မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း(MPT)က ဂျပန်နိုင်ငံ KDDI ၊ Sumitomo ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ ဆက်သွယ်ရေး လုပ်ငန်းများကို ပိုမိုမြင့်တင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ရှေ့သို့လှမ်းချီ မြန်မာပြည် အမည်ဖြင့် သတင်းစာ ရှင်းလင်းပွဲတခုကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ငွေကျပ် ၁၅၀၀ တန် ဆင်းမ်ကတ် ချထား ပေးမှု အခြေအနေများနှင့် ရှေ့ဆက်လုပ်ကိုင်မည့် MPT လုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့ကြသည်။ ထို့ကြောင့် MPT ၏ ရှေ့ဆက် လုပ်ငန်းများ အကြောင်းကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာချုပ် ဦးမျိုးဆွေအား ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး – MPT အနေနဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးတဲ့အခါမှာ ဘယ်လိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးသွားဖို့ ရှိပါသလဲ။
ဖြေ – လိုင်းဖုန်းကိုလည်း ပိုပြီး ကောင်းအောင် လုပ်သွားမယ်။ တိုးချဲ့မယ်။ လိုင်းဖုန်းပေးတဲ့ အိတ်ချိန်းစ် စနစ်တွေကိုလည်း ဒီထက်ပို အဆင့်မြင့်တဲ့ ပုံစံတွေ လုပ်နေပြီ။ ဘယ်လိုလဲဆိုတော့ အင်တာနက် ဆားဗစ်ပါတွဲပြီး ပေးနိုင်တဲ့ ပုံစံပေါ့။ Internet Switch ကိုလည်း ပိုကောင်းအောင် လုပ်ပေးမယ်။
အင်တာနက်လိုင်းကိုလည်း ကြိုးတွေပေါ်ကပေးတဲ့ လိုင်းကိုရော ၊ ကြိုးမဲ့ စနစ်နဲ့ပေးတဲ့ လိုင်းကိုရော ပိုကောင်းအောင် ချိတ်ဆက်ပေးသွားမယ်။ လက်ရှိ မိုဘိုင်း ဆားဗစ်တွေကိုလည်း Voice ကိုရော Data ကိုရော ကောင်းအောင် လုပ်ပေးမယ်။ အင်တာနက် ဆားဗစ်ကိုလည်း သူ့နှုန်းအတိုင်း ဝန်ဆောင်မှု ပေးနိုင်တဲ့ အဆင့်ဖြစ်အောင် လုပ်မယ်။
Wireless Service ကိုလည်း ဂျပန်ရဲ့ နည်းပညာနဲ့ ပိုအဆင့်မြှင့်အောင် လုပ်ပေးမယ်။ ပိုကောင်းမွန်တဲ့ အင်တာနက် ဝန်ဆောင်မှု ရလာမှာတော့ သေချာတယ်။ တခြား ကုမ္ပဏီတွေက ကောင်းတယ်ဆိုတာ မိုဘိုင်းလ်တခုပဲ လုပ်တာကိုး။ ကျနော်တို့ကျတော့ မိုးဘိုင်းလ်ရော ၊ ကြိုးဖုန်းရော ၊ အင်တာနက် အကုန် လုပ်ရတာလေ။
မေး – လိုင်စင်ရထားတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ Oreedoo နဲ့ Telenor တို့ကို MPT အနေနဲ့ ဘယ်လို ယှဉ်ပြိုင်သွားမလဲ။
ဖြေ – ယှဉ်ပြိုင်တယ်ဆိုတာထက် ကိုယ်က ဝန်ဆောင်မှု ပိုကောင်းအောင် ပေးရမှာပဲ။ ပြည်သူလူထုကို ဝန်ဆောင်မှု ကောင်းကောင်းပေးပြီး သင့်တော်တဲ့ ဈေးနှုန်းနဲ့ ရောင်းပေးသွားရမှာ။ ကျနော်တို့ကတော့ ကိုယ့်အလုပ်ကိုပဲ ပိုကောင်းအောင် လုပ်သွားမှာပါ။
မေး – အခု ဖုန်းကတ်က ၅ သန်း ချပေးမှာဆိုတော့ လူတွေလက်ထဲကို ဘယ်လောက်လောက် ရောက်သွားပြီလဲ။ မှောင်ခိုဈေးကွက် ဖြစ်မလာအောင် ဘယ်လိုလုပ်ဆောင်သွားမလဲ။
ဖြေ – ဒီလအတွင်းမှာပဲ လူတွေလက်ထဲကို အနည်းဆုံး တသန်းခွဲလောက် ချပေးဖို့ မှန်းထားတယ်။ ဘယ်လမှာ ဘယ်လောက်ဆိုတာတော့ ပြောဖို့ ခက်တယ်။ ဒီဇင်ဘာလ အကုန်အထိတော့ ၅ သန်းလောက် ချပေးသွားဖို့ ရှိတယ်။ တချို့ကိစ္စတွေက Strategies နဲ့ ဆိုင်တော့ ထုတ်ပြောဖို့ ခက်နေတယ်။ ပြိုင်ဆိုင်မှုတွေ ရှိနေလို့ပါ။
မေး – အခုလို ဖုန်းကုမ္ပဏီတွေလည်း များလာပြီး ဖုန်းတွေ တအားချပေးလာတော့ ဖုန်းလိုင်းတွေ မကျပ်အောင် အခြေခံ အဆောက်အဦတွေကို ဘယ်လိုအဆင့်မြှင့်မလဲ။
ဖြေ – အဲဒါက ခုနက မေးတဲ့ မေးခွန်နဲ့လည်း ဆက်စပ်ပါတယ်။ ကျနော်တို့ ဖုန်းကတ် တလကို ဘယ်လောက် ချထားပေးမလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ လိုအပ်တဲ့ ပစ္စည်းတွေ ထည့်သွင်း ပံ့ပိုးသွားမှာပါ။ ကျနော်တို့ဆီမှာ လူဘယ်နှယောက် ပြောနေပြီလဲ။ ဘယ်လောက်ပြောနေလဲ ဆိုတဲ့ အချက်အလက်တွေ ရှိပါတယ်။ Traffic လို့ ခေါ်တာပေါ့ ။ ဒီတိုင်မှာ ဘယ်လောက် ထပ်တိုးချဲ့ဖို့လိုလဲ ဆိုတာ ရှိပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီး ပေးတာပါ။
အခုက ဆင်းမ်ကတ်တွ ချပေးနေပေမယ့် နောက်ခံ Infrastructure တွေလည်း လောက်နေသေးတယ် ဆိုရင်လည်း ထပ်မချဲ့သေးဘူး။ ကျနော်တို့ Target က ဒီဇင်ဘာလမှာ ဖုန်း ၅ သန်းရောင်းမယ်။ အဲဒီလိုအပ်ချက်နဲ့ ပြည့်မီတဲ့ အဆောက်အဦတွေ ရှိရမယ်။ ဒါပါပဲ။ လက်ရှိမှာလည်း Network တွေ တိုးချဲ့နေပါတယ်။
မေး – MPT က ကုမ္ပဏီ ဖြစ်သွားပြီလား။ အစိုးရ အဖွဲ့အစည်းလား။ ဘယ်လို အပြောင်းအလဲတွေ ရှိလဲ။
ဖြေ – အစိုးရ အဖွဲ့အစည်း ပုံစံပါပဲ။ ကျနော်တို့က လုပ်ငန်းတခုကို သွားပြီး ပူးပေါင်းလုပ်တာပဲ ရှိပါတယ်။ လက်ရှိမှာ JOA လို့ ခေါ်တဲ့ Joint Operation Agreement ဆိုတဲ့ ပုံစံနဲ့ Operation တခု သွားလုပ်တဲ့ သဘောမျိုးပါ။
မေး – အခုပုံစံအရ အုပ်ချုပ်ရေးပိုင်းမှာရော အပြောင်းအလဲတွေ ရှိလား။
ဖြေ – အခေါ်အဝေါ်အရတော့ ဒါရိုက်တာတွေ ဘာတွေ ရှိလာမယ်။ ကျနော် ဒီဘက်မှာ အင်ဂျင်နီယာချုပ် လုပ်နေတယ်။ ဟိုဘက်မှာလည်း သွားကူပေးရတယ်။ Organization က အပြောင်းအလဲ ဖြစ်တော့ ကျနော်တို့ အင်ဂျင်နီယာပိုင်းတွေလည်း အပြောင်းအလဲ ဖြစ်တယ်။ မဟာဗျုဟာပိုင်းတွေကို Marketing ပိုင်းက လုပ်တယ်။
Operation ပိုင်းကိုကျတော့ ကျနော်တို့ ဝင်လုပ်တယ်။ အရင်က မိုဘိုင်းလ်ဌာန ၊ အော်တို တယ်လီဖုန်းဌာန ၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဌာနတွေ ဆိုပြီး ရှိတယ်။ အခုကျတော့ အဲလို မခွဲတော့ဘူး။ နည်းပညာ ဌာနဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ စက်ပိုင်းဆိုင်ရာ တည်ဆောက်ရေး အဖွဲ့က သပ်သပ်ပေါ့။ အဲဒါတွေကို ဝန်ဆောင်မှုပေးတဲ့အခါ တကယ်ထိရောက်မှု ရှိမရှိ စောင့်ကြည့်နေတဲ့ အဖွဲ့လည်း ရှိတယ်။ နိုင်ငံတကာ ပုံစံဖြစ်သွားပြီ။
ကျနော်တို့ ဌာန ဆိုရင် IT Strategies ပေါ့ ။ IT နဲ့ ပတ်သက်တဲ့ မဟာဗျူဟာတွေ ချရတယ်။ ဌာနမှာ ကျနော်က တာဝန်အရှိဆုံး၊ အကြီးဆုံး မဟုတ်တော့ဘူး။ သူ့အဆင့် အလိုက် တာဝန်ယူမှု ၊ တာဝန်ခံမှုတွေ ရှိလာတယ်။ ဂျပန်တွေကလည်း သူတို့အပိုင်းကို သူတို့ တာဝန် အပြည့်အ၀ ယူတယ်။
မေး – အင်တာနက်လိုင်း နှေးသွားတာ ၊ ကျသွားတာတွေ ဖြစ်ခဲ့ရင် ဘယ်လို ဝန်ဆောင်မှုပေးမလဲ။ အဲဒါမျိုးတွေအတွက် သီးသန့်ဌာနတခု ရှိပါသလား။
ဖြေ – မိုဘိုင်းလ်နဲ့ ပေးတဲ့ အင်တာနက်လိုင်း ရှိတယ်။ ဖိုက်ဘာနဲ့ ပေးတဲ့ အင်တာနက်လိုင်း ရှိတယ်။ ဒါတွေကို ထပ်ပြီး Upgrade လုပ်နိုင်ဖို့ စီစဉ်နေပါတယ်။
မေး – အခု MPT ရဲ့ ဖိုက်ဘာ အင်တာနက် ဝန်ဆောင်မှုက 100 Mbps တောင် ရပြီဆိုတော့ တလကို သိန်း ၇၀ နဲ့ တကယ်ရော အပြင်မှာ အဲဒီနှုန်းအတိုင်း တပ်လို့ ရပြီလား။
ဖြေ – တကယ် ရပါပြီ။ ယူတဲ့သူ ရှိဖို့တော့ လိုတာပေါ့။ ကျနော်တို့ ဖိုက်ဘာ အင်တာနက်လိုင်း ဈေးလည်း သက်သာပါတယ်။ အခုဆိုရင် ကနဦး တပ်ဆင်ခကလည်း သက်သာနေပါပြီ။ ပြီးတော့ ကိုယ် ဘယ်နေရာကိုမဆို ယူသွားလို့ ရပြီး သုံးလို့ရတဲ့ အဆင့်မျိုးပါ။