နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည်။ လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသည် ဘယ်နှစ်ကြိမ်မြောက် ကျင်းပသနည်းကို နိုင်ငံပိုင် သတင်းစာများက မဖော်ပြထားသဖြင့် မသိရပါ။ သို့သော် မြန်မာ့ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ညှိနှိုင်းအစည်းအဝေးတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်းသည် ကျေးလက်နေ ပြည်သူများ တဦးချင်းဝင်ငွေ မြင့်တက်ရေးနှင့် ဆက်စပ်နေကြောင်း ဦးတည်ပြောကြားခဲ့သည်ကိုတော့ သတိထားလိုက်မိပါ သည်။
နိုင်ငံတော် သမ္မတ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် ၈ ရပ်ကို အဓိက ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ညွှန်းချမှတ်ခဲ့သည်။ ထိုစဉ်က လုပ်ငန်း ၈ ရပ် ချမှတ်အကောင်အထည်ဖော်ခြင်းသည် ကျေးလက်နေပြည်သူများ တဦးချင်းဝင်ငွေမြင့်တက်ရန် တပါတည်း ရည်ရွယ်သည်ဟု အတိအလင်း ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ဟု ပြန်လည်စဉ်းစားအမှတ်ရနေသည်။ သို့သော် ထိုသဘောထားမှာ “ယူသော်ရ၏” ဟုလည်း မှတ်ယူနိုင်သည်။ ယူသော်ရ၏ဟု မှတ်ယူနိုင်သော်လည်း ယခုမှ ထင်သာမြင်သာ ပြောကြားလာခြင်းမှာ အကြောင်းတခုခုတော့ ရှိကောင်းရှိမည်ဟု စဉ်းစားသုံးသပ်နိုင်သည်။
ယခု ညှိနှိုင်း အစည်းအဝေးတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများသည် ဘဏ္ဍာရေးအရင်းအမြစ် လိုအပ်ချက်ကြီးမားသလို စဉ်ဆက်မပြတ် ပုံမှန်ရရှိသွားရန် လိုအပ်ကြောင်းကို ဦးတည် ပြောကြားသွားသည် ကိုတော့ အမှတ်ထင်ထင် လေ့လာသင့်သည်ဟု ယူဆသည်။ ဘဏ္ဍာရေး အရင်းအမြစ် လိုအပ်ချက် ကြီးမားသည်ဟု ဒုတိယသမ္မတက ရေလာမြောင်းပေးစကားဆိုထားသည်။ ၂၀၁၅ ခုနှစ်အရောက်တွင် မြန်မာပြည်၌ ပြည်သူ ၁၀၀ လျှင် ၁၆ ဦးသာ ဆင်းရဲနေပါသည်ဟူသော ကိန်းဂဏန်းကို ပြချင်သည့် စီမံကိန်း ကြီးသည် ဘဏ္ဍာရေး အရင်းအမြစ် ကြီးမားသည်မှာ ဧကန်ဖြစ်သည်။ ပြေးမကြည့်ဘဲ တွေးကြည့်ရုံဖြင့်ပင် လူတိုင်းသိနိုင်သည်။ မြန်မာ့ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကိစ္စသည် ရွာတရွာ၊ မြို့တမြို့တည်း ကိစ္စမဟုတ်။ တတိုင်း တပြည်နယ်တည်း ကွက်၍ ချမှတ်သည့် ကိစ္စလည်းမဟုတ်။ တပြည်လုံးနှင့်ချီသော ကိစ္စကြီး ဖြစ်သည်မို့ ရင်းနှီးမြှုပ်နှံမည့် အတိုင်းအတာ ပမာဏသည် ဆိုဖွယ်ရာ မရှိအောင် ကြီးမားများပြားသည်ကို လက်ခံပါသည်။
သို့ဖြစ်၍ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးကို အားသွန်ခွန်စိုက် ကြွေးကြော်ခဲ့ပြီးသကာလ ယခု အစိုးရအဖွဲ့ သက်တမ်းကုန်ဆုံးလုနီးခါမှ “ဘဏ္ဍာရေးအရင်းအမြစ် လိုအပ်ချက် ကြီးမားသလို စဉ်ဆက်မပြတ် ပုံမှန်ရရှိ သွားရန် လိုအပ်ကြောင်း” ကို လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယသမ္ပတ ဦးဉာဏ်ထွန်းက ယခုကျမှ ထုတ်ဖော်ပြောကြားလာရသည်မှာ ဘာသဘောပါနည်းဟု မေးရပါတော့မည်။ မေးလျှင်လည်း အဖြေရှိလိမ့်မည် မထင်။ ဘဏ္ဍာရေး လိုအပ်ချက်ကြီးမားသော ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက် ဖြင့် ဆောင်ရွက်နေသည်။ သို့သော် ဘတ်ဂျက်ငွေသည် မလုံလောက် (မနိုင်နင်း) သဖြင့် ပုဂ္ဂလိက ဖွံ့ဖြိုးရေး အဖွဲ့အစည်းများ ပူးပေါင်းထည့်ဝင်မှု၊ တသီးပုဂ္ဂလ လှူဒါန်းငွေ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု စသည့် ဘဏ္ဍာရေး အရင်းအမြစ်စီးဝင်မှုများဖြင့် ဆောင်ရွက်နေသည်ဟူသော သဘောကို ဒုတိယသမ္ပတက အတိအလင်း ထည့်ပြောသွားသည်။ ယင်းသို့ စီးဝင်လာသော ဘဏ္ဍာရေး အရင်းအမြစ်များဖြင့် မတည်ရင်းနှီးငွေ တရပ် ထူထောင်ကာ ဆင်းရဲနွမ်းပါးသူ ကျေးလက်နေပြည်သူများ၏ တဦးချင်းဝင်ငွေ တိုးလာအောင် ဆောင်ရွက်နေသည်ဟုလည်း ဆိုထားသည်။
နိုင်ငံပိုင် သတင်းစာများကတော့ တဦးပုဂ္ဂလ လှူဒါန်းငွေ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုစသည့် ဘဏ္ဍာရေး အရင်းအမြစ်များမှ စီးဝင်လာသည့် ရန်ပုံငွေများကို ဆင်းရဲနွမ်းပါးသူ တဦးချင်းစီ၏ မတည်ရင်းနှီးငွေများ တိုးမြင့် ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ဝင်ငွေတိုးတက်ရေး အထောက်အကူပြု လူမှုသက်သာချောင်ချိရေး ဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဝင်ငွေတိုးတက်ရေး အခွင့်အလမ်းများ တိုးတက်ဖြစ်ပေါ်စေခြင်း၊ ဝင်ငွေတိုးပွားရေး လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဝင်ငွေတိုးတက်ရေး အခွင့်အလမ်းများ တိုးတက်ဖြစ်ပေါ်စေခြင်း၊ ဝင်ငွေတိုးပွားရေး လူမှုစီးပွားဖွံ့ဖြိုးရေး အထောက်အကူပြု အခြေခံ အဆောက်အအုံ များ ထူထောင်လာခြင်း စသည်ဖြင့် ပုဂ္ဂလိက ဘက်မှ စီးဝင်လာသော ဘဏ္ဍာရေး အရင်းအမြစ်များကို ကျေးလက်နေပြည်သူများ တဦးချင်း ဝင်ငွေတိုးအောင်လုပ်ဆောင်နေကြောင်း ရေးသားဖော်ပြကြသည်။ ဤသို့ ကောက်နုတ်ပြခြင်းမှာ နိုင်ငံပိုင် မီဒီယာကို အပုပ်ချလိုရင်း မရှိပါ။ ဆီသည်မ လက်သုတ်ဖတ်လိုဖြစ်နေသော သတင်းဖော်ပြမှုများကို ပြည်သူက ငြီးငွေ့နေသည်မှာ ကြာလပြီဖြစ်ကြောင်းကို ထောက်ပြလိုရင်းသာ ဖြစ်သည်။
နိုင်ငံပိုင် မီဒီယာများသည် “အများပြည်သူ ဝန်ဆောင်မှု မီဒီယာ” ကို ဖော်ဆောင်နေပါသည်ဟု ဆိုလင့်စကား ယခု မြန်မာ့ဆင်းရဲနွမ်းပါးမှု ကိစ္စ၊ ကျေးလက်နေပြည်သူများ တဦးချင်း ဝင်ငွေဖြင့် မြင့်တင်ရေး ကိစ္စတို့ကို အခြား အခြားနေရာများက စီးဝင်လာသော ဘဏ္ဍာရေး အရင်းအမြစ်များ အသုံးချနေပုံကို ရှင်းရှင်းလင်းလင်း တိတိကျကျ မဖော်ပြနိုင်၊ ဒုတိယ သမ္ပတ ပြောသည့်အတိုင်းသာ ဖော်ပြရပါသည်ဟု ဆင်ခြေပေးသည်ဆိုလျှင်လည်း လုံးထွေးဝါးချထားသော အမှာစကားကိုသာ အပြစ်တင်ရပါမည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဒေသများနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေး အရင်းအမြစ ်စီးဝင်လာမှု ရန်ပုံငွေများဖြင့် ဆင်းရဲနွမ်းပါးသူ တဦးချင်း မတည်ရင်းနှီးငွေ တိုးမြှင့်ရရှိအောင် ဆောင်ရွက်ပေးနေသည်ဟု ပြောကြားချက်မှာ မရှင်းမလင်းဖြစ်နေသည်ဟု ခံစားရသည်။ သည့်ထက် ပွင့်လင်းမြင်သာရှိသော လက်တွေ့ကျသည့် ရှင်းလင်း တင်ပြမှုဖြင့် တိုင်းပြည်သိအောင် ထုတ်ဖော်ပြသင့်သည်ဟု မြင်သည်။ နိုင်ငံတော်ဘတ်ဂျက်က မည်မျှလျာထား ချပေးထားသည်။ (ယခင် လပိုင်းက နိုင်ငံပိုင် သတင်းစာများတွင် ပြည်နယ်နှင့် လုပ်ဆောင်နေသော ကဏ္ဍ အသီးသီးကိုတော့ ဖော်ပြပေးခဲ့သည်ကို မှတ်မိနေသည်) ပုဂ္ဂလိက ဖွံ့ဖြိုးရေး အဖွဲ့အစည်း အသီးသီးက ပူးပေါင်းထည့်ဝင်မှု ပမာဏမည်မျှရှိသည်၊ တဦးပုဂ္ဂလ လှူဒါန်းငွေက သန်းပေါင်း မည်မျှရှိသည်၊ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှု ပမာဏက မည်မျှရှိသည်ကို ရိုးသားပွင့်လင်းစွာ နိုင်ငံပိုင် သတင်းစာများထဲမှာပင် တရိုတသေဖြင့် စနစ်တကျ ရှင်းလင်းဖော်ပြ ပြည်သူကို ချပြသင့်သည်ဟု မြင်မိသည်။
ယင်းသို့ ရှင်းလင်းတင်ပြပင်လျှင် ပေးစရာ ထပ်ရှိနေသည်မှာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နံှမှုဆိုသည်မှာ ဘာကို ဆိုလိုပါ သနည်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်နေ ဆင်းရဲနွမ်းပါးပြည်သူများ တဦးချင်း ဝင်ငွေမြင့်တက်ရေး ကိစ္စများတွင် ဘယ်ပုဂ္ဂလိက,က ဘာကိုရင်းနှီးမြှုပ်နှံမှုမှ စီးဝင်လာသော ဘဏ္ဍာရေး အရင်းအမြစ်နှင့် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မည်သို့ ဆက်စပ်၍၊ မည်သို့ ပတ်သက်သနည်းဟူသည်ကို နားမလည် နားမရှင်းဖြစ်ရပါသည်။ ယင်းကိစ္စကိုလည်း ပြည်သူနားရှင်းအောင ်ပွင့်ပွင့်လင်းလင်း ရှင်းပြသင့်ပါသည်။
ထို့ပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်ထဲတွင် လယ်ယာမြေနှင့်အခြား မြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် မြေယာပြဿနာများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနေမှု ကိစ္စကိုလည်း ထောက်ပြပြောဆိုသွားသေးသည်ကို တွေ့ရသည်။ နိုင်ငံတော်သည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှု မလျှော့ချနိုင်သေးဟူသည်ကို ဆက်စပ်သုံးသပ်ထားသည်ဟု မြင်ရဖွယ်ရှိသည်။ သို့ကြောင့်လည်း လယ်သိမ်းမြေသိမ်း ကိစ္စများကို ထည့်ပြောခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။ ဤတွင် ဒုတိယသမ္ပတ ပြောကြားထားသည်မှာ “မြေယာပြဿနာများကို လျင်မြန်စွာ ဖြေရှင်း ဆောင်ရွက်နိုင်ရန် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေ အသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ကာ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသော်လည်း အောက်ခြေခရီးမရောက်ဘဲ ထိရောက်သော ဖြေရှင်းပေးမှုများမရှိဟု ဝေဖန်ထောက်ပြနေမှုများ ရှိပါကြောင်း” ဟု ဆိုထားခြင်းမှာ အကယ်၍ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကိစ္စမအောင်မြင်လျှင် အောက်ခြေတွင်သာ အပြစ်ရှိကြောင်း အောက်ခြေကို ပုံချချင်၍ များလား စဉ်းစားစရာ ဖြစ်ရသည်။ အောက်ခြေကိစ္စများသည် အထက်ဗဟိုနှင့် မဆိုင်သလော၊ နိုင်အောင် မလုပ်နိုင်သည်လော။
ချုပ်၍ ဆိုပါမည်။ မြန်မာ့ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ မကြာခဏကျင်းပသည်။ သည်တကြိမ်ကျင်းပသည်ကတော့ ထူးသည်ဟု မြင်သည်။ ကျေးလက်နေပြည်သူများ တဦးချင်းဝင်ငွေမြင့်တက် ရေး ကိစ္စကို ဦးတည်ပြောလာသည်။ ပုဂ္ဂလိက ဘက်မှ စီးဝင်သော ဘဏ္ဍာရေးရင်းမြစ်များကို ထည့်သွင်းပြော လာသည်။ သို့သော် လက်တွေ့မကျ၊ ရှင်းရှင်းလင်းလင်းမရှိ။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ကြောင့် ဆင်းရဲနွမ်းပါးရခြင်း ကိစ္စဆက်စပ်ပြလာသည်။ ပြည်သူကို ချွေးသိပ်သည်ဟု ထင်သည်။ အစိုးရအဖွဲ့ သက်တမ်းကလည်း ကုန်ဆုံးတော့မည်။ မနိုင်ဝန်ကို ထမ်းမိခြင်းအတွက် တရားခံရှာရတော့မည်။ တရားခံ မည်သူနည်း။ မြန်မာ့ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မအောင်မြင်ရခြင်း၏ တရားခံမှာ အောက်ခြေမှာ ရှိသည်ဟု လက်ညှိုးထိုးပွဲကြီး စတင်နေပြီဟု သုံးသပ်တင်ပြလိုက်ရပါသည်။
(စာရေးသူသည် သတင်းစာ၊ ဂျာနယ်များတွင် သတင်း ဆောင်းပါးများကို ပုံမှန်ရေးသားနေသူဖြစ်ပြီး ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်)