အရက် အတုတွေ တယ်များ

ဇော်မင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အတုတွေများလာနေတဲ့ခေတ်ကြီး။ အတုမဟုတ်ပေမယ့် ဓာတုဆေးဝါးတွေ ကျားကန်ပြီး ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေလည်း များလာတဲ့ ခေတ်ကြီး။ ပြောရရင်လည်း အတော်များပါတယ်။ အရက်အတု၊ ပဲဆီအတု၊ နှမ်းဆီအတု၊ နို့မှုန့်အတု၊ ပဲမှုန့်အတု၊ ငရုတ်သီးမှုန့်နဲ့ နနွင်းမှုန့်အတု စတာတွေ ရှိနေသလို ဆေးဆိုးထားတဲ့ လက်ဖက်၊ အက်စစ်ပါနေတဲ့ ငပိ၊ အက်စစ်နဲ့ မကင်းတဲ့ အချဉ်ရေ၊ လူစားဖို့မသင့်တဲ့ စားအုန်းဆီ၊ ဓာတုဆေးရည်များနဲ့ မှည့်စေတဲ့ သစ်သီးဝလံ၊ ဓာတုဗေဒဓာတ်တွေ ပါနေတဲ့ မုံ့ပဲသွားရေစာ စသဖြင့် စုံလှပါတယ်။ လူတွေမစားအပ်တဲ့ ဓာတုဗေဒ ဆေးဝါးများနဲ့ ထုတ်လုပ်ထားတဲ့ စားသုံးကုန်တွေကြောင့် မြန်မာနိုင်ငံသားတွေ အသေစောကြပါတယ်။ ကင်ဆာလို ရောဂါဘယတွေကို ခံစားရပါတယ်။ အဲသလို ရောဂါတွေ တွယ်ကပ်လာတာကို ကုသကြရတော့ မလိုအပ်ဘဲ ငွေတွေလည်း ကုန်ကြပါတယ်။ ရောဂါဖြစ်သူ ကာယကံရှင်ရော သက်ဆိုင်ရာမိသားစုရော စိတ်ဆင်းရဲမှုကို ခံစားရပြန်ပါတယ်။

အန္တရာယ်ရှိမှန်း သိရဲ့သားနဲ့ ဘာဖြစ်လို့ ဓာတုဗေဒပစ္စည်းတွေကို စားသုံးကုန်တွေမှာ ထည့်သွင်း ထုတ်လုပ်နေကြတာလဲ။ အဖြေကတော့ ရှင်းပါတယ်။ အချိန်တိုတိုအတွင်းမှာ အရင်းနည်းနည်းနဲ့ အမြတ်များများ ရတာကြောင့်ပါ။ ဓာတုဗေဒ ဆေးဝါးတွေ ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ စားသောက်ကုန်တွေထဲမှာ အရင်ဆုံးထောက်ပြလိုတဲ့ စားသောက်ကုန် ကတော့ အရက်နဲ့ ဘီယာတွေ ဖြစ်ပါတယ်။ ဘာကြောင့်တုန်း ဆိုတော့ အခုခေတ်မှာ အရက်နဲ့ဘီယာကို လူကြီးလူငယ် ယောက်ျားတွေ ညနေတိုင်းလိုလို မှီဝဲလာကြတာကြောင့်ပါ။ မိန်းကလေးတွေတောင် ဘီယာသောက်လာကြတာ တော်တော်များလာနေပြီလို့ ဆိုနိုင်ပါတယ်။ အရက်ရဲ့ သဘာဝဟာ မူလကတည်းက စစ်စစ်မှန်မှန် ချက်လုပ်ထား တာတောင် သောက်တာများလာရင် လူကို အချိန်တိုတိုနဲ့ ဘေးဖြစ်စေပါတယ်။ ဓာတုဗေဒ ပစ္စည်းတွေထည့်သွင်းပြီး ချက်လုပ်တဲ့ အရက်တွေကို နေ့တိုင်းသောက်ရင် ပိုဆိုးလိမ့်မယ်ဆိုတာ လူတိုင်း သဘောပေါက် ပြီးသားပါ။

စကော့တလန်ဟာ ဝီစကီချက်လုပ်ရာမှာ ကမ္ဘာကျော်တဲ့ ဒေသတခုပါ။ နာမည်ကြီး ဝီစကီတွေမှန်သမျှ စကော့တလန်က အများဆုံး ထုတ်လုပ်ပါတယ်။ ယေဘုယျအားဖြင့် ပြောရရင် ဝီစကီကို ဘာလီစပါး တမျိုးကနေ ချက်လုပ်ပါတယ်။ ရမ်အရက်ကို ထုတ်လုပ်တာကတော့ ကြံကနေ ချက်ယူတာဖြစ်ပါတယ်။ စကော့တလန်က ရာသီဥတု အေးမြတာကြောင့် ကြံစိုက်လို့ မရပါဘူး။ ဒါကြောင့် ဝီစကီကိုသာ ချက်လုပ်ပါတယ်။ ရမ်အရက် ထုတ်လုပ်တာနဲ့ ပတ်သက်လို့ နာမည်ကြီး တာကတော့ ကျူးဘားနိုင်ငံ အပါအဝင် ကာရေဘီယံကျွန်းစုဝင် နိုင်ငံတွေ ဖြစ်ပါတယ်။ သူတို့က ကြံစိုက်ပြီး သကြား ထုတ်လုပ်တာ ဖြစ်လေတော့ ရမ်အရက်ကိုသာ ချက်ပါတယ်။

စကော့တလန် အစိုးရဟာ ဝီစကီချက်လုပ်တာနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေ ဥပဒေတွေ ပြဌာန်းထား ပါတယ်။ ဒါကို မလိုက်နာတဲ့ အရက်ဖိုတွေ အရက်ကုမ္ပဏီတွေကို ပြင်းပြင်းထန်ထန် အရေးယူပါတယ်။ အရင်ခေတ်ကရော အခုခေတ်မှာကော စကော့တလန်က အရက်ဖိုတွေဟာ အကြံအဖန်လုပ်ပြီး အရက်ချက်ရောင်းတယ် ဆိုတာမျိုး မရှိခဲ့ပါဘူး။ ကိုယ့်အရက် အမှတ်တံဆိပ် တန်ဖိုးကျသွားစေမဲ့ ကိစ္စမျိုးတွေကို ရှောင်ရှားပါတယ်။ စကော့တလန်အစိုးရရဲ့ ဥပဒေအရ ဝီစကီချက်ပြီဆိုရင် ချက်ပြီးတာနဲ့ ချက်ခြင်း ထုတ်ရောင်းခွင့် မရှိပါဘူး။ ဧရာမသစ်သားစည်ကြီး တွေထဲမှာ အနည်းဆုံး ၂ နှစ်ထားရပါတယ်။ ၂ နှစ်ပြည့်တော့မှ ပုလင်းသွတ် တံဆိပ်ကပ်ပြီး ရောင်းချခွင့်ပြုပါတယ်။

အရက်ချက်ရာမှာလည်း သဘာဝအတိုင်း ဖောက်လုပ်ပြီးမှ ချက်ရပါတယ်။ ဘာညာ ဓာတုဗေဒပစ္စည်းတွေ ထည့်သွင်း ချက်လုပ် တာမျိုးကို ခွင့်မပြုပါဘူး။ စစ်ဆေးလို့ ပေါ်သွားလို့ကတော့ လျော်ကြေးအမြောက်အမြား ပေးရတဲ့အပြင် အရက်ဖို ပိုင်ရှင်လည်း ထောင်ထဲသွားရပါတယ်။ သူတို့ စကော့ချ် ဝီစကီကို နည်မည်ပျက်စေမယ့် ဘယ်လိုကိစ္စမျိုးကှိ ဘာခြွင်းချက်နဲ့မှ လက်မခံပါဘူး။ လူကြီးပိုင်တဲ့ အရက်ဖို မို့လို့၊ လူကြီး ရှယ်ယာပါထားတဲ့ အရက်ချက်စက်ရုံမို့လို့ မျက်နှာသာပေးတာမျိုး လည်း လုံးလုံး မရှိပါဘူး။

ကနေ့မြန်မာပြည်မှာ အပါအဝင် အာရှနိုင်ငံများမှာ နာမည်ကြီးပြီး လူသောက်များတဲ့ စကော့ချ် ဝီစကီများကတော့ ဂျော်နီဝါကား ဘလက်လေဘယ် တဆယ့်နှစ်နှစ်သားနဲ့ ချီးဗားရက်ဂေး ဆယ့်နှစ်နှစ်သားတို့ ဖြစ်ပါတယ်။ ဘာကြောင့် ဆယ့်နှစ်နှစ်သားလို့ ခေါ်တာလဲ။ သတ်မှတ်ထားတဲ့ ဖော်မြူလာအတိုင်း သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ အတွင်း ကစော် ဖောက်ပြီးမှ အရက်ဖြစ်လာဖို့ နောက်တဆင့် ပေါင်းခံယူပါတယ်။ အဲသလို ဝီစကီချက်အပြီးမှာ ထွက်လာတဲ့ အရက်ကို သစ်သားစည်ကြီးများထဲမှာ ဆယ့်နှစ်နှစ် ကြာအောင် သိုလှောင်ထားပြီးမှ ပုလင်းသွတ်တာကြောင့် အဲသလို ခေါ်ခြင်းဖြစ်ပါတယ်။ ဘာကြောင့် ဝီစကီကို သစ်သားစည်တွေထဲမှာ ဆယ့်နှစ်နှစ် ထားရပါသလဲ။ နှစ်ကြာကြာ သစ်သားစည်ထဲမှာ သိုလှောင်ထားတာကြောင့် အရက်ထဲမှာ သဘာဝအတိုင်း ပါဝင်နေတဲ့ အဆိပ်အတောက် တွေဟာ တဖြည်းဖြည်းနဲ့ အငွေ့ပြန်သွားတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အဲသလို အရက်မျိုးကို သောက်ပြီးရင် နောက်တနေ့မှာ ခေါင်းကိုက်တာမျိုး ခေါင်းခဲတာမျိုး မရှိလို့ပါ။ လူကိုဘေးဖြစ်စေတဲ့ အဆိပ်အတောက်တွေ အတော်လေး ကင်းစင်သွား တာကြောင့် ဖြစ်ပါတယ်။ နှစ်ချို့အရက်ဖြစ်တာကြောင့် ဈေးကြီးပါတယ်။ ဒီထက်ပိုပြီး နှစ်ကြာလေလေ ဈေးကြီးလေလေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆယ့်ရှစ်နှစ်သား၊ အနှစ်နှစ်ဆယ်၊ သုံးဆယ့်ငါးနှစ်၊ အနှစ်လေးဆယ် စသဖြင့် ရှိပါတယ်။ သို့သော် ဒီအရက်မျိုးကတော့ဖြင့် ခေါင်းမကိုက်ဘူး၊ လူမထိဘူးဆိုပြီး ပိုက်ဆံရှိတိုင်း နင်းကန်သောက်ရင်တော့ အရက်ဟာ အရက်ပါပဲ။ ဘေးဖြစ်ပါတယ်။

ဆယ့်နှစ်နှစ်ကြာအောင် သစ်သားစည်ကြီးတွေထဲမှာ ထားတာကြောင့် အရက်ရဲ့ အရောင်ကလည်း သစ်သားစည်ရဲ့ သစ်သား အမျိုးအစားကိုလိုက်ပြီး အရောင်ပြောင်းသွားပါတယ်။ မူလချက်တုန်းက ထွက်လာတဲ့ အရက်မှန်သမျှဟာ ရေလိုပါပဲ အရောင် မရှိပါ။ များသောအားဖြင့် ဝီစကီလှောင်တဲ့ သစ်သားစည်တွေကို ဝက်သစ်ချသား၊ ချယ်ရီသား စတာတွေနဲ့ ပြုလုပ်ပါတယ်။ အဲသလို သစ်သားစည်တွေထဲမှာ ထားထားတာကြောင့် ဝီစကီရဲ့ အရောင်ဟာ သစ်အမျိုး အစားကိုလိုက်ပြီး ရွှေညိုရောင် ပြောင်းသွားခြင်း ဖြစ်ပါတယ်။ ဓာတုဆိုးဆေးထည့်ပြီး အရောင်ပြောင်းထားတာ မဟုတ်ပါ။ သကြားမီးဖုတ်ပြီး အရောင်ဆိုးတာမျိုးလည်း မဟုတ်ပါ။ (ဒီဆောင်းပါးဟာ ဘလက်လေဘယ်နဲ့ ချီးဗားကို ကြော်ညာ ပေးထာမဟုတ်ပါ။ မြင်လွယ်အောင် တင်ပြခြင်းသာ ဖြစ်ပါတယ်။)

အမေရိကန်နိုင်ငံက ချက်လုပ်တဲ့ ဘာဘွန်းအမျိုးအစား ဝီစကီတွေကတော့ တမျိုးတဘာသာ ဖြစ်ပါတယ်။ များသော အားဖြင့် သဘာဝအတိုင်း ကစော်ဖောက်ပြီး ချက်လုပ်ထားတဲ့ ဘာဘွန်းဝီစကီတွေကို စကော့ချ်ဝီစကီတွေလို သစ်သား စည်ထဲမှာ သိုလှောင်ပေမယ့် စကော့တလန်မှာလို နှစ်ရှည်လများ မထားပါဘူး။ ဒါပေမဲ့ အရက်မှာပါဝင်နေတဲ့ အဆိပ် အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ မီးသွေးတမျိုးကို အသုံးပြုတယ်လို့ ဆိုပါတယ်။ ချက်ပြီးသား ထွက်လာတဲ့ ဝီစကီကို မီးသွေးကန်တွေထဲမှာ အဆင့်ဆင့် ဖြတ်သန်းစေတယ်လို့ ပြောပါတယ်။ မီးသွေးရဲ့ ထူးခြားချက်က မသန့်စင်တဲ့ ဓာတ်တွေ၊ အဆိပ်အတောက်တွေကို စုပ်ယူတယ်လို့ သိရပါတယ်။ ဒါကြောင့် မီးသွေးကနေ အဆင့်ဆင့် ဖြတ်စီးလာတဲ့ ဘာဘွန်း ဝီစကီတွေလည်း သူ့နည်းသူ့ဟန်နဲ့ လူသိကြိုက်များတဲ့ ဝီစကီတွေအဖြစ် သတ်မှတ် ခံရပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဈေးကွက်မှာ တွင်တွင်ကျယ်ကျယ် ရောင်းခြနိုင်ခြင်းဖြစ်ပါတယ်။

မြန်မာပြည်မှာ အရက်ကို ဘယ်လိုချက်ကြသလဲ။ ကြားရတဲ့ သတင်းများအရ အတော်လေး စိတ်မသက်သာစရာပါပဲ။ ကစော် စဖောက်တဲ့ အချိန်ဟာ ဥပမာအားဖြင့် လေးပတ်ကြာတယ် ဆိုပါစို့။ တကယ်တန်း လေးပတ်ကြာအောင် မထားပါဘူး။ နှစ်ရက်အတွင်းမှာ ကစော်ပေါက်အောင် ဖောက်တယ်လို့ ဆိုပါတယ်။ နှစ်ရက်ထဲနဲ့ ဘယ်လို ကစော် ပေါက်အောင် လုပ်သလဲ ဆိုတော့ စိုက်ပျိုးရေးလုပ်ငန်းမှာ သုံးတဲ့ ဓာတ်မြေသြဇာတွေကို ထည့်သွင်း အသုံးပြုတယ်လို့ ကြားရပါတယ်။ စိုက်ပျိုးရေးမှာ သုံးတဲ့ ဓာတ်မြေသြဇာဟာ လူတွေဘယ်လိုမှ စားသုံးလို့ မသင့်တဲ့ ဓာတုဗေဒပစ္စည်းပါ။ နှစ်ရက်နဲ့ ကစော်ဖောက် သုံးရက် မြောက်မှာ အရက်ဖြစ်လာပါတယ်။ ရက်ပိုင်းအတွင်း ပုလွင်းသွတ် တံဆိပ်ကပ်ပြီး ဈေးကွက်ကို တန်းတင်ပါတယ်။ စကော့တလန်မှာလို အနည်းဆုံး သစ်သားစည်ထဲမှာ နှစ်နှစ်ထားရမယ် ဆိုတာမျိုး ကတော့ ဝေးပါသေးတယ်။ ဒီလိုအရက်မျိုးကို သောက်သုံးနေတဲ့ လူတွေအဖို့ ရောဂါဖြစ်ပြီး အသက်တိုဖို့ရာပဲ ရှိပါတော့တယ်။ အစိုးရအာဏာပိုင်များ အနေနဲ့ မြန်မာပြည်က အရက်ကုမ္ပဏီတွေ ဒီလို လက်လွတ်စပါယ် လုပ်နေတာကို ဘာကြောင့် မတားမြစ်သလဲ၊ ဘာကြောင့် အရေးမယူသလဲ။ ဒီလို အရက်မျိုးတွေကို ချက်လုပ်ရောင်းချနေတာဟာ သွယ်ဝိုက်ပြီး တဖြည်းဖြည်းခြင်း မျှင်းပြီး လူသတ်နေတာလို့ ဆိုနိုင်ပါတယ်။

အထက်ကပြောသလို လူကိုဘေးဥပါဒ်ဖြစ်တာ နည်းစေတဲ့ ဆယ့်နှစ်နှစ်သား ဝီစကီမျိုးတွေ ဝယ်သောက်မယ် ဆိုပြန် တော့လည်း ဈေးကကြီးတဲ့အတွက် လူတန်းစားပေါင်းစုံ ဝယ်မသောက်နိုင်ပြန်ပါဘူး။ တခါ ဝယ်သောက်နိုင်တဲ့ လူတွေ မှာလည်း နောက်ထပ် ပြဿနာတခုကို ထပ်ရင်ဆိုင်ရပါတယ်။ အဲတာကတော့ ဆယ့်နှစ်နှစ်သား ဝီစကီအတုများ မြန်မာပြည်မှာ ဖောခြင်းသောခြင်း ရောင်းချနေတာပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့ထဲက ကုန်တိုက်တွေက ရောင်းတဲ့ စကော့ချ် ဝီစကီတွေထဲမှာ အတုတွေ ပါလာနေတယ်ဆိုတာ လူပြောများလာပါတယ်။ ဘလက်လေဘယ် ဝယ်ဝယ်၊ ချီးဗားပဲဝယ်ဝယ် အတုမိဖို့ များတယ်လို့ ဆိုကြပါတယ်။ အဲသလို လူပြောများလာတဲ့ အထဲမှာ ရန်ကုန်လေဆိပ်က အခွန်လွတ် အရက်ဆိုင်လည်း ပါနေပါတယ်။ အဲဒီမှာ တင်ရောင်းနေတဲ့ ဆယ့်နှစ်နှစ်သားတွေ ကိုယ်တိုင် အတုဖြစ်နေတယ်ဆိုတဲ့ သတင်းပါပဲ။ သေရောမဟုတ်လား။ အခွန်လွတ် ဂျူတီဖရီးလို ဆိုင်မျိုးပေါ်ကို ဆယ့်နှစ်နှစ်သား အတုတွေ ဘယ်လိုဝင် လာသလဲ။ မေးစရာဖြစ်လာပါတယ်။

ဘလက်လေဘယ်နဲ့ ချီးဗားအတု ဘယ်လိုလုပ်ကြသလဲ ဆိုတာနဲ့ ပတ်သက်လို့ မျက်စိကြီးနားကြီး အသိုင်းအဝိုင်းက ဒီလို ပြောပါတယ်။ ပုလင်းခွံအလွတ်တွေကို စားသောက်ဆိုင်တွေ ဘားတွေကနေ ပြန်ဝယ်တယ်လို့ ဆိုပါတယ်။ ပုလင်းက အရေးအကြီးဆုံးလို့ ဆိုပါတယ်။ အရက်ပုလင်းအတွက် အော်ရီဂျင်နယ်ပုံစံအတိုင်း အဖုံး၊ ကပ်ထူဗူးတွေက တရုတ်ပြည်က ဝင်လာပါသတဲ့။ အရက်ကတော့ မြန်မာပြည်ဖြစ် အရက်ကို သုံးတယ်လို့ ထောက်ပြပါတယ်။ မြန်မာပြည်ဖြစ် အရက် ဆိုတော့ ပုလင်းကို တူအောင် ဘယ်လိုလုပ်ထားလုပ်ထား အရသာကတော့ ကွာခြားမှု ရှိနေနိုင်ပါသေးတယ်။ အဲတာ ကိုလည်း ဓာတုဗေဒ ဆေးဝါးတမျိုးနဲ့ ပြန်လည်စီရင်ပါသတဲ့။ ဘယ်လို စီရင်တုန်းဆိုတော့ ဘလက်လေဘယ် အတွက်ဆို ဘလက်လေဘယ် အနံ့အရသာမျိုးရှိတဲ့ ဆေးရည်ထည့်ရပြီး ချီးဗားအတွက်ဆိုလည်း သူ့အနံ့အရသာမျိုးရှိတဲ့ ဆေးရည် တမျိုး ထည့်သွင်းရတယ်လို့ ဆိုပါတယ်။ မူလအရက် အနံ့အရသာနဲ့ အတိအကျကြီး မတူပေမဲ့လို့ ဒီလိုအရက်မျိုး သောက်နေကြ မဟုတ်တဲ့ ပရိတ်သတ်ကတော့ မရိပ်စားမိပါဘူး။ အဲသလို အရက်ရဲ့ အနံ့နဲ့အရသာကို ပြောင်းပေးနိုင်တဲ့ ဆေးရည်မျိုးကလည်း တရုတ်ပြည်ကနေ ဝင်တယ်လို့ ပြောကြပါတယ်။ ကောင်းကြသေးရဲ့လား။

ယမကာ သောက်သုံးတဲ့ မြန်မာပြည်သားတွေ အတွက်ကတော့ ဆင်းရဲတဲ့သူပဲဖြစ်ဖြစ် ချမ်းသာတဲ့ သူပဲဖြစ်ဖြစ် ဒီလို ဓာတုဗေဒ ဓာတ်တွေ ပါဝင်နေတဲ့ အရက်တွေနဲ့ အရက်အတုတွေကို လွတ်အောင်ရှောင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ စားသုံးကုန်နဲ့ ပတ်သက်လို့ မှန်မှန် ကန်ကန် စောင့်ကြည့် စစ်ဆေးတဲ့ ဌာနတွေ မရှိတာကလည်းတကြောင်း၊ လာဘ်ပေးလာဘ်ယူကလည်း ကြီးထွားလွန်း တာကြောင့် အာဏာပိုင်များ ဖက်က မျက်စိမှိတ်နေတာမျိုးတွေလည်း ရှိတာကလည်း တကြောင်းဆိုတော့ ဒီလိုပြဿနာမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ စကားမစပ် မြန်မာပြည်မှာ ကနေ့ပြောနေတဲ့ ဒီမိုကရေစီတို့၊ အပြောင်းအလဲတို့ ဆိုတာတွေလည်း စစ်ကောစစ်ရဲ့လား။ အတုတွေကများနေတဲ့ ခေတ်ကြီးမဟုတ်လား။ မြန်မာပြည်သားများ အတုမှန်သမျှ ဘေးကနေ လွတ်မြောက်ဖို့ လိုပြီ ဖြစ်ပါကြောင်း။

(စာရေးသူသည် ဘန်ကောက်မြို့တွင်နေထိုင်လျက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ သုံးသပ်ဝေဖန်ချက် ဆောင်းပါးများကို ကိုယ်ပိုင်ဘလော့ဂ် “ရွက်မွန်”တွင် ပုံမှန်ရေးသားနေသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading