အမျိုးသားပညာရေးဥပဒေမူကြမ်းကို မြန်မာနိုင်ငံအရပ်ရပ်ရှိ တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂများ ကန့်ကွက်ဆန္ဒပြနေကြသည့် သတင်းများကိုဖတ်မိသည့်အခါ တွေးဆစရာများ ပေါ်လာတော့သည်။ ခေတ်သစ်ပညာရေးစနစ် လက်ထက်တွင် ဘွဲ့ရလာခဲ့သော ကျောင်းသားတဦးပီပီ မိမိတို့ လက်ထက်က မရှိခဲ့ပဲ ၂၀၁၀ နောက်ပိုင်းမှာ ပေါ်ထွန်းလာသော ကျောင်းသားသမဂ္ဂများကို မူလအစက များစွာ မျှော်လင့်မိသည်။
ကျောင်းသားသမဂ္ဂကို အဓိပ္ပါယ်ဖွင့်ဆိုမည်ဆိုလျှင် ကျောင်းသား ရပိုင်ခွင့်များကို ကိုယ်စားပြု တောင်းဆိုပေးရန် ဖြစ်သည်။ တိုင်းပြည်တခု၏ နိုင်ငံရေးအခြေအနေပေါ် မူတည်၍ ကျောင်းသားသမဂ္ဂများ၊ ကျောင်းသားအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်စသည်တို့မှာ အနည်းငယ် ကွဲပြား နိုင်သည်။ သို့သော်လည်း အခြေခံအကျဆုံးအချက်မှာ ကျောင်းသားသမဂ္ဂဟူ၍ နာမည်ခံမည်ဆိုလျှင် ကျောင်းသားများ၏ ရပိုင်ခွင့်ကိုသာ အဓိက လုပ်ဆောင်ရမည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ထိုအချက်နှင့် ကိုက်ညီခြင်း ရှိ မရှိ မြန်မာပြည်တက္ကသိုလ်အနှံ့အပြားက ကျောင်းသားသမဂ္ဂများ၏ လုပ်ဆောင်ချက်များကို အကဲဖြတ်ကြည့်ဖို့ လိုလာပါပြီ။
မန္တလေးမြို့တွင် ကျောင်းသားသမဂ္ဂများဆိုသည်ကို စတင် သတိထားမိသည်မှာ မန္တလေးဆေးတက္ကသိုလ်တွင် ကျောင်းခေါ်ကြိမ် မပြည့်သော တက္ကသိုလ်ကျောင်းသားများကို စာမေးပွဲဖြေခွင့်မပေး၍ ယင်းကျောင်းသားများစုဝေးပြီး သတင်းစာရှင်းလင်းပွဲလုပ်ရာတွင် ကျောင်းသားသမဂ္ဂများ ပါဝင်လာခြင်း ဖြစ်သည်။ နောက်ပိုင်း မန္တလေးမြို့ အခြေစိုက် သတင်းစာရှင်းလင်းပွဲများတွင်တော့ ကချင်စစ်ပွဲများ ရပ်ဆိုင်းပေးရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မီးထွန်းပွဲများ ကျင်းပကြသည်။ ပြင်ဦးလွင် ICT ကျောင်းသားများ ကျောင်းမတက်၍ သတင်းစာရှင်းလင်းပွဲလုပ်ရာတွင် ကျောင်းသားသမဂ္ဂများ ပါဝင်လာကြသည်။ ပဲခူးတိုင်း အနောက်ပိုင်း ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် သဲကုန်းလယ်သမားများ မတရား ဖမ်းဆီးခံရမှု အရေး၊ အကြမ်းဖက်ခံရမှု ပပျောက်ရေးတို့အတွက် မြင်းခြံ၊ တောင်ငူ၊ မန္တလေးနှင့် မုံရွာခရိုင်လေးခု စုပေါင်းကာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ငါးဆယ်နီးပါးခန့် ဆန္ဒပြသည်။ ထိုမတိုင်ခင်ကလည်း သန်လျင် GTC ကျောင်းသားနှင့် ကျောင်းသူ စာသင်ခန်းတွင်း ချစ်တင်းနှောသည့် ဗီဒီယို အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေ၍ ကျောင်းဂုဏ်သိက္ခာ ကျဆင်းရသည်ဆိုကာ သတင်းစာရှင်းလင်းပွဲ လုပ်ပြန်သည်။
ယင်းကိစ္စများမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်ရလျှင် ကျောင်းသားထုနှင့် တိုက်ရိုက် မသက်ဆိုင်လှသော ကိစ္စများသာဖြစ်သည်။ ဆိုလိုသည်မှာ ကျောင်းသားသမဂ္ဂဝင်ပါရန် သင့်တော်သော ကိစ္စမဟုတ်ချေ။ မိမိ တဦးတည်းအမြင်နှင့်ပြောရလျှင် ကျောင်းသားထုများကြားတွင် ကျောင်းသားသမဂ္ဂသြဇာပျံ့နှံ့မှု အား နည်းသည်မှာ အထက်ပါအချက်များလည်း ပါဝင်နိုင်သည်။ ယနေ့ခေတ် တက္ကသိုလ် ကျောင်းသားဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က တက္ကသိုလ်ကျောင်းသား၊ မင်းကိုနိုင်၊ မိုးသီးဇွန်တို့ခေတ် ၈၈ တက္ကသိုလ် ကျောင်းသားများနှင့် နိုင်ငံရေး အခြေအနေမျိုး မဟုတ်တော့ပါ။ ယင်းအချက်ကို သတိချပ်ဖို့လိုပါသည်။
အမှန်တကယ်အားဖြင့် တက္ကသိုလ်များတွင် ကျောင်းသားသမဂ္ဂများ ပါဝင်နိုင်သည့် ကိစ္စရပ်များ၊ ဆန္ဒပြရန် ကိစ္စရပ်များ များစွာ ရှိပါသည်။ အရေးကြီးဆုံးအချက်မှာ ကျောင်းသားထုများကြားတွင် ဘာတွေ လိုအပ်ချက် ရှိနေသလဲ။ ဘာတွေ မျှော်လင့်နေသလဲ။ ကျောင်းသားအခွင့်အရေး ဘာတွေပိတ်ဆို့နေသလဲ ဟူသည့်အချက်များကို ထဲထဲဝင်ဝင် နားလည်ကာ ထိထိရောက်ရောက် မည်သို့လုပ်ဆောင်မည်လဲဆိုသည့်အချက်ကို နားလည်သဘောပေါက်ရန် ဖြစ်သည်။ ဥပမာအားဖြင့် ယနေ့ခေတ် တက္ကသိုလ်ကျောင်းများတွင် ကျုတိုရီရယ် စာအုပ်များ၊ ပရက်တီကယ် စာအုပ်များ ဝယ်ယူနေရသည်။ ကျုတိုရီရယ်စာအုပ်ဆိုသည်မှာ စက္ကူဖြူဆယ်ရွက်ခန့်ကို နှစ်ထပ်ခေါက်ကာ ဌာနတံဆိပ်ရေးထိုးထားသည့် စာအုပ်ကြမ်းတအုပ်မျှသာ ဖြစ်သည်။ ကုန်ကျစရိတ် တရာကျပ် မျှသာ ရှိသော်လည်း ယင်းစာအုပ်ကို တအုပ်လျှင် ထောင်ဂဏန်းပေး ဝယ်နေရသည်။ ပရက်တီကယ်စာအုပ်၊ ပုံနှိပ်စာအုပ်များမှာလည်း ဈေးနှုန်းမြင့်မားလှသည်။
ထို့အတူပင် ကျောင်းတွင်းထုတ် မဂ္ဂဇင်းများမှာလည်း ကျောင်းအပ်သည့်အခါတိုင်း တအုပ်လျှင် သုံးလေးထောင်ပေး၍ မဝယ်မနေရ ဝယ်ယူနေရသည်မှာ မဖြစ်သင့်ပါ။ ထိုထက်ဆိုးသည်မှာ နေ့စဉ်ကျောင်းတက်ရာတွင် ဆိုင်ကယ်အပ်ခ ပေးနေရခြင်းဖြစ်သည်။ အဆိုပါ ကိစ္စရပ်များအား ဆန္ဒပြ တောင်းဆိုသင့်ပါသည်။ ယင်းကိစ္စရပ်များမှာ ကျောင်းသားထုများ နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများ ဖြစ်ပါသည်။ ယင်းကိစ္စရပ်များမှာ သေးမွှားသည်။ ဆန္ဒမပြလောက်ဟု ထင်မြင်လျှင် နောက်ထပ် ဥပမာပေးလိုပါသည်။ယခုအခါ နိုင်ငံခြားတက္ကသိုလ်များနှင့်ချိတ်ဆက်၍ စကောလားရှစ်များ၊ ပညာသင်ဆုများ ပေးနေကြပြီဖြစ်သော်လည်း တက္ကသိုလ်အများစုမှာ ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ မည်သို့မည်ပုံ ရွေးချယ်မည်။ မည်သည့်အချိန်တွင် မည်သို့ ဖြေကြားရမည်ဆိုသည်တို့ကို သတင်းထုတ်ပြန်မှု အားနည်းလှသည်။ ထို့အတူပင် ရွေးချယ်သည့်အခါတွင်လည်း အဂတိလိုက်စားမှုများ၊ ဘက်လိုက်မှုများ ရှိနေပေသည်။
ရန်ကုန်- မန္တလေး တက္ကသိုလ်ကြီးများတွင် တက္ကသိုလ်အဆောင်များ ထားပေးနေသကဲ့သို့ အသစ်တိုးချဲ့ဆောက်လုပ်နေမှုများ လုပ်ဆောင်နေပါသည်။တက္ကသိုလ်အဆောင်များတွင် ဝန်ထမ်းများ တက်နေတာမျိုးတွေရှိသကဲ့သို့ ပြန်အငှားချထားသည့် ကိစ္စရပ်များလည်း ရှိပါသည်။ အဆောင်နေကျောင်းသားများ ရွေးချယ်ရာတွင်လည်း နယ်က ကျောင်းသားတွေ မှန်မှန်ကန်ကန် မရွေးချယ်ခံရသောကြောင့် အဆောင်မနေရခြင်းမျိုးများလည်း ရှိပါသည်။ ယင်းကဲ့သို့ ကိစ္စရပ်မျိုး ကြုံတွေ့ ကြားသိရသည့်အခါတွင် ကျောင်းသားသမဂ္ဂအနေဖြင့် နစ်နာသော ကျောင်းသားကျောင်းသူဘက်မှ မားမားမတ်မတ် ရပ်တည်ကာ သတင်းစာရှင်းလင်းပွဲလုပ်ဆောင်ခြင်း၊ ဆန္ဒဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင်ပေးခြင်းဖြင့် ကျောင်းသားထု၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်မည်ဖြစ်သည်။ ထို့အတူပင် စာမေးပွဲများ မဖြေဆိုမှီ တက္ကသိုလ်ဆရာ၊ ဆရာမများမှာ ကျုရှင်များပေးခြင်း၊ ကျုရှင်တက်သူများအား ကျုတိုရီရယ်အမှတ်များ အစားထိုးပေးခြင်း၊ ရိုးကောလ်အပြည့်ပေးခြင်း၊ စာမေးပွဲဖြေဆိုပြီးနောက် ၎င်းတို့အား ဂါဝရပြုသူများအား အောင်မှတ်များ လွယ်လွယ်ကူကူပေးခြင်းစသည်တို့အား ကျောင်းသားအချင်းချင်းစုံစမ်းလျှင် လွယ်ကူလှပါသည်။
အဆိုပါကိစ္စရပ်မျိုးအား အမုန်းခံဖော်ထုတ်ပေးနိုင်လျှင် အမှန်တကယ်ကြိုးစားသည့် ကျောင်းသားထုများ၊ မှန်မှန်ကန်ကန် လုပ်ဆောင်နေသည့် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသားသမဂ္ဂကို ယုံကြည်ကိုးစားလာမည် ဖြစ်ပေသည်။ ယနေ့ခေတ် တက္ကသိုလ်များတွင် သင်ထောက်ကူပစ္စည်းများ ရှားပါးလှသကဲ့သို့ သင်ထောက်ကူပစ္စည်းများကို လက်တွေ့အသုံးချရမှုလည်း အားနည်းလှပေသည်။ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးရန် ပြည်ထောင်စုအစိုးရကို ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကာ တင်ပြခြင်း၊ လက်တွေ့ခန်းများ သော့ပိတ်ထားကာ လူကြီးလာမှ သော့ဖွင့်ခြင်း၊ တက္ကသိုလ်စာကြည့်တိုက်များတွင် မှီငြမ်းကိုးကားစရာ စာအုပ်စာတမ်းများ မပြည့်စုံမှု စသည်တို့ကို ကျောင်းသားသမဂ္ဂများ ဦးဆောင်ကာ အသံထွက်ပေးရမည်ဖြစ်သည်။
တက္ကသိုလ်တခုတွင် တက်ရောက်နေသော ကျောင်းသားများအရေးကိစ္စအတွက် ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ နိုင်ငံရေးအယူဝါဒ၊ ပါတီအယူဝါဒ ကင်းကင်းရှင်းရှင်းဖြင့် လုပ်ဆောင်ပြပါက ကျောင်းသားထုလည်း နောက်ကပါလာမည်ဖြစ်သည်။ ဆိုလိုသည်မှာ ကျောင်းသားသမဂ္ဂဆိုသည်မှာ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပါတီများကို ပေါလစ်တင်ပေးခြင်း၊ မဲဆွယ်စည်းရုံပေးခြင်းစသည်တို့ကို အဓိက လုပ်ဆောင်ခြင်း မဟုတ်ပဲ ကျောင်းသားများအရေး တခုတည်းကိုသာ ဦးတည်လုပ်ဆောင်ခြင်းဖြစ်သည်ဆိုသည့်အချက်ကို ကျောင်းသားထု ကွဲကွဲပြားပြားသိစေရန် လုပ်ဆောင်ပြခြင်းဖြင့် စည်းရုံးရေးဆင်းရမည်ဖြစ်သည်။
သို့သော် မိမိတက္ကသိုလ်တွင် မည်သည်တို့ လိုအပ်နေသည်၊ မည်သည်တို့ ဖြည့်ဆည်းပေးရမည် စသည်တို့ကို ထဲထဲဝင်ဝင ်သိစေရန်အတွက် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များလည်း ကျောင်းမှန်မှန်တက်ဖို့တော့ လိုအပ်လှပေသည်။ ကျောင်းသားဟောင်းတဦးအနေဖြင့် ပြောရလျှင် ကျောင်းသားသမဂ္ဂများ၏ လှုပ်ရှားမှုများကို မီဒီယာစာမျက်နှာထက်တွင် တွေ့ရသည့်ကိစ္စ အများစုမှာ ကျောင်းသားအရေးနှင့် မသက်ဆိုင်သည့်ကိစ္စများသာ ဖြစ်နေသည်မှာ စိတ်မသက်မသာ ဖြစ်မိပေသည်။
ယခု ကျောင်းသားထုနှင့် သက်ဆိုင်သည့် အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်ကြောင်း ဆန္ဒပြမှုများ၊ ဘွဲ့ဝတ်စုံများ ဝတ်ဆင်ကာ ရေစည်လှည်း တွန်းပြခြင်း၊ ဆိုက်ကားနင်းပြခြင်း၊ မျက်စိနှင့် ပါးစပ်ကို အဝတ်စည်းပြခြင်း၊ နွားထမ်းပိုးတွင် ဝင်ထမ်းခြင်းစသည့် ထူးထွေဆန်းပြားသော ပါဖောင်းမန့်မျိုးစုံကိုလည်း တွေ့မြင်နေရသည့်အခါ စဉ်းစားမိသည်မှာ စနစ်ကိုကန့်ကွက်ခြင်းလား နာမည်ကြီးအောင် ကန့်ကွက်နေခြင်းလားဟူသည့်အတွေးပင် ဝင်လာမိပါသည်။
အမျိုးသား ပညာရေး ဥပဒေမူကြမ်းမှာ နိုင်ငံတော်အဆင့်ရေးဆွဲကာ လွှတ်တော်အတွင်း အတည်ပြုသည့်အဆင့်ပင် ရောက်နေပြီဖြစ်သည်။ ကန့်ကွက်ဆန္ဒပြသည့် သမဂ္ဂအဖွဲ့ဝင် ကျောင်းသားခေါင်းဆောင်များက ယင်းဥပဒေကြမ်းရေးဆွဲရာတွင် ကျောင်းသားကိုယ်စားလှယ်များ ဝင်ရောက်မရေးဆွဲရသည့်အတွက် ဆန္ဒပြသည်။ ဗဟိုချုပ်ကိုင်မှုပပျောက်ရန်၊ ကျောင်းသားထုအခွင့်အရေး အပြည့်အဝရရှိရေး၊ သမဂ္ဂများ လွပ်လပ်စွာဖွဲ့စည်းရေး၊ မိခင်ဘာသာစကား တိုင်းရင်းသားဘာသာစကားများကို မဏ္ဍိုင်ပြုပြီး သင်ကြားတဲ့စနစ်၊ ယင်းအချက်များမပါသည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု မီဒီယာများတွင် ဖြေကြားထားသည်ကို ဖတ်ရှုရသည်။ ပြန်လည်မေးခွန်းထုတ်ရမည်မှာ ကျောင်းသားကိုယ်စားလှယ်ဟူသည်ကို မည်သို့ အဓိပ္ပါယ်ဖွင့်ဆိုပါမည်နည်း။
ယခု တက္ကသိုလ်အသီးသီးတွင် ဖွဲ့စည်းထားသည်ဆိုသော ကျောင်းသားသမဂ္ဂများ၏ အတွင်းရေးမှူး၊ ဥက္ကဌစသည့် ရာထူးအသီးသီးကို မည်သို့မည်ပုံ ရွေးချယ်ထားပါသလဲဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ပါသည်။ ထို့အတူပင် ဗဟိုချုပ်ကိုင်မှုပပျောက်ရန်၊ ကျောင်းသားထုအခွင့်အရေး အပြည့်အဝရရှိရေးစသည်တို့မှာ အဓိပ္ပါယ် ကျယ်ဝန်းလှသည်။ မည်သည့် ဗဟိုချုပ်ကိုင်မှုမျိုး ကြုံတွေ့နေရသည်။ လက်ရှိတွင် မည်သည့်အခွင့်အရေးများ ဆုံးရှုံးနေရသည်။ ထိုအချက်များအား ပညာရေးဥပဒေမူကြမ်းတွင် မည်သို့မည်ပုံ ထည့်သွင်းရေးဆွဲထားခြင်း မရှိသည့်အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟု တိတိကျကျထောက်ပြနိုင်မှသာ ကျောင်းသားထုအနေဖြင့် ယင်း ပညာရေး ဥပဒေမူကြမ်းကြောင့် မည်သည့် အခွင့်အရေးများ နစ်နာနေသည်တို့ကို မြင်သာလာမည်ဖြစ်ကာ တခဲနက် ဆန္ဒဖော်ထုတ် ထောက်ခံလာကြမည်ဖြစ်သည်။
ယခုတော့ ကျောင်းသားသမဂ္ဂများမှာ ငွေတမတ်နှင့် ငါးကြင်းခေါင်း တက်ကိုင်နေသလိုဖြစ်သည်ဟု အားနာနာနှင့်ဆိုရပေမည်။ နိုင်ငံတော်အဆင့် လွှတ်တော်တွင် အတည်ပြုပြီးသော ပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်နေကြသည့် အင်အားမှာ အထက်မြန်မာပြည်လုံးဆိုင်ရာ၊ အောက်မြန်မာပြည်လုံးဆိုင်ရာ စသည်ဖြင့်် နာမည်အကြီးကြီးများ တပ်ထားသော်လည်း ဆန္ဒပြ ကျောင်းသားအရေအတွက်မှာ လက်တဆုပ်သာ ရှိပါသည်။ မီဒီယာများတွင် ဖော်ပြကောင်းရုံမျှသာ ရှိပြီး ယင်းဆန္ဒပြမှုမှာ ထိရောက်မှုရှိလိမ့်မည် ထင်လျှင် မှားပါလိမ့်မည်။
ကျောင်းသားပေါင်း သောင်းနှင့်ချီ တက်ရောက်သင်ကြားနေသည့် ရတနာပုံတက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင ်ဆယ်ဦးခန့်သာရှိပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ ရတနာပုံ(ဒေး-အဝေးသင်)၊ ကျောက်ဆည်နည်းပညာတက္ကသိုလ် စသည့် သမဂ္ဂများတွင်လည်း အသင်းဝင် ငါးဆယ်ဦးရေခန့်သာ ရှိသည်ဟု ၂၀၁၄ ဇွန်လ ၄ ရက်ထုတ် Mizzima သတင်းစာတွင် ဖော်ပြထားသည်။ ကျောင်းသားသမဂ္ဂအများစုမှာ ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းထားကြခြင်းဖြစ်သည်။ ၂ နှစ်ဆိုသော အချိန်တွင် ကျောင်းသားအင်အား တိုးပွားလာရမည်ဖြစ်သော်လည်း ယခုဆန္ဒပြနေကြသည့် ကျောင်းသားသမဂ္ဂအဖွဲ့များမှာ အရေအတွက်အားဖြင့်ပင် အားရစရာ မရှိသေးလှပေ။
နိဂုံးချုပ်အားဖြင့်ဆိုရလျှင် ကျောင်းသားသမဂ္ဂဆိုသည်မှာ ကျောင်းသားများအေရေးကို လုပ်ဆောင်ပေးရမည့် အဖွဲ့အစည်း ဖြစ်ပါသည်။ အဖွဲ့အစည်း အင်အားမကောင်းခင်တွင် တပိုင်တနိုင် လုပ်ရပ်လေးများဖြင့် စည်းရုံးရေးဆင်းရမည်ဖြစ်ပါသည်။ အရေးကြီးဆုံးအချက်မှာ ကျောင်းသားသမဂ္ဂများသည် ကျောင်းသားများ ရသင့်ရထိုက်သော အခွင့်အရေးများ၊ အထောက်အပံ့များ၊ ဝန်ဆောင်မှုများရရှိရန်ကိုသာ အဓိကဦးတည်သင့်ပြီး ကျောင်းသားသမဂ္ဂကို ကျောင်းသားစစ်စစ်များကသာ ဦးဆောင်ရမည်ဆိုသည့် အချက်ကို မမေ့စေလိုပါကြောင်း ထောက်ပြ သတိပေးအပ်ပါသည်။
(စာရေးသူသည် သတင်းစာ၊ ဂျာနယ်များတွင် ဆောင်းပါးများ ရေးသားလျက်ရှိပြီး မန္တလေးတက္ကသိုလ်တွင် အင်္ဂလိပ်စာ မဟာတန်း တက်ရောက်နေသူ ဖြစ်သည်။)