မြန်မာနိုင်ငံဆီ ကမ္ဘာလှည့် ခရီးသည် ပိုလာစေချင်တယ် ဆိုရင်

ထက်အောင်ကျော်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မကြာခင် သီတင်းကျွတ်တော့မယ်။ မိုးရာသီကုန်ဆုံးပြီး ပွင့်လင်းရာသီရောက်တော့မယ်။ ဒီအချိန်ဟာ မြန်မာနိုင်ငံဆီ အလည်သွားချင်တဲ့ နိုင်ငံခြားသားတွေအတွက်ရော၊ နိုင်ငံခြားရောက် မြန်မာတွေအတွက်ပါ ခရီးသွားဖို့၊ ဘုရားဖူးထွက်ဖို့ အချိန်ကောင်းတခုပါပဲ။

ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရဆိုရင် ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာ့လှည့်ခရီးသည် ၃ သန်းအထိ ဝင်လာဖို့မျှော်လင့်ထားပြီး အခု သြဂုတ်လကုန် ၈ လအတွင်းမှာတင် ၁.၈ သန်းဝင်လာခဲ့ပြီးပြီလို့သိရပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်ကဝင်လာတဲ့ ၂.၀၄ သန်းနဲ့စာရင် အများကြီး တိုးလာတယ်။ အခုတလော ဝင်လာတဲ့အထဲမှာ တချိန်က မြန်မာနိုင်ငံဆီ ခရီးမသွားကြဖို့ အဓိက ပိတ်ဆို့ဟန့်တားခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံက အများဆုံးဖြစ်နေတယ်လို့လည်း သတင်းတွေထဲ ဖတ်ရပါတယ်။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်

ဒီသတင်းတွေကိုဖတ်ရင်းနဲ့ ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံဆီသွားခဲ့စဉ်က ကြုံခဲ့ရတာတွေ၊ လိုအပ်ချက်တွေကို ပြန်စဉ်းစားမိပါတယ်။ ပထမဆုံး အခက်အခဲက ဗီဇာ ပြသာနာ။ ကျနော်တို့လို မြန်မာပြည်ဖွား နိုင်ငံခြားသား စာအုပ်ကိုင်ထားသူတွေအတွက် ဗီဇာ ခက်တာကို ထားလိုက်ပါ။ နိုင်ငံခြားသားစစ်စစ်တွေ မြန်မာပြည်သွားဖို့ ဗီဇာလျှောက်တဲ့အခါ တခြားနိုင်ငံတွေလောက် မလွယ်ဘူးလို့ သိရပါတယ်။

ဥပမာ အိမ်နီးချင်း ထိုင်းနိုင်ငံကို လာမယ်ဆိုရင် အနောက်နိုင်ငံသားတွေအတွက် ဘာဗီဇာမှ မလိုပါ။ လာချင်တဲ့အချိန် လေယဉ်လက်မှတ်ဝယ်ပြီး ထလာရုံပါပဲ။ ဒီလိုလာနိုင်ဖို့ အနောက်နိုင်ငံတွေနဲ့ ထိုင်းနိုင်ငံအကြား နားလည်မှုလက်မှတ်ရေးထိုးထားတယ်လို့ ဆိုပါတယ်။ တနှစ်တခါ Holiday ဟောလီးဒေး သွားလေ့ရှိတဲ့ အနောက်တိုင်းသားတွေဟာ လေယဉ်လက်မှတ်ကို ကြိုဝယ်ထားလေ့ရှိပါတယ်။ ချက်ချင်း ဝယ်တာနဲ့ ၆ လလောက် ကြိုဝယ်တဲ့ လက်မှတ်က ဈေးထက်ဝက်လောက် ကွာလေ့ရှိပါတယ်။

ခရီးသည်တွေအ ဆင်ပြေအောင် ဗီဇာကြေးမယူ၊ ဗီဇာလျှောက်စရာမလိုအောင် လုပ်ပေးလိုက်တော့ သံရုံးတွေက ဗီဇာကြေးမရတော့ပါဘူး။ ဘန်ကောက်သံရုံးမှာ ဗီဇာ လျောက်ရင် တဦးကို ဘတ် ၂၀၀၀ ကျော် (ဒေါ်လာ ၈၀-ဝန်းကျင်) ပေးရပါတယ်။ အနောက်နိုင်ငံသံရုံးတွေမှာဆိုရင်တော့ ဒေါ်လာ ၁၀၀ ပေးရပါတယ်။ လူ ၃ သန်းအတွက် ဗီဇာ လျှောက်စရာ မလိုတော့ဘူးဆိုရင် သံရုံးတွေ၊ သို့မဟုတ် နိုင်ငံ ခြားရေးဌာနအတွက် ဒေါ်လာ သန်း ၃၀၀ နစ်နာမှာပေါ့။

လူ ၃ သန်းသာလာတဲ့ မြန်မာနိုင်ငံမှာ ဒေါ်လာ သန်း ၃၀၀ နစ်နာမယ်ဆိုရင် လူ ၁၃ သန်းမက လာနေ တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာဆိုရင် ဘယ်လောက်များ နစ်နာနေလေမလဲ။ ဘာကြောင့် ဒီလိုနစ်နာခံပြီး ဗီဇာ အလကား ပေးထားတာလဲ။ နိုင်ငံခြားရေးဌာနနဲ့ ဟိုတယ်ခရီးသွားဌာနကြား ဆွေးနွေးသင့်တဲ့ ကိစ္စတခုပါပဲ။ ဆိုလိုတာက ဗီဇာလျောက်ခိုင်းရင် ဒေါ်လာ ၁၀၀ ပဲ နိုင်ငံခြားရေးဌာနကရမယ်။ ဗီဇာလျှောက်စရာမလိုပဲ ဝင်ခွင့်ပေးလိုက်ရင် ခရီးသည်တွေ ပိုဝင်လာပြီး ၁၀၀ မကပဲ ဒေါ်လာတသောင်းအထိ မြန်မာနိုင်ငံက ရနိုင်ပါတယ်။ နိုင်ငံခြားရေးဌာနအတွက် တိုက်ရိုက်ဝင်ငွေဆုံးရှုံးပေမယ့် ဟိုတယ် ခရီးသွားဌာနအပါဝင် တခြားဌာနတွေ၊ သာမန်တက္ကစီသမားတွေ၊ ဈေးရောင်းသူတွေအတွက် များစွာဝင်ငွေရတာပေါ့။ ဒါပေမယ့် ပွင့်လင်းစ မြန်မာနိုင်ငံမှာ ဗီဇာ ကိစ္စကို လုံခြုံရေးအမြင်နဲ့ တင်းကျပ်ထားတာလား၊ ငွေကြေး (လာဘ်စားခွင့်) ရလိုမှုနဲ့ တင်းကျပ်ထားတာလားဆိုတာကတော့ သိပ်မကွဲပြားလှပါ။

ဒါက မြန်မာပြည်ဝင်ဖို့ ပထမ အဆင့် ပြင်ဆင်မှု အပိုင်းပါ။ ဗီဇာ ရပြီးလို့ ရန်ကုန်လေဆိပ်ရောက်ပြီဆိုရင်လည်း ဘန်ကောက်လေဆိပ်ကို ရောက်တာနဲ့ မတူပြန်ပါဘူး။ ဝင်လာတဲ့လေယာဉ်က တနာရီမှ ၂-၃ စီး သာရှိပေမဲ့ ၅ မိနစ်တစီးလောက်ဝင်နေတဲ့ ဘန်ကောက်လေယဉ်ကွင်းနီးပါးကြာအောင် လဝက ကောင် တာမှာတန်းစီစောင့်ရပါတယ်။ အပြင်ရောက်တော့ ဘန်ကောက်မှာလို မိုးပျံရထားမရှိ၊ လေယာဉ်ကွင်းနဲ့ မြို့ထဲပြေးတဲ့ အထူးဘတ်စ်ကားမရှိ။ တက္ကစီတွေငှားမယ်ပြင်တော့ ဘယ်နှစ်ယောက်စီးမှာလဲလို့ စမေးပါတယ်။ တက္ကစီငှားတာပဲဗျာ။ ဘယ်နှစ်ယောက်စီးစီး အတူတူပဲ မဟုတ်ဘူးလားဆိုတော့ မတူဘူး။ တဦးတည်းဆိုရင် နောက်ထပ်ခရီးသည်တဦးကိုပါ ထပ်တင်လိုက်ပါသေးတယ်။

မြို့ထဲရောက်လို့ ဟိုတယ်တည်းမယ်ဆိုရင်တော့ အနိမ့်ဆုံးဟိုတယ်ခက ဒေါ်လာ ၆၀ အထက်မှာ။ ဘန် ကောက်မှာဆိုရင် ဘတ် ၉၀၀ (ဒေါ်လာ ၃၀) လောက်နဲ့ ရန်ကုန်က ဒေါ်လာ ၆၀ တန်း အခန်းထက်သာတဲ့ အခန်းမျိုး ရပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ နိုင်ငံခြားသားကို ဟိုတယ်ခ ၂ ဆယူခြင်းပါ။ ဟိုတယ်ခတင်လားဆိုတော့ မဟုတ်သေး။ ပြည်တွင်းလေယာဉ်ခ၊ သင်္ဘောခ၊ ရထားခတွေအပြင် ယုတ်စွအဆုံး ညစ်ပေနံဟောင်နေတဲ့ အိမ်သာ အသုံးပြုခကိုပါ ၂ ဆယူပြန်ပါတယ်။  ဘာ ကြောင့်လဲ။ နိုင်ငံခြားသားက မြန်မာတွေထက် ၂ ဆ ပိုလေးနေလို့လား။

ဒါတင်လားဆိုတော့ မဟုတ်သေး။ နိုင်ငံခြားသားဆိုရင် အစိုးရက သတ်မှတ်ထားတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှအပ သာမန်အများပြည်သူတွေရဲ့နေအိမ်မှာ အိပ်ခွင့်မရှိပါ။ ကိုယ်ဖိတ်တဲ့ နိုင်ငံခြားသားမိတ်ဆွေကိုတောင် ကိုယ့်အိမ်မှာ တည်းခွင့်မပေးနိုင်တဲ့အခြေအနေ ဆိုပါတော့။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဟိုတယ်ခရော၊ တည်းခိုတဲ့နေရာကိုရော ဒါမျိုး ကန့်သတ်ထားတာမရှိပါ။ ဒါကိုလည်း လုံခြုံရေး အမြင်အရ လုပ်ထားတာလား။ ၂ ဆကောက်ပြီး ငွေများများလိုချင်လို့လားဆိုတာ သိပ်မရှင်းလှပါ။

တတိယ အဆင့်အနေနဲ့ကတော့ အဲဒီလို ၂ ဆပေးတည်း၊ ၂ ဆပေးသွားပြီးတဲ့နောက် ရွှေတိဂုံဘုရားကို ဝင်ဖူးမယ်ဆိုရင် ကင်မရာကြေး ၅ ဒေါ်လာ ထပ်ပေးရပြန်ပါတယ်။ တခြားစေတီပုထိုးတွေကိုဝင်တဲ့ အခါ မှာလဲ ၅ ဒေါ်လာမဟုတ်ရင်တောင် အနည်းဆုံး တဒေါ်လာတော့ ပေးရပါတယ်။ ရွှေတိဂုံပေါ်မှာတောင် အလှူခံတွေက တနေရာတည်းမဟုတ်။ စေတီအဆူတိုင်းလိုလိုမှာ သီးခြားအလှူခံတွေ ရှိနေပြန်ပါတယ်။ ကျိုက်ထီးရိုး၊ ပုဂံ၊ အင်းလေးဖက်က စေတီပုထိုးတွေမှာလဲ ဒီလိုပါပဲ။ အလှူခံတွေက လိုအပ်တာထက် ပိုများနေတဲ့အတွက် ခရီးသွားတွေအဖို့ စိတ်အနှောက်ယှက်ဖြစ်ရပါတယ်။

ဒီနေရာမှာလဲ ထိုင်းကအခြေနေကို လေ့လာသင့်ပါတယ်။ ထိုင်းမှာဆိုရင် နေရာတကာမှာ တဒေါ်လာစီ ကောက်မနေပါဘူး။ ရှေ့မှာတင်ပြခဲ့တဲ့ ဗီဇာကြေး အလကားပေးထားသလိုပါပဲ။ ကင်မရာကြေးကို အလကားပေးထားပြီး အဲဒီထက် ဆယ်ဆမကများတဲ့ ဇုန်ဝင် ကြေးကို တခါတည်း တရားဝင် လက်မှတ် တွေဘာတွေနဲ့ အသေအချာ ကောက်ခံလိုက်ပါတယ်။ ဥပမာ မြဘုရားကို ဝင်မယ်ဆိုရင် ဘတ် ၅၀၀ (ဒေါ် လာ ၂၀ ဝန်းကျင်) တခါတည်း ယူထားလိုက်ပါတယ်။ ကင်မရာကြေး ၅ ဒေါ်လာ ယူတာထက် ပိုရတဲ့ အပြင် ခရီးသည်တွေလည်း ခဏခဏ မပေးရလို့ စိတ်ညစ်စရာ မလိုတော့ပါ။

စတုတ္တအချက်ကတော့ ဘုရားဖူး၊ ပြတိုက်ကြည့်၊ ထင်ရှားတဲ့နေရာတွေကို လေ့လာပြီးတဲ့နောက် ဗိုက်ဆာလို့ တခုခု စားမယ်ဆိုရင်လဲ နီးစပ်ရာဆိုင်မှာ ဝင်စားလိုက်ရုံပါပဲ။ ခပ်သန့်သန့်ပြင်ထားတဲ့ဆိုင်ဆို ၁၀၀-၂၀၀။ ခပ်ညံ့ညံ့ဆိုင်ဆိုရင် ၅၀-၁၀၀ ပေါ့။ ဘန်ကောက်က ဆိုင်တွေကို ပြောတာပါ။ ရန်ကုန်မှာတော့ အဲဒီလို ဝင်စားလို့မရ။ ဆိုင်အပြင်အဆင်တွေ၊ စားစရာအဆင့်အတန်းတွေက ဘန် ကောက်မှာလို စားချင့်စဘွယ် သန့်ပြန့်မနေပါ။ နေရာအတော်များများမှာ ကွမ်းတံတွေးတွေ၊ အညစ် ထေးတွေနဲ့ ပေရေနေဆဲပါ။

နောက်တချက်က ငွေကြေးသုံးစွဲရမှု အခက်အခဲ။ Holiday ထွက်လာတဲ့ အနောက်တိုင်းသားတွေက မြန်မာတွေလို ငွေထုတ်ပိုက်ပြီး ခရီးသွားသူတွေမဟုတ်ပါ။ Credit Card တွေ၊ Bank Card တွေကိုင်ပြီး သွားနေကြ။ နော်ဝေးမှာဆိုရင် ဘဏ်ကတ်သုံးဈေးဝယ်သူက အများစုဖြစ်နေပြီး ငွေသားကိုင်သုံးသူက ၁၀ ရာခိုင်နှုန်းတောင် မရှိတော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် ရန်ကုန်ရောက်ရင်တော့ အဲဒီကဒ်တွေက သုံးဖို့ သိပ်မလွယ်။ ဟိုတယ်ခတွေ၊ လေယာဉ်ခတွေကို Credit Card နဲ့ပေးလို့ရနိုင်ပေမယ့် တက္ကစီခကအစ အရာအားလုံးကို ငွေသားနဲ့သာပေးရပါတယ်။

ဒီအတွက် မြန်မာနိုင်ငံဆီသွားမယ်လို့ ခရီးစဉ်ပြင်ကတည်းက အမေရိကန်ဒေါ်လာ ၁၀၀ တန် အသစ် စက်စက်တွေကို ဘဏ်ကနေ လဲယူလာရပါတယ်။ ရန်ကုန်ရောက်တာနဲ့ ငွေလဲကောင်တာတွေဆီသွား ပြီး အဲဒီဒေါ်လာကို မြန်မာကျပ်ငွေနဲ့ လဲရပါတယ်။ ”ဒီအရွက်က မျက်နှာပေါ်ခေါက်ရိုးကျိုးနေတဲ့အတွက် ပြန်လဲပေးပါ” ဆိုပြီး ကောင်တာထိုင်ကောင်မလေးက ဒေါ်လာ ၁၀၀ တန်ကို ပြန်ပေးတာ ကြုံရဖူးပါတယ်။ ပိုက်ဆံအိတ်ထဲခေါက်ထည့်လာမှတော့ ခေါက်ရိုးကျိုးမှာပေါ့။ မြန်မာငွေတွေလည်း ဒီလိုပဲကျိုးနေ တာပဲ မဟုတ်ဘူးလားဆိုပြီး မေးခွန်းပြန်ထုတ်တော့ သိပ်ကြိုက်ပုံမရ။ ပြန်မလဲပေးရင်တော့ ၅ ရာ ခိုင် နှုန်း အလျော့ခံရမယ်လို့ ဆိုပါတယ်။

ဒါမျိုးတွေ ဘန်ကောက်မှာမရှိပါ။ ပါလာတဲ့ Credit Card ကို နီးစပ်တဲ့ ATM စက်မှာသာ သွားထုတ်လိုက်။ တခါထုတ်ရင် ဘတ် နှစ်သောင်း ထွက်လာပါလိမ့်မယ်။ အဲဒီလို ထွက်လာတဲ့အထဲမှာ တထောင်တန်နဲ့ ၅၀၀ တန်မှအပ ၁၀၀ တန်၊ ၅၀ တန်၊ ၂၀ တန်တွေ ပါမလာပါ။ ဒါပေမယ့် ရန်ကုန်က ငွေလဲ ကောင်တာမှာတော့ အမြင့်ဆုံးဖြစ်တဲ့ ၅၀၀၀ တန်ကိုမပေးပဲ တထောင်တန်နဲ့ အောက်အဆင့်တွေကို ချည်းပေးလိုက်ပါတယ်။ တဒေါ်လာ ၉၀၀ ကျပ်နဲ့တွက်တော့ ဒေါ်လာ ၅၀၀ အတွက် တထောင်တန် အရွက်ရေ ၄၅၀ ရွက်နဲ့ ၅၀၀ တန်၊ ၂၀၀ တန်၊ ၁၀၀ တန်၊ ၅၀ တန်နဲ့ ၂၀ တန်အထိ စုံလို့။

ဒါပေမယ့် အဲဒီဘဏ်ကပေးလိုက်တဲ့ ၂၀ တန်ကို ဘယ်သူမှ လက်မခံပါ။ ၂၅ နှစ်တာကာလအတွင်း ငွေ ကြေးဖောင်းပွမှုနှုန်းထားကို မသိလိုက်တဲ့ ကျနော်ဟာ ”ငါးပြားနိုင်နိုင်၊ ဆယ်ပြားနိုင်နိုင်” ဆိုတဲ့ခေတ်လို သဘောထားပြီး ငွေလဲကောင်တာဝန်းကျင်က သူတောင်းစားကို ၂၀ တန်တရွက်သွားလှူမိပေါ့။ အဲဒီ တော့မှ ၂၀ တန်ကို သူတောင်းစားတောင် လက်မခံမှန်း သိလိုက်ရပါတယ်။ ၂၀ တန်တောင် မသုံးတော့ဘူးဆိုရင် မြန်မာနိုင်ငံမှာအကြွေဆိုတာ ဘယ်ရှိတော့မလဲ။

အကြွေနဲ့သုံးမှရတဲ့ လမ်းဘေးတယ်လီဖုန်းဆက်တာတွေ၊ ဘူတာရုံက ကော်ဖီစက်တွေ၊ ကိုကာကိုလာနဲ့ ရေသန့်ဗူးစက်တွေမှာ ဘယ်လိုဝယ်သလဲ။ အဲဒီစက်တွေတွေမရှိသေးလို့ အကြွေသုံးစရာမလိုသေးဘူး ဆိုပြီး ဆင်ခြေပေးကြမလား။ ထိုင်းမှာဆိုရင်တော့ သူတို့ အကြွေစေ့တွေ မပျောက်သွားစေဖို့အတွက် မိုးပျံရထား၊ မြေအောက်ရထားလက်မှတ်ဝယ်တာကို အကြွေနဲ့ဝယ်မှရတဲ့ စနစ်မျိုးလုပ်ပြီး ထိန်းထားတာ တွေ့ရပါတယ်။ အနောက်နိုင်ငံတွေမှာလည်း ဒီလိုပါပဲ။ အကြွေတွေကို သုံးနေဆဲ၊ အကြွေတွေ တန်ဖိုးရှိနေဆဲပါ။ ထားတော့။ အကြွေကိစ္စကတော့ နိုင်ငံခြားသားတွေ သိပ်စိတ်ဝင်စားဘွယ်မရှိပါ။ ပြည်တော်ပြန် မြန်မာတဦးအနေနဲ့ နိုင်ငံတကာနဲ့ ယှဉ်ပြီးတွေးမိခြင်းသာ ဖြစ်ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ ဟိုတယ်ခရီးသွားဝန်ကြီးဌာနအနေနဲ့ တကယ်ပဲ ကမ္ဘာလှည့်ခရီးသည် အများအပြား လာလည်စေချင်တယ် ဆိုရင် ရှေ့မှာတင်ပြခဲ့တဲ့ အဟန့်အတား စိတ်အနှောက်ယှက်ဖြစ်ဖွယ် ကိစ္စတွေကို ပြုပြင်ပေးဖို့လိုပါလိမ့်မယ်။ နိုင်ငံခြားရေးဌာန၊ ဟိုတယ်/ခရီးဌာနနဲ့ သက်ဆိုင်ရာအခြားဌာန တွေအကြား ဒီထက်မက ပူးပေါင်းဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ ပြီးရင် လူပြောများနေတဲ့ အစားအ သောက်၊ အနေအထိုင် သန့်ရှင်းသန့်ပြန့်မှု၊ နေရာတကာ ကွမ်းသွေးတွေနဲ့ ညစ်ထေးပေရေနေမှုတွေ အတွက်လည်း နိုင်ငံသားတဦးချင်းစီက ပြုပြင်သွားဖို့လိုမယ်လို့ ထင်မြင်မိပါကြောင်း တင် ပြလိုက်ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading