ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ခရီးသွား ပြည်သူတွေအတွက် မျှော်လင့်ချက် အိပ်မက်တခု ပေးလိုက်ပါတယ်။ အဲဒီ အိပ်မက် ကတော့ လျှပ်စစ်ဓာတ်ရထား အိပ်မက်ပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ မြို့ပတ်ရထားတွေနေရာမှာ လျှပ်စစ်ရထားတွေကို အစားထိုး တွေ့မြင်ရဖို့အတွက် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အနေနဲ့ နှစ် ၃၀ စီမံကိန်းအဖြစ် ၂၀၁၅ ခုနှစ်ကနေ ၂၀၄၅ ခုနှစ်အထိ စီစဉ်ရေးဆွဲထားတယ်လို့ ဆိုပါတယ်။
အဲဒီ နှစ်ရှည် စီမံကိန်းအတွင်း ရထားပြေးဆွဲနှုန်းကိုလည်း ပုံမှန် အမြန်နှုန်း ပျမ်းမျှ မိုင် ၃၀ နှုန်းကနေ အမြန်ဆုံး မိုင် ၈၀ အထိ ဖြစ် လာ အောင် စီစဉ်သွားမယ်လို့လည်း သိရပါတယ်။
အဲဒီအပြင် စီမံကိန်းမှာ ကုန်ကျနိုင်မယ့် ငွေကြေးပမာဏဟာ ရန်ကုန်တမြို့လုံးအတွက် အသေးစိတ် မတွတ်ချက်ရသေးပေမယ့် ဒညင်းကုန်း-ရန်ကုန်-မလွှကုန်း ရထားလမ်းပိုင်းအထိ အားလုံး အဆင့်မြှင့်တင်မယ်ဆိုရင် အမေရိကန် ဒေါ်လာ သန်း ၇၀၀ ခန့် ကုန် ကျနိုင်တယ်လို့တော့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက အကြမ်းဖျင်း တွက်ချက်ပြီး သတင်း မီဒီယာတွေကို အသိပေးပြောကြား ထားပါသေးတယ်။
ဒညင်းကုန်း-ရန်ကုန်-မလွှကုန်း ရထားလမ်းပိုင်းအထိ စီမံကိန်းအကောင်အထည်ဖော်ဖို့ အကြမ်းဖျင်း ရေးဆွဲဖော်ပြချက်တွေအရ တော့ ရန်ကုန် မြို့ပတ်ရထားတွေကို အဆင့်မြှင့်တင်နိုင်ဖို့ဆိုရင် နှစ် ၁၀၀ ကျော်ကြာပြီဖြစ်တဲ့ ရထားသံလမ်းနေရာတွေမှာ ပျက်စီး ယိုယွင်း နေတဲ့ ရထားလမ်း ပုံစံမမှန်တော့တာတွေ၊ ရထားလမ်းဘေးက လမ်းပုခုံးတွေ ရာသီဥတုကြောင့် တိုက်စားခံထားရတာတွေ၊ သံလမ်းအောက်ခံ သစ်သားဇလီဖားတုံးတွေ ဆွေးမြေ့နေတာတွေကို ပြင်ဆင်ဖို့တွေအပြင် ရထားအချက်ပြ စနစ်တွေ ပြန်လည်
ပြင် ဆင်ဖို့လည်း လိုအပ်ပါတယ်။
ရထားလမ်းကြောင်း ထိန်းစနစ်တွေနဲ့ ဆက်သွယ်ရေးစနစ်တွေ အပါအဝင် ကားလမ်းကူး သံဘောင်တွေအထိပါ အသေးစိတ် ပြန် လည်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
မြို့ပတ်ရထား အဆင့်မြှင့်တင်ရေး စီမံကိန်းမှာ ရထားသံလမ်းတွေကို အသေးစိတ် ပြုပြင်ရေးတွေ ပါဝင်သလို ရထားသံလမ်းဘေး ရထားစီးပြည်သူတွေ အန္တရာယ် ကင်းရှင်းရေးအတွက် အုတ်ဘောင်ခြံစည်းရိုးတွေ တည်ဆောက်ဖို့လည်း စီစဉ်ရေးဆွဲ ထားတာ တွေ့ရပါသေးတယ်။
ဒညင်းကုန်း-ရန်ကုန်-မလွှကုန်း ရထားလမ်းပိုင်းကြားမှာ ရှိတဲ့ ရထားလမ်း ခုံးကျော်တံတား ၁၁ ခုကိုလည်း လျှပ်စစ်ရထားတွေ ပြေး ဆွဲနိုင်မယ့် အခြေအနေအထိ တိုးမြှင့် တည်ဆောက်သွားဖို့ အပြင် ဘူတာရုံတွေကိုလည်း အဆင့်မြင့် ဘူတာရုံတွေ ဖြစ်အောင် တည်ဆောက်သွားဖို့ အတွက်ပါ ထည့်သွင်း ရေးဆွဲထားပါတယ်။
စီမံကိန်း ရေးဆွဲမှု အနေအထားကို မြင်ရတာဟာ အသေးစိတ် အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေ တခုပြီး တခု ဆက် တိုက် လုပ်ဆောင်သွားမယ့် အဆင့်တွေ ရှိနေတဲ့အတွက် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် အဆင့်ဆင့် လုပ်ဆောင်သွားရမယ့် စီမံကိန်း တခု ဖြစ်တာကို သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက အကောင်အထည်ဖော်မယ်လို့ အသံတွေကြားနေခဲ့ရတဲ့ လျှပ်စစ်ရထားနဲ့ အစားထိုးသွားမယ့် ရန်ကုန်မြို့ပတ်ရထား အဆင့်မြှင့်တင်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၃ ရက်နေ့က စီမံကိန်းနဲ့ သက်ဆိုင်တဲ့ မိဘပြည် သူ တွေ့ဆုံပွဲကို ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာတော့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက လာမယ့် ၂၀၁၅ ခုနှစ်လောက်အတွင်းမှာ ဒီမြို့ပတ်ရထား အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို အကောင်အထည် ဖော်နိုင်တော့မယ်လို့ မတင်မကျ ပြောကြားသွားခဲ့ပါတယ်။
တကယ်တမ်း ဒီမြို့ပတ်ရထား အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် နိုင်ငံတော်ကနေ ဘတ်ဂျက်ချထား ပေးမှု ရရှိရမှာ ဖြစ်ပြီး နိုင်ငံတကာရဲ့ ချေးငွေအထောက်အပံ့တွေနဲ့ပါ လည်ပတ်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဂျပန်နိုင်ငံက ချေးငွေ ဒေါ်လာ ၅ ဘီလီယံကို မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးမှာ သုံးဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်တယ်လို့ သတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီချေးငွေကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)ကနေတဆင့် ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် JICA က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီရင် ချေးငွေပေးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ စံချိန်စံညွှန်းဆိုတာ တွေကတော့ လက်ရှိ ရထားလမ်းဘေးမှာ ရှိနေတဲ့ လူနေအိမ်တို့၊ ဈေးဆိုင်တို့ စတဲ့ ရှင်းလင်းဖယ်ရှားဖို့ လိုတဲ့ အဆောက်အအုံကိစ္စတွေကို ဆောင်ရွက်ရာမှာ ထိုက်သင့်တဲ့ လျော်ကြေးပေးတာတို့၊ နေရာ အစားပြန်ပေးတာတို့ ဆိုတာမျိုးလို့ သိရပါတယ်။ ပြီးတော့ ချေးငွေကို အရစ်ကျ ခွဲပေးမှာလို့လည်း သတင်းတွေမှာ တွေ့ရပါသေးတယ်။
တကယ်လက်တွေ့မှာလည်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ဒီစီမံကိန်းအတွက် ဘတ်ဂျက်တောင်းခံမှုတွေ လုပ်ဆောင်နေဆဲပဲ ဖြစ်သလို နိုင်ငံတကာ ချေးငွေရရှိနိုင်ဖို့ကိုလည်း ကြိုးစားနေဆဲ ဖြစ်ကြောင်း ပြောကြားထားပါတယ်။
နိုင်ငံတော် ဘတ်ဂျက် ရရှိဖို့နဲ့ ချေးငွေ ရရှိဖို့ ကြိုးစားနေသလို တဖက်မှာလည်း စက်တင်ဘာ လလယ်လောက်ကစပြီး ဒညင်းကုန်း- ရန်ကုန်- မလွှကုန်း ရထားလမ်းပိုင်းကြားက တချို့နေရာတွေမှာ သံလမ်းဘေး မြောင်းတူးတာ၊ အုတ်တံတိုင်း ခတ်တာတွေ လုပ်နေ တယ်လို့လည်း သိရပါတယ်။ အဲဒါကြောင့် သံလမ်းဘေး ဈေးရောင်းနေတဲ့ ဈေးသည်တွေလည်း နေရာပြောင်းပြီး ရောင်းချ နေရ တယ်လို့ တွေ့မြင်ရသူတွေက ပြောပါတယ်။
ရန်ကုန်မြို့ပတ် ရထားနေရာမှာ လျှပ်စစ်ရထား အစားထိုး ပြေးဆွဲသွားမယ့် အစီအစဉ်က တကယ် ခေတ်မီ အဆင့်မြင့်တဲ့ စီမံကိန်းကြီး တခုလို့ ဆိုနိုင်ပေမယ့် လက်ရှိ မြန်မာနိုင်ငံအခြေအနေတွေနဲ့ လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ပြည်သူလူထု အတွက်တော့ အလှမ်းဝေးနေဆဲလို့ ဆိုရပါမယ်။
လက်ရှိပြေးဆွဲနေတဲ့ မြို့ပတ် ရထားတွေမှာကိုပဲ လိုအပ်ချက်တွေ များနေပါတယ်။ အဲကွန်း ရထားတောင် လုံလောက်အောင် မပြေး ဆွဲနိုင်သေးပါဘူး။ အဲကွန်း မပါတဲ့ ရိုးရိုး ရထားတွေမှာလည်း သန့်ရှင်းမှု၊ ကြံ့ခိုင်မှု၊ အချိန်တိကျမှု နဲ့ တခြားသော ဝန်ဆောင်မှု စနစ် တွေ အများကြီး လိုအပ်နေပါသေးတယ်။
ရထားစီး ခရီးသွားပြည်သူတွေ အနေနဲ့လည်း စည်းကမ်းလိုက်နာမှု အပိုင်းမှာ အားနည်းတာတွေ ရှိနေပါတယ်။ ရထားပေါ်မှာ ဆေး လိပ်မသောက်ရ၊ ကွမ်းမစားရလို့ စားတန်းတွေကပ်ပြီး စည်းကမ်းချက်တွေ ထုတ်ထားပေမယ့် လိုက်နာမှု မရှိတဲ့ ခရီးသည်တွေကို လည်း တွေ့နေရပါတယ်။ တချို့ဆိုရင် ရထားပြူတင်းပေါင်ကို ကျော်ပြီး ကွမ်းတံတွေး ထွေးတဲ့အခါမှာ ပြူတင်းပေါင်ပေါ် ကွမ်း တံတွေး ကျပြီး တံတွေးစီးကြောင်းလို ဖြစ်နေတာတွေ တွေ့ရပါတယ်။
အဲကွန်း ရထားပေါ်မှာပဲ ကွမ်းစားတဲ့ ခရီးသည်တချို့ကို တွေ့ရပါတယ်။ အဲကွန်း အခန်းဆိုတာ အလုံပိတ်ဖြစ်လို့ အနံ့အသက် ပြင်း တာတွေ၊ အနံ့မကောင်းတာတွေ မရှိရပါဘူး။ ဒါပေမယ့် ခရီးသည် တချို့က အနံ့ပြင်းတဲ့ ပစ္စည်းတွေကို အဲကွန်း ရထားတွဲပေါ် ယူ ဆောင်လာတာတွေလည်း တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စိစစ်ကြပ်မတ်မှုတွေ လုပ်ဖို့ လို အပ် နေပါသေးတယ်။
လျှပ်စစ် ရထား ဆိုရင်တော့ လျှပ်စစ်ဓာတ်အားကို အဓိက အားထားပြေးဆွဲရမှာ ဖြစ်တဲ့အတွက် လက်ရှိ မြန်မာနိုင်ငံရဲ့ လျှပ်စစ် ဓာတ်အား ပေးဝေမှု အခြေအနေတွေကို ပြန်လည်တွက်ဆကြည့်ရင် ခေါင်းခါစရာ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံရဲ့ အချက်အချာမြို့ကြီး တမြို့ဖြစ်တဲ့ ရန်ကုန်မြို့လို နေရာမျိုးမှာတောင် လျှပ်စစ်ပေးဝေမှုက ပုံမှန်ပေးဝေမှု မဖြစ်သေး တာကို မြင်နေရတဲ့အတွက် လျှပ်စစ်နဲ့ မောင်းရမယ့် ရထားဖြစ်လာဖို့ဆိုရင် အချိန်များစွာ လိုအပ်လိမ့်ဦးမယ်လို့ ထင်ပါတယ်။
နှစ် ၃၀ စီမံကိန်း ဖြစ်တဲ့အတွက် အဲဒီ လျှပ်စစ်ရထားမျိုးကို အဆင့်မြင့်မြင့် စီးချင်တဲ့ အသက်သုံးဆယ်အရွယ် ကျမအတွက် နောက် ထပ် နှစ် ၃၀ ကို အချိန်စောင့်ပြီး စီးနိုင်ဖို့ကို ဖြစ်လာနိုင်ပါ့မလားလို့လည်း သံသယ ဖြစ်မိပါတယ်။
ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာလည်း အာရှနိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားတို့လို နိုင်ငံ တွေက မြို့ပတ်ရထားတွေလို အဆင့်မြင့်မြင့် ဖြစ်လာဖို့ ရည်ရွယ်ချက်တွေ အပြည့်အဝနဲ့ လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။
နောက် နှစ် ၃၀ ရောက်မှ မြန်မာနိုင်ငံက ပုံမှန် အမြန်နှုန်း ပျမ်းမျှ မိုင် ၃၀ နှုန်းကနေ အမြန်ဆုံး မိုင် ၈၀ အထိ ဖြစ်လာအောင် လုပ်ဆောင်သွားမယ်ဆိုတော့ အခြားနိုင်ငံတွေလို ဖြစ်လာဖို့ဆိုရင် လက်ရှိ လျှပ်စစ်ရထား ပြေးဆွဲနေပြီ ဖြစ်တဲ့ အခြားနိုင်ငံတွေရဲ့ မြန်ဆန်တဲ့ တီထွင်ဖန်တီးမှုတွေကလည်း နောက်အနှစ် ၃၀ မှ ဖြစ်လာမယ့် မြန်မာနိုင်ငံရဲ့အမြန်ဆုံး မိုင် ၈၀ ကို ကောင်းကောင်း ကျော်တက်နေပြီလို့ ထင်ပါတယ်။
စီမံကိန်းမှာ ကုန်ကျမယ့် ရထားလမ်းပိုင်းတခုရဲ့ကုန်ကျငွေ ဒေါ်လာ သန်း ၇၀၀ ဟာ လက်ရှိ အဘက်ဘက်က လိုအပ်ချက်တွေ များနေတဲ့ မြန်မာနိုင်ငံရဲ့ အခြားပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေမှာ ထိထိရောက်ရောက် အသုံးပြုနိုင်ပါသေးတယ်။ ဥပမာ အနေနဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေဆိုရင် ထိရောက်မှု ပိုရှိလာနိုင်မလားလို့ တွေးမိပါတယ်။
လက်ရှိ ဒီစီမံကိန်းကို အကောင်အထည်ဖော်နိုင်ဖို့ နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် အတွက် ဘတ်ဂျက်တောင်းခံ ထားပေမယ့် ပြောင်းလဲ မှု တွေ အဘက်ဘက်က လုပ်ရမယ့် အခြေအနေဖြစ်နေတာကြောင့် အဆင့်မြင့် မြို့ပတ်ရထားအတွက် ဘတ်ဂျက် ချထား ပေးတာ တော့ မရှိသေးပါဘူး။
လာမယ့် ၂၀၁၅ ခုနှစ်အတွင်းမှာ လုပ်ငန်းလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ချက်နဲ့ မကြာသေးတဲ့ လပိုင်းလောက်ကမှ ရထားလမ်းပိုင်း
တချို့နေရာတွေမှာ စမ်းသပ်လုပ်ကိုင်မှုတွေ ရှိနေတာကိုတော့ သိရပါတယ်။
ဒီစီမံကိန်းသာ တကယ်အကောင်အထည် ပေါ်လာခဲ့မယ်ဆိုရင် နောက်မျိုးဆက်သစ်တွေအတွက် ထိရောက်တဲ့ အကျိုးပြုမှုတွေ ရှိလာနိုင်မှာ အမှန်ပဲဖြစ်ပါတယ်။
အဲဒီလို ဆိုရင်တော့ လျှပ်စစ်ရထား အိပ်မက်ဟာလည်း တကယ်မက်ခဲ့တဲ့ မျှော်လင့်ချက် အိပ်မက်တခု ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ။