သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပြည်တွင်း ပုဂ္ဂလိက လေကြောင်း လိုင်း တိုးချဲ့မှုများလည်း ပေါ်ပေါက်လာခဲ့သည်။
မြန်မာပုဂ္ဂလိက လေကြောင်းလိုင်းများတွင် ရွှေမြန်မာ လေကြောင်းလိုင်း(Golden Myanmar Airline)လည်း တခုအပါအဝင်ဖြစ်ပြီး မကြာမီ ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ကို တိုက်ရိုက် ပြေးဆွဲတော့မည်ဖြစ်သည်။
ရွှေမြန်မာ လေကြောင်းလိုင်း၏ ခရီးစဉ်တိုးချဲ့ပျံသန်းပြေးဆွဲမှုများနှင့်ပတ်သက်ပြီး ရွှေမြန်မာ လေကြောင်းလိုင်း Chief Commercial Officer ဦးဝင်းကျော်မိုး ကို ဧရာဝတီ သတင်းထောက် လင်းသန့်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ မကြာခင်ကာလမှာ ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ မြန်မာနိုင်ငံ ရန်ကုန်ကို တိုက်ရိုက် ပျံသန်းပြေးဆွဲမယ် သိရ တယ်။ ဘယ်တော့ စတင်ပြေးဆွဲဖို့ ရှိသလဲ၊ ဒီလို ပျံသန်းပြေးဆွဲဖို့ ဘယ်လို အကြောင်းတွေက စေ့ဆော်ခဲ့တာပါလဲ။
ဖြေ။ ။ ကျနော်တို့က ပြည်တွင်းကိုပဲ ATR ၂ စင်းနဲ့ပြေးဆွဲနေခဲ့တာပါ။ ပြည်ပကို ပြေးဆွဲဖို့ A 320 နဲ့ ဆွဲခဲ့တယ်။ လောလောဆယ် စင်ကာပူကိုတော့ တောက်လျှောက်ပံျသန်းနေပါတယ်။ ဘန်ကောက်ကတော့ အခြေ အနေအရ လေယာဉ် ရရှိမှု နည်းတဲ့အတွက် ကျနော်တို့ ရပ်ဆိုင်းထားပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ATR ၂ စင်းရလာတဲ့အခါ အချိန်နည်းနည်း ပိုလာတယ်။ ဒါကြောင့် ကျနော်တို့ ခရီးစဉ်ကို ဖြန့်ထုတ်ဖို့ စဉ်းစားတယ်။ အချိန် နာရီအားဖြင့် အရမ်းကြီးမဝေးကွာတဲ့ ၁ နာရီကျော်ကျော်လောက်နဲ့ပဲ ပျံသန်းလို့ရတယ်၊ ပြည်ပခရီးစဉ် တခုလည်းဖြစ် တော့ ကျနော်တို့က ချင်းမိုင်ကို ရွေးချယ်လိုက်တာ။
မေး။ ။ ဒီလို ချင်းမိုင်ကို ရွေးချယ်လိုက်တဲ့အခါမှာ ချင်းမိုင်- ရန်ကုန်ကို ပျံသန်းနေတဲ့ တခြား ပြည်တွင်း လေကြောင်းလိုင်းနဲ့ ပြည်ပ လေကြောင်းလိုင်းတွေလည်း ရှိတယ်။ ဒီတော့ သူတို့တွေနဲ့ ဘယ်လို ပြိုင်ဆိုင်မှုတွေ လုပ်ဖို့ ပြင်ဆင်ထားလဲ။
ဖြေ။ ။ ကျနော်တို့က ပြိုင်ဆိုင်မှုပြင်ဆင်တာမျိုးလို့ ပြောတာထက် အဓိက တော့ အများပြည်သူ ကုမ္ပဏီ လီမိတက် အနေနဲ့ ခရီး သွားတွေလည်း သက်သောင့်သက်သာ၊ အဖိုးနှုန်းချိုသာစွာနဲ့ ဘေးကင်းလုံခြုံစွာ ခရီးသွားနိုင်ဖို့ ရည်ရွယ် ပါတယ်။ ကျနော်တို့က အမြတ်အစွန်းဆိုတာချည်းပဲ အမြဲတမ်းစဉ်းစားလုပ်တာမဟုတ်ပါဘူး။
မေး။ ။ ချင်းမိုင်- ရန်ကုန် ပျံသန်းပြေးဆွဲဖို့ ထိုင်းနိုင်ငံ လေကြောင်းဆိုင်ရာ Aviation ဌာနအကြီးအကဲတွေနဲ့ ညှိနှိုင်း ဆွေးနွေးတဲ့အခါ ဘယ်လိုအခြေအနေတွေ ကြုံတွေ့ရသလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ မန်းနေဂျင်း ဒါရိုက်တာက ဒီဘက်က လေဆိပ် တာဝန်ရှိသူတွေ၊ လေကြောင်းဆိုင်ရာ အာဏာပိုင် အဖွဲ့တွေနဲ့ တွေ့ဆုံပြီးသွားပါပြီ။ တော်တော်များများ စီစဉ်ပြီးပါပြီ။
မေး။ ။ အခု ချင်းမိုင်-ရန်ကုန်ကို ပျံသန်းပြေးဆွဲဖို့ လေယာဉ်ဘယ်နှစ်စီး စီးစဉ်ထားလဲ၊ ဘယ်လို လေယာဉ်တွေ သုံးမလဲ။
ဖြေ။ ။ လောလောဆယ် ခရီးသည် ၇၂ ဦးဆန့်တဲ့ ATR 72-600 ၂ စင်း ရှိပါတယ်။ ATR ၁ စင်းက ရန်ကုန်- ချင်းမိုင်ကို ပုံမှန် ပြေးဆွဲသွားမှာပါ။ ခရီး သည် ရရှိတဲ့ အနေ အထားနဲ့ ပွင့်လင်း ရာသီအပေါ် မူတည်ပြီး ခရီးသည် များလာမယ်ဆိုရင်တော့ ကျနော် တို့ အဲဘတ်စ်နဲ့ပါ အစားထိုး ပြေးဆွဲသွားမှာပါ။
မေး။ ။ အခု ချင်းမိုင်- ရန်ကုန် ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ကို ဘယ်လောက်နှုန်းနဲ့ ရောင်းနေလဲ၊ တခြား ဘာဝန်ဆောင် မှုတွေ ပါဝင်သေးလဲ။ ခရီးစဉ် အချိန်ဇယားလေးပါ သိပါရစေ။
ဖြေ။ ။ ပုံမှန်အားဖြင့် ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို တပတ်ကို ၃ ရက်၊ အင်္ဂါ၊ ကြာသပတေး၊ စနေ နေ့တိုင်း ပြေးဆွဲမှာ ပါ။ ကျနော်တို့က အောက်တိုဘာလမှ စ ပျံသန်းပြေးဆွဲမယ်ဆိုတော့ အင်္ဂါနေ့က အောက်တိုဘာလ ၂ ရက်နေ့ ဖြစ်လို့ အဲဒီ ၂ ရက်နေ့က စပြီး ကျနော်တို့ ချင်းမိုင်ကို စ ပြေးဆွဲမှာပါ။ (ရန်ကုန်က မနက် ၆ နာရီ ၃၅ ထွက်ပါမယ်။ ချင်းမိုင်ကို ဒေသစံတော်ချိန် ၈ နာရီ ၂၅ မိနစ်ရောက်ပါမယ်။ ချင်းမိုင်က ၉ နာရီ ၂၅ မိနစ်ပြန်ထွက်ပါမယ်။ ရန်ကုန်ကို ၁၀ နာရီ ၁၅ မိနစ် ဆိုက်ပါမယ်) ကျနော်တို့ ရောင်းချမယ့် လက်မှတ်ဈေးနှုန်း ၃ မျိုး ရှိပါ တယ်။ ခရီးစဉ်တကြောင်းကို အနည်းဆုံး ၅၉ ဒေါ်လာကနေ ၇၉ ဒေါ်လာထိ ရှိပါတယ်။ ဒါက တဦးချင်းနဲ့ အဖွဲ့လိုက် ဝယ်တဲ့ နှုန်းတွေအပေါ် မူတည်ပါမယ်။ အနည်းဆုံး ၂ လ၊ ၃ လ ကတော့ ကျနော်တို့က အဖွဲ့လိုက်ဝယ်သူတွေအတွက် အနည်းဆုံး နှုန်း နဲ့ ကျနော်တို့က စီစဉ်ပေးသွားဖို့ ရှိပါတယ်။ ကျနော်တို့က ခရီးဆောင်အိတ် ၂၀ ကီလို လည်း လော လောဆယ် ပရိုမိုးရှင်းကာလမှာ အခမဲ့ စီစဉ်ထားပါတယ်။ တခြား ဝန်ဆောင်မှုအနေနဲ့ GMA အနေနဲ့ အစားအသောက် ကိုတော့ လေယာဉ်ပေါ်မှာ ခရီးသည်တွေ ဆန္ဒရှိမယ်ဆိုရင် ဝယ်ယူစားသုံးရင်တော့ ရပါတယ်။ သာမန် အချိုရည်နဲ့ သောက်ရေ ကိုတော့ အခမဲ့ပေးမှာပါ။ Full Service ပေးတဲ့ တခြားလေကြောင်းလိုင်းတွေလိုတော့ ဝန်ဆောင်မှု ပေးဖို့ မရှိသေးပါဘူး။
မေး။ ။ ရွှေမြန်မာလေကြောင်းလိုင်းဟာ ပုဂ္ဂလိက လေကြောင်းလိုင်းဆိုတော့ ဒီလေကြောင်းလိုင်းဟာ တဦးတည်း ပိုင်ဆိုင်တာ လား၊ အများပိုင်ဆိုင်တာလား ဆိုတာလေး ရှင်းပြပေးပါ။
ဖြေ။ ။ လောလောဆယ်တော့ ရွှေမြန်မာလေကြောင်းလိုင်းက အများပိုင် ကုမ္ပဏီ လီမိတက်ပေါ့။ အများပိုင် ကုမ္ပဏီ လီမိတက် နဲ့ကျနော်တို့က ဖွဲ့စည်းထားတာပါ။ ကုမ္ပဏီ မှတ်ပုံတင်ကလည်း အဲဒါနဲ့ ကျထားတာပါ။ ဒါပေမယ့် လောလောဆယ်မှာတော့ အရင်း အနှီးစိုက်ထုတ်ထားတဲ့ Working Capital အနေနဲ့ကတော့ ဦးခင်မောင်အေးရဲ့ CB ဘဏ် ရဲ့ ရှယ်ယာ အများဆုံးကို ပေးထားတာပါ။ အဲဒါနဲ့ လုပ်ငန်းကို စတင်လည်ပတ်တာပါ။
မေး။ ။ ရွှေမြန်မာ လေကြောင်းလိုင်းအနေနဲ့ တခြား နိုင်ငံခြား လေကြောင်းလိုင်းတွေနဲ့ရော ချိတ်ဆက်ပြီး လုပ်ဖို့ရှိလား။
ဖြေ။ ။ အဲဒါကတော့ ကျနော်တို့ရဲ့ Board of Director အဖွဲ့ကနေ တခြား ပြည်ပလေကြောင်းတွေနဲ့ ရှယ်ယာ အစုစပ်လုပ်ငန်း တွေအပါအဝင် တခြားလုပ်ငန်းလုပ်ဖို့ သူတို့က စီစဉ်တာပါ။ အာဆီယံနိုင်ငံတွေထဲက လေကြောင်းလိုင်းတွေနဲ့ချိတ် ဆက် ပျံသန်းဖို့တော့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဂျပန် လေကြောင်းလိုင်း JAL ကတော့ တလောက လာတွေ့တာရှိပါတယ်။ ဒါကလည်း လေကြောင်းလိုင်း တခုနဲ့တခု ချိတ်ဆက်ပျံသန်းမှုအပိုင်း ဖြစ်ပါလိမ့်မယ်။ အသေးစိပ် သိပ်မဆွေးနွေးသေးပါဘူး။
မေး။ ။ ရန်ကုန် – ချင်းမိုင်အပြင် တခြားနိုင်ငံတွေကိုရော တိုးချဲ့ပျံသန်းပြေးဆွဲဖို့ ရှိလား။ လေယာဉ်ထပ် ဝယ်ယူဖို့ ရော ရှိလား။
ဖြေ။ ။ အဲဒါတော့ ကျနော်တို့ရဲ့ ခရီးစဉ်အနေအထားတွေအရ အာဆီယံဒေသတွင်းဆိုရင် စင်ကာပူ၊ ဘန်ကောက်နဲ့ ချင်းမိုင် လောက် ကိုပဲ တနိုင်တနင်းပျံသန်းဖို့ ရှိပါသေးတယ်။ ပြည်တွင်းမှာလည်း ကျနော်တို့က ၁၀ မြို့နယ်လောက် ပျံသန်းပြေးဆွဲနေပါတယ်။ အဲဒါတွေကိုလည်း အလေးထားနေရတော့ တခြားတိုးချဲ့ဖို့ တော့ မရှိသေးပါဘူး။ ဖြစ်နိုင်မယ် ဆိုရင်တော့ ကူမင်းတို့ဘာတို့လည်း ပြေးဆွဲဖို့ ရှိပါတယ်။ ဒါကလည်း စင်းလုံးငှားအနေနဲ့ လိုက်ဖို့ပါပဲ။ ပုံမှန်စင်းလုံးငှား အစီအစဉ်မှာ ဗုဒ္ဓဂယာ ဆိုရင် စက်တင်ဘာ ၂၈ ကနေ ၂၀၁၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ထိ တပတ် ၂ ခေါက် ပြေးဆွဲဖို့ရှိပါတယ်။ ဒါတွေကတော့ စီစဉ်နေတာတွေရှိတာပါ။
မေး။ ။ အခု မြန်မာနိုင်ငံမှာ ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်းတွေဖြစ်တဲ့ Air KBZ ၊ Air Bagan ၊ Asian Wings စတဲ့ လေကြောင်း ကုမ္ပဏီတွေ အချင်းချင်း ပြိုင်ဆိုင်ကြတဲ့အခါ မျှတပြီး လွတ်လပ်တဲ့ ပြိုင်ဆိုင်မှု ရှိပါသလား။
ဖြေ။ ။ ကျနော်တို့အနေနဲ့ ပြည်တွင်းမှာ လေကြောင်းလိုင်းတွေက သူ့ရဲ့ ပေါ်လစီနဲ့အတူ၊ သူ့ရဲ့ စတိုင်နဲ့အတူ သွားနေတာ ဖြစ်တဲ့ အတွက် ကျနော်တို့ပြည်တွင်းမှာ ရှိတဲ့ လေကြောင်းလိုင်းတွေက သူ့နည်းသူ့ဟန်နဲ့ ကြိုးစားရတာဖြစ်တဲ့ အတွက် လေကြောင်း လိုင်း တခုနဲ့ တခုကတော့ အချင်းချင်း လိုအပ်ရင် လိုအပ်သလို ပူးပေါင်းဆောင်ရွက်မှုကတော့ ရှိ ပါတယ်။ ပြိုင်ဘက်မဟုတ်ပါဘူး။ အားလုံးကတော့ ပြိုင်ဆိုင်မှု မျှတတယ်လို့ ပြောနိုင်ပါတယ်။ ဘယ်လေကြောင်းကပဲ ဖြစ်ဖြစ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခရီးသည်တွေ ဘယ်လို သက်သောင့်သက်သာနဲ့ သွားရမလဲဆိုတာကိုပဲ အဓိကထားပြီး လုပ်ကိုင်နေကြတာပါ။ ဒါပေမယ့် အစိုးရရဲ့ အားပေးမှုကတော့ အတော်နည်းပါတယ်။ အစိုးရက အခွန်ရရေးထက် လေကြောင်းလိုင်းတွေအပေါ် အဖက်ဖက်က ဒီထက်ပို အားပေး မယ်ဆိုရင် မြန်မာ ပုဂ္ဂလိက လေကြောင်းလိုင်းတွေ ပိုအားကောင်းမယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ အခု မြန်မာနိုင်ငံကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံလိုသူတွေကလည်း ပွင့်လင်းစပြုလာတဲ့ စီးပွားရေး အခြေအနေ အပေါ် စိတ်ဝင်စားလာကြတယ်။ ရွှေမြန်မာလေကြောင်းလိုင်းကရော ဒီလို အခြေအနေတွေအပေါ် ဘယ်လို ရှုမြင်သလဲ။
ဖြေ။ ။ ဒါကတော့ ကျနော်ပြောဖို့က နည်းနည်း မြင့်ပါတယ်။ ဘယ်လိုပဲ ပြောပြော နည်းပညာအနေအထားရော၊ ရင်းနှီးမြှုပ်နှံမယ့်အရင်းအနှီးရောက ကျနော်တို့မှာ အားနည်းနေပါသေးတယ်။ အဲဒီတော့ ပြည်ပကနေပြီးတော့ Aviation (လေကြောင်း ဆိုင် ရာ)နဲ့ပတ်သက်တဲ့ နည်းပညာပဲ ဖြစ်ဖြစ် ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုမျိုး ဝင်လာတာမျိုးကိုတော့ ကျနော့် အနေနဲ့ကတော့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ Aviation နဲ့ ပတ်သက်လို့က မြန်မာပြည်မှာ အတွေ့အကြုံက အင်မတန်ကို နည်းပါသေးတယ်။ Aviation လောကမှာပဲဖြစ်ဖြစ်၊ Insurance လောကမှာဖြစ်ဖြစ် လေကြောင်း Industry နဲ့ပတ်သက်လို့ဟာက မြန်မာနိုင်ငံမှာအတော် အားနည်းပါသေးတယ်။ ပြည်ပကနေပြီးတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ရော နည်းပညာနဲ့ရော ဝင်ရောက်လာမယ်ဆိုရင် ကျနော် တို့ ကြိုဆိုပါတယ်။
မေး။ ။ ဒါဆို ရွှေမြန်မာလေကြောင်းလိုင်းရဲ့ လုံခြုံစိတ်ချရမှုနဲ့ပတ်သက်လို့ ဘယ်လို ရှိသလဲ သိချင်ပါတယ်။
ဖြေ။ ။ ကျနော်ကတော့ လောလောဆယ် Commercial ပိုင်းဖြစ်တာပေါ့။ အဓိက ဒီကိစ္စ Opperation ပိုင်းပါ။ ဒါက International Safety Organization ဆိုတာ ရှိပါတယ်။ အဲဒီမှာရှိတဲ့ အဖွဲ့ရဲ့ မူဝါဒတွေနဲ့ ကျနော်တို့ လုပ်ရတယ်။ နောက်တခုက ATR ပေါ့။ ATR ကို ကျနော်တို့ ယူသုံးမယ်ဆိုရင် ATR က ကျနော်တို့မှာ Hanger ရှိလား၊ သူနဲ့ ပတ် သက်ပြီး Qualified ( အရည် အချင်းပြည့်မီ) ဖြစ်တဲ့ LAE လို့ ကျနော်တို့ ခေါ်တာပေါ့။ လိုင်စင်ရပြီးသား လေယာဉ် အင်ဂျင်နီယာရှိရဲ့လားဆိုတာ သူတို့က အရင်စစ်တယ်။ ရှိရင် အဲဒီအင်ဂျင်နီယာ၊ ဒီလေယာဉ်ပျံကို ကိုင်တွယ်မယ့်သူကို သူက ပြင်သစ်ကို အရင် ခေါ်တယ်၊ သင်တန်းပေးတယ်။ သင်တန်းပေးပြီး Qualified ဖြစ်ပြီဆိုတော့မှ Documentaion ကို လုပ်ခိုင်းတာ။ Ducumentation ပြည့်စုံပြီဆိုတော့မှ အဲဒီ လေယာဉ်ပျံကို ဒီဘက်ကို လွှဲတာပါ။
ကျနော်တို့နိုင်ငံမှာ အရင်တုန်းက မရှိခဲ့ဘူးတဲ့ ကိတ်တောင်း ကွန်ဗင်းရှင်းဆိုတာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကမှ စရှိခဲ့တာ။ အဲဒါကို လိုက်နာ ပါ့မယ်ဆိုပြီး လက်မှတ်ထိုးပြီးမှ ပြင်သစ်၊ အမေရိကန် တို့က လေယာဉ်တွေကို ကျနော်တို့က ငှားရမ်း အသုံးပြုခွင့် ရပါ တယ်။ ကျနော်တို့ရဲ့ လေယာဉ်မှူး၊ လေယာဉ်အင်ဂျင်နီယာတွေက လေယာဉ်လုံခြုံမှုဆိုင်ရာကိစ္စတွေကို နေ့စဉ် အမြဲ သုံးသပ် နေရပါတယ်။ ။