ဒီမိုကရေစီနိုင်ငံများရှိ ပြင်ညီတာဝန်ခံမူ (၃)

ဂီရာမို အိုဒေါ်နယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အခု ကျနော် တင်ပြခဲ့တဲ့ပြဿနာတွေက ပိုလီအာခီ ဟုတ်ဟုတ် မဟုတ်ဟုတ် နိုင်ငံတော်တော် များများရဲ့ နိုင်ငံရေးအာဏာ ကျင့်သုံးမှုပိုင်းတွေနဲ့ ပတ်သက်လို့ အတွေ့များ၊ အသုံးများ၊ အထာကျပြီးသား အမြင်တွေကနေ ပေါ်ပေါက်လာရတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ တခုထဲကိုသာ ဆုပ်ကိုင်လို့ ဖြစ်ရတဲ့ နောက်ပြဿနာတခု ရှိပါသေးတယ်။ အထူးသဖြင့် ပိုလီအာခီအသစ်တွေမှာ ဖြစ်ပေါ်တတ်တဲ့ ပြဿနာပါ။ လူထုက တိုက်ရိုက် အဆုံးအဖြတ် ပေးတဲ့စနစ်၊ မင်းဧကရာဇ်ကဲ့သို့ အုပ်ချုပ်တဲ့စနစ် (Caesarism)၊ အများကြိုက်စနစ် (Populism) နဲ့ အလားတူစနစ်မျိုးကို ဦးတည်သွားဖို့ အကြောင်းအချက်တွေ နိုင်ငံအတော်များများမှာ ရှိနေတတ်ပါတယ်။

ဒီဥပမာတွေကနေပေးတဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီမိုကရေစီဆိုတာ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားခြင်း သဘောဆောင်ပါတယ်။ လက်ခံနိုင်လောက်တဲ့ အဆင့်အထိ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပြီး ဘယ်သူက ဘယ်အချိန်အထိ အုပ်ချုပ်မလဲဆိုတာကို ဆုံးဖြတ်ကြပါတယ်။ အစိုးရအလုပ်ကိုတော့ အုပ်ချုပ်ရေး အာဏာက တာဝန်ယူပါတယ်။ တိုင်းပြည်ကောင်းကျိုးအတွက် သူတို့သင့်မယ်ထင်သလို အုပ်ချုပ်ဖို့ တာဝန်နဲ့အခွင့်အရေးက အုပ်ချုပ်ရေးအာဏာမှာ ရှိပါတယ်။ မဲဆန္ဒရှင်များက မကျေနပ်ခဲ့လို့ရှိရင် နောက်လာမယ့် ရွေးကောက်ပွဲမှာ လက်ရှိအစိုးရကို မဲမပေးတဲ့နည်းနဲ့ ဖြုတ်ချလို့ရပါတယ်။ ဒီထက်မပိုပါဘူး။

နိုင်ငံသား အများစုနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ဒီကိစ္စနဲ့ ပတ်သက်လို့ သဘောခြင်း တူညီကြပါတယ်။ အုပ်ချုပ် ရေးအာဏာက နိုင်ငံသားတွေကို မိမိကိုယ်ပိုင် ပြဌာန်းချက်နဲ့အညီ အုပ်ချုပ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ လူမကြိုက်တိုင်း ဖြုတ်ချခံရနိုင်တယ်ဆိုရင် စိတ်အနှောင့်အယှက် ကင်းကင်းနဲ့ အုပ်ချုပ်နိုင်ဖို့ ခက်ပါလိမ့်မယ်။ ရေတိုမှာတော့ အုပ်ချုပ်ရေးအာဏာ အပ်နှင်းခံထားရတဲ့ အစိုးရတွေက စောင့်ကြည့် အရေးယူဖို့ထားတဲ့ အေဂျင်စီတွေကို လျစ်လျူရှုထားတတ်ကြပါတယ်။ ရေရှည်အတွက်တော့ ဖျက်သိမ်းပစ်တာတွေ၊ အဖွဲ့ထဲမှာ ကိုယ့်လူပါအောင် ထည့်တာတွေ၊ ဒါမှမဟုတ် ကိုယ့်ကို အန္တရာယ်မပြုနိုင်အောင် လုပ်တာတွေစတဲ့ နည်းဗျူဟာတွေ သုံးတတ်ကြပါတယ်။ အုပ်ချုပ်ရေးပိုင်းရဲ့ မူဝါဒတွေ အောင်မြင်နေသရွေ့ သ့ူလုပ်ဆောင်မှုတွေအပေါ် ကန့်သတ်ချက်တွေ ရှိလာမှာ မဟုတ်ပါဘူး။ တခြားသော အာဏာနှစ်ရပ်က တာဝန်ရှိသူတွေနဲ့ ပြည်သူအများစုက အစိုးရအဖွဲ့ မူဝါဒများ အောင်မြင်နေသရွေ့တော့ အာဏာအပ်နှင်းခြင်းဆိုတဲ့ သဘောတရားကို လက်ခံနေကြဦးမှာ ဖြစ်ပါတယ်။ လစ်ဘရယ်လည်း မဟုတ်၊ ရီပတ်ဘလီကန်လည်း မဟုတ်ကြတဲ့ အစိုးရပိုင်း တာဝန်ရှိသူတွေက ပြည်သူအကျိုးသယ်ပိုးဖို့ တာဝန်ရှိတယ်ဆိုတဲ့ အသိတရားကို အခြေခံပြီး သူတို့အာဏာကို ကြီးထွားအောင်လုပ်ကြပါတယ်။ တခြားသူများက နိုင်ငံတော် အာဏာရယူနိုင်ဖို့ အာဏာထူထောင်လာရင် ဒီအာဏာကို ပယ်သတ် ငြင်းဆိုပစ်တတ်ကြပါတယ်။ လူထု စိုးမိုးမှု်ခုတည်းကိုသာ အားပြုထားတဲ့စနစ်ကနေ အာဏာအပ်နှင်းထားတယ်ဆိုတဲ့ စနစ်ကို ပြောင်းလဲသွားနေတာ ဒီမှာ အထင်အရှားတွေ့ရပါတယ်။

ရှေ့ကပြောခဲ့တာတွေမှာ အုပ်ချုပ်ရေးအာဏာဟာ ထင်ရာလုပ်လို့ရအောင် အာဏာရှိတယ်လို့တော့ မဆိုလိုပါဘူး။ ဥပဒေ စည်းမျဉ်းတွေနဲ့ အာဏာပြိုင်ဆိုင်မူတွေမှာ အုပ်ချုပ်ရေးအာဏာဟာ သူ့မဟာမိတ်တွေကြားမှာတောင် အကန့်အသတ်တွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါပေမယ့် ဒီစည်းမျဉ်းတွေနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ မတူညီမှုတွေ ရှိနေပါတယ်။ စည်းမျဉ်းတွေက အာဏာပြိုင်ဆိုင်မှုအတွက် အသုံးချခံဖြစ်ရပါတယ်။ အဖွဲ့အစည်းများ ဆက်ဆံရေးကို တည်ငြိမ်းအောင် စည်းဘောင် သတ်မှတ်ပေးတဲ့ လွတ်လွတ်လပ်လပ် တည်ရှိနေနိုင်တဲ့အရာတွေ မဟုတ်ကြပါဘူး။ တခြားကန့်သတ်မှုတွေကတော့ သက်ဆိုင်ရာနိုင်ငံရဲ့ အရွယ်အစားနဲ့ ဖက်ဒရယ်ဆိုင်ရာ ချမှတ်မှုများအလိုက် ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ အာဏာအပ်နှင်းခြင်း ခံထားရတဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ ကိုယ်တိုင်က တာဝန်ယူမှုမရှိ၊ ဥပဒေကို အသုံးပြုစရာအဖြစ် အသုံးပြုရာမှာ ကျွမ်းကျင်ပြီး ဗဟိုအစိုးရကို ထိန်းကျောင်းရာမှာ ပါဝင်တတ်ပါတယ်။

ရေရှည်မှာတော့ အုပ်ချုပ်ရေးပိုင်းက သူတို့အာဏာ ကြီးထွားရေးအတွက် ဆောင်ရွက်ရာမှာ ပြင်ညီ ထိန်းကျောင်းမှုရဲ့ ကြီးကြပ်မှုကိုခံယူပြီး ပြင်ညီတာဝန်ယူမှုကို အားပျော့အောင်လုပ်တဲ့ နည်းဗျူဟာကိုတော့ ဆက်လက် ကျင့်သုံးတတ်ကြပါတယ်။ နိုင်ငံတော် အဖွဲ့အစည်းများ သို့မဟုတ် ဥပဒေပြုရေးပိုင်းအနေနဲ့ အုပ်ချုပ်ရေးအာဏာရဲ့ တရားမဝင်တဲ့ လုပ်ရပ်တွေကို တားဆီးဖို့ အရေးယူဖို့ စေ့ဆော်မှုတွေ ဆိုတာကလည်း သိပ်ရေရာတဲ့ အရာတွေတော့ မဟုတ်ကြပါဘူး။ ဒီပြဿနာကို ပိုမိုရှုပ်ထွေးစေတာကတော့ ဒီလို ပြင်ညီတာဝန်ယူမှုတွေ ထိရောက်စေဖို့အတွက် ထက်ထက်သန်သန် ဆောင်ရွက်မယ့် တရားရုံးတွေ၊ အေဂျင်စီတွေပေါ်မှာ များစွာမှီတည်နေပြီး အာဏာအပ်နှင်းခံထားရတဲ့ ဖူဂျီမူရီ၊ ယယ်လ်ဆင်နဲ့ အာဂျင်တီးနားက ကာလို့စ် မန်နမ် တို့လို ခေါင်းဆောင်တွေက ဒီအေဂျင်စီတွေကို တစ်ကွဲတစ်ပြားစီ ဖြစ်အောင်လုပ်ပြီး အနိုင်ရအောင်လုပ်တဲ့ နည်းနာတွေနဲ့ ဒီအေဂျင်စီတွေရဲ့ အရေးယူဆောင်ရွက်မှုတွေကို ပွဲပျက်အောင် လုပ်တတ်ကြတာပဲဖြစ်ပါတယ်။

ဒီတော့ ပြင်ညီတာဝန်ယူမှုဆိုတာ တည်ရှိနေဖို့ ဘာကြောင့်များ မျှော်လင့်နေနိုင်ကြမှာလဲ။ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်သူတွေက တည်ဆဲဥပဒေကို နာခံဖို့ တာဝန်ဆိုတာမျိုး၊ ကိုယ်ရေးကိုယ်တာ ဆိုတာနဲ့ အများပြည်သူ ကောင်းစားရေး ဆိုတာတွေ ကွဲပြားတယ်ဆိုတာမျိုးတွေ သူတို့လက်မခံကြပါဘူး။ ပိုလီအာခီမှာ ပြင်ညီတာဝန်ယူမှုရှိဖို့ လစ်ဘရယ်ဝါဒကရော၊ ရီပတ်ဘလီကန်ဝါဒကပါ ဥပဒေစိုးမိုးရေးပေါ်မှာ များစွာ အားထားကြပါတယ်။ ဒီစီးကြောင်းတခုရဲ့ ဥပဒေစိုးမိုးမှုအပေါ်ထားတဲ့ ပညတ်ချက်တွေ စိုးမိုးမှု ဘယ်လောက်ရှိသလဲဆိုတာ သူတို့နိုင်ငံရေးအာဏာကို အသီးသီး အဓိပ္ပာယ်ဖွင့်ဆိုမှုက ဘယ်လောက် ခွန်အားရှိသလဲ ဆိုတာပေါ်မှာ မူတည်နေပါတယ်။

ပြင်ညီတာဝန်ယူမှုကို ချိုးဖောက်ဖို့ (တခါတရံ တိုက်ဆိုင်နေတတ်ပေမယ့်) ကွဲပြားတဲ့ နည်းလမ်း နှစ်ခုရှိပါတယ်။ ပထမတခုကို ကျနော်က “ကျူးကျော်စွက်ဖက်မှု” လို့ သတ်မှတ်ပါတယ်။ ဒီကျူးကျော် စွက်ဖက်မှုဆိုတာ နိုင်ငံတော် အဖွဲ့အစည်းတခုက တခြား တရားဝင် အဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက် စွက်ဖက်ခြင်းပဲ ဖြစ်ပါတယ်။ ဒုတိယတခုကို အကြမ်းဖျင်း “အကျင့်ပျက် ခြစားမှု” လို့ပဲ ခေါ်ပါမယ်။ တာဝန်ရှိသူတယောက်က မိမိအတွက်ပဲဖြစ်ဖြစ် မိမိရဲ့ အသင်းအပင်းတွေ အတွက်ပဲဖြစ်ဖြစ် တရားမဲ့ အကျိုးအမြတ် အသာစီးရယူမှုပဲ ဖြစ်ပါတယ်။ လစ်ဘရယ်ဝါဒက “ကျူးကျော်စွက်ဖက်မှု” ဟာ လွတ်လပ်မှုကို ခြိမ်းခြောက်ခြင်းလို့ ယူဆပါတယ်။ ဒါပေမယ့် “အကျင့်ပျက်ခြစားမူ” အတွက်တော့ သူ့မှာ သိပ်ဆွေးနွေး စရာမရှိဘူး ဖြစ်နေတတ်ပါတယ်။ ရီပတ်ဘလီကန် ဝါဒကတော့ “ကျူးကျော်စွက်ဖက်မှုကို တားမြစ်သလို “အကျင့်ပျက်ခြစားမှု” ကိုလည်း ရှုံ့ချပါတယ်။ ရှေးရိုး ရီပတ်ဘလီကန်ဝါဒက ဆိုရင် အများကောင်းကျိုးကို လျစ်လျူရှုခြင်းကပဲ “အကျင့်ပျက်ခြစားမှု” မြောက်နေပါပြီ။ လစ်ဘရယ်ဝါဒကတော့ ဒီကိစ္စကို အပြစ်မမြင်တတ်ပါဘူး။

ဒီမိုကရေစီရဲ့ တကြောင်းစွဲ အမြင်ကတော့ သူ့မှာ တခြားတစ်ဖက်က ပြင်ညီ တာဝန်ယူမှုအတွက် အထောက်အကူ ပေးနိုင်တဲ့ အချက်တွေရှိသော်လည်းပဲ “ကျူးကျော်စွက်ဖက်မှု” ဆိုတဲ့သဘောကို ဥပက္ခာပြုထားတတ်ပါတယ်။ နိုင်ငံရေးအာဏာဆိုတာ ပြည်သူတစ်ဦးချင်းစီက လာတယ်။ ဒီမိုကရေစီက ရွေးကောက်ပွဲအရ၊ အလှည့်ကျတက်လာတဲ့ ပြည်သူ့ကိစ္စ ဆောင်ရွက်ရမယ့်သူဟာ အားလုံးကောင်းဖို့အတွက် ဆောင်ရွက်ရမယ်။ ဒီအပြင် အာဏာဟာ အားလုံးဆီကလာပြီး အေသင်မှာလို နိုင်ငံသားတိုင်းက အနည်းဆုံး အများနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်များကို ပါဝင်ဆောင်ရွက်ဖို့ အခြေအနေရှိတယ်ဆိုရင် ဆုံးဖြတ်ချက်အားလုံးကို ချမှတ်ရာမှာ ဆုံးဖြတ်တဲ့ အကြောင်းအရာကရော ဆုံးဖြတ်တဲ့ နည်းလမ်းကပါ ပြည်သူအရေးပဲ ဖြစ်ရပါမယ်။ ဒီလို ဒီမိုကရေစီရဲ့ လိုလားတောင့်တချက်တွေက ပြင်ညီတာဝန်ယူမှုကို တိုက်ရိုက်ကြီး ထင်ထင်ရှားရှား ဖော်ပြမနေတောင်မှ နိုင်ငံရေးဆုံးဖြတ်ချက်တွေမှာ ပွင့်လင်းမြင်သာမှုကို တောင်းဆိုပြီး ပွင့်လင်းမြင်သာမှု ရှိခြင်းက “အကျင့်ပျက်ခြစားမှု” ကြီးထွားလာဖို့ ခွင့်မပြုပါဘူး။

လစ်ဘရယ်ဝါဒကတော့ ပွင့်လင်းမြင်သာမှုကို သိပ်အရေးမထားပါဘူး။ အကာအကွယ် လုံခြုံစိတ်ချရမှု အတွက်ဆို ပွင့်လင်းမြင်သာမှု ဆိုတာကို လျှော်ပစ်လိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ ရီပတ်ဘလီကန် အုပ်ချုပ်သူတွေက သူတို့ဆုံးဖြတ်ချက်တွေ ပွင့်လင်းမြင်သာမှု မရှိခြင်းအတွက် အကောင်းဆုံး အကြောင်းပြချက်တွေ ရှိနေမှာပါပဲ။ စိတ်ဝင်စားစရာက ပြည်သူတိုင်း အစိုးရဖြစ်ခွင့်ရှိတယ်ဆိုတဲ့ ဒီမိုကရေစီက “ကျူးကျော်စွက်ဖက်မှု” ကို တားဆီးဖို့ သဘောတရားမူဝါဒ အခိုင်အမာမရှိပေမယ့်လို့ “အကျင့်ပျက်ခြစားမှု” ကိုတော့ အမြဲ ရန်ငြိုးဖွဲ့သိုတတ်ပါတယ်။ ဒါကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်၊ ဒီမိုကရေစီ သဘောတရားတွေ စိုးမိုးတဲ့ ပိုလီအာခီအသစ်တွေမှာ အုပ်ချုပ်ရေးအာဏာရဲ့ “ကျူးကျော်စွက်ဖက်မှု” ကို လစ်လျူရှုထားတတ်ကြပေမယ့် “အကျင့်ပျက် ခြစားမှု” ကိုတော့ သည်းညည်းမခံတတ်ကြပါဘူး။ ကျနော့်ထင်မြင်ချက်ကတော့ ပိုလီအာခီအတွက် “ကျူးကျော်စွက်ဖက်မှု”က “အကျင့်ပျက်ခြစားမှု” ထက် အန္တရာယ်ပိုကြီးပါတယ်။ “ကျူးကျော်စွက်ဖက်မှု” ရဲ့ ပင်ကိုယ်သဘောကပဲ ပိုလီအာခီကို ဖျက်ဆီးပစ်နိုင်ပါတယ်။ “အကျင့် ပျက်ခြစားမှု” ကတော့ ပိုလီအာခီကို အားပျော့စေရုံလောက်ပါပဲ။ ဒီ့အပြင် “ကျူးကျော်စွက်ဖက်မှု” က အတိုင်းအတာတခုအထိ ကိုယ်ပိုင်စီရင်ခွင့်ရှိတဲ့ နိုင်ငံတော်အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးကို အဟန့်အတား ဖြစ်စေပါတယ်။ တကယ်တော့ ဒီအဖွဲ့အစည်းတွေဟာ စနစ်တကျ ဖွဲ့စည်းပြီး တိကျတဲ့ သတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်ရတဲ့ ပိုလီအာခီတွေရဲ့ ဝိသေသတွေပဲဖြစ်ပါတယ်။ ဒီပိုလီအာခီတွေမှာ ကျနော့်ထင်မြင်ယူဆချက်အရ “အကျင့်ပျက်ခြစားမှုတွေက “ကျူးကျောစွက်ဖက်မှု” တွေထက် ပိုများတာကို တွေ့နေရတာ မတော်တဆ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ပိုလီအာခီ အသစ်တွေ တော်တော်များများမှာ တွေ့မြင်နေရသလို လစ်ဘရယ်နဲ့ ရီပတ်ဘလီကန် အစိတ်အပိုင်းများ အားနည်းနေတဲ့အခါမှာ ဒီမိုကရေစီ စီးကြောင်းက “ကျူးကျော်စွက်ဖက်မှု” ကို တာဆီးဖို့ သိပ်အသုံးမဝင်သလိုပါပဲ။

တာဝန်ယူမှုကို ပိုမိုကောင်းမွန်လာစေခြင်း

အားလုံးအဆိုးကြီးပဲတော့ မဟုတ်ပါဘူး။ ပိုလီအာခီအသစ်တွေမှာ ကောက်ခံခဲ့တဲ့ စစ်တမ်းအစောင်စောင်က တာဝန်ရှိသူတွေရဲ့ “အကျင့်ပျက်ခြစားမှု” က အဓိကပြဿနာလို့ ညွှန်ပြနေကြပါတယ်။ စစ်တမ်းတခုကဆိုရင် “အကျက့်ပျက်ခြစားမှု” အပေါ် အစဉ်အလာအရ မရှိခဲ့တဲ့ ပြင်းထန်ပြီး ကျယ်ပြန့်တဲ့ ဆန့်ကျင်ဝေဖန်မှုတွေ တွေ့ရှိရကြောင်း တင်ပြလာပါတယ်။ ကွဲပြားမှုတွေရှိနေပေမဲ့ လူ့အဖွဲ့အစည်းအများစုက ရှုတ်ချကြတဲ့ အပြုအမူတွေ တူနေတတ်ကြပါတယ်။ ဥပမာ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်တာတွေ၊ လာဘ်ပေးလာဘ်ယူမှု အကြီးစားတွေကို ရှုံ့ချကြရာမှာ တူညီနေတတ်ကြပါတယ်။ ဒီနေရာမှာ “အကျင့်ပျက် ခြစားမှု” က (ဒီရောဂါဆိုးက ပြင်ညီတာဝန်ယူမှု အားနည်းလို့ ဖြစ်လာတဲ့ ဆိုးကျိုးဖြစ်သော်လည်းပဲ) အခု ဆွေးနွေးချက်ရဲ့ အဓိက အကြောင်းအရာ မဟုတ်ပေမယ့် သိသိသာသာ အကျင့်ပျက်ခြစားမှု ဖြစ်နေခြင်းကြောင့် ဖြစ်လာတဲ့ ကျယ်ပြန့်တဲ့ ဝေဖန်ရှုံ့ချမှုက ပြင်ညီတာဝန်ယူမှု တိုးတက် ကောင်းမွန်လာစေဖို့ အလားအလာကို ညွှန်ပြနေပါတယ်။ ကျနော် မြင်တာထက် ပိုအကောင်းမြင်တဲ့ဘက်က တွေးကြည့်နိုင်ဖို့ အချက်တခုကို ပေးလာပါတယ်။

ဒီမှာလည်း အားလုံးအကောင်းကြီးပဲလို့ မဆိုနိုင်ပါဘူး။ လစ်ဘရယ်ရှေ့တန်းကို ကြည့်မယ်ဆိုရင် ပိုလီအာခီအသစ်တွေမှာ အမျိုးမျိုးသော အဖွဲ့အစည်းများ ပေါ်ပေါက်လာပြီးတော့ ပထမ အာဏာရှင်ရဲ့ မတော်မတရားမှုတွေကို ဆန့်ကျင်ဖို့၊ သို့မဟုတ် အမှန်ပြုပြင်ဖို့ လုပ်ခဲ့ကြတာတွေ၊ နောက် အာဏာရှင်နောက်ပိုင်း အစိုးရကို အခြေခံ အခွင့်အရေးနဲ့ လွတ်လပ်မှုကို လေးစားဖို့၊ အထူးသဖြင့် အားနည်းသူများနဲ့ ဆင်းရဲသူများရဲ့ အခွင့်အရေးကို လေးစားဖို့ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းများစွာ ရှိလာတာကို ဂုဏ်ယူနိုင်စရာ တွေ့ကြပါတယ်။ တချို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက သူတို့ရဲ့ လုပ်ငန်းရည်ရွယ်ချက်တွေကို ပိုမို ချဲ့ထွင်လာနေတာကို တွေ့ကြရပါတယ်။ တခြား အဖွဲ့အစည်းတွေက ရွေးကောက်ပွဲ စောင့်ကြည့်ရေး သို့မဟုတ် ပြည်သူလူထုကို သူတို့ရဲ့ နိုင်ငံရေးအခွင့်အရေးတွေ သိရှိနားလည် အသုံးချတတ်အောင် သင်ကြားပေးခြင်းအားဖြင့် ဒီမိုကရေစီကို မြှင့်တင်ပေးကြပါတယ်။

တချို့ကတော့ ရီပတ်ဘလီကန် စောင့်ကြည့်ရေးအဖွဲ့များအဖြစ် ရပ်တည်ပြီး နိုင်ငံတော် အဖွဲ့အစည်းတခုက တခြားတခုအပေါ် ကျူးကျော်စွက်ဖက်မှုနဲ့ အစိုးရအဖွဲ့ဝင်တို့ရဲ့ ကျင့်ဝတ်နဲ့မညီတဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်ကာကွယ်ဖို့ ဆောင်ရွက်ကြပါတယ်။ စောင့်ကြည့်တဲ့အဖွဲ့တွေက သူတို့ရဲ့အားထုတ်မှုတွေကို စနစ်တကျ လုပ်ပိုင်ခွင့်ပေးထားတဲ့ နိုင်ငံတော် အဖွဲ့အစည်းတခုက လိုက်ပါဆောင်ရွက် အရေးယူမှုတွေ မလုပ်ခဲ့ဘူးဆိုရင် သူတို့လုပ်သမျှ အရာမထင်တတ်ပါဘူး။ ဒီအုပ်စုတွေက အသိစိတ်ရှိတဲ့ စာနယ်ဇင်းသမားတွေနဲ့ လက်တွဲပြီး မှားယွင်းတဲ့လုပ်ရပ်တွေကို လူမသိသူမသိ အဖြစ်ကနေ လူသိရှင်ကြားဖြစ်အောင် မီးမောင်းထိုးပြနိုင်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့အတွက် နိုင်ငံတော် အဖွဲ့အစည်းတွေရဲ့ မိတ်ဖက်အဖြစ်နဲ့ ရပ်တည်နိုင်ပါတယ်။ ဒီနည်းနာတွေက အဆင့်မြင့်အရာရှိကြီးတွေ ပါဝင်နေတဲ့ အမှုမျိုး၊ ငွေကြေး အမြောက်အများ ပါဝင်နေတဲ့ ကိစ္စမျိုးတွေမှာဆို ပိုပြီးထိရောက်နိုင်ပါတယ်။

ပြင်ညီနဲ့ ဒေါင်လိုက်တာဝန်ယူမှုတွေကို ဒီထက်ပို အားကောင်းလာအောင် ဘာလုပ်ပေးနိုင်ပါသလဲ။ ဒီနေရာမှာ တော်သင့်ရုံ၊ အသစ်အဆန်းလည်း မဟုတ်တဲ့ အကြံပြုချက်တွေပဲ ပေးနိုင်ပါတယ်။

(၁) ရွေးကောက်ပွဲမှ ထောက်ခံမှု သင့်တင့်ကောင်းမွန်တဲ့ အဆင့်ထိရလာတဲ့ အတိုက်အခံပါတီတွေကို အကျင့်ပျက်ခြစားမှု တားဆီးရေး၊ စုံစမ်းစစ်ဆေးရေး အေဂျင်စီတွေကို ညွန်ကြားရာမှာ အရေးပါတဲ့နေရာပေးပါ။ (ဥပမာ လက်တင်အမေရိကက “fiscalias”)

(၂) တားဆီးကွယ်ကွယ်မှု အတွက်ဖြစ်တဲ့ စာရင်းစစ်ချုပ်ရုံးလို ရုံးဌာနတွေကို ကျွမ်းကျင်မူမြင့်မားပြီး လုပ်ငန်းကျင့်ဝတ်ကို ကောင်းစွာစောင့်ထိန်းအောင်၊ လုံလောက်ပြီး လွတ်လပ်စွာ အသုံးပြုနိုင်တဲ့ ရင်းမြစ်တွေရှိအောင်၊ နိုင်ငံရေးအရ စွက်ဖက်မှုတွေ ကင်းအောင် စီမံထားပါ။

(၃) တရားစီရင်ရေးကိုလည်း အထက်က အဆိုပြုထားသလို စီမံပါ။ တရားစီရင်ရေးရဲ့ လွတ်လပ်မှုနဲ့ ပတ်သက်လို့ကတော့ ကိုင်တွယ်ရတာ မလွယ်ကူပါဘူး။ တရားရုံးများဟာ နိုင်ငံရေးပါတီတခု သို့မဟုတ် မသင့်လျော်တဲ့ အကျိုးစီးပွားကို ရယူနေတဲ့ ညွန့်ပေါင်းအဖွဲ့တခုရဲ့ လက်အောက်ခံ ဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ် တရားသူကြီးတွေက တရားစီရင်ရေး အာဏာနဲ့ လုပ်ငန်းရည်ရွယ်ချက်တို့ဟာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ တခြားသော အာဏာများကို တာဝန်ခံစရာမလိုဘူး ဆိုတဲ့ သဘောအမြင်ကို ကျင့်သုံးသွားစေနိုင်ပါတယ်။

(၄) ဖော်ပြပါ အဖွဲ့အစည်းများနဲ့ ဆင်တူရိုးမှား အဖွဲ့အစည်းဆိုင်ရာ အစီအမံတွေမှာ မှားယွင်းနိုင်ခြေနဲ့ အားနည်းချက်များ ရှိလာနိုင်ခြေ ရှိနေသော်လည်းပဲ ဒီအဖွဲ့အစည်းတွေကို စည်းဘောင်တွေနဲ့ တည်ထောင်ရာမှာ လူတိုင်း/ အဖွဲ့အစည်းတိုင်းမှာ ရီပတ်ဘလီကန် စိတ်ကြီးဝင်စိတ် ရှိလာနိုင်တယ်၊ အများကောင်း ကျိုးအတွက်ဆောင်ရွက်ရာမှာ အများထက် ကိုယ်ကျင့်သိက္ခာ အရည်အချင်းကောင်းမွန်ပြီး အနှောင်အဖွဲ့ကင်းတဲ့ လုပ်ပိုင်ခွင့်ရှိရမယ်ဆိုတဲ့ စိတ်ကို ထိန်းကွပ်ဖို့၊ အဲဒီသဘောကြောင့် လစ်ဘရယ် လွတ်လပ်ခွင့်တွေကို မထိပါးဖို့ မက်ဒီဆင် နည်းအတိုင်း (Madisonian Spirit) တိုင်းတိုင်းဆဆနဲ့ သံသယထားပြီး သတိနဲ့ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တချို့ ပိုလီအာခီတွေမှ အထက်က ဖော်ပြခဲ့တဲ့ အဖွဲ့အစည်းတွေ ရှိမနေတတ်ပါဘူး။ ရှိနေရင်လည်း ဒီအဖွဲ့အစည်းတွေက ခန့်အပ်ထားတဲ့ သမ္မတနဲ့ သူ့အလိုကို လိုက်ရောလွန်းတဲ့ ဥပဒေပြုအာဏာက ထိန်းကွတ်ထားလို့ ထိရောက်မှုမရှိ ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်မယ့်အစားတော့ အဖွဲ့အစည်းတွေမှာ အားနည်းချက် အခက်အခဲတွေနဲ့ အာဏာကို လိုအပ်တဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး သုံးနိုင်တဲ့ အခြေအနေတွေ ရှိပေမယ့်လို့ သတိရှိရှိနဲ့ ဒီအဖွဲ့အစည်းတွေ အလုပ်လုပ်နိုင်အောင် တည်ထောင်ထားတာက မရှိတာ၊ ရှိသော်လည်း ထိရောက်အောင် မဆောင်ရွက်နိုင်တာနဲ့စာရင် ပိုကောင်းပါသေးတယ်။

(၅) မညီမျှမှုတွေ၊ ဆင်းရဲမွဲတေမှုတွေ ရှိနေတဲ့ ပိုလီအာခီအသစ်တွေမှာ ဆင်းရဲသူများနဲ့ အားနည်းသူများအတွက် လစ်ဘရယ်သဘော သက်ဝင်တဲ့ ပြင်ညီတာဝန်ယူမှုကို တာဝန်ရှိသူများက အစွမ်းကုန်လုပ်ဆောင်ပါ။ အားနည်းသူများ၊ ဆင်းရဲသူများ တွေ့ဆုံရာမှာ အနည်းဆုံး ရည်ရည်မွန်မွန် သင့်တင့်လျောက်ပတ်စွာ ဆက်ဆံနိုင်အောင်လို့ အများကြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

(၆) ဒေါင်လိုက် တာဝန်ယူမှုရှိဖို့ လုပ်ဆောင်နေကြတဲ့ မီဒီယာနဲ့ လူမူအဖွဲ့အစည်းများကို တက်ကြွပြီး၊ ဇွဲမလျှော့ကြဖို့ အားပေးပါ။ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ကွန်ရက်တွေက အကူအညီကောင်းများ ရနိုင်ပါတယ်။ ပြည်တွင်း အဖွဲ့အစည်းများက လက်မခံရင်တော့ သူတို့ရဲ့ အယူအဆ၊ လုပ်ဆောင်ချက်တွေဟာ ပြည်တွင်းရေး စွက်ဖက်တယ်လို့ စွပ်စွဲခံရနိုင်ပါတယ်။ အများပြည်သူ့ သဘောထားကလည်း ပြင်ညီတာဝန်ယူမှုကို အကောင်အထည် ဖော်ရာမှာ အရေးပါပါတယ်။ ပြင်ညီတာဝန်ယူမှု ထိရောက်အောင်မြင်ရေးမှာ ရွေးကောက်ပွဲများအပါအဝင် ပိုလီအာခီတွေမှာ ရှိတတ်တဲ့ ဒေါင်လိုက်တာဝန်ယူမှုရဲ့ ဆောင်ရွက်ချက်တို့ပေါ်မှာလည်း မှီတည်နေပါတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

(၇) တာဝန်ယူမှု နှစ်မျိုးလုံးကို ရရှိစေဖို့ သတင်းအချက်အလက် အခန်းကဏ္ဍကလည်း အရေးကြီးတာကြောင့် ပိုလီအာခီအသစ်တွေဟာ မီဒီယာ၊ သုတေသနနဲ့ ဒီက ထုတ်လုပ်တဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေတဲ့ အဖွဲ့အစည်းတွေ လိုအပ်သလို အများပြည်သူသိရှိစေဖို့ စီးပွားရေးနဲ့ တခြားညွန်ကိန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးမယ့့် အစိုးရအပေါ်မှာ မှီခိုမှုမရှိတဲ့ အေဂျင်စီတွေလည်း လိုအပ်ပါတယ်။ ညွန်ကိန်းစာရင်းတွေကို လေ့လာဖို့၊ သုတေသနနည်း တခုကို သတ်မှတ်ဖို့၊ အချက်အလက်တွေကို စုစည်းဖို့နဲ့ ထုတ်ပြန်ဖို့ အချိန်ဇယားကို သတ်မှတ်ရာမှာ အစိုးရတဖွဲ့ထဲက မဟုတ်ဘဲ အများပါဝင်နိုင်တဲ့ အဆုံးအဖြတ် သတ်မှတ်ချက်ဖြစ်ရပါမယ်။

နောက်ဆုံးအနေနဲ့ ချပြဖို့ခက်ပေမယ့် အရေးကြီးတဲ့ တခြားအချက်တခု ရှိနေပါသေးတယ်။ အဲဒါကတော့ လူပုဂ္ဂိုလ်တဦးချင်းစီနဲ့ နိုင်ငံရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်များပဲ ဖြစ်ပါတယ်။ ကျုးကျော်စွက်ဖက်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေ နေရာတကာဖြစ်နေတဲ့ တိုင်းပြည်တွေမှာတောင် စံနမူနာအနေနဲ့ ရှေ့တန်းရောက်နေတဲ့ လူပုဂ္ဂိုလ်တဦးချင်းစီက လူထုအမြင်မှာ သိသာထင်ရှားရှိအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လစ်ဘရယ်နဲ့ ရီပတ်ဘလီကန် ဝတ္တရားတို့ကို ဆောင်ရွက်တာဟာ လူထုသဘောထားအမြင်ကို ဆွဲဆောင်သိမ်းသွင်းရာမှာ များစွာတန်ဖိုးရှိပါတယ်။ ဒီလို ခေါင်းဆောင်မှုတွေက အခြားအရေးကြီးတဲ့ နေရာတွေမှာ ရှိနေတဲ့သူတွေ၊ အေဂျင်စီတွေကိုလည်း အလားတူ ရပ်တည်မှုမျိုးပြုလုပ်ဖို့ စည်းရုံးအားပေးနိုင်ပါသေးတယ်။ ဒီလိုခေါင်းဆောင်မျိုး ဘာကြောင့်၊ ဘယ်လိုပေါ်လာလဲဆိုတာ ပဟေဠိတခုပါပဲ။ ကြေကွဲစရာ အမှန်တရားကတော့ ပိုလီအာခီအသစ်တွေမှာ ဒီလိုလူတွေ အများကြီးမရှိသလို သိပ်လည်း မအောင်မြင်ကြပါဘူး။ သူတို့ ထိပ်ဆုံးရောက်တဲ့ အခါမှာလည်း မျှော်လင့်ချက်ကို မဖြည့်စွမ်းပေးနိုင်ကြတာ များပါတယ်။

ဒီဆင်ခြင်မှုတွေနဲ့ သိပ်အကောင်းမြင်မှု မရှိတဲ့သဘောက အထက်က တင်ပြခဲ့တဲ့ပြဿနာရဲ့ ရောင်ပြန်ပါပဲ။ အာဏာရနေတဲ့ လူတွေနဲ့ သူတို့ အသိုက်အဝန်းအတွက် လစ်ဘရယ်မကျ၊ ရီပတ်ဘလီကန်မကျ နည်းနဲ့ ရှေ့ဆက်ဖို့ မက်လုံးက သိပ်ကြီးနေပါတယ်။ အာဏာအပ်နှင်းထားတဲ့ သဘောရှိတဲ့ ဒီမိုကရေစီ အစိတ်အပိုင်းအရလည်း သိပ်အားမကိုးလောက်ပါဘူး။ အပြန်အလှန်အားဖြင့်တော့ ဒီလို တာဝန်ယူမူမျိုးကို အတိုင်းအတာတခုအထိ အောင်မြင်ဖို့ဆိုတာ အဖွဲ့အစည်းအမျိုးမျိုးရဲ့ ပူးပေါင်းမူ၊ ဆောင်ရွက်မူတွေ လိုအပ်ပါတယ်။ နောက်ဆုံး သုံးသတ်ချက် အနေနဲ့ကတော့ ဒီပြဿနာက မက်ဒီဆင် (Madison) နဲ့ သူ့မိတ်ဆွေတွေ ဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ ပြဿနာပါပဲ။ တခြားအာဏာများကို ကျူးကျော်စွက်ဖက်ဖို့ မကြိုးစားဘဲ လစ်ဘရယ်နဲ့ ရီပတ်ဘလီကန် သဘောတရားနှစ်ခုပေါင်းပြီး အာဏာကို ဘယ်လိုတည် ဆောက်မလဲဆိုတဲ့ ပြဿနာပါပဲ။ အစိုးရကလည်း ဒီမိုကရေစီရဲ့ ပညတ်တော်နဲ့အညီ လုပ်ပိုင်ခွင့် အာဏာဆိုတာဟာ သူတို့ အုပ်ချုပ်နေတဲ့သူတွေဆီက ရထားတာဆိုတာကို မမေ့ဘဲ အာဏာကို သုံးစွဲဖို့ ဖြစ်ပါတယ်။

ဂီလာမို အိုဒေါ်နယ် (Guillermo O’Donnell) (1936-2011) သည် Notre Dame တက္ကသိုလ်၊ အစိုးရနှင့် နိုင်ငံတကာ လေ့လာရေးဌာန၏ Helen Kellogg ပါမောက္ခ ဖြစ်သည်။ ယခု စာတမ်းကို ဇွန်လ ၁၉၉၇ ခုနှစ်တွင် International Forum for Democratic Studies နှင့် the Institute for Advanced Studies (Vienna) တို့က ပူးတွဲ ကျင်းပသည့် ဆွေးနွေးပွဲတွင် ဖတ်ကြားခဲ့သည့် စာတမ်းကြီးကို အကျဉ်းချုံးထားခြင်းဖြစ်သည်။ ယခုစာတမ်းကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ဖြင့် Educational Initiatives က ဘာသာပြန်ဆိုသည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading