မွန်ပြည်နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီကြီးကို လာရောက်ဖူးမြော် ကြည်ညိုကြတဲ့ ပြည်သူတွေအတွက် တောင်ဖွင့်ပွဲ ရာသီ ကို နှစ်စဉ် သီတင်းကျွတ် လပြည့်နေ့ ရောက်တိုင်း ကျင်းပလေ့ ရှိပါတယ်။ သီတင်းကျွတ် လပြည့်နေ့ ဖြစ်တဲ့ အောက်တိုဘာလ ၈ ရက် က ကျိူက်ထီးရိုးတောင် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ သထုံခရိုင် အခြေ စိုက် အမှတ် (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောကျော်လင်းကို လက်ရှိ ငြိမ်းချမ်းရေး ကာလမှာ ဒေသရဲ့ အခြေအနေတွေနဲ့ ပတ် သက်ပြီး ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံမေးမြန်း ထားတာတွေကို ဖော်ပြလိုက်ပါတယ်။
မေး။ ။ အခုလို အထိုက်အလျောက် ငြိမ်းချမ်းလာတဲ့ ကာလဖြစ်လို့ ကျိုက်ထီးရိုး ဘုရားကို အေးအေးချမ်းချမ်း လာဖူးနိုင်ကြ တာ လား ။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ဘုရားကြီး ဘယ်လို ဆက်စပ်မှုတွေ ရှိနိုင်ပါလဲ။
ဖြေ။ ။ ဒီဘုရားကြီးက သမိုင်းဝင် ဘုရားပါ ။ ငြိမ်းချမ်းရေး မရခင်ကလည်း ဒီဘုရားကြီးကို လူတွေ လာကြတာပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေး မရခင်က တချို့လည်း စိုးရိမ်တာပေါ့။ တချို့လည်း မစိုးရိမ်ပါဘူး။ ကျနော်တို့ ငယ်ငယ်က ဒီလို အခြေအနေ မဟုတ် ဘူး။ တောထဲတောင်ထဲမှာ ရှိပေမယ့်လည်း လူတွေက လာကြတာပဲ။ ပြောရမယ် ဆိုရင်တော့ ဟိုတုန်းကထက် စာရင်တော့ အခု လူတွေ ပိုပြီးတော့ လာကြပါတယ်။
မေး။ ။ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလမှာ တချို့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေသေးတယ်။ ဖထီးတို့ နယ်မြေမှာရော အေးအေးချမ်းချမ်း ရှိရဲ့လား။
ဖြေ။ ။ အခုလုပ်နေတဲ့ လုပ်ငန်းစဉ်တွေ ရှေ့ဆက်ပြီးတော့ ချောချောမွေ့မွေ့ သွားနိုင်အောင် အမြဲတမ်း ထိန်းသိမ်းပါတယ်။ အခု လို အခြေအနေမှာ ရှုပ်ရှုပ်ယှက်ယှက် လုပ်ချင်တဲ့ သူတွေလည်း ရှိတယ်။ အခုဆိုရင် ဗိုလ်ထိန်မောင် အဖွဲ့တို့၊ တောင်ရိုး အဖွဲ့တို့က သိပ်ရှုပ်နေတယ်။ အဟန့်အတားပေးတဲ့ ကောင်တွေပဲလေ။ ဒီကောင်တွေ ကရင် ကောင်းစားရေး လုပ်နေတာ မဟုတ်ဘူး။ သူတို့ ကောင်းစားရေးပဲ လုပ်နေကြတာ။ လူထုအတွက် လုပ်မယ်ဆိုရင် လူထုအတွက် စဉ်းစားရမှာ။ အခုက ကရင်လူထုမှာ စိတ် မချမ်းသာ ဘူး။ သူတို့ပဲ စိတ်ချမ်းသာမှု ရနေကြတယ်။ ပြီးတော့ ခေါင်းဆောင်လုပ်တဲ့သူ ဆိုတာ စိတ်ရှည်ရမယ်။ သည်းခံရမယ်။ အမြင်ကျယ် ရမယ်။ အောက်ခြေကို ကြည့်ရမယ်။ အခုတော့ ဒီကောင်တွေက စီးပွားရေး အကျိုးအမြတ်လည်း လုပ်တယ်။ လူထုကိုလည်း နှိပ် စက် နေကြတယ်။ ပြည်သူလူထုနဲ့ ထိတွေ့မှု နည်းပြီးတော့ လူထုအခက်အခဲကို သူတို့တွေ မသိကြဘူး။
မေး။ ။ အရင် တပ်မတော် အစိုးရ လက်ထက် အခြေအနေနဲ့ အခု အစိုးရသစ် လက်ထက် အခြေအနေမှာ ဘာတွေ ကွာခြားမှုရှိလဲ။
ဖြေ။ ။ အရင် အစိုးရ လက်ထက်နဲ့ အခုလည်း ဘာကွာလို့လည်း၊ သိပ်တော့ အကွာကြီးလည်း မဟုတ်ပါဘူး။ ဒီလိုပဲ တွေ့တာ ကတော့။ ဒါပေမယ့် အရင်က လူချင်း မတွေ့ရဘူး။ အခုတော့ လူချင်း တွေ့ရတာပေါ့။ ပြောစရာ ရှိရင်လည်း ပြော။ လုပ်စရာ ရှိရင်လည်း သူဟာသူလုပ်။ ကိုယ့်ဟာကို လုပ်ပေါ့။
ဒီဘုရားက သမိုင်းလည်းဝင်၊ တန်ခိုးကလည်း ကြီးတော့ သိပ်လာချင်တယ်။ ကရင်တွေလည်း လာချင်ကြတယ်။ ဒါပေမယ့် အခု ဘုရားကြီးက အရင်ကလို သိပ်မထူးဆန်းတော့ဘူးလို့ ထင်တယ်နော်။ အရင်ကဆို ဘုရားကြီးက လှုပ်သေးတယ်။ အခုတော့ လှုပ် တယ်လို့ မကြားတော့ဘူး။
ပြီးတော့ သိမ်တွေလည်း သိပ်မတွေ့ဘူး။ တချို့သိမ်တွေက လူတည်းတဲ့ တည်းခိုခန်းတွေလည်း ဖြစ်နေတာ တွေ့တယ်။ သိပ်နှမြော စရာ ကောင်းတယ်။ ဒါတွေက ရှေးဟောင်း လက်ရာတွေ။ သိမ်တွေက ရဟန္တာသိမ်တွေ ။ ရင်ပြင်တော်ဝင်း ကျယ်အောင် ဘယ်လို ပဲ ချဲ့ချဲ့ သိမ်တွေကိုတော့ သူ့မူလ အတိုင်း ထားသင့်တယ်လို့ ထင်တယ်နော်။ ကျနော်တို့ လူမျိုးတွေက ယဉ်ကျေးမှု ထိန်းသိမ်း တဲ့ နေရာမှာ အရမ်း အားနည်းတယ်လို့ ထင်တယ်။
မေး။ ။ ကရင်လူမျိုးတွေရဲ့ ယဉ်ကျေးမှု ဘယ်လို ထိန်းသိမ်းထားလဲ။ ကရင် စာပေ၊ ကရင် စကားတွေ အခုခေတ် လူငယ်တွေ တတ်ကြသေးလား။
ဖြေ။ ။ ဒါကလည်း ပြောရမယ်ဆိုရင် ကရင်တင် မဟုတ်ပါဘူး။ ဘယ်လူမျိုး၊ ဘယ်တိုင်းရင်းသားတွေကရော သူတို့ ယဉ်ကျေးမှုကို ထိန်းထားနိုင်လို့လဲ။ မွန်တွေလည်း ပျောက်ကုန်တာပဲ။ ကျနော်တို့လည်း အများကြီး ကြိုးစားရဦးမယ်။ ကရင်တွေက ဒီမှာအကုန် ပြန့်ကျဲနေတာ။ ဧရာဝတီ၊ ပဲခူး၊ ကရင်၊ မွန်နဲ့ တခြား နေရာတွေမှာလည်း ရှိသေးတယ်။ ဟိုးခေတ်က အစိုးရက ဒီနေရာကို မွန်ပြည် နယ် ဆိုပြီး ပေးတာကိုး။ ဒီလိုနဲ့ ကရင်တွေက ပျံ့နှံ့ကုန်ရော။
မေး။ ။ အခု အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရော အောင်မြင်နိုင်မယ် ထင်လား။
ဖြေ။ ။ ဒါကလည်း ပြောရတော့ ခက်တယ်။ အခုလည်း တို့ခေါင်းဆောင်တွေက လုပ်နေတာပဲ။ ဒါပေမယ့် စကားလုံးလေး တလုံး တောင် ဒီလောက် ပြောရဆိုရတာ ခက်နေတာ။ ကြာရင်လည်း ကြာသွားမယ့် သဘောပဲ။ တို့ အလုပ်ကတော့ အောက်ခြေမှာ နှစ် ဘက် နားလည်မှု မလွဲအောင်၊ ထိပ်တိုက် မတွေ့အောင် လုပ်ပေးဖို့ပဲ ရှိတယ်။ ။