“Talent နဲ့ တိုင်းပြည် ချစ်စိတ်ရှိလို့ နိုင်လာတာ”

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အောင်မြင်မှုတွေနဲ့ အလှမ်းဝေးကွာနေခဲ့တဲ့ မြန်မာဘောလုံး အသင်းဟာ ဒီတခေါက် ဘရှုနိုင်း ဘုရင့်ဖလား U-19 ပြိုင်ပွဲမှာ ဗီယက် နမ် လူငယ်ဘောလုံး အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မြန်မာ ဘော လုံး အသင်းဟာ ကစားဟန်နဲ့ စိတ်ဓာတ်က အရင်ပွဲစဉ်တွေနဲ့ လုံးဝကွဲထွက်နေပါတယ်။ ဒီလို မြန်မာဘောလုံးအသင်း အောင်မြင်မှု ရရှိလာတာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်ကို အခုလို ပြောပြခဲ့ပါတယ်။

မေး။    ။ ဒီတခေါက် မြန်မာဘောလုံးအသင်း အနိုင်ရ ဗိုလ်စွဲခဲ့တာ ဘာကြောင့်လဲ။ ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ။     ။ ဒီပြိုင်ပွဲမှာတော့ ကြိုတင်ပြင်ဆင်မှုက ပိုပြီးတော့ အဓိကကျပါတယ်။ အဓိကကတော့ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှု၊ နည်းပြတွေရဲ့ ဦးစီးဦးဆောင် လုပ်နိုင်မှုတွေပါပဲ။ အသင်းတသင်းကို ကွင်းတွင်းကွင်းပြင်မှာ စည်းနဲ့ကမ်းနဲ့ နေတတ်အောင်၊ နောက် တခုကတော့ Fair Play ကစားတတ်ဖို့၊ သန့်သန့်ရှင်းရှင်းနဲ့ အနိုင်ရအောင် ကစားဖို့ သင်ပေးထားတာမျိုး ရှိတယ်။

လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက U-19 အသင်းကို ဖွဲ့စည်းပြီးတော့ VITC Cup ကစားတယ်။ တနှစ်လောက်ကြာတော့ အာရှအဖွဲ့ချုပ်က U-19 ကို အိမ်ရှင်အနေနဲ့ Qualified Round ကစားတော့ ကျနော်တို့ Qualified မဖြစ်ဘူး။ မဖြစ်တော့ ကျနော့်အနေနဲ့ ဒီလက်ရွေးစင် အသင်းကို ပံ့ပိုးဖို့အတွက် U-19 တသင်း ကောင်းကောင်း ရှိမှရမယ်။ ရှုံးတာ နိုင်တာ အဓိကမကျဘူး။ အတွေ့အကြုံရှိအောင်တော့ U-19 အိမ်ရှင်အဖြစ် ကျင်းပမှ ဖြစ်မယ်ဆိုပြီး ကျနော်တောင်းတဲ့အခါမှာ ကျနော်နဲ့ အတူတူ ၅ နိုင်ငံလောက်က အိမ် ရှင် လုပ်ဖို့ တောင်းပါတယ်။ ကျနော်တို့ နောက်ဆုံး ရခဲ့တယ်။

အဓိကကတော့ ကျနော်တို့ နေပြည်တော်မှာ ၈ သင်းနဲ့ ရန်ကုန်မှာ ၈ သင်းပေါ့နော်။ ကျနော်တို့ ကစားဖို့လုပ်မယ်။ အာရှပြိုင်ပွဲကို လုပ်မယ့် အသင်းတသင်းဟာ အာရှအဆင့်တောင် မကစားနိုင်တဲ့ အနေအထားပေါ့နော်။ အိမ်ကွင်းလည်း လုပ်မယ်ဆိုတော့ တော် တော်ကို ပြင်ဆင်ဖို့လိုတယ်။ ဒါကြောင့် U-19 ကို ဗီယက်နမ်တို့ ၊ တရုတ်နိုင်ငံနဲ့ ဘရာဇီးတို့မှာ လုပ်တဲ့ပွဲတွေမှာ သွားပြိုင်တယ်။ အဲဒီလိုပြိုင် လိုက်တဲ့အခါမှာ ရလာတဲ့အတွေ့အကြုံ၊ နောက်တခုက လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ဒီအသင်းကို Myanmar National League 2 မှာ ကလပ်အသင်း တခုအနေနဲ့ ဝင်ကန်ခိုင်းထားတယ်။ နီးမှခေါ်ပြီး ကျင့်တာထက် အဲဒီလိုကစားနေတဲ့ အခါကျတော့ ကလေးတွေရဲ့ Team Work က အပြည့်ရတယ်။

ပြီးတော့ ကျနော် တခုဆုံးဖြတ်တယ်။ ဂျာမနီကို ကျနော်လွှတ်ချင်တယ်။ လွှတ်ချင်တယ်ဆိုတာက ကျနော်တို့ Level တခုကို ထပ်သွားမှရမယ်။ လွှတ်ဖို့ဆိုတာကလည်း ငွေကုန်ကြေးကျလည်း များတယ်။ ဘာအကျိုးအမြတ် ရှိမှာလဲဆိုတဲ့ မေးခွန်းကလည်း ရှိတယ်။ နည်းပြကလည်း ဂျာမန်နည်းပြ ဖြစ်နေတော့ ဒေါ်လာ ၅ သိန်းလောက်နဲ့ ဒီခရီးစဉ်ကို စီစဉ်လို့ရတယ်။

တကယ်တမ်းကျတော့ ဒီငွေကြေးက ကလေးတွေအတွက် သူတို့ကိုလည်း နားလည်အောင် ရှင်းပြရတယ်။ ကိုယ်တို့ ငယ်ငယ်တုန်း က ဆိုရင် ရန်ကုန်သွားဖို့အတွက် မိသားစုက အလှည့်ကျ လိုက်ရတာ။ ရထားခ မတတ်နိုင်လို့။ အဲဒီတော့ မင်းတို့ကို တကယ့်ကို စိတ် ထဲက အတိုင်းအတာတခု အထိ ဖြစ်စေချင်လို့ ဒီနိုင်ငံကို အစ်ကိုတို့လွှတ်ပေးတာ။ အဲဒါကြောင့် အမြဲတမ်းပေးဆပ်ဖို့ သူတို့ဆီက အစ်ကိုတို့ တောင်းဆိုထားတယ်။ ကိုယ့်နိုင်ငံအတွက်၊ ကိုယ်လူမျိုးအတွက် ဒါတွေကိုအားလုံး အလကားရတယ် ထင်ပြီးတော့ ပေါ့ပေါ့တန်တန် လုပ်မယ်ဆိုရင် ဆိုးကျိုးတွေ ကြုံရနိုင်တယ်။ ဆိုးကျိုးဆိုတာ အရှုံးကိုပြောတာပါ။

ကလေးတွေကလည်း နားထောင်တယ်။ လိမ္မာကြတယ်။ အဲဒီတော့ ဘာကြောင့်နိုင်လဲလို့ ပြောရင်တော့ ရေရှည်စီမံထားတာရယ်။ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုရယ်။ အသင်းပိုင်ရှင်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့်ပါ။ ဒီကစားသမားတွေကို အသင်း ပိုင်ရှင်တွေကနေ ကလပ်အနေနဲ့ မွေးထားတာရှိတယ်။ Academy တွေကနေ မွေးထားတာလည်း ရှိတယ်။ ကျနော်တို့ကို ပြန်ပေးတာပေါ့။ လေ့ကျင့်ဖို့ ပေးထားတာကကို ကူညီရာရောက်ပါတယ်။ အဲဒီလို ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အပိုင်းကလည်း ရလဒ် ကောင်းတခု ထွက်လာဖို့ အထောက်အကူ ဖြစ်ပါတယ်။

ပရိသတ်တွေ အားပေးနေတယ်ဆိုတာလည်း သိတယ်။ အနိုင်ကို အရမ်းငတ်မွတ်နေတာလည်း ပါတယ်။ ကြိုတင်ပြင်ဆင်မှု အား ကောင်းတာလည်း ပါတယ်။ Team work အနေနဲ့ အတူတူ တွဲကစားတာလည်း ပါတယ်။ နည်းပြချုပ်၊ အဖွဲ့ခေါင်းဆောင်နဲ့ လက်ထောက်နည်းပြတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ကလည်း အရမ်းကောင်းပါတယ်။

မေး။  ။ အခု ဒီ U-19 အသင်းက ကစားသမားတွေကို မွေးထားမှာလား။ ဒါမှမဟုတ် လက်ရွေးစင်အသင်းကို ပို့မှာလား။ ဘယ်လို အစီအစဉ် ရှိပါသလဲ။

ဖြေ။ ကျနော်တို့ရဲ့ အဓိက ပစ်မှတ်ကတော့ U-19 ပွဲပါ။ U-19 မတိုင်ခင်မှာ ဘယ် လက်ရွေးစင်အသင်းကိုမှ ပေးမှာမဟုတ်ပါဘူး။ နောက်တခုလည်း Risk ယူပြီးပြိုင်ဖို့ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ အာရှဂိမ်း ဝင်ကစားမယ့် ထိုင်းအသင်းနဲ့ ကျနော်တို့ သွားကစားကြည့်မယ်။ U-19 ပေါ့။

အားကစားက ကိုယ့်ထက်တော်တဲ့ သူတွေနဲ့မကစားဘဲ နေမယ်ဆိုရင်တော့ ကျနော်တို့အတွက် အခက်အခဲတွေ ရှိနိုင်တယ်။ ဒီပွဲမှာ လည်း ရလဒ်ကောင်း ထွက်မယ်လို့ မျှော်လင့်တယ်။

ကျနော်တို့ ဒီကနေ ဒီလ ၃၀ ရက်နေ့ ထွက်ပါမယ်။ ထိုင်းမှာ ကျနော်တို့ကစားမယ်။ ပြီးရင် ဘန်ကောက်မှာ လေ့ကျင့်မယ်။ နောက် ဗီယက်နမ်ကို ဆက်ထွက်မယ်။ ပြန်လာပြီးရင် ကျနော်တို့ Tranining ဆက်လုပ်မယ်။ ပြီးရင် အာရှပြိုင်ပွဲကို အောက်တိုဘာလထဲမှာ ဝင်ပြိုင်မယ်။

မေး။  ။ ဒီတခေါက် ရွှေတံဆိပ်ဆု ရလာတော့ မြန်မာတွေ တော်တော်ပျော်ကြတယ်။ အခုလို အောင်မြင်မှု ဘယ်လို ဆက်ထိန်းမလဲ။ ဘယ်လောက် အထိ ရည်မှန်းထားသလဲ။

ဖြေ။  ။ ကျနော်တို့ ဘောလုံးမှာက အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့်ဆိုပြီး ၃ မျိုးရှိတယ်။ ကျနော်တို့ ဘယ်အဆင့်အထိ သွားမလဲပေါ့။ အခု ကျနော်တို့ အာရှအဆင့်ဖြစ်တဲ့ U-19 ကို စမ်းကြည့်မယ်။ ပြီးရင် ကျနော်တို့ ကမ္ဘာ့အဆင့်ကို တိုးလို့ရမလားပေါ့နော်။

အခု ရှိနေတဲ့သူတွေက အရမ်းကိုကြိုးစားပြီး အရမ်းကိုကံကောင်းလို့ နေရာတခုကို ရောက်လာတာ။ ဒါပေမယ့် ကျနော့်အနေနဲ့ ပြောရရင် အများကြီးတော့ မျှော်လင့်မထားဘူး။ အာရှအဆင့်၊ ကမ္ဘာ့အဆင့်ကိုပေါ့။ ဒါပေမယ့် ကျနော်တို့ ဘာပြန်လုပ်ရမလဲလို့ မေးလို့ ရှိရင်တော့ ဒီဘောလုံးအတွက်ဆိုရင် ကျနော်တို့အနေနဲ့ သူများနိုင်ငံနည်းတူ လိုက်မလုပ်နိုင်ရင် ကျနော်တို့ ကျန်နေလိမ့်မယ်။

ဥပမာ ထိုင်းလိုနိုင်ငံမျိုးမှာ ကလပ်အသင်းတိုင်းမှာ အကယ်ဒမီ ရှိတယ်။ ကလပ်လိုင်စင် လုပ်လို့ရှိရင် အနည်းဆုံး အသင်း ၄ သင်း ရှိရမယ်။ ကလပ်တွေနဲ့ ကျောင်းတွေနဲ့ Affiliate လုပ်ပြီးတော့ ဘောလုံးပြိုင်ပွဲတွေ အများကြီးလုပ်တယ်။ ကျောင်းပြိုင်ပွဲ လုပ်ပြီးတော့ မှ ထူးခွန်တဲ့သူတွေကို အကယ်ဒမီထဲကို ထည့်တယ်။ အဲဒီအကယ်ဒမီတွေ အားလုံးဝိုင်းပြိုင်ပြီးမှ လူပြန်ရွေးပြီး National League ထဲကိုသွားတယ်။ ပြီးမှ Plan တွေချတယ်။ အဲဒီလိုလုပ်ဖို့ ကျနော်တို့မှာ Facilities၊ Financing၊ စပွန်စာတွေ လိုမယ်။ Infrastructure တွေ နိုင်ငံရဲ့ စီးပွားရေး ကောင်းလာလို့ လုပ်ပေးလာနိုင်မယ်ဆိုရင် ကျနော်တို့အနေနဲ့ ပိုကောင်းလာလိမ့်မယ်။

နောက်တခုကတော့ နည်းပြ Coaching ပေါ့နော်။ ကျနော်တို့ Coaching တွေက Grassroot Level ကိုသင်နိုင်တဲ့ Course၊ Professional Course၊ ကြားထဲမှာ C လိုင်စင်၊ B လိုင်စင်၊ A လိုင်စင်ဆိုတဲ့ အဲဒီလို Course တွေရှိတယ်။ အဲဒီလို Course တွေနဲ့အများကြီး မွေးမထုတ်ဘဲနဲ့ ဘောလုံးအနာဂတ်ကို တောက်ပအောင် လုပ်လို့မရဘူး။ ဆရာမပြ နည်းမကျ ဆိုသလိုပဲ ငါကန်တတ်ပါတယ်၊ ငါသင်မယ်ဆိုတာမျိုး လုပ်လို့မရဘူး။

ဒီကလေးတွေကို သင်ရုံတင် မဟုတ်ဘဲနဲ့ ပျော်အောင်လည်း ထားဖို့လိုတယ်။ ၁၀ နှစ်၊ ၁၂ နှစ် ကလေးလေးတွေလေ။ အဲဒီတော့ ကျောင်းတွေကို အဓိကထားပြီး သွားစေချင်တယ်။ ပြီးလို့ရှိရင် တိုင်းနဲ့ ပြည်နယ်တွေနဲ့ အားကစားဝန်ကြီးဌာနနဲ့ ဘောလုံးအဖွဲ့ချုပ် တွေ မှာ အကယ်ဒမီတွေရှိလာရင် ဒါတွေဟာ နောက်ထပ် အသီးအပွင့်တွေ ဖြစ်လာမယ်။

အဲဒါမျိုးတွေလုပ်ပြီး ၁ နှစ်အတွင်းမှာ နိုင်ငံခြား ပွဲ ၁၀ ပွဲ၊ ၁၂ ပွဲလောက် ကန်ခွင့်ရဖို့လိုတယ်။ အခုတော့ သူတို့တွေကို ကိုရီးယားတို့ ၊ ဂျပန်တို့ လွှတ်ပြီး ကစားခိုင်းတာမျိုးရှိတယ်။ အဲဒီလိုလုပ်ဖို့ လိုပါတယ်။ အဲဒါမှ အဖြေတခု ထွက်လာမယ်။

အပေါ်မှာရှိတဲ့ League ကလည်း သူတို့ကို ဘဝအာမခံချက်ရှိအောင် လုပ်ပေးရမယ်။ ဒီ Professional League ဆိုတာမရှိရင် ကစားသမားတွေအတွက် အနာဂတ် မရှိဘူး။ အရမ်းကြိုးစားလာပြီး အပေါ်ရောက်တော့မှ တလ ၅ သောင်း ၊ တသိန်းနဲ့ ဘောလုံး သမား ဘဝကို ရပ်တည်ရမယ်ဆိုရင် ဘဝ အာမခံချက်မရှိတဲ့အတွက် ဘယ်မိဘကမှ ဘောလုံးကစားခိုင်းမှာ မဟုတ်ဘူး။

ဒါကို Grassroot၊ ပြီးရင် National League ကနေ နောက်ဆုံး Professional အဆင့်အထိ ပြောင်းနိုင်မှရမယ်။ အဲဒီလို ပြောင်းနိုင် မယ့် အယူအဆတွေရှိပေမယ့် လိုက်လုပ်နိုင်မယ့်လူ လိုတယ်။ အချိန်လိုတယ်။ ငွေကြေးလိုတယ်။ ကျနော်တို့ နေ့ချင်းညချင်း လုပ် လို့မရဘူး။

ကျနော်တို့နိုင်ငံရဲ့ စီးပွားရေး အခြေအနေကြောင့် ဒီအသင်းတွေ သုံးတဲ့ပိုက်ဆံက အများကြီးလို ဖြစ်နေတာ။ ထိုင်းကလပ် အသင်း တွေသုံးတဲ့ ပိုက်ဆံကို ကြည့်လိုက်ပါ။ ကျနော်တို့ထက် ၆ ဆလောက်ရှိပါတယ်။ ဗီယက်နမ် ကလပ်တွေက ၅ ဆလောက်ရှိတယ်။ သူတို့မှာ ဘောလုံးအကယ်ဒမီရှိတယ်။ ၁၄ နှစ် တသင်းရှိတယ်။ ၁၆ နှစ် တသင်းရှိတယ်။ ၁၉ နှစ် တသင်းရှိတယ်။ ကလပ်တခုကို ပြောတာနော်။ သူတို့မှာ ကိုယ်ပိုင်ကွင်းတွေရှိတယ်။ ကျနော်တို့က သူတို့နဲ့ ပြိုင်မှာလေ။

ဒီတော့ ကျနော်တို့အသင်းတွေကို Branding လုပ်ဖို့လိုတယ်။ ဒီအသင်းတွေအတွက် စပွန်ဆာလည်းရှာရမယ်။ အသင်းတသင်းကို ဘောလုံးကန်တတ်ရုံနဲ့ Manage လုပ်လို့မရဘူး။ Business Management ပါ ပါလာတယ်။ ကလပ်တွေရဲ့ Institution ကောင်းဖို့အရမ်းလိုတယ်။ ကျနော်တို့က သူများနိုင်ငံနဲ့လည်း ပြိုင်သေးတယ်။ ပြီးတော့ သူများနိုင်ငံနဲ့ယှဉ်ရင် ဘာမှကိုမရှိတာ။ မရှိတဲ့အခါကြ တော့ ပြိုင်ပွဲက အရမ်းနိမ့်နေတယ်။ ဒါပေမယ့် ကျနော်တို့က အတင်းတိုးတယ်။ အရင်တုန်းက President Cup မှာ ဝင်ကစားတယ်။ အခု AFC Cup မှာ ဝင်ကစားတယ်။

အခုလို ဝင်ကစားမယ်ဆိုရင် ကလပ်လိုင်စင် လိုတယ်။ အခု ACL ထပ်တက်မယ်ဆို ကလပ်လိုင်စင်လိုပြီ၊ ကလပ်လိုင်စင် လုပ်မယ် ဆိုရင် ဟိုကမေးပြီ။ ကုမ္ပဏီရှိသလား။ ငွေကြေးလည်ပတ်မှု ဘယ်လောက်ရှိသလဲ။ အုပ်ချုပ်တဲ့လူက ဘယ်သူလဲ။ Grassroot နဲ့ Youth တွေကို ဘယ်လိုပြုစု ပျိုးထောင်သလဲ။ ကျနော်တို့မှာ Financial နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရဲ့လား။ Player Contract (ကစားသမားစာချုပ်) တွေ ခိုင်ခိုင်မာမာ ရှိရဲ့လား။ လေ့ကျင့်ရေးကွင်းတွေ ရှိရဲ့လား။ အဲဒါမျိုးတွေ မရှိဘူးဆိုရင် အာရှတိုက်ရဲ့ အမြင့်ဆုံးပြိုင်ပွဲကို ကျနော်တို့ ဝင်ပြိုင်လို့ရမှာ မဟုတ်ဘူး။

ဝင်ပြိုင်ခွင့်ရမှာ မဟုတ်ဘဲနဲ့ အာရှအဆင့်မှာ ချန်ပီယံဖြစ်ချင်တယ်ဆိုရင် စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်လိမ့်မယ်။ ကျနော့်အနေနဲ့ ပြောရရင် ဘောလုံးလောကက လုံးဝပြောင်းလဲသွားပြီ။ It is very Competitive game ပေါ့နော်။ ဒါကြီးက နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တယ်။ နိုင်ငံတိုင်းကလည်း သိက္ခာအတွက် ရင်းနှီးမြှုပ်နှံကြတယ်။ ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လာတယ်။

ထိုင်းမှာဆို ကလပ်အသင်း တသင်းက လက်ရွေးစင် အသင်းတခု အဖွဲ့ချုပ်တခုစာလောက် လုပ်နေတဲ့ အခါကျတော့ သူတို့ရဲ့တိုးတက်မှုက အရမ်းကိုကောင်းတယ်။ အဲဒါကြောင့် ခုနက ကျနော် စကားခံထားတာ။ ကျနော်တို့ ကလေးတွေက Talent နဲ့ တိုင်းပြည်ချစ်စိတ်ရှိလို့ ဒီလိုအဖြေထွက်တာ။ ကျနော်တို့မှာ ပြည့်စုံမှုကတော့ အရမ်းနည်းပါသေးတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading