၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏသိမ်း လိုက်ပါတယ်။ အာသိမ်းပြီး နောက်တနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ဟာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ကျောင်းသားလူငယ်တွေကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ၂၆ နှစ်ပြည့် နှစ်ပတ်လည် နေ့ ဖြစ်ပါတယ်။
တနည်းအားဖြင့် အဲဒီလို သေနတ်နဲ့ ပစ်နေတဲ့ စစ်တပ်ကို ဆန္ဒပြရုံနဲ့ မဖြစ်တော့ဘူး၊ ဓား ဓားချင်း၊ လှံ လှံချင်းနည်းကို ယူပြီး လက်နက်ကိုင် ပြန်တော်လှန်မှ ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ထောင် သောင်းချီတဲ့ ကျောင်းသား လူငယ်တွေ တောခိုခဲ့တဲ့ ပထမ ဆုံးနေ့ ဖြစ်ပါတယ်။
|
ကျနော်တို့ ထားဝယ်ဘက်မှာတော့ စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းကျမှ စတင်ပစ်ခတ်ဖြိုခွဲ ခံရတာ ဖြစ်ပြီး စစ်တပ်ရဲ့ ပစ်ခတ်မှုကနေ လွတ်မြောက် ထွက်ပြေးလာကြတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ၊ တခြား ကျောင်းသားတွေ အပါဝင် လူ အင်အား ၅၀ ခန့်ဟာ လွန်ခဲ့တဲ့ ၂၆ နှစ်၊ ဒီလို အချိန်မျိုးမှာ မိဘအိမ်ကနေ ယုံကြည်ရာ ခရီးကြမ်းကို စတင်ထွက်ခွာ ခဲ့ပါတယ်။
၈ လေးလုံး အရေးအခင်း ကာလအတွင်း စစ်တပ်ရဲ့ ဖြိုခွင်းပစ်ခတ်မှုကြောင့် ထားဝယ်ဘက်မှာတော့ ကျောင်းဆရာဦးပန်းကျော် အပါအဝင် ၅ ဦး ကျဆုံး ခဲ့ရပြီး ၃၇ ဦး ဒဏ်ရာခဲ့ ပါတယ်။ တနိုင်ငံလုံး အတိုင်းတာနဲ့ ဆိုရင် ကျောင်းသားလူငယ် ၃၀၀၀ ကျော် သေဆုံးတယ် လို့ ခန့်မှန်းခဲ့ကြ ပေမယ့် အခုအချိန်အထိတော့ အရေးတယူနဲ့ စုံစမ်းဖေါ်ထုတ်တာမျိုး မရှိပါဘူး။
ကျနော်တို့လိုပဲ တခြားမြို့ရွာ နယ်ပယ် အသီးသီးက ကျောင်းသား လူငယ်တွေလည်း ဒေသအလိုက် အုပ်စုတွေ ဖွဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်၊ မြန်မာ-တရုတ် နယ်စပ်၊ မြန်မာ-အိန္ဒိယ နယ်စပ် ဒေသတွေရှိ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ် နယ်မြေ ဆီ ချီတက်လာခဲ့ကြပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ အားလုံး သိပြီးဖြစ်တဲ့ အတိုင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို ဖွဲ့စည်းပြီး စစ်အစိုးရကို ခံယူချက် ပြင်းပြင်းနဲ့ လက်နက်ကိုင် တော်လှန် စစ်ဆင်နွဲခဲ့ ကြပါတယ်။
မြို့ပြကနေ တောတွင်း ဒေသဆီ ရောက်လာကြတဲ့ ကျောင်းသားလူငယ်တွေ နယ်စပ်မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေက များပြား လှပါတယ်။ ပထမဆုံးကြုံရတာက ငှက်ဖျား၊ ဒုတိယ ကြုံရတာက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဗမာအများစု ပါဝင်တဲ့ ကျောင်းသားလူငယ်တွေ အကြား အချင်းချင်း မယုံသင်္ကာ ဖြစ်မှု၊ တတိယက ကျနော်တို့ ကျောင်းသား လူငယ်တွေ စိတ်ကူးယဉ် ထားခဲ့သလို ဘယ်နိုင်ငံကမှ လက်နက် အကူညီ မပေးခဲ့ခြင်း တွေပါပဲ။ ဒီလိုနဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ ထင် သလောက် ခရီးမပေါက်ခဲ့ဘူး ဆိုပါတော့။
ဘာကြောင့်လဲ ဆိုရင် အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေ စိတ်ကူးယဉ် ဖြစ်စေချင်ခဲ့တာက ဗိုလ်ချုပ် အောင်ဆန်းတို့ ရဲဘော်သုံးကျိပ် ဂျပန်မှာ စစ်ပညာသင်ပြီး မြန်မာ တနိုင်ငံလုံးကို ပြန်သိမ်းသလိုမျိုး ကျောင်းသား တပ်မတော် ပါဝင်တဲ့ တပ်ပေါင်းစုက လက်ရှိစစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ကို အပြီးသတ်ရှင်းလင်းနိုင်ခဲ့မယ် လို့ စိတ်ကူးယဉ် မျှော်လင့်ခဲ့ကြတာကိုး။
ဒီလို ထင်သလောက် ခရီးမပေါက်ခဲ့ပေမယ့် ပေါက်သင့် သလောက်တော့ ပေါက်ခဲ့တယ်လို့ ပြောရမှာပါ။ ဘာတွေ ပေါက်ခဲ့သလဲ ဆိုတော့ ရှေ့မှာတင်ပြခဲ့တဲ့ ဗမာအများစုနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား အချင်းချင်း မယုံကြည်မှုတွေကို အတိုင်း အတာတခုအထိ လျှော့ချပြီး တပ်ပေါင်းစုမူတွေ၊ ဖက်ဒရယ်မူတွေ၊ အားလုံး ပူူးပေါင်း ဆောင်ရွက်နိုင်တဲ့ မူတွေကို ABSDF က ဦးဆောင် စည်းရုံးနိုင်ခဲ့ပါတယ်။
ဒုတိယ တချက်ကတော့ တိုင်းရင်းသားတွေရဲ့ခံစားမှုတွေ၊ နစ်နာချက်တွေ၊ ဘယ်သူမှ မသိတဲ့ အခြေနေတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ သိအောင် လုပ်ပေးနိုင်ခဲ့ ပါတယ်။ ဒါက လက်ဆုပ်လက်ကိုင် ပြဖို့ခက်တဲ့ သဘောတရား ဆိုင်ရာ အောင်မြင်မှုတချို့ကို ဆွဲထုတ်ပြတာပါ။
ဒါပေမယ့် သာမန်အများစု အမြင်မှာတော့ စစ်မတိုက်ရသေးခင်မှာ ကျနော်တို့ရဲဘော်တချို့ ဒါဇင်နဲ့ချီပြီး စာရင်းပျောက် ဝင်သွားပါတယ်။ တိုက်ပွဲတွေမှာ ရာနဲ့ချီ ကျဆုံးခဲ့ပါတယ်၊ ငှက်ဖျားအပါအဝင် ရောဂါမျိုးစုံကြောင့် ရာနဲ့ချီ ဆုံးပါးခဲ့ရပါတယ်၊ စသဖြင့် ဆုံးရှုံးခဲ့တာတွေကိုပဲ မြင်နေကြပါတယ်။
အဲဒီလို ကျောင်းသားလူငယ်တွေ ဆုံးရှုံးသွားတဲ့ စာရင်းကို ABSDF က ထုတ်ပြန် ထားတဲ့ စာရင်းအရ ၂၆ နှစ်တာ အတွင်း ၆၇၀ ကျော် ကျဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ABSDF ရဲ့ အစောပိုင်း အင်အားက သောင်းနဲ့ချီ ရှိတဲ့အတွက် မသေမပျောက်ဘဲ ကျန်နေတဲ့ လူတွေ အခု ဘယ်ရောက်နေကြ သလဲ၊ ဘာတွေ လုပ်နေကြလဲ ဆိုတာ ဒီ ၂၆ နှစ်ပြည့်နေ့မှာ မေးခွန်းထုတ်သင့်တယ် ထင်ပါတယ်။
အကြမ်းဖျင်း ခန့်မှန်းစာရင်းကတော့ လက်ရှိ ABSDF မှာ အင်အား တထောင်ဝန်းကျင်သာ ရှိပြီး အဲဒီထဲမှာ ၁၉၉၈ ကျနော်တို့နဲ့ အတူ တောခိုလာခဲ့သူ ဦးရေက ရာဂဏန်းတောင် မကျန်တော့ပါ။ တောထဲက ဆင်းရဲမှုဒဏ်၊ မဟာမိတ်နဲ့ အဆင်မပြေမှုဒဏ်၊ တော်လှန်ရေး တပ်တွေရဲ့ရှေ့တိုးတိုက်နိုင်မှု နှေးကွေးခြင်း ဒဏ်တွေကို မခံနိုင်တဲ့ အတွက် ရာနဲ့ချီတဲ့ ရဲဘော်တွေ အိမ်ပြန်ခဲ့ကြ ပါတယ်။
တကယ့် အများစုကြီး ကတော့ တတိယနိုင်ငံ အခြေချရေး အစီအစဉ်ကို ရွေးချယ်ပြီး နိုင်ငံခြား ထွက်သွားကြပါတယ်။ အဲဒါ ၁၉၉၅ ဝန်းကျင် တပ်ပေါင်းစုဌာနချုပ် မာနယ်ပလော စခန်းကျပြီး နောက်ပိုင်း ဆက်တိုက်ဖြစ်ခဲ့တာပါ။
အခု ၂၆ နှစ် ကြာပြီးတဲ့ အခါမှာတော့ မြန်မာနိုင်ငံရေး အခြေနေက ရုတ်တရက် ပြောင်းလဲသွားခဲ့ပါပြီ။ ပြောင်းလဲတယ် ဆိုတာ လွန်ခဲ့တဲ့ ၂၆ နှစ်၊ ကျနော်တို့ တောခိုစဉ်က စိတ်ကူးယဉ်ခဲ့သလို ကျောင်းသား တပ်မတော်နဲ့ တပ်ပေါင်းစုက တိုက်လို့ ပြောင်း သွားတာမျိုး မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အင်အားစုတွေက ဦးဆောင်တိုက်လို့ ပြောင်းသွားတာမျိုး မဟုတ်။ စစ်အစိုးရဘက်က ပြောင်းချင်တဲ့ပုံစံနောက်ကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးနီးက ဒရွတ်တိုက်လိုက်ပါ သွားရတဲ့ အပြောင်းအလဲ မျိုးပါ။
ဒီတော့ ၁၉၈၈ တုန်းက ကျနော်တို့ကို သေနတ်နဲ့ ပစ်ခဲ့တဲ့ စစ်အစိုးရ မရှိတော့ဘူး ဆိုပေမယ့် အဲဒီလူတွေ ပါဝင်ဆဲ ဖြစ်တဲ့ စစ် တပိုင်း အစိုးရနဲ့ စစ်အာဏာရှင် စနစ်က ရှိနေဆဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံနေရသူတွေကို ပြန်လွတ် ပေးလိုက်ပြီ ဆိုပေမယ့် နောက်ထပ် ဖမ်းဆီးမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တောင် ပါလီမန်ထဲ ရောက်နေပြီ ဆိုပေမယ့် ကြံ့ခိုင်ရေး ပါတီ ပြောသမျှ နားထောင်နေရုံမှအပ ဘာမှဦးဆောင်လုပ်ပိုင်ခွင့် မရှိသေးပါ။
ဒီလို အခြေနေမျိုးမှာ ကျနော်တို့ ပါဝင်ခဲ့တဲ့ ABSDF ကိုယ်တိုင် စစ်တပ်တပိုင်း အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုး လိုက် ပါတယ်။ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အတော်များများလည်း လက်မှတ်ထိုး လိုက်ကြပါတယ်။
နောက်ဆုံးတော့ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် နော်ဝေးနဲ့ နိုင်ငံတကာအထိ ထွက်လာပြီး တတိယနိုင်ငံရောက် ဒီမိုကရေစီ အရေး တက်ကြွသူတွေ အမိနိုင်ငံဆီ ပြန်လာပါ။ တိုင်းပြည် တည်ဆောက်ရေးမှာ ပါဝင် လက်တွဲကြပါလို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဒီလို ဖိတ်ခေါ်မှု နောက်ပိုင်းမှာ ကျနော်အပါအဝင် တတိယနိုင်ငံရောက် တောခိုကျောင်းသား ဟောင်းတွေ ပြည်တော် ပြန်လည်ကြတာ ဘယ်နည်းပါ့မလဲ။ ရာနဲ့ချီ ရှိတာပေါ့။ ဒါပေမယ့် ရှေ့က စာရင်းအင်းတွေ အရဆိုရင် ၁၉၈၈ တုန်းက ထွက်လာသူ ဦးရေ က သောင်းနဲ့ချီ ရှိတဲ့ အတွက် ကျန်တဲ့လူတွေ ဘာကြောင့် မပြန်ကြသေးတာလဲ။
တခါ ၁၉၉၀ ရွေးကောက်ပွဲ အပြီးမှာ ထပ်ထွက်လာတဲ့ NLD နဲ့ လူ့ဘောင်သစ် ပါတီဝင်တွေ၊ ၂၀၀၃ ဒီပဲယင်း အရေးခင်း၊ ၂၀၀၇ ရွှေဝါရောင် အရေးခင်း အပြီးမှာ ထပ်ထွက်ပြေးလာသူတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကိုပါ ထပ်ပေါင်းလိုက်ရင် သိန်း ဂဏန်း မရှိရင်တောင် သောင်းဂဏန်းအထက်မှာ ရှိနေတာ သေချာပါတယ်။ အဲဒီလူတွေ အခု ဘယ်မှာနေပြီး ဘာလုပ်နေကြ သလဲ။
“ကိုယ်ကတော့ ဒီအစိုးရ လိမ်နေတာကို သိလို့၊ သူတို့ကိုလုံး၀ မယုံလို့ ဒီဖြစ်စဉ်နဲ့ ဝေးဝေးမှာပဲ သန့်သန့်လေး နေနေတယ်” လို့ လက်ရှိအပြောင်းအလဲကို မယုံကြည်လို့ ပြည်တော်မပြန်သေးတဲ့ တောခိုကျောင်းသားဟောင်း များစွာထဲက တဦးက ပြောပါတယ်။
ပြီးတော့ Social Visa လျှောက်ပြီး နိုင်ငံခြားသားတဦး အနေနဲ့ မိဘအိမ်ဆီ အလည်ပြန်ခြင်းမျိုးဟာ ၁၉၈၈ တောခိုစဉ်က ရည်ရွယ်ခဲ့တဲ့ အိမ်ပြန်ခြင်းမျိုး မဟုတ်ဘူး လို့လည်း သူက ဝေဖန်ပါတယ်။
ဒီလို အိမ်ပြန်ခြင်းဟာ တချိန်က ရန်သူအဖြစ် သတ်မှတ်တိုက်ခဲ့သူတွေဆီ သွားရောက် လက်နက်ချသလို ဖြစ်သွားတယ်။ စစ် အုပ်ချုပ်ရေး တပိုင်း အစိုးရဘက်က လိုချင်နေတဲ့ ပုံစံထဲ ခေါင်းထိုးဝင်သလို ဖြစ်သွားတယ်လို့ သူက ထောက်ပြ ပါတယ်။
တခါ ပြည်တော်ပြန်ပြီး သမ္မတအကြံပေး လုပ်နေသူတွေ၊ ငြိမ်းချမ်းရေးစင်တာမှာ အစိုးရ လခစား လုပ်နေတဲ့ တောခို ကျောင်း သား ဟောင်းတွေကိုလည်း တော်လှန်ရေးကို သစ္စာဖောက်သူတွေအဖြစ် သူက စွပ်စွဲပါတယ်။
ဒါဖြင့် တောခိုကျောင်းသား အများစုကြီးက တသက်လုံး အိမ်မပြန်ဘဲ ဒီလိုပဲနေကြတော့မှာလား။ လက်ရှိ သွားနေတဲ့ ပေါ်လစီ အမှားအယွင်းထဲမှာ မပါနိုင်ဘူး ဆိုပြီး ဘေးထွက်ထိုင်နေရုံနဲ့ အမှားတွေက သူ့အလိုလို အမှန်ဖြစ်လာပါ့မလား။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် လွှတ်တော်ထဲ ဝင်ထိုင်နေမှတော့ ကိုယ်က ဘာကောင်မို့လို့၊ ပြည်ပကနေ ဘာလုပ်နိုင်မှာ မို့လို့ တင်းခံနေမှာလဲ ဆိုပြီး မေးခွန်းထုတ်သူတွေ ကလည်း မနည်းလှပါ။
ထားတော့။ ကျနော်က ပြည်တော်ပြန်ပြီး လေ့လာတဲ့ အုပ်စုဘက်မှာ ပါခဲ့တဲ့ အတွက် ၂၀၁၃ ခုနှစ် ခရီးစဉ် နှစ်ခေါက်အတွင်း တွေ့ရှိချက်တွေနဲ့ တတိယနိုင်ငံရောက် တောခိုကျောင်းသားဟောင်းတွေ ပြည်တော် ပြန်ဖို့ အဆင်သင့် ဖြစ် မဖြစ်ကိုသာ တင်ပြချင် ပါတယ်။
အရင်ဆောင်းပါးတွေမှာ ရေးခဲ့ပြီး ဖြစ်တဲ့အတိုင်း သမ္မတက ဖိတ်ခေါ်တယ် ဆိုပေမယ့် ပါးစပ်က ဖိတ်ခေါ်တာသာရှိပြီး ကျနော်တို့ ပြန်လာရင် ဘာလုပ်ရမယ်ဆိုတဲ့ လုပ်ငန်းစဉ်မျိုး ဦးသိန်းစိန်အစိုးရမှာ ဘာမှရှိမထားပါ။ တခါ အစိုးရသစ် ဆိုပေမယ့် ဌာန ဆိုင်ရာ ဝန်ထမ်းအများစုက အရင်လူဟောင်းတွေဖြစ်ပြီး ခြစားနေတဲ့ နည်းစနစ်ဟောင်း တွေနဲ့ ခွဲခြားဆက်ဆံတာတွေ၊ ငွေညှစ် တာတွေ၊ အာဏာပြ ဆက်ဆံတာတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဥပဒေကြောင်း အရ ပြောမယ် ဆိုရင်လည်း ပြန်လာတဲ့ တောခို ကျောင်းသားဟောင်းတွေ အပေါ် ဥပဒေကြောင်း အရ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားပြီးသားလား။ အစိုးရကို ဝေဖန်ရင် ပြန်ဖမ်းခွင့် ရှိသလား။ နိုင်ငံခြားသား ပတ်စ်ပို့ စာအုပ် ကိုင်ထားသူ တွေကို အမြဲတမ်း နေထိုင်ခွင့် ပေးမှာလား၊ နိုင်ငံသားအဖြစ် ပြန်လျှောက်ရင်ကော လုပ်ထုံး လုပ်နည်းက ဘယ်လိုလဲ။ ဘာမှ ရှင်း ရှင်းလင်းလင်း မရှိပါ။ သမ္မတနဲ့ သမ္မတရုံး ဝန်ကြီးတွေဆီ အသနားခံစာ တင်မှ လုပ်ပေးမယ်၊ စဉ်းစားပေးမယ် ဆိုတဲ့ အဆင့်မှာပဲ ရှိနေပါတယ်။
ဒီလို အခြေနေမျိုးမှာ (လက်ရှိ ရှိပြီးသား ငြိမ်းချမ်းရေး စင်တာက လူတွေ၊ NGO တွေ၊ မီဒီယာသမား တောခို ကျောင်းသား ဟောင်း ဆယ်ဂဏန်းမှ အပ) မြန်မာနိုင်ငံမှာ ပြန်လည် အခြေချနေထိုင်ဖို့ ဆိုတာ ဘယ်လွယ်ပါ့ မလဲ။
ကျန်တဲ့ အဆင်မပြေမှုတွေ အားလုံးကို ဖယ်ထား၊ အရေးအကြီးဆုံး အချက်က သမ္မတဆီသနားခံစာ တင်ရမယ်ဆိုတဲ့ နိုင်ငံရေး အရ ဂုဏ်သိက္ခာချတဲ့ လုပ်ရပ်မျိုးကို ဦးသိန်းစိန်အစိုးရက လုံး၀ ပြင်ဆင်ပေးသင့်ပါတယ်။
ဘာကြောင့်လဲ ဆိုရင် ၂၆ နှစ်လုံးလုံး တော်လှန်ရေး လုပ်လာခဲ့တဲ့ ကျနော်တို့မှာက ဂုဏ်သိက္ခာကလွဲပြီး တခြားဘာမှ မရှိတဲ့ အတွက် အဲဒီ သိက္ခာကို ဘာနဲ့မှ အလဲအလှယ် မလုပ်နိုင်လို့ ဖြစ်ပါတယ်။
ဒါဖြင့် သိက္ခာကို ရိက္ခာနဲ့ မလဲဘဲနဲ့ အိမ်ပြန်နိုင်တဲ့ နည်းလမ်း မရှိတော့ဘူးလား။ ဦးသိန်းစိန် အစိုးရဘက်က လက်ရှိ စည်းမျဉ်း တွေကို ပြင်မပေးရင်တော့ သူ့အစိုးရ သက်တမ်းမှာ တခြားနည်း မရှိတော့ပါ။ သူ့အစိုးရ အလွန် သက်တမ်းမှာ ကော။
၂၀၁၅ ရွေးကောက်ပွဲ အလွန်၊ NLD ပါတီနဲ့ မဟာမိတ်အင်အားစုတွေ ပါလီမန်ထဲ အများစုရောက်လာတဲ့ အခါမှာတော့ ကျနော် တို့ စိတ်ကူးယဉ်ခဲ့တဲ့ အိမ်ပြန်ခြင်းမျိုး မဟုတ်ရင်တောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့ ဂုဏ်သိက္ခာရှိတဲ့ အိမ်ပြန်ခြင်းမျိုးတော့ အများကြီး ဖြစ်လာနိုင်ပါတယ်။
ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ် အင်အားစုတွေ ၂၀၁၅ မှာ အနိုင်ရဖို့ အတွက် တတိယ နိုင်ငံရောက် တောခို ကျောင်းသားဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စစ်ပြေးဒုက္ခသည် ဟောင်းတွေ အားလုံးကလည်း ကိုယ်ရောက် နေတဲ့ ဒေသကနေ တတ်စွမ်းသလောက်ကူညီတာ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံထဲ ရတဲ့နည်းနဲ့ဝင်ပြီး ကိုယ်တိုင် ပါဝင်ကူညီတာဖြစ်ဖြစ် စတင်လုပ်ဆောင်ကြဖို့ အချိန်ရောက်နေပြီလို့ ထင်မြင်မိပါကြောင်း တင်ပြလိုက်ပါတယ်။ ။