ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန်တောင် ချောင်းဆုံရာ မြစ်ဝတွင် ဓမ္မစေတီမင်း၏ ကောင်းမှုတော် ခေါင်းလောင်းကြီးကို သြဂုတ်လ ၉ ရက် ကတည်းက စတင် ရှာဖွေနေသည်မှာ ယနေ့ဆိုလျှင် ရက်ပေါင်း ၂၀ ရှိပြီ ဖြစ်သည်။
ထိုခေါင်းလောင်အား ဦးဆောင်ရှာဖွေသူ ဦးစံလင်း (မြေပုံ) ၏ ကြေညာပြောဆိုချက်ကို ကိုးကားပြီး အစိုးရပိုင် မီဒီယာများ ဖြစ်သည့် မြန်မာ့ ရုပ်မြင်သံကြားနှင့် နေ့စဉ်ထုတ် သတင်းစာများ အပါအဝင် ပုဂ္ဂလိက သတင်း မီဒီယာများတွင် ဓမ္မစေတီ ခေါင်းလောင်းကြီး တွေ့ပြီဟု ရေးသားဖော်ပြကြသည်။
ဓမ္မစေတီ ခေါင်းလောင်းအား တူးဖော်ခွင့်ရရှိရန် ဦးစံလင်း (မြေပုံ) က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြတောင်းခံ ရာမှ ခွင့်ပြုချက်ရအပြီး မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် တူးဖော်တော့မည်ဟု သတင်းမီဒီယာများထံ ထုတ်ဖော်ပြောဆိုစဉ် က တည်း က ပြည် သူ များကြားတွင် စိတ်ပါဝင်စားမှု မြင့်တက်ခဲ့ပြီး ဓမ္မစေတီ ခေါင်းလောင်းအား ရှာဖွေ တူးဖော်နေချိန်တွင်လည်း ခေါင်းလောင်းကြီးနှင့် ပတ်သက်သည့် သတင်းများကို စိတ်ဝင်တစား ဖတ်ရှုပြောဆိုမှုများသကဲ့သို့ တူးဖော်နေသည့် နေရာသို့လည်း သွားရောက် လေ့လာကြည့်ရှုကြသည်ကို တွေ့မြင်ရသည်။
လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ခန့် ကတည်းက ရန်ကုန်မြစ်ဝတွင် ရှိသည်ဆိုသော ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူမှုနှင့် ပတ် သက် ၍ ၁၉၅၄ မှ ၁၉၆၂ ခုနှစ် အထိ ရန်ကုန်ဆိပ်ကမ်း အုပ်ချုပ်ရေး အဖွဲ့တွင် ပထမဆုံး တိုင်းရင်းသား ဆိပ်ကမ်း ရေကြောင်းပြ လုပ်ဆောင်ခဲ့ပြီး သင်္ဘောဆိပ် အရာရှိချုပ်၊ ၁၉၆၃ မှ ၁၉၇၂ အထိ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်း၏ ရေကြောင်း အရာရှိချုပ်၊ ပင်လယ်ရေကြောင်း သိပ္ပံ Institute of Marine Technology (IMT) ၏ ပထမဆုံး ကျောင်းအုပ်ကြီး ဖြစ်သူ စည်သူ ဦးကျော်သိန်းလွင်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါသည်။
ဦးကျော်သိန်းလွင်သည် ပြည်တွင်းစစ် ဖြစ်ပွားစ ၁၉၄၉ ခုနှစ်က ဖျာပုံ၊ မအူပင်၊ ဒေးဒရဲ စသည့် မြစ်ဝကျွန်းပေါ်၌ တပ်ဖြန့်ထား သည့် ဗမာ့ သေနတ်ကိုင် တပ်ရင်း (၃) ကို ကရင်လက်နက်ကိုင် KNDO ပိတ်ဆို့ထားသည့် ကြားမှ ပင်လယ် ရေလမ်းကြောင်းကို အသုံးပြီး ရန်ကုန်မြို့ အရောက် အောင်မြင်စွာ ခေါ်ဆောင်လာနိုင်ခဲ့သူလည်း ဖြစ်သည်။
မေး။ ။ အခုလတ်တလော ရန်ကုန်မြစ်ဝမှာ ဓမ္မစေတီမင်း ခေါင်းလောင်းကြီး ဆယ်ယူမှုနဲ့ ပတ်သက်ပြီး လူစိတ်ဝင်စားမှု အရမ်းများနေတယ်၊ ဒီရေလမ်းကြောင်းကို နှစ်ပေါင်းများစွာ ကျွမ်းကျွမ်းကျင်ကျင် သွားလာ အသုံးပြုခဲ့တဲ့ အန်ကယ့် အမြင်လေး သိပါရစေ။
ဖြေ။ ။ အခု ရှာဖွေရေး အဖွဲ့တွေက ခေါင်းလောင်းတွေ့ပြီ ပြောတယ်၊ ကြေညာတယ်၊ ကြိုးနဲ့ ချည်မိပြီ ပြောတယ်၊ ဒါပေမယ့် ကျနော် ထင်တာကတော့ သူတို့ ကြိုးချည်မိတဲ့ အရာက ခေါင်းလောင်းထက် ရေထဲမှာ မြုပ်နေတဲ့ ပင်လယ်ကူး သင်္ဘောတွေ ရပ်နားဖို့ သင်္ဘောချည်တဲ့ ဗောယာတွေ ဖြစ်ဖို့ပိုများတယ်။
ဘာကြောင့်လဲဆိုတော့ ဒုတိယ ကမ္ဘာစစ် မတိုင်မီက သင်္ဘောချည်တဲ့ ဗောယာတွေ ရန်ကုန်မြစ်ထဲမှာ သူ့အဆင့်နဲ့သူ အများကြီး ရှိတယ်၊ ပင်လယ်ကူး သင်္ဘောတွေ ချည်တဲ့ဗောယာဆိုရင် A Class သတ်မှတ်ထားတယ်၊ အချင်းက ၁၀ ပေလောက် ရှိတယ်။ အဲဒါမျိုးတွေ ရေဝင်ပြီးတော့ မြုပ်သွားတာတွေ၊ မဆယ်နိုင်တော့လို့ နုန်းအောက် ရောက်သွားတာတွေ အများကြီးရှိတယ်၊ ဒီဗောယာကြီး တွေ က ခေါင်းလောင်းကြီးနဲ့ ထုထည် တူနိုင်တယ်။ အလေးချိန်ကတော့ တူမှာ မဟုတ်ဘူး။ ဘာကြောင့် လဲ ဆိုတော့ ဒီဗောယာကြီး တွေက အထဲက ဘာမှမပါဘူး၊ အပေါ်မှာ ချည်တဲ့ကွင်း ပါတယ်။ ဒါကြောင့် အခု ခေါင်းလောင်းရှာတဲ့ ရေငုတ်သမားတွေ အနေနဲ့ ဒီ ဗောယာ အဟောင်းတွေကို ကြိုးသိုင်းပြီး တွေ့ပြီလို့ ပြောနေတယ်လို့ ထင်တယ်။
မေး။ ။ ဘာကြောင့် ဒီလို ပြောနိုင်ရတာပါလဲ။
ဖြေ။ ။ အခုတော့ ဒီလို ဗောယာတွေကို လူတွေသိတာ နည်းသွားပြီ။ ဘာကြောင့်လဲဆိုတော့ ပင်လယ်ကူး သင်္ဘောတွေက ဆိပ် ကမ်းမှာ သွားကပ်တော့တဲ့ အတွက်ပါ။ ဟိုတုန်းက သံလျင်ဘက်မှာ ဗောယာ ၄ လုံး ချထားတယ်။ ပင်လယ်ကူး သင်္ဘောတွေ ဆန် တင်ပြီးလို့ မန်းကီးပွိုင့်ကိုထွက်ရင် ရေတက်မှ ထွက်ရတာ။ ဆက်ထွက်ရင် ပင်လယ်ဝမှာ သောင်တင်နိုင်တယ်။ အဲဒါကြောင့် အဲဒီ ဗောယာကြီးတွေမှာ ကြိုးချည်ထားပြီး နောက်နေ့မှ ထွက်ရတယ်။
အဲဒီလို ဗောယာမျိုးတွေ အခုဆို တခုပဲ ရှိတော့တယ်၊ ဟိုတုန်းကတော့ အဲဒီလို ဗောယာတွေကို ၂ နှစ်တကြိမ် မဟုတ် အသစ် နဲ့ လဲလှယ်ပေးရတယ်။ နောက်ပိုင်း ဒါမျိုး ပြုပြင်လဲလှယ်ပေးတာ မရှိတော့လို့ ရေဝင်ပြီး မြုပ်သွားတယ်၊ မြုပ်သွားရင် ပြန်ဆယ် ပေးတဲ့ ဆိပ်ကမ်းအဖွဲ့တွေလည်း မရှိတော့ဘူး။ ဒုတိယ ကမ္ဘာစစ်အတွင်းတုန်းက မြုပ်သွားတာတွေလည်း ရှိတယ်။ ဒါကြောင့် ရေငုတ်တဲ့ လူတွေနဲ့ သောင်တူးစက်နဲ့တူးတော့ တွေ့တယ်ဆိုတာ အဲဒီလိုဟာတွေလို့ ထင်တယ်။ မြစ်ထဲဆိုတာ ဘာမှမြင်ရတာ မဟုတ်ဘူး။ စမ်းကြည့်မှ သိတာ။ ရေငုတ်တဲ့ လူတွေက ကွင်းကိုစမ်းမိပြီး ကြိုးသိုင်းခဲ့တယ်လို့ ထင်တယ်။
မေး။ ။ ဒီလို ရေအောက်ထဲတွင်မက နုန်းတွေဖုံးနေတဲ့ ပစ္စည်းတခုကို ဘယ်လို ရှာသင့်ပါသလဲ။
ဖြေ။ ။ မြစ်ရဲ့သဘောအရ မိုးရွာလို့ အထက်က ကျလာတဲ့ ရေနဲ့အတူ နုန်းတွေသဲတွေ ပါလာမယ်၊ ခေါင်းလောင်ကြီးလို လေးတဲ့ ပစ္စည်းကတော့ မျောမသွားဘူး၊ ဒါပေမယ့် နုန်းတွေကတော့ သူ့အပေါ်မှာ ပို့နေမှာပဲ၊ အဲဒီတော့ အပေါ်မှာ နုန်းတွေ ထပ် နေတော့ အောက်မှာ ဘာရှိသလဲ ဆိုတာ ရိုးရိုးသာမန်အားဖြင့် မသိနိုင်ဘူး၊ သိဖို့ ခက်မယ်၊ ရှာဖွေတဲ့ နေရာမှာ ခေတ်မီ စက်ကိရိယာတွေ ပါမှ ဖြစ်မယ်၊ ဒါတွေကို ငှားရင်ငှား ဝယ်ရင်ဝယ်ရမယ်၊ ဒါမှပဲ ရေအောက်မှာ တွေ့ထားတဲ့ အရာဟာ သင်္ဘောပုံလား၊ ဗောယာလား၊ ခေါင်း လောင်းလား ဆိုတာ ကွဲပြားလိမ့်မယ်။
သူတို့ အခုလို ရှာနေပုံနဲ့တော့ မဖြစ်ဘူး၊ နောက်တခုက ဆလုံတွေက ရေကူး ဘယ်လောက်တော်တော်၊ ဘယ်လောက် အသက် အောင့်ထား နိုင်မှာလဲ၊ နောက် အဲဒီနေရာမှာ ရေငုတ်ရင် ရေတက်ရေကျက တနေ့ကို လေးခါရှိတယ်၊ အတက်နဲ့ အကျကြားမှာ ရေငြိမ် တဲ့ အချိန်က ၁၀ မိနစ်၊ ၁၅ မိနစ်ပဲ ရှိတယ်၊ အဲဒီ မတိုင်ခင်မှာတော့ ရေက အမြဲစီးနေတာပဲ၊ ရေစီးနေရင်တော့ ငုတ်မရဘူး၊ ရေ သေ တဲ့ အချိန်မှ ငုတ်လို့ရမယ်၊ တနေ့ကို နေ့ခင်းပိုင်းဆို နာရီဝက်ထက် ပိုငုတ်လို့ မရဘူး။
တကယ် ရှာချင်ရင် ရေအောက်က ပစ္စည်းတွေ၊ ရေငုတ်သင်္ဘောပျက်တွေကို ရှာပေးတဲ့ နိုင်ငံခြားကုမ္ပဏီတွေ ရှိပါတယ်။ သူတို့ဆီမှာ Portable Equipment တွေနဲ့ ရှာရင်တော့ ရနိုင်ပါတယ်။ အဲဒီလိုမျိုး ဖြေရှင်းမှ ရမယ်။ မြန်မာနည်းချည်းပဲ မရနိုင်ဘူး၊ သိပ္ပံနည်း ကျ သုံးသင့်တယ်။
မေး။ ။ သူတို့က ခေါင်းလောင်းကြီးလို့ ပြောတဲ့အရာကို တွေ့ပြီ၊ ဆယ်တင်ပြီး၊ ရွှေတိဂုံကုန်းပေါ် မကြာခင် ပြန်ရောက်တော့မယ် ပြောနေကြတယ်၊ အဲဒီအပေါ်မှာရော ဘယ်လို ထင်ပါလဲ။
ဖြေ။ ။ တွေ့တာက တပိုင်း၊ ဆယ်တာက တပိုင်း ပြောရလိမ့်မယ်။ ဆယ်နည်းကတော့ ကရိန်းကောင်းလို့လည်း မရဘူး၊ ရှေးတုန်းက ဆယ်ယူနည်းမျိုး ရေတက်ရေကျကိုပဲ သုံးရလိမ့်မယ်၊ ကျနော်ကိုယ်တိုင် တွံတေးချောင်းထဲမှာနှစ်ထပ်သင်္ဘော ဆယ် ဖူး တယ်၊ အလေးချိန်ကတော့ အခုပြောနေတဲ့ ခေါင်းလောင်းကြီးလောက်ပဲ၊ အဲဒီသင်္ဘောကို ဆယ်တာ ၃လ ကြာတယ်၊ ဒါတောင် ဟိုတုန်းက ဆိပ်ကမ်းမှာရှိတဲ့ ရေငုတ်အဖွဲ့နဲ့ ဝတ်စုံပြည့်၊ အောက်ဆီဂျင်ဘူးနဲ့ ဆယ်တာ၊ အဲဒီလို ကြီးကြီးကျယ်ကျယ် လုပ်ခဲ့တာ တောင် ၃လ ကြာတယ်။
နောက်တခုက အခုခေါင်းလောင်းလို့ ထင်ရတဲ့အရာ တွေ့ထားတဲ့နေရာက ရန်ကုန်မြစ် အဝင်၀ သင်္ဘောကြီးတွေ အမြဲသွားနေ တာ။ ရေလမ်းကြောင်း ကျဉ်းတယ်။ အဲဒီတော့ သူတို့ကသာ ဒီအရာကို ဆယ်ယူမယ်ဆိုရင် သင်္ဘောလမ်းက ရပ်ထားရမယ်။
အဲဒီနားတဝိုက်မှာ တကယ့်သင်္ဘောကြီးတွေ သွားလာနိုင်တဲ့ အနက်က ကိုက် ၁၀၀ သာသာပဲ ရှိတယ်၊ ရှောင်သွားလို့ ရရင်တော့ ကောင်းတာပေါ့၊ ခေါင်းလောင်းလို့ ယူဆရတဲ့ အရာကို တူးတာနဲ့ နိုင်ငံခြားသင်္ဘော အဝင်အထွက် ဘယ်ဟာက အရေးကြီးသလဲ ဆိုတာ စဉ်းစားရမှာပေါ့။ ဒါကြီးက အရေးကြီးတယ် ဆိုရင်တော့ သင်္ဘောဆိပ်ကမ်း ပိတ်ထားဖို့ပဲ ရှိတယ်။ ။