ကမ္ဘာပေါ်က မွတ်စလင် ၁ ဘီလီယံနှင့်အတူ ကျနော် နေ့စဉ်နေ့တိုင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့ ရှိရာဘက်သို့လှည့်၍ ဝတ်ပြုပါသည်။ သို့သော်လည်း တမန်တော် မိုဟာမက် နေထိုင်ခဲ့ရာ မြင့်မြတ်သည့် မြို့များဖြစ်သည့် မက္ကာနှင့် မက်ဒီးနာ မြို့များသို့ ကျနော် သွားရောက်လည်ပတ်သည့်အခါ အစ္စလမ်ဘာသာ မွေးဖွားရာဒေသမှ ဒေါသတကြီး ပြန်လည် ထွက်ခွာသွားစေဖို့ ဖြစ်လာခဲ့ ရပါသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ ထိုဒေသများသို့ မွတ်စလင်မဟုတ်သူများကို တားမြစ်ထားပါသည်။ ထို့ကြောင့် နှစ်စဉ် မွတ်စလင် ၁၃ သန်းလာသော အဆိုပါဒေသသည် နိုင်ငံတကာစံနှုန်းညီ အတွေးအခေါ်နှင့် အလေ့အထများမရှိပါ။
မကြာသေးမီက ဆော်ဒီအာရေးဗီးယား နိုင်ငံသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး အေဂျင်စီတခုအတွက် ငွေကြေးထောက်ပံ့ရန် ကုလသမဂ္ဂသို့ အမေရိကန်ဒေါ်လာ သန်း ၁၀ဝ လှူဒါန်းခဲ့ပါသည်။ ကြိုဆိုရမည့် လှူဒါန်းမှုဖြစ်ပါသည်။ သို့သော်လည်း ယမန်နှစ်က ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီတွင် အလှည့်ကျ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ကို ငြင်းခဲ့သည်။ ဆော်ဒီဘုရင့်နိုင်ငံ၏ ဟိုတဝက် ဒီတဝက် အနေအထားသည် ဆွန်နီ အစ္စလမ်မစ် အစွန်းရောက်များနှင့် ဆက်ဆံမှုတွင် စိတ်ဓာတ်ရေးရာ ချွတ်ခြုံကျမှုကို ရောင်ပြန်ဟပ်ပြနေသည်။ အကြမ်းဖက်ပဋိပက္ခများကို ရပ်တန့်စေလိုသည်။ သို့သော် ဆလာ့ဖီဝါဒ (Salafism) ကို ကိုင်တွယ်ဖြေရှင်းလိမ့်မည် မဟုတ်ပါ။ (Salafism ဆိုသည်မှာ အစ္စလမ်ဝါဒကို အစောဆုံး ယုံကြည်ကိုးကွယ်သည့် မွတ်စလင်များဟု အဓိပ္ပာယ် ရသော Salaf ဆိုသည့် စကားလုံးမှ ဆင်းသက်လာ ခြင်းဖြစ်သည်။)
ရှင်းလင်းအောင်ဆိုရလျှင် အယ်ကိုင်းဒါး၊ အိုင်အက်စ် အိုင်အက်စ်၊ ဘိုကိုဟာရမ်၊ ရှဘတ်နှင့် အခြား အဖွဲ့များအားလုံးသည် အကြမ်းဖက် ဆွန်နီဆလာ့ဖီ အဖွဲ့များဖြစ်သည်။ ဆယ်စုနှစ် ၅ ခုအတွင်း ဆော်ဒီ အာရေးဗီးယားသည် ကမ္ဘာတလွှားရှိ ဆွန်နီဆလာ့ဖီများကို တရားဝင်ထောက်ပံ့နေခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။
ကမ္ဘာပေါ်မှ မွတ်စလင် အရေအတွက်၏ ၉၀ ရာခိုင်နှုန်းခန့်ရှိသော ဆွန်နီမွတ်စလင်များသည် ဆလာ့ဖီများ မဟုတ်ကြပါ။ ဆလာ့ဖီကို အလွန်အင်အားကောင်း၍ တရားသေဝါဒ ဆန်လွန်းပြီး ပင်မ အစ္စလမ်ဝါဒနှင့် သီးခြားဖြစ်လွန်းသည်ဟု မြင်ကြသည်။ ရှီယိုက်နှင့် အခြားသော ဂိုဏ်းကွဲများက မွတ်စလင် အရေအတွက်၏ ၁၀ ရာခိုင်နှုန်းခန့် ရှိ ချိန်တွင် ဆလာ့ဖီများနှင့် အခြားတင်းကျပ်သည့် အယူအဆရှိသူများက ကမ္ဘာ့ မွတ်စလင်ထု၏ ၃ ရာခိုင်နှုန်းခန့်သာ ရှိပါသည်။
ဆွန်နီလူများစုကဲ့သို့ မဟုတ်ဘဲ ဆလာ့ဖီများသည် မွတ်စလင်များနှင့် အခြားသူများကို မျက်မှောက်ကာလ၏ ညစ်ညမ်းမှုများ မရှိသည့် (သူတို့ယုံကြည်သော) သန့်ရှင်းသော အစ္စလမ်ဝါဒအတွင်းသို့ ပြောင်းလဲသွတ်သွင်းရန် ဟောပြောစည်းရုံးနေသူများ ဖြစ်သည်။ အဆိုပါ အားထုတ်မှုကို ဆော်ဒီအစိုးရကလည်း ဖောဖောသီသီ ထောက်ပံ့ပေးထားသည်။ ဆလာ့ဖီဝါဒကို ထောက်ခံသည့် မွတ်စလင်နိုင်ငံများရှိ ဆော်ဒီသံရုံးများတွင် အထူးသံတမန်များ ခန့်အပ်ထားခဲ့သည်။ နှစ်စဉ် ဟာ့ဂျ်ဘုရားဖူး ခရီးစဉ်တွင် တရားဟောဆရာများကို အထူးအရေးကြီး ပုဂ္ဂိုလ်များအဖြစ် အခွင့်အရေး အာမခံချက်ပေးခဲ့သလို Muslim World League နှင့် World Assembly of Muslim Youth တို့ကဲ့သို့ အလွန်တရာ ရှေးရိုးစွဲဆန် သည့် အစ္စလမ်အဖွဲ့အစည်းများကိုလည်း ငွေကြေးထောက်ပံ့နေသည်။
၉/၁၁ အဖြစ်အပျက် ဖြစ်ပွားပြီးနောက် အမေရိကန်က ဖိအားပေးခဲ့သဖြင့် ငွေကြေးထောက်ပံ့မှု အများအပြား ရပ်ဆိုင်းသွားခဲ့သော်လည်း ဆလာ့ဖီဝါဒက ဆော်ဒီဘုရင့်နိုင်ငံအတွင်း အင်အားကောင်းစွာဖြင့် အခိုင်အမာ ကျန်ရှိနေဆဲဖြစ်သည်။ ကမ္ဘာ့ မွတ်စလင် အများစုက စွန့်ပစ်ထားခဲ့ပြီဖြစ်သော ခေတ်မမီတော့သည့် ရှာရီးယား ဥပဒေအရ အပြစ်ပေးခြင်းများ ကျင့်သုံးနေခဲ့သည်။ ဩဂုတ်လ ၄ ရက် နေ့အထိ ဆော်ဒီအာရေးဗီးယားတွင် ခေါင်းဖြတ်ကွပ်မျက်ခံရသူ ၁၉ ဦးရှိပြီး ၎င်းတို့ထဲမှ တဝက်ခန့်မှာ အကြမ်းမဖက်သော ပြစ်မှုများသာဖြစ်သည်။
အမေရိကန် ဂျာနယ်လစ်များဖြစ်သော Steven Sotloff နှင့် James Foley တို့ကို အစ္စလမ် စစ်သွေးကြွများက ခေါင်းဖြတ်ပြခြင်းနှင့် ISIS အဖွဲ့၏ အခြားသော ရက်စက်ကြမ်းတမ်းမှုများကြောင့် ကျနော်တို့ ထိတ်လန့် တုန်လှုပ်ကြပါသည်။ သို့သော်လည်း ဆော်ဒီအာရေးဗီးယားတွင် ခေါင်းဖြတ်ခြင်းကို တရားဝင်ခွင့်ပြုထားသည်ကို အပြစ်မမြင်ဘဲ ရှိနေကြသည်။ ထိုသို့ ကြမ်းကြုပ်ရက်စက်မှုကို တရားဝင် ခွင့်ပြုထားခြင်းအားဖြင့် ဆော်ဒီဘုရင့်နိုင်ငံက အခြားနေရာများမှ ဤကဲ့သို့ ပြစ်ဒဏ်ပေးမှုများကို အားပေးနေသလိုဖြစ်သည်။ ဆော်ဒီအာရေးဗီးယားသည် အစ္စလမ်ဘာသာ မွေးဖွားရာဒေသဆိုသည့် အချက်က ပိုဆိုးစေတော့သည်။
ဆော်ဒီအာရေးဗီးယားတွင် အလွတ်လပ်ဆုံးမြို့ဖြစ်သည့် ဂျစ်ဒါတွင် ကျနော် ၂၀ဝ၅ ခုနှစ်က နေထိုင်ခဲ့ပါသည်။ ထိုနှစ်၌ ပိတ်နေသည့် ဆလာ့ဖ်တို့၏ စိတ်များကို ဖွင့်လှစ်ရန် အားထုတ်မှုတခု အနေဖြင့် ဆော်ဒီဘုရင် အက်ဘ်ဒူလာက အခြားသော ဘာသာဝင်များနှင့် ပြောဆိုဆွေးနွေးခြင်းကို အားပေးခဲ့ပါသည်။ ကျနော် ဝတ်ပြုသည့် ဗလီတွင် ဗလီဆရာက သောကြာနေ့ ဝတ်ပြုချိန်၌ အခြားသာသာများနှင့် ဆွေးနွေးခြင်းကို တားမြစ်ဖို့ တရားဟောပါသည်။ ထိုသို့ ဆွေးနွေးခြင်းအားဖြင့် အစ္စလမ်ဘာသာကို အခြား “မှားယွင်းသော ဘာသာများ” နှင့် တန်းတူဖြစ်အောင် လုပ်သလိုဖြစ်သည်ဟု သူကပြောပါသည်။ လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် ကျား/မ တန်းတူညီမျှခွင့် စသည့်အရာများဆီသို့ လမ်းခွဲထွက်ခြင်းဖြစ်ပြီး ဘာသာမဲ့ အနောက်တိုင်းသားတို့၏ ဖောက်ပြန်သော အလေ့အထဟု သူက စောဒကတက်ခဲ့သည်။
ထိုကဲ့သို့ ဘုရင်နှင့် ဆလာ့ဖီများကြား တင်းမာမှုသည် ဆော်ဒီအာရေးဗီးယားတွင် ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ရခြင်း၏ အကြောင်းရင်းဖြစ်သည်။ ဘုရင်က ခေတ်မီပြောင်းလဲလိုသူ တယောက်ဖြစ်သည်။ သို့သော်လည်း သူနှင့် သူ၏ အကြံပေးအရာရှိများသည် သက်တမ်း ၂၇၀ ကြာမြင့်ခဲ့ပြီဖြစ်သော ဆော်ဒီနန်းတော်နှင့် ဝါဟာဘီဝါဒ Wahhabism ကို တည်ထောင်သူတို့ကြားမှ သဘောတူညီချက်ကို ဖောက်ဖျက်ရန် ဆန္ဒမရှိဘဲ ဖြစ်နေကြသည်။ (ဝါဟာဘီဝါဒ ဆိုသည်မှာ Salafism နှင့် နီးကပ်သည့် တင်းကျပ်သော အစ္စလမ်အယူတမျိုးဖြစ်သည်။) ၁၇၄၄ ခုနှစ်က သဲကန္တာရအတွင်းမှာ ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်ကို ယခုအချိန်မှာ ပယ်ဖျက်သင့်နေပါပြီ။
ဘာသာရေး ခေါင်းဆောင်တို့၏ ဩဇာကလည်း ပြိုင်ဘက်ကင်းသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံမှ တွစ်တာဟီးရိုးများထဲတွင် ဘာသာရေးခေါင်းဆောင်တို့က အအောင်မြင်ဆုံးဖြစ်သည်။ ဇနီးမယားအား ရိုက်နှက်ဆုံးမခြင်းနှင့် ဂျူး မုန်းတီးဆန့်ကျင်ရေးကို ထောက်ခံဟောပြောခဲ့သည့်အတွက် ယမန်နှစ်က ဥရောပသမဂ္ဂ၏ ဒဏ်ခတ်အရေးယူခြင်း ခံခဲ့ရသော အစွန်းရောက် ဘာသာရေးခေါင်းဆောင် မိုဟာမက် အယ်အာရီဖီလို လူမျိုးသည်ပင် Twitter လူမှုရေး ကွန်ရက်တွင် Follower ၉ ဒသမ ၄ သန်းရှိသည်။ ဆော်ဒီနိုင်ငံတွင် ဘာသာရေး ရဲတပ်ဖွဲ့တခုက ကင်းလှည့်နေပြီး အမျိုးသမီးများအား မျက်နှာဖုံးဝတ်ဆင် စေခြင်း၊ ငယ်ရွယ်သည့် ချစ်သူစုံတွဲများ ချိန်းတွေ့ ခြင်းမှတားမြစ်ခြင်းနှင့် ဆိုင်များတွင် “အမြင်မတင့် တယ်သော” မျက်နှာဖုံးဖြင့် မဂ္ဂဇင်းစာအုပ်များ မရှိစေရေးတို့ကို ဆောင်ရွက်နေသည်။ ဘာသာရေးအရ မြင့်မြတ်သည့် မြို့တော်များဖြစ်သော မက္ကာနှင့် မက်ဒီးနာတို့တွင်လည်း ဘာသာရေး ရဲအဖွဲ့က အမျိုးသား သီးသန့်နေရာတွင် အမျိုးသမီးများကို မြင်တွေ့ရပါက သို့မဟုတ် ဆလာ့ဖီ စံနှုန်းနှင့်အညီ ဝတ်စားဆင်ယင်ခြင်း မရှိပါက တုတ်များဖြင့် ရိုက်နှက်ကြသည်။ ထိုလုပ်ရပ်သည် တမန်တော် မိုဟာမက်က အသိအမှတ်ပြုခဲ့သည့် အစ္စလမ်ဘာသာ မဟုတ်ပါ။
ဆလာ့ဖီတို့၏ သည်းမခံမှုက မက္ကာနှင့် မက်ဒီးနာရှိ အစ္စလမ် အမွေအနှစ်များကို ဖျက်ဆီးခြင်းအထိ ရောက်ရှိလာသည်။ အကယ်၍ ISIS အဖွဲ့က ဘုရားကျောင်းများကို ဖောက်ခွဲဖျက်ဆီးနေသည်ဆိုလျှင် ထိုသို့ပြုလုပ်ခြင်းသည် ၁၉၂၅ ခုနှစ်က မက်ဒီးနားရှိ ဂျန်းနက်အယ်လ်ဘာကီ သုသာန်မှ နှစ်ပေါင်း ၁၄၀ဝ သက်တမ်းရှိ ဂူများကို ဆော်ဒီအာဏာပိုင်များက ဝါဟာဘီဝါဒ၏ လှုံ့ဆော်မှုဖြင့် ဖျက်ဆီးခဲ့ခြင်းကို အတုယူဆက်ခံခြင်းသာ ဖြစ်နိုင်ပါသည်။ ပြီးခဲ့သည့် ၂ နှစ်တာအတွင်းတွင် အကြမ်းဖက် ဆလာ့ဖီများသည် အလားတူ ခွဲခြားဖျက်ဆီးရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး လစ်ဗျားမှသည် ပါကစ္စတန်အထိ၊ မာလီမှ အီရတ်အထိ ဝတ်ကျောင်းများကို ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။ မြင့်မြတ်သည့်နေရာများကို ကာကွယ်ရန်အတွက် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများပင် ဆီးရီးယား နိုင်ငံအတွင်းသို့ ဝင်ရောက် လာခဲ့ကြသည်။
ဆော်ဒီအာရေးဗီးယားမှ ကျောင်းများနှင့် တက္ကသိုလ်များမှ ပြဋ္ဌာန်းစာအုပ်များတွင်လည်း ထိုသဘောတရားကိုပင် သင်ကြားပို့ချပေးနေသည်။ မက်ဒီးနားတက္ကသိုလ်က ကမ္ဘာတလွှားမှ ကျောင်းသား များကို စုဆောင်းခေါ်ယူပြီး အယူသီး ဆလာ့ဖီများကို လေ့ကျင့်သင်ကြားပေး ပြီးနောက် ဘော်လ်ကန်ဒေသ၊ အာဖရိက၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် အီဂျစ်ကဲ့သို့ နေရာများမှ မွတ်စလင် အသိုင်းအဝိုင်းများဆီသို့ ပို့ဆောင်ပေးသည်။ ၎င်းတို့က ဒေသခံများနှင့် လိုက်လျောညီထွေ ဖြစ်နေသည့် အစ္စလမ်ပုံစံများကို ဖယ်ရှားပြီး ဆော်ဒီအာရေးဗီးယားမှ လေ့ကျင့် သင်ကြားပေးလိုက်သည့် တင်းမာသည့် သဘောထားများ သွတ်သွင်းဖို့ လုပ်ဆောင်ကြသည်။
ဘာသာရေး အစွန်းရောက်ဝါဒ ဆိုသည်မှာ အဘယ်နည်း။ ရှာရီးယား ဥပဒေကို နိုင်ငံ့ဥပဒေအဖြစ် အသုံးပြုရန် ရည်ရွယ်ခြင်းလော။ ISIS အဖွဲ့က သူ၏ခေါင်းဆောင်မှုဖြင့် လုပ်ဆောင်နေသည်မှာ ထိုနည်းအတိုင်း အတိအကျဖြစ်နေသည်။ အစ္စလမ် မဟုတ်သော၊ လက်တွေ့အခြေအနေနှင့် မကိုက်ညီသော၊ ရှာရီးယား ဥပဒေအတိုင်း အခိုင်အမာကောက်ယူ၍ အုပ်စိုးရန် ကြိုးစားနေသည့် အယူအဆကို ကျနော်တို့မဆန့်ကျင် မတိုက်ဖျက်နိုင်လျှင် ကုလသမဂ္ဂ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အေဂျင်စီသည်လည်း အစ္စလမ်မစ် အကြမ်းဖက်ဝါဒကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။
ဆော်ဒီအာရေးဗီးယားက ဆလာ့ဖီ နတ်ဆိုးကြီးကို ဖန်တီးခဲ့သည်။ ယခုအချိန်မှာ အဆိုပါ အရိုင်းကောင်ကြီးကို နှိမ်နင်းဖို့ ကုလသမဂ္ဂဆီ ပုတ်ထုတ်၍ မရတော့ပါ။ မက္ကာနှင့် မက်ဒီးနာလို နေရာမှစပြီး ပြည်တွင်းမှာရှိနေသည့် အကြမ်းဖက်ဝါဒ၏ ဘာသာရေးနှင့် သဘောတရားရေးဆိုင်ရာ ပင်မဇာစ်မြစ်တွေကို ဖော်ထုတ် ဖြေရှင်းရတော့မည်ဖြစ်သည်။
အစ္စလမ်ဘာသာ မွေးဖွားသန့်စင်ရာ ဆော်ဒီအာရေးဗီးယားကို ပြုပြင်ပြောင်းလဲခြင်းသည် တကမ္ဘာလုံးနှင့်ဆိုင်သည့် အကြမ်းဖက်ဆန့်ကျင်ရေး စစ်ပွဲတွင် အောင်မြင်ရေး အတွက် အလွန်တရာကြီးကျယ်သည့် ခြေလှမ်းတရပ် ဖြစ်ပါလိမ့်မည်။
(New York Times သတင်းစာတွင် ရေးသားထားသော Saudis Must Stop Exporting Extremism ကို နိုင်မင်းသွင်က ဆီလျော်အောင် ဘာသာပြန်သည်။)