Myanmar Book Aid and Preservation Foundation ရဲ့ အကြီးအကဲဖြစ်ပြီး ဒေါ်ခင်ကြည် နယ်လှည့် စာကြည့်တိုက် အစီအစဉ်၌ ပါဝင်လုပ်ကိုင်လျက်ရှိသူ ဒေါက်တာ သန့်သော်ကောင်းသည် စာပေထုတ်ဝေဖြန့်ချိသူတဦးဖြစ်ပြီး လတ်တလောတွင် အမေရိကန် ပြည်ထောင်စုသို့ Asia Foundation ၏ Chang-lin Tien Visiting Fellow အဖြစ် ရက်သတ္တပတ် ၃ ပတ်ကြာ လေ့လာရေး ခရီးရောက်ရှိနေသည်။ Foundation ၏ အာရှရေးရာ အယ်ဒီတာတဦးဖြစ်သူ အယ်လ်မာ ဖရီးမန်း (Alma Freeman) က ဒေါက်တာ သန့်သော်ကောင်းနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ စာဖတ်ခြင်းအလေ့အထနဲ့ ဒေါက်တာ သန့်သော်ကောင်း မြန်မာနိုင်ငံတွင် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း စာပေလောကအတွင်း ဆောင်ရွက်ခဲ့ပုံများကို မေးမြန်းထားသည်။
မေး ။ ။ မြန်မာနိုင်ငံ ရဲ့ စာတတ်မြောက်သူဦးရေက ၉၅ ရာခိုင်နှုန်းနဲ့ ဒေသတွင်း နိုင်ငံတွေ အနက် အမြင့်ဆုံး အဖြစ်ရပ်တည်နေပေမယ့် အရည်အသွေးပြည့်မီတဲ့ စာအုပ်စာပေတွေနဲ့ စာဖတ်ခြင်းကတော့ အားနည်းနေသေးတာ တွေ့ရပါတယ်။ အဲဒါကို ဘယ်လိုထင်ပါသလဲ ။
ဖြေ ။ ။ စာတတ်မြောက်မှု ဦးရေမြင့်တက်လာရတာက ၁၉၇၅ ခုနှစ် ဝန်းကျင်လောက်က အစိုးရက ကျေးလက်ဒေသတွေကို ကောလိပ်ကျောင်းသားတွေ၊ လုပ်အားပေးကျောင်းသူ ကျောင်းသားတွေကို လွှတ်ပြီးတော့ စာဖတ်တတ်အောင်၊ စာအုပ်တွေနဲ့ ရင်းနှီးအောင် လုပ်ပေးတဲ့ စီမံချက်မျိုးတွေ လုပ်ခဲ့တဲ့အတွက် မြင့်တက်လာရခြင်းလို့ ထင်ပါတယ်။ အစိုးရကလည်း အဲဒီတုန်းက စီမံချက်တွေ ပြုလုပ်ဆောင်ရွက်ခဲ့တဲ့အတွက် UNESCO (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့) ကနေပြီး ဆုချီးမြင့်ခဲ့ပါတယ်။ မြန်မာအတော်များမျာက စာတွေ ဖတ်နိုင်ကြပါတယ်။ ဒါပေမယ့် အရည်အသွေးမီတဲ့ စာအုပ်တွေ၊ စာအုပ်ဝယ်ဖတ်နိုင်တဲ့ အခြေအနေ အဲဒီ ၂ ခုက စိန်ခေါ်မှုတွေအဖြစ် ကျန်နေပါသေးတယ်။ ကျနော်တို့ နယ်လှည့်စာကြည့်တိုက်တွေ စလုပ်တော့ လူတွေက အားတက်သရောနဲ့ စာအုပ်တွေ ငှါးဖတ်ကြတာကို တွေ့ရပါတယ်။ သူတို့တွေမှာ စာဖတ်လိုစိတ်တွေ ရှိနေကြပါတယ်။ ဒါကြောင့်လည်း နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မိခင် ဒေါ်ခင်ကြည် နာမည်နဲ့လုပ်တဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရဲ့ နယ်လှည့်စာကြည့်တိုက် အစီအစဉ်က အောင်မြင်ခဲ့တာပါ။ သူတို့က လူတွေအိမ်ကို အရောက်သွားကြပါတယ်၊ လူတွေ ကနေပြီး စာကြည့်တိုက်ဆီကို လာစရာမလိုပါဘူး။ စာကြည့်တိုက်မှာ စာရင်းအရ စာအုပ် ၉၀၀၀၀ ရှိခဲ့ပြီး အဖွဲ့ဝင် ၈၀၀၀ ကျော် ရှိခဲ့ပါတယ်။
မေး ။ ။ စာဖတ်ခြင်း အလေ့အထ နဲ့ ပညာရေး အပေါ် စိတ်ပါဝင်စားမှုတွေ က ဘယ်ကနေရလာတယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ရွာထဲမှာတို့၊ လမ်းထောင့်လေးတွေမှာတို့ ဆိုရင် စာအုပ်အငှား ဆိုင်တဆိုင်ဆိုင်တော့ တွေ့ရမှာပါ။ မြန်မာနိုင်ငံမှာက ပညာရေးရဲ့တန်ဖိုးကို သိပ်အလေးထားတတ်ကြပါတယ်။ တကယ်တမ်းပြောရမယ် ဆိုရင် ၁၉၃၀ နဲ့ ၄၀ ပြည့်နှစ်တွေက အရှေ့တောင်အာရှက ကျောင်းသူကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်ကို ပထမ ဦးစားပေးအနေနဲ့ ရွေးချယ်ခဲ့ကြပါတယ်။ သူတို့ ကိုယ်တိုင်လည်း အခုချိန်အထိ ကျောင်းသားဟောင်းတွေ ဖြစ်ခဲ့ကြဖူးတယ် ဆိုတာကို ဂုဏ်ယူပြီး ပြောပြနေကြတုန်းပါပဲ။ ဘုန်းကြီးကျောင်းတွေကလည်း ကျေးလက်ဒေသနေ ကလေးသူငယ်တွေ စာတတ်မြောက်ရေးအတွက်ကို အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ပေးနေပါတယ်။ မြန်မာ့ပညာရေးစနစ် သမိုင်းကြောင်းက တကယ်တော့ ခိုင်မာကောင်းမွန်ခဲ့ပါတယ်။ ၁၉၆၂-၁၉၈၈ ခုနှစ်နဲ့ ၁၉၈၈-၂၀၁၀ အတွင်း စစ်အစိုးရအုပ်ချုပ်တဲ့ ခေတ်မှာ ဆိုရှယ်လစ်နဲ့ စစ်အုပ်ချုပ်ရေးစနစ်တွေ လက်အောက်မှာ အပြောင်းအလဲတွေ ဖြစ်ခဲ့ရတာ အခုလက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ မတိုင်ခင်အထိပဲ။ အဲဒီနှစ်တွေအတွင်းမှာ အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေက အရည်အသွေး စစ်မှန်တဲ့ ပညာရေးစနစ်တခု အကောင်အထည်ဖော်ဖို့လည်း စိတ်မဝင်စားခဲ့ကြပါဘူး။ ထပ်ပြောရရင် စာသင်ကြားတဲ့ စနစ်က စာတွေကို လက်တွေ့ကျကျ နားလည်တတ်မြောက်ဖို့ထက်ကို အလွတ်ကျက်ဖြေတဲ့ စနစ်ကို ကျင့်သုံးလာကြပါတယ်။ အခုအစိုးရကတော့ ကျောင်းသားဗဟိုပြု နည်းဗျူဟာကို စတင်ကျင့်သုံးဖို့ ကြိုးစားနေပေမယ့်လည်း အချိန်တွေ အများကြီး ပေးရဦးမယ်လို့ ထင်ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံရဲ့ ပညာရေးအပေါ် သုံးစွဲတဲ့ ဘတ်ဂျက် ပမာဏက သိပ်ကို နည်းပါးလွန်းနေပါသေးတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ဒါကတော့ အစိုးရက ကာကွယ်ရေးကို ကျန်းမာရေးနဲ့ ပညာရေးထက်ပိုပြီး ဦးစားပေးတဲ့ အတွက်ကြောင့်ပါ။ ကျန်းမာရေးကို ၃ရာခိုင်နှုန်းနဲ့ ပညာရေးအတွက် ဘတ်ဂျက်ရဲ့ ၅ ဒသမ ၄ ရာခိုင်နှုန်းပဲ အသုံးပြုတာဟာ ဗီယက်နမ်နိုင်ငံရဲ့ ပညာရေးကဏ္ဍအတွက် အသုံးပြုတဲ့ ၂၁ ရာခိုင်နှုန်းနဲ့ယှဉ်ရင် အများကြီး ကွာဟနေပါတယ်။ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးအတွက် အသုံးပြုတဲ့ငွေဟာ ဘတ်ဂျက်ရဲ့ ၂၃ ရာခိုင်နှုန်း ဝန်းကျင်ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာလည်း အကျေအလည် ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ အစိုးရက ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍမှာ အသုံးပြုတဲ့ ဘတ်ဂျက်ငွေ ရာခိုင်နှုန်းကို ပမာဏ နည်းနည်းစီ တိုးမြင့်မယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။ ကျောင်းဆရာမ လစာကလည်း တလကို ဒေါ်လာ ၁၀၀ ဝန်းကျင်လောက်ပဲ ရပြီးတော့ အတော်လေး နည်းနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းလောက်က တရက်လုပ်အားခ ၁ ဒသမ ၂၅ ဒေါ်လာဝန်းကျင် လောက်ပဲ ရကြတာပါ။ နောက်ပြီးတော့ ကျနော်တို့မှာ လျှပ်စစ်မီး မှန်မှန် မရရှိပါဘူး။ ဆင်းရဲမွဲတေမှုတွေကြောင့် ကျောင်းထွက်တဲ့နှုန်းကလည်း မြင့်နေပါတယ်။ စာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသာ ဦးရေ ၈ သန်းကျော် ရှိနေပေမယ့် တက္ကသိုလ် တက်ရောက်နိုင်တဲ့ ဦးရေကတော့ ၄ သိန်းလောက်ပဲရှိပါတယ်။ ဒီအချက်က ဘာကို ပြနေသလဲ ဆိုတော့ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိကို ကျောင်းထွက်နှုန်းက ၈၅ ရာခိုင်နှုန်းအထိ ရှိနေပြီး ၅ ရာခိုင်နှုန်းလောက်ကပဲ တက္ကသိုလ်အဆင့်ထိ တက်နိုင်တဲ့သဘော ဖြစ်နေပါတယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ စာအုပ်စာပေနဲ့ စာပေပညာကို ဆက်လက် ရှင်သန်နေအောင် ဆောင်ရွက်ခဲ့တဲ့အတွက် နယူးယောက်မြို့မှာ Jeri Laber International Freedom to Publish ဆုကို လက်ခံရရှိခဲ့တယ်နော်။ စပြီး လုပ်ဆောင်ခဲ့တဲ့အချိန်နဲ့ အခုအချိန် ဘယ်လိုကွာခြားမှုတွေ ရှိပါသလဲ။
ဖြေ ။ ။ အဲဒီ အချိန်တွေက စာအုပ်တခုခုက အကဲဆတ်တဲ့ အကြောင်းအရာတွေ ပါဝင်နေပြီဆိုတာနဲ့ စာပေစိစစ်ရေးက ချက်ချင်းသိမ်းပါတယ်။ ဥပဒေအရ စာအုပ်တအုပ် ထုတ်ဝေတော့မယ်ဆိုရင် စာပေစိစစ်ရေးကနေ ခွင့်ပြုချက်ယူရပါတယ်။ စာတလုံး၊ စာပိုဒ်တပိုဒ် ဒါမှမဟုတ် စာမျက်နှာ တမျက်နှာကို အကဲဆတ်တယ်လို့ ယူဆတာနဲ့ ပယ်ချပစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ သေးသေးလေးတောင် ပါလို့မရပါဘူး။ ကျနော်တို့ စာအုပ်တွေဟာ အသေအချာ စီစစ်ခံရပါတယ်။ တခါတလေ ပြန်သိမ်းခံရပါတယ်။ တခါတလေ ကျနော်တို့လုပ်နေတဲ့ အလုပ်တွေက ရပ်ပစ်လိုက်ဖို့အထိတောင် စဉ်းစားမိပါတယ်။ ၂၀၁၀ အစပိုင်းလောက်က အခုလက်ရှိအစိုးရက ဒီ စာပေစိစစ်ရေးနဲ့ ပတ်သက်ပြီး ဖြေလျှော့မှုတွေ ရှိလာပါ့မလားဆိုတဲ့ စိုးရိမ်မှုမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ဖြည်းဖြည်းချင်းစီ ဖြေလျှော့ပေးခဲ့ပါတယ်။ ပထမဆုံး အပတ်စဉ်ဂျာနယ်တွေ၊ ကျန်းမာရေး၊ အားကစားနဲ့ ပညာရေး စာစောင်တွေကို ဖြစ်ပါတယ်။ အခု အစိုးရက စာပေစိစစ်ရေးကို ဖျက်သိမ်းဖို့ လတ်တလောမှာ ဆုံးဖြတ်ချက်ခဲ့ပြီး ကျနော်တို့ အားလုံးကလည်း ဒါကို ကြိုဆိုပါတယ်။ ကျနော်တို့ စာကြည့်တိုက်ပေါင်း ၈၀၀ ကျော်ကို စာအုပ်ပေါင်း ၈ သောင်း လှူဒါန်းခဲ့ပါတယ်။
မေး ။ ။ မြန်မာ့လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်နေ ပြည်သူတွေ ဖြစ်ကြပြီးတော့ လမ်းပန်းဆက်သွယ်ရေးတွေ၊ အခြေခံအဆောက်အအုံတွေ အများကြီး လိုအပ်နေပါတယ်။ စာကြည့်တိုက်တွေအတွက် လျှပ်စစ်မီး မလုံလောက်မှုတွေက ကျေးလက်နေ ပြည်သူတွေအတွက် တိုးတက်လာတဲ့ အသီးအပွင့်တွေကို မြို့ပြမှာ နေတဲ့သူတွေလို မရရှိ မခံစားနိုင်ကြဘူးပေါ့နော်။
ဖြေ ။ ။ အခုလို ကြီးမားတဲ့ ကွာခြားချက်ကြီး ဖြစ်နေတာကို ကျနော်တို့လည်း သိပါတယ်။ ကျေးလက်နေ ပြည်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းက လယ်သမားတွေ ဖြစ်ပြီး အလုပ်လုပ်ကိုင်တဲ့ အရွယ်တွေဟာလည်း နိုင်ငံခြားမှာပါ။ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ ၂ သန်း လောက်ရှိပါတယ်။ သူတို့တွေက လခ ကောင်းကောင်း ရကြပါတယ်။ နိုင်ငံထဲမှာကျတော့ လယ်လုပ်ငန်းလုပ်ဖို့တောင် လူတွေ လိုအပ်နေပါတယ်။ ဒီလို ကွာဟချက်ကို ချုံ့နိုင်ဖို့ဆိုတာ အခုလို နိုင်ငံခြားသွားပြီး အလုပ်လုပ်နေတဲ့ သူတွေအတွက် တခြားကို မသွားဘဲ နိုင်ငံတွင်းမှာပဲ အလုပ်လုပ်ကိုင်လို့ ရဖို့အတွက် အလုပ်အကိုင်တွေ ဖန်တီးပေးဖို့လိုပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က ကျေးလက်စာကြည့်တိုက် အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလို ကျေးလက်စာကြည့်တိုက်တွေက တဆင့် လူထုကို စာပေများများ ဖတ်ရှုနိုင်အောင် ကူညီပေးနိုင်ပြီး သတင်း အချက်အလက်တွေကိုလည်း ရရှိစေနိုင်ပါတယ်။ အခု လက်ရှိအချိန်မှာ ကျနော်တို့ဘက်က ကျေးလက်စာကြည့်တိုက်တွေကို လုံလောက်တဲ့ စာအုပ်တွေအပြင် ကွန်ပြူတာတွေပါ တပ်ဆင်ပေးနိုင်အောင် စီစဉ်နေပါတယ်။
အဲဒီအပြင်ကို ကျနော်တို့က ခေတ်သစ် စာကြည့်တိုက် အုပ်ချုပ်ရေး ပညာတွေကို သင်ယူနိုင်ဖို့ အတွက်လည်း အခွင့်အလမ်းတွေ ဖော်ပေးနေပါတယ်။ မြို့ပြဒေသများမှာ အင်္ဂလိပ်စာ လေ့လာလိုသူတွေအတွက် စာအုပ်ကောင်းများ လိုအပ်သလိုပဲ ကျေးလက်ဒေသတွေမှာတော့ ဒေသိယဘာဘာစကားတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေ လိုအပ်လျက်ရှိပါတယ်။ ဒီလို လိုအပ်ချက်တွေ ပြည့်မီစေဖို့အတွက် ကျနော်တို့ အလှူရှင်တွေနဲ့ ကျနော်တို့ဆီမှာ ရှိတဲ့ အင်္ဂလိပ်ဘာသာ စာအုပ်တွေရဲ့ ၃၀ ရာခိုင်နှုန်းကို ရောင်းချပြီး ဒေသတွင်းဘာသာနဲ့ ထုတ်ဝေတဲ့ စာအုပ်တွေ ဝယ်ယူသွားဖို့ ရှိပါတယ်။ ကျနော်တို့ တနှစ်မှာ ၂ ကြိမ်လောက် စာအုပ်ဈေးပွဲတော်တွေ လုပ်ဖြစ်ပါတယ်။ စာအုပ်တွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ကြပါတယ်။
မေး ။ ။ မြန်မာ့လူဦးရေရဲ့ ၂ ရာခိုင်နှုန်းလောက်ပဲ အင်တာနက်ကို အသုံးပြုနိုင်တဲ့ အချိန်မှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေးကတော့ သိသိသာသာ တိုးတက်နေပါတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး နည်းပညာတွေရဲ့ အခန်းကဏ္ဍကလည်း ပါဝင်နေတယ်ဆိုတဲ့ အချက်ကို ဘယ်လိုမြင်မိပါသလဲ။
ဖြေ။ ။ မိုဘိုင်းဖုန်း အသုံးပြုနှုန်းက အခုဆိုရင် ၁၀ ရာခိုင်နှုန်း ရှိနေပါပြီ။ ပြီးတော့ နောင်လာမယ့် နှစ်လောက်အတွင်းမှာ ၅၀ ရာခိုင်နှုန်းအထိ တက်သွားနိုင်ပါတယ်။ မြို့ပေါ်က လူငယ်လူရွယ်တွေက မိုဘိုင်းဖုန်းတွေအပေါ် အရူးအမူး ဖြစ်လာကြပါတယ်။ အခုလက်ရှိအချိန်မှာ ကျနော်တို့က Beyond Access နဲ့ Ooredoo တို့နဲ့ ပူးပေါင်းပြီး ကျေးလက် စာကြည့်တိုက်တွေမှာ ကွန်ပြူတာနဲ့ အင်တာနက် အသုံးပြု နိုင်အောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အခုအချိန်မှာ လူထုက ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးလိုမျိုး အကြောင်းအရာတွေကို ရှာဖွေ ဖတ်ရှုနေနိုင်ပါပြီ။
(Reading the Future ကို ဆုလာဘ်ရတနာ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)