လူ ၉ သန်း ပျောက်ကွယ် သွားသောအခါ

ရဲနည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကျနော်တို့သည် ယခင်က မြန်မာနိုင်ငံ၏ စုစုပေါင်း လူဦးရေ သန်း ၆၀၊ မရေရာ မသေချာသော “ခန့်” ကိုပါထည့်ပြီး သန်း ၆၀ ခန့်ဟု ယုံမှတ်ခဲ့ကြသည်။ ဆယ်စုနှစ် ၃ ခု ကြာအပြီး မကြာသေးမီက ကုလသမဂ္ဂအကူအညီဖြင့် ကောက်ယူခဲ့သော စစ်တမ်းအရ ယခု လူဦးရေ စုစုပေါင်း ၅၁ ဒဿမ ၄ သန်းသာ ရှိသည်။ ကိန်းဂဏန်း အတိအကျ ဆိုရလျှင် ၅၁,၄၁၉,၄၂၀ ဖြစ်သည်။ ကျနော်တို့ ထင်မှတ်ထားသော လူ ၉ သန်း ပျောက်ကွယ်သွားခဲ့သည်။ အမှန်တရားမှာ ထိုလူများ တကယ်ရှိမနေခဲ့ခြင်းပင်။

နာမည်ကျော် သတင်းမဂ္ဂဇင်း The Economist က “အချက်အလက်မှန်များ မရရှိနိုင်ခြင်းသည် မည်သို့မျှ အကောင်အထည်ဖော်၍ မရသော စီးပွားရေးစီမံကိန်းများကိုသာ ဖြစ်စေသည်”ဟု ကောက်ချက်ချသည်။ ယခင်စစ်အစိုးရများလက်ထက် အများလက်ခံထားသော နိုင်ငံဖွံ့ဖြိုးရေးဆိုင်ရာ ကိန်းဂဏန်းများသည် စစ်မှန်မှု မရှိ၊ အားကိုးမရဟု ယခင်က စီးပွားရေးပညာရှင်များ ထောက်ပြပြောဆိုခဲ့မှုကို သတိရမိသည်။ ယခင် တရုတ်နောက်လိုက် စစ်အုပ်ချုပ်ရေးစနစ်မှ အသွင်ပြောင်း၍ ယခု ဒီမိုကရေစီကို တွင်တွင်ပြောပြီး အနောက်နိုင်ငံများ၏ ထောက်ပံ့မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့နှင့် ပြန်ချိတ်ဆက်နေသော မြန်မာအစိုးရအဖို့ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်နေသော ယနေ့အခါမျိုးတွင် ယင်းသို့ ကြီးမားသော ကိန်းဂဏန်း ကွာဟမှုသည် ပေါ့သေးသေး မဟုတ်။

ချော်တောငေါ့ရလျှင် လူ ၉ သန်းကွာဟမှုသည် မြန်မာအစိုးရအတွက် ထီပေါက်မှုကြီးဟု ဆိုရမည်။ အကြောင်းမူ စာရွက်ပေါ်တွင် လူတဦးချင်းဝင်ငွေ ၁၇ ရာခိုင်နှုန်း တမဟုတ်ချင်း တိုးသွားသဖြင့် ဆင်းရဲမွဲတေမှု အလိုလိုပပျောက်သွားကာ ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်မှီရန် ပိုနီးလာပြီဟု အငေါ်တူးရမည်။ သို့သော် အမှန်တရားကား နှစ်ပေါင်း ၅၀ စစ်အာဏာရှင်လက်ထက် နိုင်ငံနှင့် သက်ဆိုင်သမျှ အချက်အလက်များ မည်မျှ စိတ်မချရသည်ကို ယခု ကောက်ယူ သိရှိလာရသော အချက်အလက်သစ်တို့က ဖော်ပြနေခြင်းပင်။

နောက်ဆုံးသိရသော အချက်အလက် ကိန်းဂဏန်းများအရ လူဦးရေစုစုပေါင်း၏ ၂၉ ဒဿမ ၆ ရာခိုင်နှုန်းဖြစ်သည့် လူ ၁၅ သန်းသည် မြို့ပြတွင် နေထိုင်ကြသူများဖြစ်သည်။ ပျမ်းမျှ မိသားစုမှာ တအိမ်ထောင်လျင် ၄ ဒဿမ ၄ ဦးဖြစ်သည်။ ရန်ကုန်မြို့တော်နေ လူဦးရေမှာ ယခင်က ထင်မှတ်ထားသည်ထက် ပိုမိုများပြားနေပြီး ၇ ဒဿမ ၄ သန်းထိ ရှိနေပေပြီ။ ထို့အပြင် အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ၁ ဒဿမ ၇ သန်း ပိုများနေကြောင်းလည်း တွေ့ရှိရသည်။ ယင်းသို့ လိင်ကွဲပြားမှု အချိုးမညီမှုသည် အမျိုးသားဦးရေ ပိုများသော အိမ်နီးချင်းများဖြစ်သည့် တရုတ်၊  အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ထိတွေ့သောအခါ ဝမ်းနည်းဖွယ် အကျိုးဆက်များ ဖြစ်လာစေသည်။ လက်တွေ့တွင်လည်း မြန်မာနိုင်ငံ မြောက်ဖက် ကချင်ပြည်နယ်နှင့် အရှေ့ဘက် ရှမ်းပြည်နယ်များမှ အမျိုးသမီးများကို တရုတ်က သတို့သမီး ရှာပုံတော်ဖွင့်ပြီး ဝယ်ယူတင်ပို့နေကြသည်။

၂၀၁၄ ပြည်လုံးကျွတ် လူဦးရေစာရင်း ကောက်ယူမှုသည် အမေရိကန် ဒေါ်လာ ၇၅ သန်း ကုန်ကျခဲ့ပြီး ကွဲပြားသော လူမျိုးစုပေါင်း များစွာ တည်ရှိနေထိုင်နေကြကာ နိုင်ငံရေး အပြောင်းအလဲကို စတင်လုပ်ဆောင်နေသော မြန်မာနိုင်ငံအတွက် မည်မျှထိလွယ်ခိုက်လွယ် ရှိကြောင်း အကြီးမားဆုံး သက်သေပြချက်လည်း ဖြစ်သည်။ စုစုပေါင်း လူဦးရေ  ၅၁ ဒဿမ ၄ သန်းတွင် အစိုးရမှ တတ်စွမ်းသလို အကြမ်းဖျဉ်း ထည့်သွင်းရေတွက်ခဲ့သော သို့မဟုတ် ပုံစံတကျ ရေတွက်ရန် မစွမ်းဆောင်နိုင်ခဲ့သော လူဦးရေ ၁ ဒဿမ ၂ သန်းပါဝင်သည်။ ကချင်နှင့် ကရင်ပြည်နယ်များတွင် လူတသိန်းမှာ အစိုးရ၏ အုပ်ချုပ်ရေးအောက်တွင် ရှိမနေကြပေ။ ထို့ထက် အဆများစွာ ပိုသော လူဦးရေသည် ရခိုင်ပြည် မြောက်ပိုင်းတွင် ရှိနေသည်။ လူဦးရေ ၁ ဒဿမ ၁ သန်းသည် လူဦးရေစာရင်း ကောက်ယူမှုတွင် ပူးပေါင်းပါဝင်မှု မရှိဟု အစိုးရက ထုတ်ပြန်ကြေငြာသည်။ ထိုသူတို့သည် မိမိကိုယ်ကိုယ် “ရိုဟင်ဂျာ”ဟု သတ်မှတ်နေပြီး အစိုးရကမူ “ဘင်ဂါလီ”များဟု သတ်မှတ်နေသည်။

စာရင်းကောက်ယူပုံမှာ ကရင်ပြည်နယ်တွင် ကိုယ့်ဘာသာကိုယ် ကောက်ယူစေပြီး ကချင်ပြည်နယ်တွင် “ဘေးပတ်ဝန်းကျင်ရှိ ရွာများမှ လူဦးရေ”အပေါ် အခြေခံ တွက်ချက်ကြောင်း သိရသည်။ ကချင်ပြည်နယ်တွင် ရွာ ၂၇၀၀ တွင် ၉၇ ရွာသည် ကချင်လွတ်လပ်ရေးတပ်လက်အောက်တွင် ရှိနေသောကြောင့် ပုံစံတကျ စာရင်းမကောက်နိုင်ဟု အစိုးရက ထုတ်ပြန်သည်။  ရခိုင်ပြည်မြောက်ပိုင်းတွင်မူ စာရင်းမကောက်မီ ပြုလုပ်ထားသော မြေပုံများအရ တွက်ချက်ထားကြောင်း ဆိုသည်။

လူဦးရေစုစုပေါင်း၏ လူမျိုးစုနှင့် ကိုးကွယ်မှုဆိုင်ရာ အချက်အလက်များကို မထုတ်ပြန်သေးပေ။ အစွန်းရောက်များက သွေးထိုးလှုံ့ဆော်ကာ လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်းများ ဖန်တီးမည်ကို စိုးရိမ်၍ဖြစ်သည်။ မြန်မာပြည်တွင်းရှိ မွတ်စလင်ဦးရေနှင့်ပတ်သက်ပြီး ကောက်ယူတွေ့ရှိထားသော ကိန်းဂဏန်းအသစ်များသည် အစိုးရက ယခင် ထုတ်ပြန်ထားသည့် ၄ သန်းဆိုသည်နှင့် ၂ ဆ ပိုမိုနေနိုင်သည်ဟု လေ့လာသူများက မျှော်လင့်နေသည်။ ဒုတိယ အဆင့် ပင်မ သန်းခေါင်စာရင်း ထုတ်ပြန်မှုကို ၂၀၁၅ ခုနှစ် မေလတွင် ထုတ်ပြန်ပေးပြီးနောက် တတိယ အဆင့်အဖြစ် ၂၀၁၅ ခုနှစ် နိုဝင်ဘာနောက်ပိုင်းတွင် အသေးစိတ် အစီရင်ခံစာနှင့် အခြားသန်းခေါင်စာရင်း ရလဒ်များကို ဆက်လက် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

လူဦးရေစာရင်း ကောက်ယူမှုဆိုင်ရာ မေးခွန်းများသည် ပညာရပ်ဆိုင်ရာ မေးခွန်းများဖြစ်မည်။  နိုင်ငံအများစုတွင် ကွာလှ ၂ သို့မဟုတ် ၃ ရာခိုင်နှုန်းသာ ရှိခဲ့ကြသောကြောင့် မြန်မာပြည်တွင်ကျမှ မည်သည့်အတွက် သန်းပေါင်းများစွာ ကွာဟသွားရသနည်း။ လူဦးရေစာရင်းကောက်ယူမှု ကျွမ်းကျင်သူများက ၁၉၇၃ ခုနှစ်မှ ၁၉၈၃ ခုနှစ်အတွင်း တိုးပွားလာသောနှုန်း ၂ ရာခိုင်နှုန်းကို အခြေခံ တွက်ချက်ခဲ့မှုမှာ ယခုအခါ မှားယွင်းသော ယူဆချက်ဟု ပြောဆိုဝန်ခံကြပြီဖြစ်သည်။ ထင်မှတ်လက်ခံထားသော ကလေးမွေးဖွားမှုနှုန်းနှင့် ဖွားသေမှုနှုန်းအပေါ် သံသယဝင်စရာရှိလာပေပြီ။ ထိုအချက်များ သက်သက်ဖြင့် လူ ၉ သန်း ပျောက်ကွယ်သွားခြင်း မဟုတ်ပါ။

ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA) မှ မြန်မာပြည်ကိုယ်စားလှယ် ဂျဲနက်ဂျက်ဆန်က ရှေ့ပြေး ထုတ်ပြန်လိုက်သော လူဦးရေ စာရင်းတွင် ပြည်ပသို့ ရွှေ့ပြောင်း လုပ်ကိုင် နေကြသူများ မပါဝင်သေးဘဲ သီးခြားသုတေသနပြုရမည့် အကြောင်းအရာဟု ပြောဆိုသည်။ လူပေါင်းသန်းချီပျောက်ဆုံးမှု၏ အကြောင်းရင်းခံများတွင် အခြေခံ လူ့အခွင့်အရေးနှင့် စီးပွားရေးအခွင့်အလမ်းများကို ပိတ်ပင်ထားသော နိုင်ငံရေးစနစ်ကလည်း ထည့်သွင်းစဉ်းစားစရာဖြစ်လာပြန်သည်။ ကုလသမဂ္ဂမှ လူဦးရေဆိုင်ရာ ကျွမ်းကျင်သူ သောမတ်စ်စပူးရင်းဘာ့ဂ်က “၁၉၆၂ ခု ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းချိန်ကတည်းက စပြီး မြန်မာနိုင်ငံသားများသည် ပြည်တွင်းစစ်၊ ဆာလောင်မွတ်သိပ်မှု၊ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ နိုင်ငံရေး ဖိနှိပ်ချုပ်ခြယ်မှုတို့မှ ဝေးရာ မြန်မာပြည်အပြင်ဘက်သို့ စွန့်ခွာထွက်သွားခဲ့ကြသည်။ ၁၉၈၈ အုံကြွမှုနှင့် ၂၀၀၇ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို သွေးထွက်သံယို နှိမ်နှင်းခြင်းများကလည်း လူထောင်သောင်းချီ တိုင်းပြည်ကို စွန့်ခွာစေခဲ့သည်” ဟု ၂၀၁၃ တွင် ရေးသားသော ၎င်း၏စာတမ်းတစောင်တွင် ဖော်ပြခဲ့သည်။

ထို့အပြင် လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်းနောက်ပိုင်း သန်းချီပြီး နိုင်ငံကို စွန့်ခွာခဲ့နိုင်သည်။ အပြည်ပြည်ဆိုင်ရာ ပြောင်းရွှေ့နေထိုင်မှု အဖွဲ့ International Organisation for Migration (IOM) ၏ တွက်ချက်မှုအရ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ၂ သန်းမှ ၄ သန်းအထိ ရှိနိုင်ပြီး မလေးရှားတွင် ၅ သိန်း၊ စင်ကာပူတွင် ၁ သိန်း၊ ဂျပန်နှင့် တောင်ကိုရီးယားတွင် သောင်းဂဏန်းချီ ရှိနေကြသည်။ တရုတ်နှင့် အိန္ဒိယတွင် မည်မျှရှိသည် တွက်ချက်မရပါ။ အကြမ်းဖျဉ်းအားဖြင့် လူဦးရေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း မြန်မာပြည်ပြင်ပတွင် နေထိုင်နေနိုင်မည်ဟု ထင်မှတ်စရာရှိသည်။ ထိုကိန်းဂဏန်းများသည်လည်း ၂၀၀၉ ခုနှစ်က ခန့်မှန်းတွက်ဆထားခြင်းဖြစ်ပြီး ယုံကြည်စိတ်ချပြီး အားကိုးနိုင်သည် မဟုတ်ပါ။

ယင်းသို့ ဂဏန်းမငြိမ်ဖြစ်နေခြင်းသည် ဖွံ့ဖြိုးရေး ပညာရှင်များသာမက ရင်းနှီးမြှုပ်နှံသူ စီးပွားရေးသမားများအတွက်လည်း ဦးနှောက်စားစေသည် အမှန်ပင်။ မျှော်လင့်ချက်အပြည့်နှင့် ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံမှ အမြတ်မည်မျှ ရနိုင်မည်ကို ပြန်လည်တွက်ချက် သုံးသပ်ရတော့မည်ဟု နာမည်ကျော်စီးပွားရေး သတင်းစာ Wall Street Journal က ရေးသည်။ ဥပမာအားဖြင့် အူရီးဒူးနှင့် တယ်လီနော တို့ကဲ့သို့ ဆက်သွယ်ရေးကုမ္ပဏီများသည် ပြည်တွင်း စားသုံးသူဈေးကွက်မှ ဝင်ငွေနှင့် အမြတ် မည်မျှ ရနိုင်သည်ကို သန်း ၆၀ စာရင်းဖြင့် ကိုးကားတွက်ချက်လာခဲ့ ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြသော စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း နည်းသွားသော လူဦးရေအပေါ်အခြေခံ၍ ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှု အရွယ်အစား ပမာဏနှင့် လုပ်ငန်းလျာထားချက်များကို ပြန်လည် စဉ်းစားသွားရတော့မည်ဖြစ်သည်။

ကိုးကား။     ။ The Economist, Foreign Policy, Wall Street Journal

Did you find apk for android? You can find new Free Android Games and apps.
Loading