ဟောင်ကောင်မှာ သပိတ်မှောက် ကျောင်းသားတွေနဲ့ အုပ်ချုပ်ရေးမှူးရဲ့ ကိုယ်စားလှယ်တို့ ဆွေးနွေးပွဲပျက်သွားပါပြီ။ ဟောင်ကောင်အစိုးရက သပိတ်မှောက်ကျောင်းသားတွေနဲ့ မတွေ့တော့ဘူးလို့ ဆုံးဖြတ်ကြေညာတာဟာ နှုတ်ထွက်ဖို့ တောင်းဆိုနေတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး လျံချွန်ယင်းဟာ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၄ သန်း လာဘ်ယူခဲ့တယ်လို့ ဒီမိုကရက်အမတ်တွေက စွပ်စွဲပြီး ခြစားမှုတိုက်ဖျက်ရေးအတွက် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုလိုက်တာနဲ့ တိုက်ဆိုင်နေပါတယ်။ ဘယ်လိုဖြစ်ဖြစ် သေချာတာကတော့ ဆန္ဒပြပွဲက ဟောင်ကောင်ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ထိုက်တန်သူတွေ ဖြစ်တယ်ဆိုတာကို အခိုင်အမာ သက်သေပြလိုက်နိုင်တာပါ။
တကယ်တော့ ဟောင်ကောင် ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူတွေ တောင်းဆိုတာက အသစ်အဆန်းတခု မဟုတ်ပါဘူး။ ဒီမိုကရေစီပါ။ ပြည်သူတွေက ကိုယ့်ကို အုပ်ချုပ်မယ့် အစိုးရကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ခွင့်ဖြစ်ပါတယ်။ အစိုးရသာ အမိ၊ အစိုးရသာ အဖ အတွေးအခေါ်နဲ့ တရုတ်ကွန်မြူနစ် အစိုးရက ဒါကို အကြောက်အကန် ငြင်းဆန်ပါတယ်။ ဟောင်ကောင် ပြည်သူတွေရဲ့ ဒီမိုကရေစီ အရေးတော်ပုံဟာ လစ်ဘရယ် ဒီမိုကရေစီနဲ့ တရုတ်ကွန်မြူနစ် အစိုးရက ကိုင်စွဲထားတဲ့ မက်စ်လီနင်ဝါဒ ကွန်ဖြူရှပ် အတွေးအခေါ်တို့ကြားက ပဋိပက္ခဖြစ်ပါတယ်။ လာမယ့် နှစ်တွေအတွင်း တရုတ်ပြည်မကြီးမှာ ပေါ်ပေါက်လာနိုင်တဲ့ ဒီမိုကရေစီ အရေးတော်ပုံတွေရဲ့ နိဒါန်းလည်း ဖြစ်သွားနိုင်ပါတယ်။
ဇာတ်လမ်းအစကို ပြန်ကောက်ရရင် ၁၉၉၇ ခုနှစ်မှာ ဗြိတိသျတွေက ဟောင်ကောင်ကို တရုတ်ကွန်မြူနစ် အစိုးရလက်ထဲကို ပြန်အပ်ခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့် (တနည်း) အော်တိုနိုမီ ကို အနည်းဆုံး နှစ် ၅၀ ဆက်ပေးထားရမယ်ဆိုတဲ့ ကတိကဝတ်နဲ့ လွှဲပေးခဲ့ပါတယ်။ တနိုင်ငံ စနစ်နှစ်မျိုး လို့ သိကြတဲ့ စနစ်ပါပဲ။ ဒီနေရာမှာ ဖြစ်နိုင်ခြေ နှစ်မျိုး ရှိပါတယ်။ နှစ်ပေါင်း ၅၀ မတိုင်ခင်မှာပဲ လူဦးရေမဆိုစလောက်လေးနဲ့ ကျွန်းမြို့ကလေးဟာ တရုတ်စက်ကွင်းထဲကို လုံးလုံးလျားလျား ကျရောက်သွားနိုင်ပါတယ်၊ ဒါမှမဟုတ် ဟောင်ကောင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ကွန်မြူနစ် တရုတ်ပြည်ကို ပိုပြီး ပွင့်လင်းလွတ်လပ်တဲ့ စနစ်ဆီကို ဦးဆောင်ဆွဲခေါ်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ပြန်ကြည့်တဲ့အခါ ဖြစ်နိုင်ခြေနှစ်ခုထဲက ဘယ်တခုက အလေးသာမလဲဆိုတာ ပြောရခက်ပါတယ်။ စစ်အေးခေတ်နောက်ပိုင်း နှစ်တွေအတွင်း လစ်ဘရယ် ဒီမိုကရေစီကို အဓိက ယှဉ်ပြိုင် စိန်ခေါ်တာကလည်း ကွန်မြူပါတီ ဦးဆောင်ပြီး အင်အားကြီးထွားလာတဲ့ တရုတ်ပြည်ကြီးပါပဲ။
ပိုပြီး စိတ်ဝင်စားစရာကောင်းတာက ဟောင်ကောင် ဒီမိုကရေစီ အရေးတော်ပုံ ပေါ်ပေါက်လာတဲ့အချိန် ကာလပါ။ ကမ္ဘာမှာဒီမိုကရေစီ နိုင်ငံတွေ ပြဿနာ ပေါင်း သောင်းခြောက်ထောင်နဲ့ ကြုံနေရတဲ့အချိန်ဖြစ်ပြီး တရုတ်အင်အား အထွတ်အထိပ်ရောက်ချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ အထွတ်အထိပ်လို့ ပြောတာက အမေရိကန်ကိုတောင် ခြိမ်းခြောက်လာနိုင်တဲ့ တရုတ် စီးပွားရေးကြောင့်ပါ။ ဒါပေမယ့် တရုတ်ကွန်မြူနစ် အစိုးရကိုယ်တိုင်ကလည်း ဘယ်လိုပဲ ဖုံးအုပ်ထားပေမယ့် ပါတီရဲ့ တရားဝင်မှု၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ စီးပွားရေးတိုးတက်မှုနဲ့အတူ လူလတ်တန်းစားကြီးထွားလာလို့ ပြည်သူတွေရဲ့ နိုင်ငံရေး နိုးကြားမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု၊ လာဘ်ပေးလာဘ်ယူ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လာမယ့် နှစ်တွေမှာ ဒီပြဿနာတွေဟာ ပိုပြီး ဆိုးရွားလာဖွယ် ရှိပါတယ်။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်နဲ့ အစိုးရတို့ အားပြိုင်လို့ အစိုးရ ယန္တယား ခဏ ရပ်ဆိုင်းလိုက်ရတာမျိုးကို ကွန်မြူနစ်အစိုးရ အုပ်ချုပ်တဲ့ တရုတ်ပြည်မှာ မကြုံရပါဘူး။ ဒီမိုကရေစီ ဖူးသစ်စ နိုင်ငံတွေ၊ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီဆီကိုကူးပြောင်းဖို့ အားယူနေတဲ့ နိုင်ငံတွေမှာလို ဝရုန်းသုန်းကား မဖြစ်အောင်လည်း တရုတ်အစိုးရက ထိန်းထားနိုင်ပါတယ်။ တချိန်တည်းမှာ လွတ်လပ်ဈေးကွက်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ နိုင်ငံတွေမှာ စီးပွားရေးပျက်ကပ်ထဲ ကျရောက်နေချိန်မှာ နိုင်ငံတော်ကြိုးကိုင် အရင်းရှင်စနစ် (State Capitalism) ကျင့်သုံးတဲ့ တရုတ်ပြည်မှာ စီးပွားရေးအလျင်အမြန် တိုးတက်နေပါတယ်။
ဒီလို အခြေအနေနောက်ခံမှာ ဟောင်ကောင်ပြည်သူတွေက တရုတ်ကို “NO” လို့ ပြောလိုက်ပါတယ်။ ၂၀၁၇ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့အခါမှာ တရုတ်ကွန်မြူနစ်ပါတီက ခေါင်းခေါက်ရွေးပေးမယ့် ကိုယ်စားလှယ်တွေထဲက တယောက်ကို ရွေးရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းကို လက်မခံနိုင်ကြောင်း ပြသလိုက်ပါတယ်။ ပြည်သူတွေကိုယ်တိုင်က ကိုယ့်ကိုအုပ်ချုပ်မယ့်အစိုးရကို ကိုယ့်ဖာသာ ဆုံးဖြတ် ရွေးချယ်မယ်။ ဘယ်အထက် ပုဂိုလ်ကမှ မဟာကရုဏာတော်နဲ့ ရွေးပေးစရာမလိုဘူးလို့ ပြောလိုက်တာပါ။
ကမ္ဘာ့မီဒီယာတွေမှာ ထီးတော်လှန်ရေး (Umbrella Revolution) လို့ ဖော်ပြကြပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ရဲတွေက ငရုတ်ရည်တွေနဲ့ ပက်တယ်။ မျက်ရည်ယို ဗုံးတွေ သုံးပြီး လူစုခွဲတယ်။ ဆန္ဒပြသမားတွေက ထီးတွေနဲ့ ကွယ်တယ်။ နောက်တော့ စွမ်းအားရှင်တွေကို သပိတ်စခန်းထဲကို အတင်းဝင်လာပြီး ရန်စတယ်။ ရဲတွေက မသိသလို လုပ်နေတယ်။ ဒီမိုကရေစီတောင်းဆိုတဲ့ ပြည်သူတွေက ငြိမ်းချမ်းစွာ နိုင်ငံရေး အံတုနည်းအပေါ်ရပ်တည်ပြီး သည်းခံနိုင်စွမ်းကို ပြတယ်။ ရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲလို့ လူတွေ ကစဉ့်ကလျားဖြစ်ပြီး လမ်းပေါ်မှာ အမှိုက်တွေ ပွကျန်နေရင်လည်း ဆန္ဒပြသမားတွေကိုယ်တိုင်ပဲ ပြန်သိမ်းတယ်။ ဟောင်ကောင်ပြည်သူတွေဟာ ကိုယ့်အခွင့်အရေးကိုလည်း ကိုယ်သိတယ်။ ကိုယ့်တာဝန်ကို ကိုယ်ယူနိုင်တယ် ဆိုတာကို ပြသလိုက်တဲ့ သဘောပါပဲ။
ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင် ရုန်းကန်ရတယ်ဆိုတာကို ဟောင်ကောင်ပြည်သူတွေက အခုမှ သိကြတာမဟုတ်ပါဘူး။ ၂၀၀၂ ခုနှစ်မှာ အာတီကယ် ၂၃ (Article 23) လို့ သိကြတဲ့ လုံခြုံရေး ဥပဒေကိုလည်း ဟောင်ကောင်ပြည်သူတွေက ကန့်ကွက်ခဲ့ကြတယ်။ အမျိုးသားရေး ဘန်းပြပြီး ပြည်သူတွေရဲ့ အခွင့်အရေးကို ကန့်သတ်ပိတ်ပင်ဖို့ ရည်ရွယ်တဲ့ ဥပဒေကို ဟောင်ကောင်ပြည်သူတွေက ကန့်ကွက်ခဲ့ကြလို့ ရုပ်သိမ်းပေးခဲ့ရတယ်။ ဒီလိုပဲ လွန်ခဲ့တဲ့ တရုတ်ပညာရေးပုံစံ မျိုးချစ်ပညာရေး သင်ရိုးတွေကို ဟောင်ကောင်ကို သွင်းဖို့ ဘေဂျင်းက ကြိုးစားတာကိုလည်း ကျောင်းသားတွေက ရဲရဲဝံ့ဝံံ့ ဆန္ဒပြ ကန့်ကွက်ခဲ့တယ်။ ဒီလိုပဲ ဒီမိုကရေစီ တောင်းဆိုတဲ့ ကျောင်းသား ရာပေါင်းများစွာကို ကွန်မြူနစ် အစိုးရက သတ်ဖြတ်ခဲ့တဲ့ တီယန်နန်မင် အရေးတော်ပုံကို နှစ်ပတ်လည် အခမ်းအနားတွေကို ပေါ်ပေါ်တင်တင် ပုံမှန်ကျင်းပတာလည်း တရုတ်ပြည်မှာ ဟောင်ကောင်တခုပဲ ရှိပါတယ်။
စက်တင်ဘာကျောင်းသားသပိတ်ကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းဖို့ ကြိုးစားတဲ့အခါ နောက်ထပ်ပြည်သူထောင်သောင်းချီပြီး လမ်းပေါ်ထွက်လာကြတယ်။ ရဲတွေ နောက်ဆုတ်ပေး လိုက်ရတယ်။ ဟောင်ကောင်ကျောင်းသားတွေ၊ ဟောင်ကောင်ပြည်သူတွေဟာ မတရားမှုကို သိရုံမကဘူး၊ ခေါင်းငုံ့မခံဘူး။ ကိုယ့်အခွင့်အရေး အတွက် တိုက်ပွဲဝင်ရမယ့် အချိန်ကိုလည်း သိတယ်။ တချိန်တည်းမှာ ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ်စည်းကိုယ် စောင့်ကြပါတယ်။ နောက်ဆုံးမှာ တရုတ်ပြည်မကြီးက သတ္တိရှိရုံက စည်းလုံးညီညွတ်ပြီး စည်းကမ်းရှိတဲ့ ဟောင်ကောင် ကျောင်းသားတွေနဲ့ ပြည်သူတွေကို အလှျှော့ပေးလိုက်ရတာချည်းပါပဲ။
တကမ္ဘာလုံးက မျက်စိဒေါက်ထောက်ကြည့်နေတဲ့ ထီးတော်လှန်ရေးကို လွန်ခဲ့တဲ့ ၂၅ နှစ်က တီယန်နန်မင် အရေးတော်ပုံကို ဖြိုခွင်းသလိုမျိုး မရမှန်း နားလည်တဲ့ အစိုးရက ဆွေးနွေး ညှိနှိုင်းဖို့ သဘောတူပါတယ်။ သပိတ်မှောက်နေတဲ့ ရက်တွေမှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူးနုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့ ဆန္ဒပြသမားတွေကလည်း လက်ခံပါတယ်။ နောက်ဆုံးမှာ ၂၀၁၇ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်း ကိစ္စကို ဘယ်လိုပုံစံမျိုးနဲ့ ညှိနှိုင်းကြမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
အခု ဆွေးနွေးပွဲပျက်သွားတော့ ဆန္ဒပြပွဲ ရက်ရှည်တော့မယ်။ နိုင်ငံရေးအကျပ်အတည်းက ရေရှည်ရင် စီးပွားရေးကိုထိလာမယ်။ အကယ်၍ သပိတ် အင်အားလျော့အောင် လုပ်တဲ့ ဘေဂျင်းအစိုးရရဲ့ နည်းလမ်းတခုဖြစ်မယ်ဆိုရင် ဟောင်ကောင်ကျောင်းသားတွေနဲ့ ပြည်သူတွေ နောက်တခေါက် လမ်းပေါ်ထွက်လာကြပါလိမ့်မယ်။ အဲဒီအခါ အခြေအနေက ပိုဆိုးနိုင်ပါတယ်၊ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့ဂုဏ်သိက္ခာကို မြတ်နိုးတဲ့ ကမ္ဘာလုံးက ပြည်သူတွေနဲ့ အစိုးရတွေကလည်း ဟောင်ကောင်ပြည်သူတွေဘက်မှာ တသားတည်းရှိနေကြပါတယ်။
(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)
ဆက်စပ်ဖတ်ရှူရန်