှစ်နဲ့ နှိုင်းယှဉ်ကြတယ်။ စစ်ပူတွေ ပြီးဆုံးသွားပြီး စစ်အေးရဲ့ နိဒါန်းကာလလို့ ယူဆကြပါတယ်။

တချို့ကတော့ ၁၉၉၁ ခုနှစ် ယူဂိုဆလားဗီယား ပြိုကွဲသွားတာကို ပြေးမြင်ကြတယ်။ တချို့ကလည်း ၂၀ဝ၈ ခုနှစ်မှာ ဂျော်ဂျီယာကို ရုရှားဝင်တိုက်ခဲ့တဲ့ အဖြစ်အပျက်ကို ပြေးမြင်ကြတယ်။ ပူတင်ရဲ့ ပထမဆုံး နယ်ချဲ့ရေး စစ်ပွဲတခုပါပဲ၊ ခရိုင်းမီးယားအရေးနဲ့ သမိုင်းက အဖြစ်အပျက်တွေမှာ ထပ်တူမဟုတ်ပေမယ့် နှိုင်းယှဉ်စရာ အချက်အလက်တွေ ရှိတန်သလောက် ရှိတာအမှန်ပါပဲ။

လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်က ဖရန့်စစ်ဖူကူယားမားက သမိုင်းနိဂုံး ချုပ်သွားပြီလို့ နိမိတ်ဖတ်ခဲ့တယ်။ ဒါပေမယ့် တရုတ်အင်အား ကြီးထွားလာတာ၊ ဘော်လကန်စစ်ပွဲ၊ ၂၀ဝ၁ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု၊ အာဖဂန်စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ ၂၀ဝ၈ ကမ္ဘာ့စီးပွားရေး ပျက်ကပ်၊ အာရပ်နွေဦး၊ ဆီးရီးယား ပြည်တွင်းစစ် အားလုံးဟာ ဈေးကွက် စီးပွားရေးနဲ့ လစ်ဘရယ် ဒီမိုကရေစီ အဆုံးသတ် အောင်ပွဲခံသွားပြီဆိုတဲ့ ဖူကူယားမားရဲ့ အယူအဆကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကို တွေ့နိုင်ပါ တယ်။

ပြောရမယ်ဆိုရင် သမိုင်းလှည်းဘီးဟာ ၂၅ နှစ် အကြာမှာ အရှိန်ကောင်းကောင်းနဲ့ တဝီဝီ ပြန်လည်နေပါပြီ။  ၁၉၈၉ ခုနှစ်မှာ ဥရောပမှာ ကွန်မြူနစ်ဝါဒ ကျဆုံးခဲ့ရာကနေ အခုတော့ ရုရှားနဲ့ အနောက်ကမ္ဘာ ထိပ်တိုက်ပြန်တွေ့လာတဲ့ အခြေအနေကို ပြန်တွေ့လာရပါတယ်။

အရှေ့အလယ်ပိုင်းမှာ သမိုင်းနိဂုံးချုပ်ဖို့ဝေးလို့ နေ့တိုင်း သမိုင်းသစ်ရေးနေတာကို တွေ့နိုင်ပါတယ်။  အာရပ်နွေဦး၊ ဆီးရီးယား ပြည်တွင်းစစ်ကနေ အီရတ်နဲ့ ဆီရီးယား နယ်စပ်တကျောမှာ အစ္စလာမ္မစ် နိုင်ငံတော် (ISIS, ISIL လို့လည်း ခေါ်ပါတယ်) ရဲ့ အန္တရာယ်၊ အစ္စရေး-ဟားမက်စ် (ပါလက်စတိုင်း) စစ်ပွဲ၊ ဆွန်နီ-ရှီယိုက် ပြဿနာ၊ ကာ့ဒ်တွေရဲ့ သီးခြားနိုင်ငံ ထူထောင်ရေး ကြိုးပမ်းမှု၊ ဒေသတွင်း အင်အားကြီး နိုင်ငံတွေကြားမှာ ဩဇာအပြိုင်အဆိုင် ထူထောင်တာတွေ စသဖြင့် မတည်ငြိမ်တဲ့ အခြေအနေတွေ ပေါ်ပေါက်နေတယ်။

အာရှမှာဆိုရင်လည်း တရုတ်နဲ့ ဒေသတွင်း အင်အားကြီး နိုင်ငံတွေကြားထဲက သမိုင်းရန်ကြွေးတွေ မပြေကြသေးပါဘူး။ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယကြားမှာ သမိုင်းပြဿနာတွေ၊ နယ်မြေအငြင်းပွားမှု ပြဿနာတွေ ရှိနေပေမယ့် ဥရောပမှာလို ပြဿနာကို စားပွဲဝိုင်းထိုင်ပြီး ဖြေရှင်းနိုင်လောက်တဲ့ ဒေသတွင်း အင်စတီကျူးရှင်း မရှိပါဘူး။ တရုတ်နဲ့ အာဆီယံ နိုင်ငံတချို့ကြားက တောင်တရုတ်ပင်လယ် ပြဿနာကလည်း ဒီသဘောပါပဲ။

ပိုဆိုးတာက ဒေသတွင်းမှာ အမျိုးသားရေးဝါဒတွေ ခေါင်းထောင်ထနေတာပါ။ လောလောဆယ် အာရှခေါင်းဆောင်တွေကိုကြည့်ရင် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂျွန်ဟိုင်း၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒြာမိုဒီ တို့အားလုံးဟာ သူတို့ဆက်ခံတဲ့ သူတွေထက်စာရင် အမျိုးသားရေးဝါဒကို ပိုပြီး အားသန်သူတွေ ဖြစ်နေပါတယ်၊ ဒါကလည်း သူ့အကြောင်းနဲ့ သူပါပဲ၊ ဒီနိုင်ငံတွေအားလုံးမှာ စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် လမ်းဆုံလမ်းခွမှာ ရောက်နေတယ်။ စီးပွားရေး မျက်နှာစာမှာ မအောင်မြင်ရင် ပြည်ပရန်သူကို လက်ညိုးထိုး၊ ရန်သူရှာတာက တချို့ နိုင်ငံရေးသမားတွေရဲ့ လုပ်ရိုးလုပ်စဉ်တခုပါပဲ။

ဒီကြားထဲမှာ အင်အားကြီးထွားလာတဲ့ တရုတ်ကလည်း သူ့အင်အားနဲ့ ထိုက်တန်တဲ့ စစ်အင်အားကို တည်ဆောက်ဖို့လိုအပ်နေတယ်၊ တရုတ်ကို မယုံကြည်တဲ့ ဒေသတွင်း နိုင်ငံတွေကလည်း အမေရိကန်အပေါ် စစ်ရေးအရ အားကိုးနေတာ ရေရှည်မှာ ဘယ်လောက်အထိ စိတ်ချ အာမခံချက်ရှိသလဲ ဆိုတာကို ပြန်ဆန်းစစ်လာကြတယ်။

ဒီအခြေအနေတွေ အားလုံးကို ဆန်းစစ်လိုက်ရင် နိဂုံးတော့ နိဂုံးပါပဲ။ ဒါပေမယ့် ဖူကူယားမားပြောတဲ့ သမိုင်းနိဂုံးမျိုး မဟုတ်တာ သေချာပါတယ်။ အရှေ့အာရှရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ခရစ်စတိုဖာဟေးပြောတဲ့ ကမ္ဘာ့အခင်းအကျင်းသစ် နိဂုံး (The end of the new word order) နဲ့ ပိုနီးစပ်မယ်လို့ ထင်ပါတယ်။

အဆိုးဆုံးကတော့ ကမ္ဘာကြီးမှာ ပြဿနာကို တရားနည်းလမ်းတကျ ဖြေရှင်းတဲ့ စံပြနိုင်ငံ မရှိတာပါပဲ။ ခရိုင်းမီးယားကို ရုရှားက ကျူးကျော်တာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်။ ဒီလိုပဲ ၁၉၉၉ ခုနှစ်က အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေ ဆာဘီးယားကို ဗုံးကြဲခဲ့တာ၊ ကိုဆိုဗို စစ်ပွဲ (၂၀ဝ၈)၊ အာဖရန်နစ္စတန် စစ်ပွဲ၊ အီရတ်စစ်ပွဲ အားလုံးဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက် မပါခဲ့ပါဘူး၊ နောက်ဆုံး ၂၀၁၁ လစ်ဗျားမှာ နေတိုးအဖွဲ့က စစ်ကူပေးခဲ့တာကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီကပေးတဲ့ လုပ်ပိုင်ခွင့် ဘောင်ကို ကျော်လွန်ခဲ့တယ်လို့ ယူဆစရာအကြောင်း ရှိပါတယ်။

ပထမကမ္ဘာစစ်ကြီးရဲ့ နောက်ခံမှာ တွန်းအားတခုရှိပါတယ်၊ အဲဒါကတော့ ဂျာမန် စစ်ရေးပါရဂူ ကားလ်ဗွန်းကလော့စ်ဝစ် (Carl von Clausewitz) ရဲ့ အယူအဆဖြစ်တဲ့ “စစ်ပွဲဆိုတာ နိုင်ငံရေးပြဿနာ ကို တခြားနည်းလမ်းဖြင့် ဖြေရှင်းခြင်း ဖြစ်သည်” ဆိုတဲ့ အယူအဆကို အဲဒီအချိန်က နိုင်ငံရေးသမား အတော်များများက လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ပထမကမ္ဘာစစ်က နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းပေးနိုင်ခဲ့ပါဘူး။ လူသန်းပေါင်းများစွာကို သေဆုံးခဲ့ရုံသာမက၊ နိုင်ငံရေး ဝရုန်းသုန်းကား ကာလ၊ စီးပွားရေးပျက်ကပ်၊ အမျိုးသားရေးဝါဒတွေကို မွေးထုတ်ပေးခဲ့တယ်၊ ဒီလို ရေခံမြေခံကနေ ဟစ်တလာလို လူမျိုးအတွက် နိုင်ငံရေး စင်မြင့်ရခဲ့ပြီး ဒုတိယ ကမ္ဘာစစ်နဲ့ စစ်အေးခေတ်တို့ကိုပဲ အမွေချန်ထားခဲ့ပါတယ်။

ဒီနေ့ တနိုင်ငံချင်းအလိုက် ပြဿနာတွေကို စစ်ရေးနည်းလမ်းအရ ဖြေရှင်းကြတဲ့အခါမှာလည်း စစ်ပွဲတွေရဲ့အဆုံးမှာ စစ်ပွဲတွေကိုပဲ တွေ့ရပါတယ်။ အီရတ်၊ အာဖဂန်နစ္စတန်၊ လစ်ဗျား၊ ဆီရီးယားတို့က သက်သေပါပဲ။

ကမ္ဘာ့ခေါင်းဆောင်တွေအတွက် ဒီလိုအတိတ်နဲ့ မျက်မှောက် သင်ခန်းစာတွေသာမက မြင်သာတဲ့ အန္တရာယ်လည်းရှိပါတယ်။ အခုလို နျူကလီးယားခေတ်မှာ ကမ္ဘာလုံးချီ စစ်ပွဲဖြစ်ခဲ့ရင် ကမ္ဘာကြီးတခုလုံး ပျက်စီးသွားဖို့ သေချာပါတယ်။ နျူကလီးယား လက်နက်မပါတဲ့ ပြည်တွင်းစစ်တွေမှာတင် အသေအပျောက်နှုန်းက အလွန်မြင့်မားတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် ကားလ်မာ့က်စ် (Karl Marx) ရဲ့ အဆိုအမိန့်အတိုင်း သမိုင်းတကျော့ပြန်ခဲ့လို့ ကမ္ဘာ့စစ်ကြီးဖြစ်ခဲ့ရင် အစစအရာရာရဲ့ နိဂုံးဖြစ်မှာ သေချာပါတယ်။

ကမ္ဘာ့ပြည်သူ ပြည်သားတွေရဲ့ တာဝန်ကတော့ ငြိမ်းချမ်းရေးကို ကျယ်ကျယ်လောင်လောင် တောင်းဆိုဖို့ပါပဲ။ ပြဿနာတွေကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းဖို့ နိုင်ငံရေးသမားတွေကို တိုက်တွန်းဖို့ပါပဲ။ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဒေသတွင်းအဖွဲ့အစည်းတွေ ပိုပြီးအလုပ်ဖြစ်ဖို့  ပြဿနာတွေကို တရားနည်းလမ်းတကျ ဖြေရှင်းဖို့ တိုက်တွန်းဖို့ပါပဲ။ ပြဿနာကို လမ်းလွှဲချင်တဲ့ တချို့ နိုင်ငံရေးသမားတွေရဲ့ အလိမ်အညာတွေမှာ နားမယောင်ဖို့ပါပဲ။ နိုင်ငံတွေအလိုက် အမျိုးသားရေး လက်သီးလက်မောင်းတန်းတဲ့ နိုင်ငံရေးသမားတွေကို အဆုံးအဖြတ်နေရာ မပေးကြဖို့ပါပဲ။ နိုင်ငံရေးပြဿနာ၊ ဆင်းရဲမွဲတေမှု၊ ရောဂါကပ်ဘေး၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု ပြဿနာတွေကို ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းတဲ့ ယဉ်ကျေးမှုကို လေးလေးနက်နက် စိတ်ပိုင်းဖြတ်ကြဖို့ ဖြစ်ပါတယ်။

(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading