ရန်ကုန်မြို့သစ် စီမံကိန်း ပြည်သူ့မျက်နှာကို မကြည့်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

လူမပြောင်းဘဲ မူသာပြောင်းထားသည့် သမ္မတ ဦးသိန်းစိန် အစိုးရ ပြောင်းလဲတိုးတက်မှု ရှိ၊ မရှိကို ၎င်းတို့ အစိုးရတဖွဲ့လုံး၏ လုပ်ဆောင်ချက် ရေချိန်ဖြင့် ပြည်တွင်းပြည်ပက တိုင်းတာစောင့်ကြည့်နေသည်။ ယခု သမ္မတ ဦးသိန်းစိန် အစိုးရကို စိန်ခေါ်မည့် ကိစ္စကြီးတခု ထပ်မံပေါ်လာသည်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ သူ့သဘောနှင့်သူ လုပ်ချင်ရာလုပ်ပြီးမှ အသိပေးသည်။ ပွင့်လင်းမြင်သာမှု လုံးဝမရှိဟု အကြီးအကျယ် ဝေဖန်ခြင်းခံနေရသော ရန်ကုန်မြို့သစ် စီမံကိန်းပင် ဖြစ်သည်။

တိုင်းလွှတ်တော်သို့ ဝတ်ကျေတန်းကျေ လာရောက်အသိပေးသော ယင်းစီမံကိန်းမှာ ပဏာမအရရော ငွေကြေးရင်းနှီးမြှုပ်နှံမှုအရပါ အဘက်ဘက်တွင် အငြင်းပွားစရာများ၊ အားနည်းချက်များ၊ ဝေဖန်စရာများ အပြည့်ဖြစ်နေသည်။ ဤမျှကြီးမားပြီး မဟာဗျူဟာအရလည်း သုံးသပ်စရာရှိနေသော စီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနတချို့ အရာရှိများကပင် မသိဟု ငြင်းဆိုခြင်း ခံနေရသည်။

ဤစီမံကိန်းကို လျှို့ဝှက်ထားရကြောင်း ရန်ကုန်တိုင်းအစိုးရက ပြောခဲ့သော်လည်း လက်တွေ့တွင် ၎င်းတို့နှင့် နီးစပ်ရာများက သတင်းကြိုရပြီး အုံနှင့်ကျင်းနှင့် မြေကွက်များ  ဝယ်ထားကြပြီးဖြစ်သည်။ ရန်ကုန်တိုင်း အစိုးရနှင့် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ လုပ်ရပ်၊ စီမံကိန်းအတွက် ပွင့်လင်းမှုမရှိဘဲ လုပ်ဆောင်မှု၊ နီးစပ်ရာ ဆွေမျိုးသားချင်း သင်္ဂဟများ စားပေါက်ပွင့်ခြင်းသည် စစ်အစိုးရလက်ထက် လုပ်ပုံလုပ်နည်းများအတိုင်းသာ ဖြစ်သည်။

ကြီးမားလှသည့် စီမံကိန်းကို အကောင်အထည် ဖော်မည်ဆိုလျှင်လည်း ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူများ အမှန်တကယ် အကျိုးရှိအောင် လုပ်ဆောင်သင့်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် အဘက်ဘက်မှ ကျဆင်းနေသည့်အထဲ အငြင်းပွားဖွယ် ယခုစီမံကိန်းက ထပ်ဆင့်၍ အနုတ်လက္ခဏာ ပြနေသည်။ ရှေ့ဆုံးမှ တာဝန်ခံရမည့် သမ္မတ ဦးသိန်းစိန်ကိုပါ ချိတ်ဆက်ပြောရလျှင် ၎င်း၏ အစိုးရအဖွဲ့ဝင်များအပေါ် မကိုင်တွယ်နိုင်ခြင်းသည် သူ၏ရရှိနေပြီးသော ပြည်တွင်း ပြည်ပ၏ အပေါင်းလက္ခဏာ အားပေးထောက်ခံမှုများကို တရှိန်ထိုးကျဆင်းစေသည်။

များစွာမကျန်တော့သော သမ္မတသက်တမ်းသည် အရှုံးပြလျက် နိဂုံးသတ်မည့် အခြေအနေသို့ ယခုဝေဖန်ခံနေရသည့် မြို့သစ်စီမံကိန်းကလည်း ပါဝင်တွန်းပို့တော့မည်ဖြစ်သည်။ တနိုင်ငံလုံး၏ ပြုပြင်ပြောင်းလဲရေးကို မဆိုထားနှင့်၊ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေး၊ ၎င်းချမှတ်သော မူဝါဒများကို လိုက်နာရေးကိုပင် သမ္မတ ဦးသိန်းစိန် မတတ်နိုင်သည်ကို တွေ့မြင်ရသည်။

အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးများကို ထိရောက်စွာ မလုပ်နိုင်ခဲ့။ လုပ်လျှင်လည်း အလွန်နောက်ကျပြီးမှ လုပ်ဆောင်ခဲ့သည်။ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို အရေးယူခဲ့ရာတွင်လည်း နည်းလမ်းကျမှုမရှိဟု အများက ရှုမြင်ထားသည်။

ယင်းသို့ မူဝါဒမပြတ်သားခြင်း၊ နှောင်ကြိုးများ မကင်းခြင်းနှင့် ယခင် စစ်အာဏာရှင်တို့၏ အမူအကျင့်များကို ဖယ်ရှားနိုင်သော အင်စတီကျူးရှင်းအဖြစ် မပြောင်းလဲနိုင်ခြင်းတို့သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင်ပြီး နိုင်ငံသူ နိုင်ငံသားတို့လည်း နစ်နာသည်။

သန့်ရှင်းသောအစိုးရ၊ တတိယလှိုင်း စသော လှပသည့်စကားလုံးများနှင့် လေထဲပစ်လွှင့်နေမည့်အစား စစ်အာဏာရှင်များ ထုံးစံအတိုင်း အချင်းချင်းငဲ့ညှာလျက် ပြည်သူ့မျက်နှာ မကြည့်သော လုပ်ဆောင်ချက်များကို ရပ်တန့်သင့်ပြီ။ မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် လက်နှင့်ရေးသမျှကို ခြေဖြင့်ဖျက်သည့်သူများ ရှိပါကလည်း ပြတ်သားစွာ လုပ်ဆောင်ခြင်းဖြင့် သန်းပေါင်း များစွာသော ပြည်သူလူထု၏ အကျိုးကို ရှေးရှုသင့်ပေပြီ။

Loading