ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြဝတီမြို့ကတဆင့် တင်သွင်းလာတဲ့ မော်တော်ဆိုင် ကယ် အပါအဝင် တခြား ကုန်ပစ္စည်းတွေအပြည့်တင်ဆောင်လာတဲ့ ကုန်တင်ကားကြီး အစီး သုံးဆယ်ကို မြဝတီအခြေစိုက် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ဗိုလ်မှူးကြီး တိုက်ဂါးဦးဆောင်တဲ့ အဖွဲ့က ပြီးခဲ့တဲ့ စနေနေ့က ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဗိုလ်မှူးကြီး တိုက်ဂါး ကတော့ တရားဝင်လက်မှတ်တွေ ကိုင်ဆောင်ပြီး၊ ထိုင်းနိုင်ငံဘက်အခြမ်းမှာ သွား ရောက်ကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတွေက နည်းမျိုးစုံနဲ့ ငွေညှစ်မှုတွေကို နောက်မလုပ်စေလိုတဲ့ အပြင်၊ ဒီကိစ္စတွေကို လျစ်လျူရှုနေတဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သိအောင် သတိပေးလိုက်တာဖြစ် တယ်လို့ဆိုပါတယ်။
ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ကုန်ကား အစီးသုံးဆယ်ကို မြဝတီမြို့ခံအာဏာပိုင်တွေလာရောက် ညှိနှိုင်းအပြီး အဲဒီနေ့မှာပဲ ပြန်လွှတ်ပေးလိုက်ပေမယ့်၊ ဒီအဖြစ်အပျက်ဟာ နှစ်နိုင်ငံ နယ်စပ်မြို့အာဏာပိုင်တွေအကြား ရိုက်ခတ်မှုတွေရှိခဲ့တာကြောင့် တွေ့ဆုံဖြေရှင်းရမယ့် အခြေအနေတွေဖြစ်လာခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံကို တရားဝင်လက်မှတ်တွေနဲ့ ကူးသန်း နေကြတဲ့ မြန်မာနိုင်ငံသားတွေ လုံခြုံရေးအတွက် နှစ်နိုင်ငံ နယ်စပ်မြို့ အာဏာပိုင်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးဖို့ ကမ်းလှမ်းထားတဲ့ ဗိုလ်မှူးကြီး တိုက်ဂါးကို ဧရာဝတီသတင်းထောက် ကျော်ခ က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ထိုင်းက ကုန်ကား အစီးသုံးဆယ်ကို ခေတ္တထိန်းသိမ်းလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နောက် ဆုံး အခြေအနေကို သိပါရစေ။
ဖြေ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အခု ဒီမြဝတီ အရှေ့တိုင်းရုံးမှာ မြဝတီ အခြေစိုက် အစိုးရစစ်တပ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ လဝက၊ DKBA၊ KNU၊ BGF၊ KNU/KNLA-PC တပ်တွေအစည်းအဝေးထိုင်နေပါတယ်။
မေး။ ။ ထိုင်းဘက်ကလာတဲ့ ကုန်ကား အစီးသုံးဆယ်ကို ထိန်းသိမ်းဖို့ ဘယ်လိုကနေလုပ်ဖြစ် သွားတာလဲ။
ဖြေ။ ။ ကုန်ကားတွေကို အကုန်လုံးပြန်လွှတ်ပေးလိုက်ပါပြီ။ ကျနော့်အနေနဲ့ကတော့ တနိုင်ငံနဲ့ တနိုင်ငံ ဘာမှ မဖြစ်စေချင်ဘူး။ လုပ်လည်း မလုပ်ချင်ပါဘူး။ အခုဟာက ကျနော်တို့ နိုင်ငံ၊ ကျနော်တို့ ပြည်သူ လူထုကို မလေးစားလို့ ကျနော်တို့လည်း သူတို့ကို လေးစားစရာမလိုဘူး။ ကျနော်တို့ မြန်မာနိုင်ငံ သားတွေက တိရစ္ဆာန်မှ မဟုတ်ဘဲဟာ။ ကျနော်တို့လည်း လူပဲ။ သူတို့လည်းလူပဲ။ ကျနော်တို့နိုင်ငံသားတွေ သူတို့ဆီသွား ရင် မြန်မာတွေ အကျင့်မကောင်းဘူး သူတို့ပြောတယ်။ စကားပြောတာကအစ တော်တော်နှိမ်တာပဲ။ အဲဒါကို ကျနော်တို့အစိုးရက လူကြီးတွေက ထိုင်ပြီးကြည့်နေတာပဲ။ သူတို့ကြည့်နေသလို ကျနော်တို့ ကြည့်မနေနိုင် ဘူး။
ထိုင်းဘက်ကမ်းမှာ သွားအလုပ်လုပ်တဲ့လူတွေဆိုရင် တရက်ကို ဘတ်၂၀၀ လောက်ရတယ်။ အပြန် ရဲ ဖမ်း ရင် တပြားမှ ပြန်ပါမလာဘူး။ အဲဒါတွေကို မခံနိုင်လို့ မကျေနပ်လို့ ကျနော်ကိုယ်တိုင် ဦးစီးပြီးလုပ်တာ။
ဒါတွေက အစိုးရက ဦးစီးပြီးလုပ်ရမှာ သူတို့ မလုပ်လို့ ကျနော်တို့က လုပ်တာ။ ဦးသိန်းစိန် အစိုးရက ဘာမှမ လုပ်ဘူး။ ဒီနယ်စပ်မှာရှိနေတဲ့ ဗျူဟာမှူး၊ စစ်တပ်နဲ့ အစိုးရ ဌာနဆိုင်ရာတွေလည်း ဘာမှမလုပ်ဘူး။ ကျနော်တို့ နိုင်ငံသားတွေက ခံနေရတာပဲ။
မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေနဲ့လည်း တယ်လီဖုန်းနဲ့ အဆက်အသွယ်ရတယ် လို့သိရတယ်၊ သူတို့ဘက်က ဘာပြောလဲ။
ဖြေ ။ ။မဲဆောက်မြို့နယ်က ဒုရဲမှူးကြီး က ကျနော့်ဆီကို ဖုန်းဆက်လာတယ်။ ကျနော်ပြောလိုက်ပါ တယ်။ ရဲမင်းကြီးကိုယ်တိုင် လာရှင်းပါ။ ထိုင်းနိုင်ငံသားတွေ ဒီဘက်မြန်မာဘက်ကမ်းကို ကူးလာရင် ဘယ်သူ မှ အနှောင့်အယှက်မပေးဘူး။ အေးအေး ဆေးဆေး သွားလာလို့ရတယ်။ ကျနော်တို့ နှောင့်ယှက်ရင် ကျနော် တို့ အစိုးရနာမည်ပျက်မယ်လေ။
ကျနော်တော့ ပြောထားတယ်။ ကျနော်တို့ မြန်မာ ပြည်သူလူထုတွေ အာမခံချက်ရှိရေးအတွက် သေချာလုပ် ပေးပါ။ ကျနော်တို့ နိုင်ငံသားတွေ မဲဆောက်ဘက်ကို ကူးပြီဆိုလို့ရှိရင် တရားဝင်ကူးတယ်။ လက်မှတ်တွေ လုပ်တယ်။ တံတားကျော်ပြီဆိုတာနဲ့ ထိုင်းရဲတွေ၊ မော်တော်ပီကယ်တွေက တားပြီး ပိုက်ဆံ (ဘတ်) ၁၀၀၊ ၂၀၀ အနိုင်ကျင့် တောင်းခံနေကြရတယ်။ တရားဝင် လက်မှတ်တွေနဲ့ သွားလာနေတဲ့ ကျနော်တို့ နိုင်ငံသား တွေကို နောက်ထပ် အနိုင်မကျင့်ဖို့ လေးစားမှုရှိဖို့ ကျနော်က တောင်းဆိုထားတယ်။
မေး။ ။ ဒါဆိုရင် ဒီကိစ္စမျိုးတွေ နောက်မဖြစ်အောင် ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။
ဖြေ။ ။ ဒီကိစ္စ ထပ်မဖြစ်အောင် တာခ့်ခရိုင်မှူးနဲ့ မဲဆောက်မြို့နယ် ရဲမင်းကြီးတို့ ကိုယ်တိုင် မြဝတီ မှာ ကျနော်တို့နဲ့ လာပြီး ဆွေးနွေးဖို့ ဖိတ်ထားတယ်။ ၁၈ ရက်နေ့တွေ့ကြမယ်လို့တော့ သူတို့ဘက်က အကြောင်းပြန်ထားတယ်။ သူတို့လာရင်တော့ ကျနော်တို့ရယ်၊ မြန်မာအစိုးရဘက်က မြဝတီခရိုင် အုပ်ချုပ် ရေးမှူးရယ် သုံးပွင့်ဆိုင်ဆွေးနွေးကြမယ်။
အဲလိုမှ မဟုတ်ရင် မြန်မာအစိုးရဘက်က လူကြီးတွေရယ် ထိုင်းဘက်ကလူကြီးတွေရယ် တွေ့ပြီး တီးတိုး တီးတိုး နဲ့ ပြောပြီး ပြီးသွားမှာဘဲ။ ဒီလိုမလုပ်လို့မရဘူး။ အခုခံနေရတာက ကျနော်တို့ ကရင်လူမျိုးတွေချည်း မဟုတ်ဘူး။ ဗမာအပါအဝင် အခြား တိုင်းရင်းသားပေါင်းစုံ ဒီကနေကူးသန်းနေကြတာ တော်တော်များများ လည်း ခံနေကြရတယ်။ ထိုင်းက လူကြီးတွေလာပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ပဲတွေ့ပြီး ပြန်မယ်ဆိုရင်လည်း ထုံးစံအတိုင်း ထမင်းစားရေသောက် ပြောပြီးပြန်ကြမှာပဲ၊ ဒီလူတွေခံနေရတဲ့ ကိစ္စကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာလည်းမဟုတ်ဘူး။ ခံနေရတာက သူတို့မှမဟုတ်ဘဲကိုး။ ဒါကြောင့် အခုလို သုံးပွင့်ဆိုင် ခေါ်ရှင်းမှ ရမှာ။
နယ်စပ်မှာ ကျနော်တို့ ပြည်သူလူထုက ခံနေရတာများပြီ။ တရားဝင် လက်မှတ်လုပ်ထားရက်နဲ့ ပိုက်ဆံ တောင်းတယ်။ မပေးရင် မူးယစ်ဆေးဝါးမှုနဲ့ ထောင်ထဲထည့်တာတွေလည်းရှိတယ်။ မဟုတ်ရင်လည်း လက်နက်ကိုင်ဆောင်မှုနဲ့ ထောင်ချလိုက်တာ တွေလည်း ရှိတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေနဲ့ ကျနော်တို့နိုင်ငံသား တွေခံနေရတာတွေများပြီ။ ဒါတွေကို သိရက်၊ မြင်ရက်နဲ့ ကျနော်တို့နိုင်ငံ လူကြီးတွေက ထိုင်းတွေကို ထိုင်ပြီး တော့ ရှိခိုးနေကြတာ။ သူတို့ ရှိခိုးသလို ကျနော်တို့က ရှိခိုးမနေနိုင်ဘူး။ ဒါကြောင့် အခုလိုလုပ်ပြလိုက်တာပဲ။
မေး။ ။ မြဝတီမြို့ဆိုတာ ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအပေါ်မှာ မှီခိုနေရတဲ့ မြို့ဖြစ် တော့ ဒီလိုလုပ်လိုက်တဲ့ အတွက် ကုန်သွယ်မှုကို ထိခိုက်မှာရော မစိုးရိမ်ဘူးလား။
ဖြေ။ ။ ကျနော်တို့ အခုလုပ်တယ်ဆိုတာ ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့တာ မဟုတ်ဘူး။ ထိုင်းဘက်မှာ ကျနော်တို့ နိုင်ငံသားတွေ မတရားခံနေရတာကို သူတို့ဘက်က လူကြီးတွေသိအောင် ပြင်ဆင် နိုင်အောင် အသိပေးတဲ့သဘောပဲ။ ကျနော်တို့ အနေနဲ့ အများအကျိုးပျက်စီးရာ၊ ပျက်စီးကြောင်းကို ရှေးရှု ပြီးလုပ်တာမဟုတ်ဘူး။
မေး ။ ။ ကုန်ကားတွေကို တားဆီးထိန်းသိမ်းလိုက်တဲ့နေ့က ဗိုလ်မှူး တို့ကို မြဝတီမြို့အခြေစိုက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင် လာရောက်ဆွေးနွေးကြတာတွေရှိတယ်လို့သိရတယ်။ သူတို့နဲ့ ဘာတွေ ဆွေးနွေးဖြစ်ကြလဲ။
ဖြေ။ ။ မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲဘက်ကဆိုရင် မြို့နယ်မှူး အပါအဝင် တော်တော်များများ လာဆွေးနွေးကြပါတယ်။ ကျနော်ကပြောတယ်။ ဒီပြဿနာကို ခင်ဗျားတို့ ဘယ်လိုလုပ်ကြမလဲဆိုတော့။ သူတို့ကပြောတာ ဒီပြဿနာကို တာဝန်ယူ ပြီးတော့ သူတို့ရှင်းပေးမယ်။ ကျနော်လည်း ပြောလိုက်တယ်။ ဟုတ်ပြီ ရှင်းပေးရင် ရှင်းပေး မရှင်းပေးရင် ကျနော်ကိုယ်တိုင် နောက်တခေါက်ပြန်ရှင်းမယ်လို့ ပြောလိုက် တယ်။
မေး။ ။ အခုကိစ္စကို ထိုင်းဘက်ကလည်း လာမဆွေးနွေးဘူး၊ အစိုးရဘက်ကလည်း လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်တာတွေ မရှိဘူးဆိုရင်ရော ဗိုလ်မှူးတို့ ဘယ်လိုလုပ်မလဲ။
ဖြေ။ ။ အဲဒီလိုလုပ်မလာဘူး။ ကျနော်တို့ နိုင်ငံသားတွေကို ထပ်ပြီး အနိုင်ကျင့်ရင်တော့ လုပ်ဦးမှာပဲ ဆိုရင်တော့ ကျနော်တို့က ဆက်ပြီးဖမ်းမှာပဲ။ ကျနော်တို့ ပြည်သူလူထုတွေကို မထိနဲ့ ထိရင် ကျနော်တို့လည်း မခံနိုင်ဘူး။ မကျေနပ်လို့ ကျနော့်ကို ဖမ်းရင်ဖမ်း၊ ကျနော်တို့ နိုင်ငံသားတွေကို မတရားတဲ့ နည်းနဲ့ ဖြေရှင်းနေ တာ ကိုတော့ လက်ပိုက်ကြည့်မနေနိုင်ဘူး။ ဒီအဖြစ်အပျက်တွေကလည်း အခုမှ ဖြစ်တာမဟုတ်ဘူး။ ကြာပြီ ကျနော်တို့ အစိုးရက လက်ပိုက်ကြည့်နေတာ။