ကျမတို့ လူသားတိုင်းဟာ အသက်ရှင်သန်ရေးအတွက် နေ့စဉ်နဲ့အမျှ သင့်တင့်မျှတတဲ့ အစားအစာတွေကို စားသောက် ရပါတယ်။ ဒါကြောင့် စား၊ ဝတ်၊ နေရေးမှာ စားရေးက ထိပ်ဆုံးက ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ကျမတို့ စားနေရတဲ့ အစားအစာတွေဟာ “လုံခြုံစိတ်ချရမှု” ရှိရဲ့လား၊ “အာဟာရ တန်ဖိုးပြည့်ဝရဲ့လား”၊ “ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား” ဆိုတာ တဘက်ကလည်း မေးခွန်းထုတ်ဖို့ လိုအပ်နေလာနေပါပြီ။
ဒီနေ့ခေတ်မှာ လတ်လတ်ဆတ်ဆတ် စားသောက်ရတဲ့ အစားအစာတွေထက် တံဆိပ်မျိုးစုံနဲ့၊ ထုပ်ပိုးမှုမျိုးစုံနဲ့ အသင့်စား အစားအစားတွေ ပိုများလာနေပါတယ်။ တံဆိပ်မျိုးစုံရှိတဲ့ အစားအစာတွေဟာ ပါဝင်တဲ့ ပစ္စည်း (Ingredient) တွေကို မှန်မှန်ကန်ကန် ဖော်ပြထားမှု အားနည်းလှပြီး ထုတ်လုပ်တဲ့ ရက်စွဲ၊ သက်တမ်းကုန်ဆုံး မယ့်ရက်စွဲတွေကို ဖော်ပြ ထားတာရှိသလို မဖော်ပြတာလည်း ရှိပါတယ်။ ဒါ့အပြင် စားသုံးဖို့ မသင့်တော်တဲ့ တဖက်နိုင်ငံက (တိတိကျကျ ဖော်ပြရရင် တရုတ်နိုင်ငံက) စားသောက်ကုန်တွေကို မြန်မာနိုင်ငံဘက်ကို တရားမဝင်ပို့ဆောင်နေပြီး ဈေးကွက်ထဲ ရောက်နေတဲ့ အန္တရာယ်ဟာ တော်တော်လေး ကြောက်စရာကောင်းပါ တယ်။
Mobile Team တွေနဲ့ စစ်ဆေးနေတယ်လို့ ဆိုပေမယ့် တရုတ်ကုန်ပစ္စည်းတွေက အောတိုက် ဝင်ရောက်လာ နေတာကို ငြင်းလို့မရပါဘူး။ ဂျူးမြစ်ချောင်းလို့ ခေါ်တဲ့ အစပ်မုန့်တွေ၊ ကြက်အူချောင်း၊ ဝက်အူချောင်းတွေ၊ အာခေါင်အတွင်း ဖျန်းလို့ရတဲ့ အချိုရည်ဘူးတွေ၊ နို့နဲ့ ဒိန်ခဲတွေပါဝင်ပါတယ်။ ဂျူးမြစ်ချောင်းလို့ခေါ်တဲ့ အစပ်မုန့် စားမိတဲ့ ကလေးငယ် တချို့ဟာ မျက်နှာမှာ အနီရောင်အဖုအပိန့်နဲ့ အကွက်တွေ ထလာတာ၊ နှုတ်ခမ်းတွေ ရောင်ရမ်းလာတာ၊ လျှာပေါ်မှာ ပြည်တည်တာနဲ့ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေကို တွေ့ရတယ်လို့ သြဂုတ် ၂၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖတ်ရှုလိုက်ရပါတယ်။ ဒါဟာ တရုတ်ဘက်က ကုန်ပစ္စည်း ထုတ်လုပ်သူတွေအနေနဲ့ Food Safety ကို အလေးမထားတာ ထင်ရှား သိသာလွန်းနေပါတယ်။
တာရှည်ခံ ဆိုးဆေးတွေ၊ ဓာတုဆေးတွေ ပါဝင်နေရင် စားသုံးမိသူတွေအနေနဲ့ ဆီးချိုရောဂါ၊ ကလေးတွေဆိုရင် အဝလွန် ရောဂါ၊ အူ၊ အစာအိမ်ရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်ခြေရှိပါတယ်။ သိပ်မကြာသေးမီကပဲ တရုတ်ဘက်က တင်သွင်း လာတဲ့ ကြက်အူချောင်းကို ကြော်စားမိတဲ့ ကျမမိတ်ဆွေ တယောက်ဟာ Food Poison (အစာအဆိပ်သင့်မှု) ဖြစ်ပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ပြဿနာက ကျောင်းမုန့်ဆိုင်တန်းတွေ၊ ရပ်ကွက် အိမ်ဆိုင်တွေမှာ တရုတ်လုပ် အစားအစာတွေ အပါအဝင် စားသုံးသူတွေကို အန္တရာယ်ဖြစ်စေတဲ့ မုန့်တွေ၊ အစားအစာတွေ လှိုင်လှိုင် ရောင်းချ နေကြတာပါပဲ။
တရုတ်နိုင်ငံရဲ့ ပကတိ အနေအထားကို ပြန်ကြည့်မယ်ဆိုရင် သူ့နိုင်ငံအတွင်းမှာပဲ Food Safety မရှိတဲ့ ပြဿနာကို ရင်ဆိုင်နေရတာပါ။ ၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ထုတ် Japan Times သတင်းစာမှာ Chinese Trade Lead Poisoning Test Results For Milk ဆိုတဲ့ ဆောင်းပါးတပုဒ် ပါလာပါတယ်။ ရေးသားသူက ရိုက်တာ သတင်းထောက် အလတ်ဇန်းဒရား ဟာနီ ပါ။ ဆောင်းပါးရဲ့ အနှစ်ချုပ်ကို ပြောရရင် လူဦးရေ ၆၂၀၀၀ နေထိုင်တဲ့ ဒါပုမြို့က သတ္တုသန့်စင် စက်ရုံတွေနဲ့ ဓာတုပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေ တည်ရှိတဲ့ လူနေရပ်ကွက် ရှစ်ခုအတွင်းက တချို့ကလေးငယ်တွေမှာ သွေးထဲ ခဲဓာတ်ပါဝင်မှုနှုန်း မြင့်မား နေပါသတဲ့။ အဲဒါကို ဒေသ အာဏာပိုင်တွေက ဆေးစစ်ချက် သူတို့ကို ပေးရင် ကလေးငယ်တွေ အတွက် နွားနို့ အလကားပေးမယ်၊ နွားနို့က ခဲပါဝင်မှုကို လျှော့ချနိုင်တယ်လို့ အကြောင်းပြပါတယ်။ တကယ်တမ်းမှာကျတော့ နွားနို့ သောက်တာဟာ ခဲဆိပ်ပါဝင်မှုကို လျှော့ချမပေးနိုင်ဘူးလို့ အမေရိကန်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာနက ဆိုပါတယ်။ ၂၀၀၈ ခုနှစ်ကဆိုရင် နို့မှုန့်ထဲမှာ ဓာတုပစ္စည်း “မယ်လမင်း” ပါဝင်မှုကြောင့် ကလေးခြောက်ဦး သေဆုံးခဲ့ရသလို၊ ရာချီ နေမကောင်းဖြစ်ခဲ့ရပါတယ်။ ခဲဆိပ်ပါဝင်မှု သွေးထဲမှာ များနေတဲ့ ကလေးတွေကို နွားနို့ပေးတာဟာ တရုတ်ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ညံ့ဖျင်းမှု၊ တာဝန်မယူလိုမှုကို ပေါ်လွင်စေ ပါတယ်။
သူ့နိုင်ငံမှာ စားသုံးသူတွေက လက်မခံတဲ့ အစားအစာတွေကို ကျမတို့ မြန်မာနိုင်ငံကို ပို့ဆောင်နေတာ မတားမြစ်နိုင်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရမှာ မလွဲပါဘူး။ တဘက်ကလည်း အစားအသောက်နဲ့ ပတ်သက်တဲ့ ဥပဒေ အသက်ဝင်ဖို့ လိုအပ်လာနေပါပြီ။ ကျောင်းမုန့်ဈေးတန်းမှာ ရောင်းချခွင့်ရှိသူတွေ အတွက် မုန့်အစိုရောင်းတာနဲ့ မုန့် အခြောက်ရောင်းတာလို့ ခွဲခြားထားပြီး မုန့်အစို ရောင်းချသူတွေဟာ လက်အိတ် (ဒါမှမဟုတ်) ညှပ်တွေ အသုံးပြုရမယ်လို့ ဆိုပါတယ်။ မုန့်အခြောက် ရောင်းသူတွေကတော့ FDA ကနေ ခွင့်ပြုချက် မရှိတဲ့ အစားအသောက်တွေ၊ ဆိုးဆေးပါဝင်တဲ့ အစားအစာတွေ မရောင်းချဖို့ တားမြစ်ထားပါသတဲ့။ စဉ်းစားစရာက ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း စစ်ဆေးမှုတွေ အမြဲ လုပ်ဆောင်နိုင်ပ့ါမလားဆိုတဲ့ မေးခွန်းပါ။
ရန်ကုန်မြို့မှာ လမ်းဘေး စားသောက်ဆိုင်တွေ ကလည်း မြို့နယ်တိုင်းလိုလိုမှာ တွေ့ရပါတယ်။ ဒါပေမယ့် လမ်းဘေး စားသောက်ဆိုင်တွေရဲ့ လုံခြုံစိတ်ချရမှု၊ သန့်ရှင်းမှု အပိုင်းက အရမ်း အားနည်း နေပါသေးတယ်။ အသုပ်တွေနဲ့ တွဲဖက်စားရတဲ့ အချဉ်ရည်ဟာ ဆိုးဆေးပါသလို ရက်လွန်အချဉ်ရည်ဆိုရင် ဝမ်းလျှောနိုင်ပါတယ်။ အီကြာကွေး၊ စမူဆာတို့ ကြော်ရာမှာ သုံးတဲ့ဆီက Saturated Fat လို့ ခေါ်တဲ့ “ပြည့်ဝဆီ” ကိုသုံးကြပါတယ်။ ဒါ့အပြင် ကြော်ပြီးသားဆီကို ထပ်ကြော်တဲ့ အတွက် သန့်ရှင်းမှုကို ဘယ်လိုမှ အာမ မခံနိုင်ပါဘူး။
အကင်တွေကို ကျယ်ကျယ်ပြန့်ပြန့် စားသောက်နေတာလည်း ကင်ဆာရောဂါတွေကို ဖိတ်ခေါ်နေတာပါ။ လမ်းဘေး ထမင်းဆိုင်တွေမှာ ပေးတဲ့ ငါးပိရည်ဟာ လတ်ဆတ်မှု သိပ်မရှိသလို၊ ဟင်းချက် ရာမှာ အချိုမှုန့်၊ အရောင်တင်မှုန့်တွေ သုံးထားတဲ့ အတွက် ကင်ဆာဖြစ်နိုင်ပါတယ်။ ငရုတ်သီးခြောက်မှာပါတဲ့ မှိုတမျိုးက အသည်းကင်ဆာ အထိ ဖြစ်နိုင်သလို၊ တို့စရာဖြစ်တဲ့ အသီးအရွက်တွေကို စင်ကြယ်အောင် ဆေးကြောထားရဲ့လား၊ ဆားရည်စိမ်ထားရဲ့လားဆိုတာာ ထည့်သွင်း စဉ်းစားစရာပါ။ ကိုယ်တိုင်ကြုံတွေ့ဖူးတာကို ပြောရရင် လမ်းဘေးမှာ ရောင်းတဲ့ သံပရာ၊ ကျောက်ကျော၊ မန်ကျည်း ဖျော်ရည် ဆိုင်တဆိုင်မှာ သုံးတဲ့ ခွက်တွေကို ပုံးထဲမှာ နှစ်ရုံပဲနှစ်ပြီး တခါပဲ ဆေးပါတယ်။ ပုံးထဲမှာလည်း ကျောက်ကျော ဖတ် အကြွင်းအကျန်တွေ၊ အနယ်တွေကို တွေ့ရတဲ့အတွက် အဲဒီခွက်တွေနဲ့ပဲ သောက်နေသူတွေဟာ အသည်းရောင် အသားဝါရောဂါ ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။
လမ်းဘေးဆိုင်ကို မဆိုထားနဲ့ ဆိုင်ကြီးတွေမှာတောင် ရောင်းချတဲ့ အစားအစာတွေကို စိတ်ချရတယ်လို့ မဆိုနိုင် ပါဘူး။ တချို့ ဘီယာဆိုင်တွေရဲ့ မီးဖိုချောင်မှာ ဖြစ်သလို ထားထားတဲ့ အသီးအရွက်တွေနဲ့ ဟိုသည် ပြေးလွှားနေတဲ့ ကြွက်တွေကို တွေ့နိုင်ပါတယ်။ ကြွက်ရဲ့ ကျင်ငယ်ရည်နဲ့ ထိတွေ့မိတဲ့ အစားအသောက်တွေကို စားမိရင် အသည်းနဲ့ ကျောက်ကပ် ပျက်စီးတဲ့ အထိ ဖြစ်နိုင်ပါတယ်။ မကြာသေးခင်ကပဲ ထမင်းဆိုင်ကြီး တဆိုင်ကနေ ငရုတ်သီးငါးပိထောင်းကို ကျမ ဝယ်ယူ စားသုံးခဲ့မိပါတယ်။ အဲဒီမှာ ငရုတ်သီးမှာပါတဲ့ မှိုကြောင့် ဝမ်းကိုက်ပိုးဝင်သွားပြီး ပျောက်ကင်းအောင် တော်တော်လေး ကြိုးစားခဲ့ရတဲ့အခါ အစားအစာ လုံခြုံမှု ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ လက်တွေ့သိခဲ့ရတာပါပဲ။
တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံတွေမှာ စားသုံးသူတွေကို ထိုခိုက်ရင် တရားစွဲဆိုနိုင်ပေမယ့် မြန်မာနိုင်ငံမှာတော့ စားသုံးသူ တွေဟာ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေး မရသေးတာ သေချာပါတယ်။ တချို့ကျတော့ ဈေးပါတဲ့ အစားအစာတွေ စားရင် ဘာဖြစ်နိုင်တယ်ဆိုတာ သိပေမယ့် ဝင်ငွေနဲ့ထွက်ငွေကို မျှတအောင် သုံးစွဲနေရတာကြောင့် ကျန်းမာရေး ထိခိုက် ရတာတွေလည်း ရှိပါတယ်။ ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ အစားအသောက်နဲ့ ပတ်သက်တဲ့ ဥပဒေ ရှိ၊ မရှိ ကြည့်ရအောင်ပါ။
၁၉၉၇ ခုနှစ်ကတည်းက အမျိုးသား အစားအသောက် ဥပဒေကို ပြဋ္ဌာန်းထားပြီးပါပြီ။ ဒါပေမယ့် ဥပဒေက ဥပဒေအတိုင်းပဲ ရှိနေလေတော့ ဘာမှ ထူးခြားမလာခဲ့ပါဘူး။ ဒီလိုနဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လထဲမှာ အမျိုးသား အစားအသောက် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ထွက်ပေါ်လာခဲ့ပါတယ်။
အမျိုးသား အစားအသောက် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေပုဒ်မ ၂ မှာ “အစားအသောက်ဆိုသည်မှာ ဆေးဝါး၊ ဆေးရွက်ကြီးနှင့် အလှကုန်ပစ္စည်းများမှအပ လူတို့ စားသောက်နိုင်သော စားသောက်ဖွယ်ရာနှင့် ယင်းတို့တွင် ပါရှိသော ပစ္စည်း သို့မဟုတ် အစားအသောက် ထပ်ဖြည့်ပစ္စည်းကို ဆိုသည်။ ယင်းစကားရပ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ အမိန့်ကြေညာစာ ထုတ်ပြန်၍ အစားအသောက်ဟု သတ်မှတ်သော ပစ္စည်းလည်း ပါဝင်သည်” လို့ အစားအသောက်ဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့် ဖော်ပြထားပါတယ်။
ဘယ်လို အစားအသောက်တွေကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ တင်သွင်း၊ ရောင်းချဖို့ တားမြစ်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၂ မှာ ဖော်ပြထားတာက …
၁။ စားသုံးသူကို အဆိပ်သင့်စေနိုင်သော၊ ဘေးဥပါဒ်အန္တရာယ် ဖြစ်စေနိုင်သော သို့မဟုတ် ကျန်းမာရေးကို ထိခိုက် စေနိုင်သော အစားအသောက်။
၂။ အစားအသောက်၏ သဘာဝ၊ ဒြပ်ဝတ္ထု သို့မဟုတ် အရည်အသွေးကို ထိခိုက်စေပြီး ဘေးဥပါဒ်အန္တရာယ် ဖြစ်စေရန် အရာဝတ္ထု တခုလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ၊ အစားထိုးထားသော သို့မဟုတ် ရောစပ်ထားသော အစား အသောက်။
၃။ အစားအသောက် ထပ်ဖြည့်ပစ္စည်းကို သတ်မှတ်ချက်ထက် ပိုမိုအသုံးပြုထားသော အစားအသောက်။
၄။ သက်ဆိုင်ရာက သတ်မှတ်ထားသည့် စိုက်ပျိုးရေးဆိုင်ရာ ဓာတ်ပစ္စည်း အများဆုံး ပါဝင်ခွင့်ရှိသော ပမာဏထက် ပိုမိုပါရှိသော အစားအသောက်။
၅။ သက်ဆိုင်ရာက တားမြစ်ထားသည့် ပစ္စည်းဖြစ်စေ၊ ခွင့်မပြုသည့် ပစ္စည်းဖြစ်စေ ပါရှိသော အစားအသောက်။
၆။ ပုပ်သိုးသော၊ ပျက်စီးသော သို့မဟုတ် လူတို့စားသုံးရန် မသင့်လျော်သော ပစ္စည်းပါရှိသည့် အစားအသောက်။
၇။ စံမမီ အစားအသောက်။
၈။ အစားအသောက်တွင် မပါဝင်သည့် ဂုဏ်သတ္တိကို အမှတ်တံဆိပ်ပေါ်တွင် လွဲမှားဖော်ပြထားသော အစားအသောက်။
၉။ လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာ အစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းက သတ်မှတ်သည့် အချက် အလက်များ မပါရှိသော အစားအသောက်တို့ ဖြစ်ပါတယ်။
အမှတ်စဉ် ၁ ကနေ ၆ အထိ အစားအသောက်တွေကို ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချလို့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ်သုံးနှစ်၊ သုံးသိန်းထက် မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်မယ်လို့ ပုဒ်မ ၂၈ မှာ ပြဋ္ဌာန်း ထားပါတယ်။ သေချာတာက လက်ရှိ ထုတ်လုပ်၊ ရောင်းချ၊ တင်သွင်း၊ ဖြန့်ဖြူးနေကြတဲ့ အစားအသောက်တွေဟာ (အားလုံးကို ဆိုလိုတာ မဟုတ်ပေမယ့်) စံချိန်စံညွှန်း မမီတဲ့ အစားအသောက်တွေ ဖြစ်နေကြတာပါ။ အချိုရည်မှာ မှိုတွေ တွေ့ရတာမျိုး၊ ငပိမှာ ယူရီးယား တွေ့ရတာမျိုးတွေပေါ့။ ပဲဆီ၊ နှမ်းဆီ စစ်စစ်ဆိုတဲ့ ဆီတွေဟာလည်း အရောအနှောတွေ ထည့်ထားပြီး ကြည်ရှည်ခံအောင် စီမံထားတဲ့ ကြက်အူချောင်း၊ ဝက်အူချောင်းတွေမှာ ယမ်းစိမ်း လိုတာထက် ပိုထည့်ထားတာမျိုး ရှိနေပါတယ်။
ဥပဒေတရပ်ဟာ ထုတ်ပြန်ထားရုံနဲ့ မပြီးပါဘူး။ လက်တွေ့ အကောင်အထည် ဖော်မှသာ သက်ဝင်လှုပ်ရှားလာမှာပါ။ ရန်ကုန်နဲ့တကွ နယ်မြို့တွေမှာ ရောင်းချနေတဲ့ စားသောက်ဆိုင်တွေကို ကြပ်မတ်စစ်ဆေးတဲ့ အဖွဲ့တွေထားရှိပြီး စိတ်ချရတဲ့ အနေအထားရှိတဲ့ ဆိုင်တွေကိုပဲ ဖွင့်ခွင့် ပေးသင့်ပါတယ်။ မြန်မာနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းက ဝင်ရောက် လာနေတဲ့ အစားအသောက်တွေကို Mobile Team တွေနဲ့ အခုထက် အားဖြည့်စစ်ဆေးသင့်ပြီး စားသုံးဖို့ မသင့်တော်တဲ့ အစားအသောက်တွေကို ဖျက်ဆီးသင့်ပါ တယ်။ ကျောင်းတွေမှာ ရောင်းချနေတဲ့ အစားအသောက် တွေကို နှစ်လတကြိမ်လောက် သွားရောက် စစ်ဆေး သင့်ပါတယ်။ စူပါမားကတ်တွေမှာ အခန့်သား နေရာယူထားတဲ့ စံချိန်စံညွှန်း မမီတဲ့ အသင့်စား (Ready Made) အစားအသောက်တွေကို ဈေးကွက်က ပြန်သိမ်းယူရမှာ ဖြစ်ပါတယ်။
ဓာတုဆေး၊ တာရှည်ခံဆေးတွေ ပါဝင်တဲ့ အစားအသောက်တွေရဲ့ ဆိုးကျိုးတွေကို အများပြည်သူသိရှိအောင် သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ တဆင့် ပညာပေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။ အခုဆိုရင် စားသုံးသူ ကာကွယ်ရေး အသင်းအနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီလုပ်ဆောင်နေတာ၊ အသိပေးနေတာတွေ့ရလို့ ဝမ်းသာရပါတယ်။
လူတိုင်း အစားအသောက် မစားဘဲ နေလို့မဖြစ်တာကြောင့် စားသမျှ အစားအသောက်ဟာ အဆိပ်အတောက် မဖြစ်စေဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုပါတယ်။ အများပြည်သူ အနေနဲ့လည်း ကျန်းမာရေးသတိ၊ အသိနဲ့ အာဟာရဓာတ် ပြည့်ဝနိုင်မယ့် အစားအစာတွေကို ရွေးချယ် စားသောက်ဖို့ လိုသလို တဘက်ကလည်း ညံ့ဖျဉ်းပြီး စံချိန်စံညွှန်းမမီတဲ့၊ လုံခြုံစိတ်ချမှု မရှိတဲ့ အစားအစာတွေကို ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချနေတဲ့ ဝိသမလောဘ သားတွေကို ထိထိ ရောက်ရောက် အရေးယူဖို့ လိုအပ်နေပါကြောင်း လေးလေးနက်နက် တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။