စစ်ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့် တန်ခိုးအာဏာကြီးထွားစဉ်က စစ်ထောက်လှမ်းရေး အဖွဲ့၏ အရေးပါသော ဌာနကြီးတခုဖြစ်သည့် နိုင်ငံတကာဆက်ဆံရေးဌာနအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေသည် သမ္မတဦးသိန်းစိန်၏ အောက်တိုဘာလ ၇ ရက်နေ့ ထုတ်ပြန် ကြေညာလိုက်သော ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ ပြန်လည်လွတ်မြောက်လာသည်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သော စစ်အစိုးရခေါင်းဆောင်တချို့က စစ်ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်ကို ရာထူးမှ ဖယ်ရှားစဉ် အချိန်ကတည်းက ဦးသိန်းဆွေသည် ဗိုလ်မှူးချုပ်ရာထူးမှ အနားပေးခံရကာ ပုဒ်မအမျိုးမျိုးတပ်၍ ပြစ်မှုစွဲချက်ပေါင်း ၁၃ မှုဖြင့် ထောင်ဒဏ် ၁၄၆ နှစ် ချမှတ်ခံခဲ့ရသည်။ စစ်ထောက်လှမ်းရေး လုပ်သက် ၄၂ နှစ်တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်မှူးချုပ် ဟောင်း ဦးသိန်းဆွေသည် ထောင်ထဲတွင် ၁၀ နှစ် နီးပါးနေခဲ့ရပြီး အောက်တိုဘာလ ၇ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာရာ ဧရာဝတီအကြီးတန်းသတင်းထောက် သူဇာက ဗိုလ်မှူးချုပ်ဟောင်းဦးသိန်းဆွေ နှင့်တွေ့ဆုံ၍ ထောင်တွင်းအခြေအနေများ၊ နိုင်ငံရေးနှင့်ပတ်သက်သော အမြင်သဘောထားများကို မေးမြန်းထားပါသည်။
မေး။ ။ ဒီနေ့ ထောင်ကလွတ်လာတဲ့အပေါ် ဘယ်လိုခံစားရပါသလဲ။
ဖြေ။ ။ ၁၀ နှစ်လောက် ထောင်ထဲမှာ ကြာခဲ့တာပေါ့။ ၁၉ ရက်နေ့ဆို ၁၀ နှစ်ပြည့်ပြီပေါ့။ အခုဒီလို လွှတ်ပေးတဲ့အတွက် သမ္မတနဲ့ တကွ ကျေးဇူးတင်ထိုက်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အဘတို့လိုပါပဲ အထဲမှာ ကျန်နေခဲ့တဲ့ သူတွေ ကိုတော့ မြန်မြန် ပြန်လွှတ်ပေးနိုင်ရင် ကောင်းတာပေါ့။ အခုက အတူတူ လုပ်ဖော်ကိုင်ဖက်တွေထဲမှာ လွတ်တဲ့သူကလွတ်၊ မလွတ်တဲ့ သူက မလွတ် ဆိုတော့ စိတ်မကောင်းဘူးလေ။ ထောင်ထဲမှာဆိုတာက ဘယ်လောက်ကြီးပဲ နေရထိုင်ရတာ
အဆင်ပြေတယ်ပဲ ပြောပြော ဘယ်သူမှ မနေချင်ကြဘူးလေ။ အခုဆို ထောင်ထဲမှာ နေရစားရတာ အဆင်ပြေပါတယ်။ ကျန်းမာရေးအတွက်ဆိုလည်း ဆရာဝန်ကြီးတွေနဲ့ တွေ့ရတဲ့အတွက် အဆင်ပြေပါတယ်။ ဘယ်လောက်ပဲ အဆင်ပြေ သော်ငြားလည်း ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်မိသားစုနဲ့ ပြန်နေချင်ကြတာပဲ။ အသက်တွေကလည်း ကြီးကုန်ကြပြီဆိုတော့ အဲဒါလေးကို မြန်မြန်လေး လွှတ်ပေးစေချင်ပါတယ်။ သမ္မတကလည်း အချိန်တခု သတ်မှတ်ပြီး လွှတ်ပေးမယ်လို့ ထင်ပါတယ်။
မေး။ ။ ထောင်ဒဏ် ၁၄၆ နှစ် တောင်ချခံရတာဆိုတော့ ဘယ်လိုပုဒ်မတွေ တပ်ပြီး ထောင်ချခံရတာလဲ။
ဖြေ။ ။ တရားစွဲတဲ့ ပုဒ်မတွေက အပစ (၃)၊ ၅ (ဇ)၊ နောက်ပြီး ကိုင်တဲ့ သေနတ်က လိုင်စင်မရှိဘူး ဆိုပြီး ၁၇ နဲ့လည်း စွဲတယ်။ နောက် ၄၂၀ လည်း ပါတယ်။ အဲဒါတွေနဲ့ စွဲတာပါ။ အားလုံးပေါင်း အပစ(၁) (၂) (၃) ပါဆို ၁၃ မှု ရှိပါတယ်။
မေး။ ။ ထောင်ထဲမှာ ထောက်လှမ်းရေးအမှုတွဲနဲ့ ပြစ်ဒဏ်ကျနေရတဲ့ သူဘယ်လောက်ကျန်သေးလဲ။
ဖြေ။ ။ သိရသလောက် အဘ အပါအဝင် ၁၈ ယောက်လောက် ကျန်မယ်။ ဒီနေ့ သူတို့ ပြောတာကတော့ ၈ ယောက် လွတ်တယ်လို့ ပြောတယ်။ အဲဒီတော့ ၁၀ ယောက်လောက် ကျန်မယ်လို့ ထင်တယ်။ ဒါပေမယ့် အဘတို့ လွှတ်ပေးတဲ့ အချိန်က ဘယ်ထောင်ကနေ ထောက်လှမ်းရေးဟောင်း တယောက်၊ ဘယ်အမှုက ဘယ်နှစ်ယောက်ဆိုပြီး စာရင်းတွေနဲ့
ထွက်လာတဲ့အခါကျတော့ အဘကြားလိုက်တာ ၈ ယောက်လို့ပဲ ကြားပါတယ်။ ဂဃနဏ မသိဘူး။ မြင်းခြံထောင် လွတ်တဲ့အထဲမှာတော့ ထောက်လှမ်းရေး ဆိုလို့ အဘတယောက်ထဲ ပါတယ်။
မေး။ ။ ထောင်ထဲမှာ နေခဲ့ရတဲ့ ၁၀ နှစ်နီးပါးကို ဘယ်လိုဖြတ်သန်းခဲ့လဲ။ထောင်တွင်းအတွေ့အကြုံတွေကရော ဘယ်လို အခြေအနေရှိပါသလဲ။
ဖြေ။ ။ အဘတို့က အသက်ကြီးလာပြီဆိုတော့ နောက်အဲဒီထဲမှာ ဓမ္မာစရိယတွေနဲ့လည်း တွေ့တယ်။ တွေ့တဲ့ ဘုန်းဘုန်းတွေက ဘာပြောလဲဆိုတော့ အထဲမှာ ကိုယ်ဟာကိုယ် တယောက်ထဲ ရှိတဲ့အတွက် တရားနဲ့ နေဖို့။ ဘုရားရယ်၊ တရားရယ်နဲ့ သံဃာရယ် ဒါတွေသာ အဖော်ရှိတယ် ဆိုပြီး အဘတို့က တရားစာ ဖတ်လိုက်၊ တရားထိုင်လိုက်
လုပ်ဖြစ်တယ်။ အပြင်တုန်းကလည်း ဒါတွေ ဘာမှ မလုပ်ဖြစ်ခဲ့ဘူး။ ဒီထဲရောက်တော့မှ ဒါတွေ ဖတ်ရတာ၊ လုပ်ရတာ ဆိုတော့ အဘတို့က အချိန်ကို တန်ဖိုးရှိအောင် သုံးရတယ်ဆိုတော့ ဒီ၁၀ နှစ် သည် ကိုယ့်အတွက် လောကုတ္တရာ
ဘက်က ကြည့်လိုက်ရင်တော့ မြတ်တာပေါ့နော်။ အကျိုးရှိရှိ အချိန်ကို သုံးနိုင်ခဲ့တာပေါ့။ ထောင်ထဲမှာ ဘယ်မဂ္ဂဇင်း၊ ဘယ်ဂျာနယ်မဆို အကုန်ဖတ်ဖြစ်ပါတယ်။ အဲဒီထဲမှာက တယောက်နဲ့ တယောက် လဲဖတ်ကြတာဆိုတော့ အားလုံးလိုလို ဖတ်ဖြစ်တယ်။ မှတ်မိတဲ့ ဂျာနယ်တွေကို ပြောရရင် Tomorrow ၊ 7 Days ၊ Myanmar Times အကုန်လုံး
လိုလို ဖတ်ရတာပေါ့။ အထဲမှာက ဖတ်ချင်တာ ဂျာနယ် ယူဖတ်ကြတာဆိုတော့ အဘကတော့ စည်းလွတ် ဝါးလွတ် တချို့ဂျာနယ်တွေကိုတော့ ယူမဖတ်ဖြစ်ပါဘူး။ တခြားယူဖတ်တဲ့ သူတွေဆီကတော့ ဖတ်ဖြစ်တယ်။ အဘ မှတ်မိသေးတယ်။ Tomorrow ဂျာနယ်ထဲမှာ အဘအကြောင်း ဇော်သက်ထွေး ရေးခဲ့တာ ဖတ်ခဲ့ရတယ်။ အဘက ရန်ကုန်ကနေ ကလေးထောင်ကို မပြောင်းခင် အင်းစိန်မှာ အဆောင် ၅ ကို ပြောင်းရတယ်။ အဲဒီမှာ NLDက ဦးကျော်ဆန်းနဲ့ တွေ့ပြီးတော့မှ ဦးကျော်ဆန်းရဲ့ သြဝါဒတွေကို ခံယူပြီး အဘတို့က ကျိုးကျသွားတယ်ပေါ့လေ။ ဦးကျော်ဆန်းရဲ့ ပြောဆိုချက် တွေကြောင့် အဘတို့လုပ်ရပ်တွေက မှားသွားပါတယ်၊ တောင်းပန်ပါတယ် ဆိုပြီး ဦးချပြီး တောင်းပန်ခဲ့ရတယ်ဆိုတာ မျိုးလောက်အထိ ရေးထားတယ်။ အဲဒါ မဟုတ်ပါဘူး။ အဘက အဆောင် ၅ ကို မရောက်ပါဘူး။ အထူးဆောင်ကနေ မြင်းခြံကို တန်းပို့ခံခဲ့ရတာပါ။ ဦးကျော်ဆန်းဆိုတာနဲ့လည်း မတွေ့ခဲ့ရပါဘူး။
မေး။ ။ လက်ရှိ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေအပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ ။ နိုင်ငံရေး အပြောင်းအလဲဆိုတာကတော့ အစိုးရက တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်နေတယ် ပေါ့။ လုပ်ဆောင်မှုကို ကောင်းတယ်လို့ ပြောရင်လည်း ဒီကောင်ကြီးက အဲလို ပြောတယ် ဖြစ်မယ်။ မကောင်းဘူး ပြောပြန်ရင်လည်း စပျစ်သီး ချဉ်တယ်လို့ ပြောကြအုန်းမယ်။ အဲဒီတော့ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေမှာ အစိုးရတိုင်း အမြဲတမ်း ပြောပါတယ်။ အစိုးရတိုင်း၊ အစိုးရတိုင်းသည် ရှေ့က အစိုးရရဲ့ ဝန်ထုပ်ဝန်ပိုးကို ယူရတာကိုး။ ယူရတယ်ဆိုတော့ နေ့ချင်း၊ ညချင်းကတော့ ဘယ်သူမှ ကောင်းအောင် မလုပ်နိုင်ဘူး။ ဖြည်းဖြည်းချင်းပဲ လုပ်သွားရမှာ ။ အဲဒါကြောင့်မဟုတ်လို့ သည်းခံပြီး ကြည့်ကြပြီးတော့ ကောင်းကောင်းမွန်မွန် ဖြစ်အောင် ဝိုင်းပြီး လုပ်ကြဖို့ပါပဲ။ တယောက်နဲ့ တယောက် အပုတ်ချနေရင်တော့ ဘယ်လိုမှ ရမှာ မဟုတ်ဘူး။
မေး။ ။ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပနေပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ
တလျှောက်လုံး တိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတယ်။ ငြိမ်းချမ်းရေး မအောင်မြင်သေးတာ ဘာကြောင့်လို့ ထင်လဲ။
ဖြေ။ ။ အဲဒီကိစ္စအပေါ် ပြောဖို့က တော်တော်ခက်ပါတယ်။ အဘအနေနဲ့လည်း ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီအနေနဲ့ ငြိမ်းချမ်းရေး ကိစ္စတလျှောက်လုံးကို အစ၊ အဆုံး အဘတို့ လုပ်ခဲ့ရတယ်။ နောက်ပြီး KNU
အတွက်လည်း တဝက်လောက် လုပ်ခဲ့ရတယ်။ လုပ်လာခဲ့တယ်ဆိုတော့ ဒီဟာကြီးကို မပြီးခင်မှာ ကိုယ်ကနေပြီး ဘာမှ ဂဃနဏ မသိဘဲ သွားပြီး ဝေဖန်လို့ကတော့ ဘာမှ အဖြေမှန် ထွက်မှာမဟုတ်ဘူး။ သူတို့ကလည်း ဒီကိစ္စကို အတွင်းမှာ
သိုသိုသိပ်သိပ်နဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်နေပါတယ်။ ထုတ်ပြန်သင့်တဲ့ ထုတ်ပြန်ချက် တွေကိုလည်း ထုတ်ပြန်ပေးတာ တွေ့ရတယ်။ ဒီကိစ္စကို လုပ်ဆောင်နေတယ်ဆိုတော့ တချိန်ချိန်အောင်မြင်မယ်လို့ ထင်ပါတယ်။
မေး။ ။ ဒီကြားထဲ တိုက်ပွဲတွေ ဖြစ်ပွားတာကရော ဘာကြောင့်လို့ ထင်ပါသလဲ။ တချို့ပြောနေတဲ့ နိုင်ငံရေး လှည့်ကွက် လို့ရော ထင်ပါသလား။
ဖြေ။ ။ ဒါကတော့ ပြောချင်တာ ပြောနေကြမှာပဲလေ။ အဘတို့ကတော့ ဒီကိစ္စနဲ့ မပြောချင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ တပ်တိုင်း၊ တပ်တိုင်းမှာ လိုက်နာရမယ့် စည်းမျဉ်းဆိုတာတော့ ရှိတယ်။ ကိုယ့်ကို သေနတ်နဲ့ လာပစ်နေတာကို ကိုယ့်ဘက်က ပန်းနဲ့ ပြန်ပေါက်နေလို့ကတော့ ဘယ်ရမလဲ။ တပ်တိုင်းမှာ လိုက်နာရမယ့် စည်းမျဉ်းဆိုတာ အဲဒါပဲ။ ကိုယ့်ကို ဘာလာလုပ်လဲ။ သေနတ်နဲ့ လာပစ်တဲ့သူကို သေနတ်နဲ့ ပြန်မပစ်ရင် ဘယ်ရမလဲ။ သူကလည်း
ကိုယ်မှန်တယ် ပြောမယ်။ ကိုယ်ကလည်း သူမှန်တယ် ပြောမယ်။ အဲဒါက ပြောရတော်တော်ခက်တယ်။
မေး။ ။ ထောင်က လွတ်လာပြီဆိုတော့ နိုင်ငံရေး လုပ်ဖို့ အစီအစဉ် ရှိပါသလား။
ဖြေ။ ။ အဘ နိုင်ငံရေး လုပ်ဖို့ လုံး၀ စိတ်မဝင်စားဘူး။ လုပ်ဖို့ အကြောင်းလည်း မရှိပါဘူး။ အဘလည်း အသက် ၇၀ ကျော်ရှိနေပြီ။ နောက်လည်း ကျန်းကျန်းမာမာ နေနိုင်မှ ၁၀၊ ၁၅ နှစ်ပေါ့။ ဒီကြားထဲမှာ တရားကို သေချာလေ့လာ အားထုတ်လာတဲ့ အခါကျတော့ တရားသာလျှင် အေးချမ်းတယ်။ တရားသာလျှင် မငြိမ်းချမ်းတာတွေကို
ငြိမ်းချမ်းအောင် လုပ်နိုင်တယ်။ အဘအနေနဲ့လည်း ဒီလို ခံရတာဟာ ရှေ့ဘ၀ ဝဋ်ကြွေး ရှိလို့ ကိုယ့်ဟာကို ခံရတာပဲ။ ဘယ်သူ့မှလည်း ဘာမှလည်း ဂလဲ့စား ပြန်ချေစရာ အကြောင်းမရှိဘူး။ သူ့ရဲ့ မြန်မာ လူမျိုး ကံ၏ အကြောင်းတရား
လို့ပဲ သတ်မှတ်တယ်။ အဘ ဝဋ်ရှိလို့ ခံရတာပဲ။ လွတ်တယ်ဆိုတာ ကလည်း အဘရဲ့ ပေးဆပ်ရမယ့် ကံကြွေးတွေ ကုန်သွားလို့ပဲ သတ်မှတ်တယ်။
မေး။ ။ ဦးခင်ညွှန့် လွတ်တုန်းက ပြောထားတာ ရှိတယ်။ သူတို့ လုပ်ခဲ့တဲ့ အခြေအနေကို သူ့လက်အောင်ငယ်သား တွေက ခံနေရတယ်။ သူကလည်း အစိုးရအပေါ်ကို သူ့လက်အောက်ငယ်သားတွေ မြန်မြန် လွှတ်ပေးဖို့ ဒီကိစ္စအပေါ် သင်ပုန်းချေဖို့ ပြောသွားမယ်လို့လည်း ပြောခဲ့တယ်။ အခု အဘတို့လွတ်လာတာ သူ့ကြောင့်
လွတ်တယ်လို့ ထင်လား။
ဖြေ။ ။ အဲဒါတော့ အဘလည်း မသိဘူး။ ဒီမနက်အထိ လွတ်မယ်လို့ မထင်ဘဲနဲ့ကို လွတ်လာတာ။ ဒီကိစ္စတွေကိုတော့ အဘ ဘာမှ သိလည်း မသိဘူး။ သူတို့ ဘယ်လိုလုပ်ကြတယ်ဆိုတာလည်း မသိဘူး။
မေး။ ။ မြန်မာ့နိုင်ငံရေးမှာ ထောက်လှမ်းရေးက နာမည်ဆိုးနဲ့ ကျန်နေရစ်တယ်။ အဲဒီအပေါ်ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။ တချို့ထောက်လှမ်းရေးဟောင်းတွေကတော့ ဒါကို လက်မခံနိုင်ကြဘူး။ ဒီလိုပြောတာကို နာကျင်ခံစားရတယ်လို့ပြောကြတော့လေ။
ဖြေ။ ။ အဘကတော့ အဲဒီကိစ္စလေးကို ဘာမှ မပြောချင်ဘူး။ မပြောချင်ဘူး ဆိုတာက လူတယောက်မှာ ခံစားချက်အမျိုးမျိုးပဲ။ အဲဒီလို တကယ်တမ်း သူတို့ နားခဲ့ရတယ်ဆိုတာလည်း မှန်ပါတယ်။ အဘကတော့ ဘာသာတရားဘက်ကပဲ ကြည့်ပြီးပြောရင် ငါတို့တိုင်းပြည်အတွက် ဒီလောက်ထိ လုပ်ပေးခဲ့ပြီး ဝဋ်ကြွေးရှိလို့
ဒီလိုခံစားခဲ့ရတာပဲ။ ဒါတွေနဲ့ ပတ်သက်ပြီး ငါတို့ ပြီးတာတွေ ပြီးခဲ့ပြီ။ ဘာမှ သဘောထားစရာ မလိုတော့ဘူး။
မေး။ ။ ထောက်လှမ်းရေးအဖွဲ့ဌာနအကြီးအကဲတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရအတွက် ကိုယ့်ကိုယ်ကိုယ် မှားတယ်လို့ နောင်တရမိလား။
ဖြေ။ ။ ဒါနဲ့ပတ်သက်လို့ သမိုင်းက မှတ်တမ်းတင်သွားပါလိမ့်မယ်။ ဘာမှပြောစရာ မရှိပါဘူး။