အစဉ်အလာ ကြီးခဲ့သော ကျောင်းသားသမဂ္ဂ တရားဝင် ရပ်တည်နိုင်ရမည်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ကို လျစ်လျူရှုမှု အပါအဝင် ဗဟိုချုပ်ကိုင်မှုများ ပါရှိနေသည့် အမျိုးသား ပညာရေး ဥပဒေကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီးနောက် လွတ်လပ်သော ပညာရေး အဖွဲ့အစည်းများ၊ နိုင်ငံတဝန်းမှ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ဆရာများ၊ ပညာရှင်များက ဆန့်ကျင်ကန့်ကွက်လျက် ရှိသည်။

မြန်မာ့သမိုင်းတွင် အစဉ်အလာကြီးခဲ့ပြီး ကျောင်းသားများ၏ အခွင့်အရေးဖြစ်သော ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်ကို ယင်းအမျိုးသား ပညာရေး ဥပဒေက ပြဌာန်းပေးမှု မရှိခြင်းမှာ ယခုကဲ့သို့သော ဒီမိုကရေစီ အကူးအပြောင်းကာလတွင် လုံးဝ မဖြစ်သင့်ပေ။

အမျိုးသားပညာရေး ဥပဒေကြမ်းတွင် ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခြင်းကို ထည့်သွင်းရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အဆိုပြုတင်သွင်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။ ကျောင်းသားသမဂ္ဂများ ပေါ်ပေါက်ရေးသည် တခြားအဖွဲ့အစည်းများကဲ့သို့ စည်းမျဉ်းစည်းကမ်းများဖြင့် ဖွဲ့စည်း၍ မရနိုင်ဘဲ အမျိုးသား  ပညာရေး ဥပဒေကဲ့သို့သော ဥပဒေက ပြဌာန်းပေးထားရန် လိုအပ်သည်။ သို့မှသာ ယခုကဲ့သို့ သြဇာသက်ရောက်မှု အားနည်းနေသော ကျောင်းသား သမဂ္ဂများမှသည် ကျောင်းသားအများစု ပါဝင်လှုပ်ရှားလာမည့် အားကောင်းသော တရားဝင် သမဂ္ဂများ ပေါ်ပေါက်နိုင်မည် ဖြစ်သည်။

ယခု ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သော ဥပဒေတွင် ကျောင်းသားသမဂ္ဂ ဖွဲ့ရေးသာမက ဆရာများသမဂ္ဂ တည်ထောင်ခွင့်ရရေးကိုလည်း လမ်းဖွင့်ပေးမထားပေ။

၁၉၂၀ ပြည့်နှစ် ပထမ ကျောင်းသားသပိတ်မှ စ၍ လွတ်လပ်ရေး၊ အမျိုးသားရေး နိုးကြားမှုတို့အတွက် လက်ဆင့်ကမ်းလှုပ်ရှားခဲ့ကြသော ကျောင်းသားကျောင်းသူများ၏ အခန်းကဏ္ဍသည် ၁၉၆၂ ခုနှစ်တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံရမှု၊ ကျောင်းသား သမဂ္ဂများ မပေါ်ပေါက်အောင် အာဏာရှင် အစိုးရများ အဆက်ဆက်လက်ထက် အစဉ်တစိုက် နှိပ်ကွပ်ခံရမှုနှင့်အတူ ယခု အကူအပြောင်း ကာလတအထိပင် တရားဝင် ဖြစ်တည်ခွင့်ကို လက်မခံကြသေးဘဲ ရှိနေသည်။

ထိုသို့ ဖိနှိပ်ခဲ့သော်လည်း ၁၉၇၄၊ ၁၉၇၅၊ ၁၉၈၈၊ ၂၀၀၇ မှသည် ယနေ့အထိ ကျောင်းသားလှုပ်ရှားမှုများ အရှိန်မပျက် ရှိခဲ့သည်။ ဗကသ၊ တကသများ ပေါ်ပေါက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးဆောင်တည်ထောင်ခဲ့ဖူးသော ကျောင်းသား သမဂ္ဂသမိုင်းသည် ဆယ်စုနှစ်ပေါင်းများစွာ ရာဇဝင်ရိုင်းခဲ့သည်။

လွတ်လပ်သော ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရှင်များကို ဖယ်ထုတ်ကာ အစိုးရစိတ်ကြိုက် ရေးဆွဲထားသော အမျိုးသား ပညာရေး ဥပဒေမှာ အစကတည်းက တာထွက် မကောင်းခဲ့ပေ။ ယခု လွှတ်တော်က အတည်ပြုလိုက်သည့် အခါတွင်လည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ပညာသင်ကြားခွင့်မရှိခြင်း၊ ဗဟိုဦးစီးချုပ်ကိုင်မှု ဆက်ရှိနေခြင်း စသည်ဖြင့် အဘက်ဘက်မှ ထောက်ပြဝေဖန်ခြင်း ခံရသည်။

စာသင်နှစ်များကို နိုင်ငံတကာစံနှုန်းနှင့် အညီ သတ်မှှတ်ခြင်း၊ စစ်အစိုးရလက်ထက် ဖျက်ဆီးခံခဲ့ရသည့် ပညာရေးပတ်ဝန်းကျင်ကို တဆင့်ချင်း ပြန်လည် တည်ဆောက်ခြင်း၊ အရည်အတွက် ပညာရေးကို အရည်အသွေး ပညာရေးသို့ ရောက်အောင် ပြောင်းလဲခြင်း၊ နိုင်ငံခြား ပညာတော်သင် ရွေးချယ်ရာတွင် တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိအောင်လုပ်ခြင်း၊ ပညာရေး အသိုက်အဝန်းထဲရှိ ကြိုးနီစနစ်များ၊ ပညာရေးအဖွဲ့အစည်းနှင့် မဆီလျော်သည့် စည်းမျဉ်းစည်းကမ်းများကို ဖယ်ရှားခြင်း စသည့် အခြေခံကျသည့် ပြုပြင်ပြောင်းလဲရေးများ ဦးစွာလုပ်ရန် လိုနေသည်။ ယင်းကိစ္စများကို စတင်ရန် မကြိုးပမ်းဘဲ လက်တွေ့အကောင်အထည် ဖော်ရန်လည်း ခက်ခဲ၊ ကျောင်းသားကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ပညာရှင်များ လက်မခံနိုင်သော အမျိုးသား ပညာရေး ဥပဒေကို ဇွတ်အတင်း အသက်သွင်းပါက အကောင်းဘက်သို့ ရောက်ရှိနိုင်မည် မဟုတ်။ ပျက်စီးခဲ့သော ပညာရေး နာလန်မထူနိုင်ဖို့သာ ရှိသည်။

လွှတ်တော်နှစ်ရပ်က ပြင်ဆင်မှု ၇၀ ခန့် ပြုလုပ်ခဲ့သည် ဆိုသော်လည်း ဗဟိုချုပ်ကိုင်မှုစနစ်ထဲတွင်သာ တဝဲလည်လည်ဖြစ်နေသည့် အစိုးရအလိုကျ အမျိုးသား ပညာရေး ဥပဒေသည် လူ့စွမ်းအား အရင်းအမြစ်၊ လူနေမှု အဆင့်အတန်း၊ နိုင်ငံပြန်လည် တည်ဆောက်မှုတို့တွင် အခြေခံအရေးကြီးသည့် ပညာရေးကဏ္ဍကို ရှေ့မတိုးနိုင်အောင် တုပ်နှောင်မိစေမည့် ဥပဒေသာ ဖြစ်ပေလိမ့်မည်။

Loading