မြန်မာနိုင်ငံ တဝန်းရှိ HIV ပိုးနှင့်နေထိုင်သူများ၊ AIDS ဝေဒနာ ခံစားနေရသူများ အတွက် လိုအပ်ချက်များ၊ ခံစားချက်များ၊ ရပိုင်ခွင့် များနှင့် ပတ်သက်ပြီး ဆွေးနွေးကြသည့် ညီလာခံတခုကို မြန်မာနိုင်ငံ အိတ်ချ်အိုင်ဗီနှင့် နေထိုင်သူများအသင်း(MPG)က ဦးဆောင် ၍ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ Excel Treasure Tower တွင် စက်တင်ဘာ နောက်ဆုံးပတ်က ကျင်းပခဲ့သည်။
ထို ညီလာခံ ပြုလုပ်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၈ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။
အိတ်ချ်အိုင်ဗီနှင့် နေထိုင်သူများကွန်ရက်၏ ၈ ကြိမ်မြောက် ညီလာခံတွင် အားသာချက်၊ အားနည်းချက်နှင့် လိုအပ်ချက်များ၊ ခံစားချက်များကို ဆွေးနွေးဖလှယ်ခဲ့ကြပြီး လိုအပ်ချက် ရှိနေသော ကျန်းမာရေး စောင့်ရှောက်မှုများ နှင့် ဆေးဝါးများ၊ ဝန်ဆောင်မှု လိုအပ် ချက်များကို တောင်းဆိုခဲ့ကြသည်။
MPG ကို ၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြည်နယ်နှင့်တိုင်းများရှိ ရည်ရွယ်ချက်တူညီသည့် အဖွဲ့များနှင့် ကွန်ရက်ချိတ်ဆက်၍ လုပ်ကိုင်ခဲ့သည်။ ယခုအခါ ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ ကိုယ့်အား ကိုယ် ကိုး အဖွဲ့ပေါင်း ၁၅၉ ဖွဲ့နှင့် အဖွဲ့ဝင်ပေါင်း ၉ ထောင်ကျော် နီးပါးရှိသည့် အဖွဲ့တခုလည်း ဖြစ်သည်။
အဆိုပါ ညီလာခံကို ဦးဆောင်ကျင်းပခဲ့သည့် MPG ၏ ဥက္ကဌ ဦးမျိုးသန့်အောင်အား ဧရာဝတီ အကြီးတန်း သတင်းထောက် မြတ်စုမွန် က လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ HIV/AIDS ကာကွယ်တားဆီးရေး ဆိုင်ရာ လုပ်ငန်းရပ်များနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ မြန်မာနိုင်ငံ အိတ်ချ်အိုင်ဗီနဲ့ နေထိုင်သူများ အသင်း(MPG)အကြောင်းလေးနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ကွန်ရက်တွေရဲ့ အခြေ အနေ ကို အရင်ပြောပြပေးပါ။
ဖြေ။ ။ MPG က မြန်မာနိုင်ငံမှာ HIV ပိုးနဲ့ နေထိုင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ့်အားကိုယ်ကိုး အဖွဲ့တွေနဲ့ ကွန်ရက်သဖွယ် ဖွဲ့စည်း ထားတဲ့ အသင်းတခုဖြစ်တယ်။ လက်ရှိကျနော်တို့ အသင်းအနေနဲ့ တနိုင်ငံလုံး ကိုယ့်အားကိုယ်ကိုး အဖွဲ့ပေါင်း ၁၅၉ ဖွဲ့ရှိပါတယ်။ အဖွဲ့ဝင်ပေါင်း အနေနဲ့ ၉ ထောင်လောက် ရှိပါတယ်။
ပုံမှန်အားဖြင့် တိုင်းနဲ့ပြည်နယ် အားလုံးမှာရှိတဲ့ အဖွဲ့ဝင်တိုင်း ၃ လတကြိမ် အစည်းအဝေး ပုံမှန်လုပ်တယ်။ နှစ်ပတ်လည် အစည်း အဝေးလုပ်တယ်။ ပြီးတော့မှ တနှစ်တကြိမ် ဒီလိုစုံညီပွဲလုပ်တယ်။ ကျနော်တို့ရဲ့ အသံတွေကို စုစည်းပြီး လွတ်လွတ် လပ်လပ် ပြော လို့ရမယ့် တွေ့ဆုံပွဲ ဖိုရမ်ကို နှစ်စဉ်ကျင်းပတယ်။ အခုလက်ရှိ MPG အနေနဲ့ ကိုယ်စားပြုမှုတွေလုပ်တယ်။ ကိုယ်စားပြုတယ်ဆိုတဲ့ နေရာမှာ နိုင်ငံတော်အဆင့်အနေနဲ့ ကျန်းမာရေး ဝန်ကြီး ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ မြန်မာ ကျန်းမာရေးကဏ္ဍ ညှိနိုင်းရေးကော် မတီမှာ ကျနော်တို့ ရောဂါပိုးရှိတဲ့လူတွေကိုယ်စား ၄ နေရာရထားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လာရင် နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်တွေ ဆုံးဖြတ်တယ်။ ရောဂါခံစားနေရတဲ့ လူတွေရဲ့ အသံနဲ့ အခက်အခဲတွေကို ဆုံးဖြတ်ချက်ဖို့အတွက် ကျနော်တို့မှာ ပြော ခွင့်ရှိတယ်။
အဲဒီကမှတဆင့် ကျနော်တို့က ပြည်ထောင်စု လွှတ်တော်ရဲ့ ကျန်းမာရေး မြှင့်တင်မှု ကော်တီနဲ့ လူထုအခြေပြု ကွန်ရက်တွေ ပူးပေါင်းပြီး “မြန်မာနိုင်ငံ လူထုအခြေပြုအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းကော်မတီ” မှာ တရားဝင် ပါဝင်ခွင့်ရ တယ်။ အဲဒီကော်မတီမှာ HIV ၊ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဥပဒေတွေ မူဝါဒတွေ ဖြစ်လာဖို့ စီစဉ်ဆောင် ရွက်တဲ့အပိုင်းမှာ ပါဝင်နေတယ်။ ဒါက နိုင်ငံတော် အဆင့်ပေါ့။ နည်းပညာ ပံ့ပိုးမှုဆိုင်ရာ အလုပ်အဖွဲ့တွေမှာလည်း အစီအစဉ် ရေးဆွဲတာ၊ ရန်ပုံငွေရှာတာ၊ မဟာဗျူဟာတွေဆွဲပြီး ဘယ်ဟာတွေ လုပ်သင့်တယ်၊ ဘယ်ဟာတွေ မလုပ်သင့်ဘူးဆိုတဲ့ ဆုံးဖြတ်ခွင့် အစီ အစဉ်တွေမှာလည်း ကျနော်တို့ ပါဝင်ခွင့်ရတယ်။
မေး။ ။ ဒီဖိုရမ်ကို စလုပ်ဖြစ်တဲ့ နှစ်နဲ့ စလုပ်ဖြစ်တဲ့ အကြောင်း၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီဖိုရမ်တွေကို စလုပ်ခဲ့တယ်ဆိုတာလေး ရှင်းပြပေးပါလား။
ဖြေ။ ။ ဒါကိုပြောမယ်ဆိုရင် နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေကိုပါ ထည့်ပြောဖို့လိုမယ်။ တချိန်တုန်းက HIV ဟာ မြန်မာနိုင်ငံ အနေနဲ့ အထိမခံ ဆတ်ဆတ်ထိ မခံတဲ့ အကြောင်းအရာပါ။ အစိုးရအနေနဲ့လည်း ထုတ်ပြန်တာတွေ၊ တရားဝင်ခွင့်ပြုတာတွေ ဘာမှကို မရှိဘူး။ ပွင့်လင်းမြင်သာမှုနဲ့ ပြောရေးဆိုခွင့်တွေ ဘာမှကို မရှိဘူး။ နောက်တချက်က မြန်မာပြည်မှာ လူမှုရေး အသင်းအဖွဲ့ဆိုတာ နှစ် ကာလရှည်များစွာ လူ ၅ ယောက်ထက်ပိုရင် ဖမ်းဆီးခွင့်တွေ ရှိတယ်ဆိုတဲ့ မူဝါဒတွေကြောင့်လည်း ဒီအလုပ်တွေ လုပ်ဖို့အတား အဆီးကြုံခဲ့တယ်။ အဲဒီတော့ ကျနော်တို့ ဒီဖိုရမ်ကို တခုခုပြောတော့မယ်ဆိုရင် အသံတွေ စုစည်းဖို့အတွက်၊ တညီတညာတည်းဖြစ်ဖို့အတွက်ဆိုရင် ကျနော်တို့လူတွေ တွေ့ဖို့လိုတယ်။ ဆုံဖို့လိုတယ်။ အဲလိုတွေ့ဆုံမှပဲ တောင်းဆိုတဲ့ နေရာတွေမှာ အဲဒီလူတွေ ပြောတဲ့ ဟာတွေကို မှတ်တမ်းမှတ်ရာတွေနဲ့ တိတိကျကျ တောင်းဆိုလို့ ရမယ်ဆိုတဲ့ အတွေးနဲ့ စပြီးလုပ်ဖြစ်တယ်။
နောက်တချက်က ကိုယ်စားပြု ပြောတယ်ဆိုတဲ့နေရာမှာ တချိန်တုန်းက HIV ပိုးရှိတဲ့လူတွေဟာ ရှေ့ထွက်ဖို့၊ ကိုယ့်ရဲ့ အခြေ အနေ ကို ပြောဖို့ဆိုတာ အင်မတန်မှကို ခက်ခဲပါတယ်။ အဲဒီအခြေအနေမှာ ကိုယ့်မှာ တကယ် HIV ပိုး ရှိနေပေမယ့် ကိုယ့်ရဲ့ ကိုယ်ရေး ကိုယ်တာ၊ ကိုယ့်ရဲ့ မိသားစု၊ လုံခြုံစိတ်ချရမှု အဲဒီဟာတွေကို မငဲ့ကွက်ဘဲနဲ့ ရှေ့ထွက်ပြီး ပြောလာတယ်၊ ဆိုလာတဲ့လူတွေ ရှိနေ တယ်ဆိုတာ ပြချင်တဲ့ ရည်ရွယ်ချက်ပါတယ်။ နောက်ပြီး ခွဲခြားမှု လျော့ကျဖို့အတွက် ဒီလူတွေက ပြောလို့ရတယ်ဆိုတာ၊ HIV ရှိတဲ့ လူတွေကြားထဲမှာ စိုးရိမ်စရာ မဟုတ်ဘူးဆိုတာ သိဖို့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်။
မေး။ ။ ဒီလိုဖိုရမ်မျိုး စလုပ်လာတာ အခုဆို ၈ နှစ်ရှိခဲ့ပြီဆိုတော့ လွန်ခဲ့တဲ့နှစ်တွေက သူတို့ရဲ့ ဆွေးနွေးလာမှုတွေ၊ အရှေ့ကို ထွက် လာတဲ့ အခြေအနေ အပြောင်းအလဲတွေ ဘာတွေများ ရှိလာလဲ။
ဖြေ။ ။ အရင်တုန်းကဆိုရင် ပါတယ်၊ ဒီပွဲကို လာတက်တယ်ဆိုရုံလောက်ပဲရှိတယ်။ အခုလို ပူးပေါင်းပါဝင်တာ၊ ဆွေးနွေးတာ၊ အကြံ ပေးတာ၊ မေးမြန်းတာတွေက ကျနော်တို့လူမျိုးရဲ့ အကြောက်တရားက အရိုးစွဲနေတဲ့အတွက် မေးမြန်းတတ်တယ် ဆိုတာ ဘာမှ မရှိဘူး။ ပြောရဲတဲ့ဟာ ဘာမှ မရှိဘူး။ အခုဒီလို ပွင့်လင်းလာတဲ့ အပြောင်းအလဲကာလ ၂၀၁၀ နောက်ပိုင်းမှာ ပြောလာတယ် ဆိုလာ တယ်။ အစိုးရအသစ် မတက်ခင်လေးကမှ စပြီး ပြောဆိုလာတာကို လေ့ကျင့်လာရင်း အခုဆို ၄နှစ် လောက်ပဲ ရှိသေးတယ်။ သူတို့ပူးပေါင်း ပါဝင်လာတာပေါ့။
ဆွေးနွေးမှု အပိုင်းတွေမှာဆိုရင် အရင်တုန်းက ကျနော်တို့ HIV ပိုးရှိသူအများစုဟာ တတ်သိနားလည်ပြီး ပါလာတဲ့လူက နည်း တယ်။ ပြီးတော့ နိုင်ငံရေး၊ စီးပွားရေး သူတို့ဘာမှ မသိဘူး။ မသိတော့ ပညာရပ်ဆိုင်ရာအရ၊ ကျန်းမာရေး ဆိုင်ရာ အရ၊ နိုင်ငံရေး ဆိုင်ရာအရ အသိပညာတွေကို ဒီဖိုရမ်တွေမှာ သူတို့ကို သတင်းအချက်အလက်တွေ ပေးတယ်။ ပညာရပ်ဆိုင်ရာ ဆရာကြီးတွေကို ဖိတ်ပြီးတော့ သူတို့ကို စိတ်ဓာတ်တွေ ပြောင်းလဲအောင် ၃ နှစ်လောက် ထည့်ပေးရတယ်။
မေး။ ။ ဒီတော့ နှစ်တိုင်းမှာ ဖိုရမ်ပြီးသွားရင် တောင်းဆိုချက်တွေ၊ လိုအပ်ချက်တွေကို ထုတ်ပြန်တာမျိုးတွေရှိတယ်။ ဒီ ၈ နှစ်တာ အတွင်း ဖိုရမ်တွေလုပ်ပြီး တောင်းဆိုခဲ့တာတွေကိုရော အစိုးရက ဘယ်လောက်အထိ အလေးထားသလဲ၊ ဘယ်လောက် လိုက်လျော သလဲ။
ဖြေ။ ။ အဲဒီအချိန်တုန်းက ART ဆေးရဖို့ဆိုတာ အရမ်းခက်ခဲတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆေးလိုနေတဲ့လူတွေထဲမှာ ရနိုင် တဲ့လူက ၂၀ ရာခိုင်နှုန်းပဲ ရှိတယ်။ ၂၀၀၇ လောက်မှာ ကျနော်တို့ ဖိုရမ်မှာ စပြီးတောင်းဆိုခဲ့တဲ့ဟာက မြန်မာနိုင်ငံမှာ ဆေးလိုအပ်နေ တဲ့လူတွေရဲ့ ၇၀ ရာခိုင်နှုန်းကို ရရမယ်ဆိုပြီး တောင်းဆိုခဲ့တယ်။ အခုဆိုရင် အဲဒီရဲ့ အထောက်အထားတွေ ကြောင့် အစိုးရကိုရော၊ အလှူရှင်တွေကိုရော၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကိုရော ဒီလူတွေက တောင်းဆိုထားပါတယ် ဆိုတာ စလုပ်ခဲ့တာ။ အဲဒီအချိန် တုန်း က ပါဝင်ခွင့်ရဖို့နဲ့ ဆေးရဖို့ပဲ ကျနော်တို့ တောင်းဆိုနိုင်တာ။ ကျန်တဲ့ အခွင့်အရေးတို့၊ လုပ်ပိုင်ခွင့်ရရေးတို့၊ ဝန်ဆောင်မှု ကိစ္စတို့မှာ မလုပ်နိုင်ခဲ့ဘူး။ အခုဆိုရင် ရန်ပုံငွေနဲ့ ပတ်သက်တာတွေ ၊ နိုင်ငံတော်ရဲ့ ဘတ်ဂျက်တိုးမြှင့်လာဖို့တွေ၊ ဥပဒေရေးရာတွေ၊ မူဝါဒ တွေ ပြောင်းလဲလာဖို့အထိ ကျနော်တို့တွေ ၂၀၁၀ နောက်ပိုင်းမှာမှ တောင်းဆိုလာတာ။
မေး။ ။ သူတို့မှာရော ဒါတွေကို ဖြည့်ဆည်းပေးဖို့ ဘယ်လို အခက်အခဲတွေ ရှိနေသလဲ။
ဖြေ။ ။ ကျနော်တို့ တောင်းဆိုတာ ၂ ပိုင်းပေါ့။ ကျနော်တို့က ဖြစ်ချင်တဲ့ဟာ၊ လိုနေတဲ့ဟာကို တောင်းဆိုတယ်။ ဒါပေမယ့် ကမ္ဘာကြီး က အခြေအနေ မပေးဘူး၊ အစိုးရကလည်း ကတိကဝတ် မရှိဘူးဆိုရင် ကျနော်တို့ တောင်းဆိုချက်က ဘယ်တော့မှ ပြည့်လာမှာမဟုတ်ဘူး။ အခုဆိုရင် ကျနော်တို့ ဆေးရရှိမှု အပိုင်းမှာ တောင်းဆိုချက်ထက် ရာနှုန်းကျော်သွားပြီ။ ဆေးဝါး လိုအပ်နေသူတွေရဲ့ ၇၀ ရာခိုင်နှုန်း ဆေးရရှိရေးကို ကျနော်တို့ တောင်းခဲ့တယ်။ ဒါပေမယ့် အခု ဆေးလိုနေတဲ့ သူတွေရဲ့ ၈၅ ရာခိုင်နှုန်းအထိ ပေးဖို့အတွက် ကျနော်တို့နိုင်ငံမှာ အဆင်သင့်ဖြစ်နေပြီ။ ဒါက စောစောက ပြောသလို နိုင်ငံ ခေါင်းဆောင် တွေရဲ့ ကတိကဝတ်ပြုမှု၊ ပြောင်းလဲ လာတဲ့ နိုင်ငံရေး အပေါ်မှာ မြန်မာပြည်ကို ကမ္ဘာကြီးရဲ့ ကူညီပံ့ပိုးမှုတွေကြောင့် ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်လာတာ။
မေး။ ။ ဆေးဝါး လက်လှမ်းမီမှု အခြေအနေလည်း ပြောပြပေးပါဦး။ WHO က ချမှတ်ထားတဲ့ Guide line တွေလည်း တနှစ်ပြီး တနှစ် ပြောင်းလဲလာတာတွေရှိတော့ အဲဒါနဲ့ ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်လေးတွေ နည်းနည်း ပြောပြပေးပါ။
ဖြေ။ ။ Guide Line ကတော့ ၂ နှစ်တကြိမ် ထုတ်တယ်။ သူတို့က ဒီဟာကို တစိုက်မတ်မတ် နည်းပညာကူညီပေးဖို့အတွက် လုပ်နေ တာဆိုတော့ ၂ နှစ်တကြိမ် ပုံမှန် လုပ်နေတယ်။ တိုးတက်ပြောင်းလဲမှုက ဘာတွေရှိလဲ ဆိုတော့ အရင်တုန်းက ဆေးကုသမှုပိုင်းမှာ လမ်းညွှန်မှုဆိုရင် CD4 ၂၀၀ အောက်ကိုပဲ ပေးမယ်။ ၂၀၁၃ မတိုင်ခင်မှာကျတော့ ၃၅၀ အောက်ကို ဆေးပေးနိုင်တယ်ဆိုပြီးတော့ လမ်းညွှန်တယ်။ ၂၀၁၃ ဇွန်လက စပြီးတော့ အခုနောက်ပိုင်းမှာ ဆိုရင် ဆေးလိုအပ်နေတဲ့ ရောဂါပိုး ရှိသူတွေကို CD4 အကန့်အသတ် မရှိဘဲ (CD4 ၅၀၀ လောက်နဲ့လည်း) ဆေးပေးလို့ ရတယ်လို့ လမ်းညွှန်ချက် ပြောင်းလဲလာတယ်။
မေး။ ။ ဒါဆို CD4 ၂၀၀ အောက်ကျမှ ART ဆေး တိုက်လို့ရတယ် ဆိုတုန်းက လူဦးရေနဲ့ အခု ဆေးလိုတဲ့ လူတွေကို အကန့်အသတ် မရှိဘဲ ပေးလို့ရပြီဆိုတော့ ဆေးလိုအပ်တဲ့လူ ပိုတိုးလာမှာပေါ့။ အဲဒါဆို စောစောကပြောတဲ့ ဆေးလိုအပ်မှု လုံလောက်လာပြီ လို့ ပြောတာနဲ့ ပြန်ချိန်ထိုးရင် အခြေအနေ ဘယ်လိုရှိမလဲ။
ဖြေ။ ။ အဲဒီတုန်းက တွက်ထားတဲ့ ရာနှုန်းက CD4 ၂၀၀ အောက်နဲ့ ဆိုရင် လူဦးရေ ၇ သောင်းလောက်ရှိတယ်။ CD4 ၃၀၀ အောက် နဲ့ တွက်တော့ ဆေးလိုအပ်သူက ၁ သိန်း ၁သောင်းလောက်ရှိတယ်။ အခု ၃၅၀ အောက်နဲ့ တွက်ထားတာက ဆေးလိုအပ်သူရဲ့ ၈၅ ရာခိုင်နှုန်းရှိတယ်။ CD4 ၅၀၀ အောက်နဲ့ မဟုတ်ဘူး။
မေး။ ။ MPG စတင်လှုပ်ရှားလာပြီး ဒီလိုဖိုရမ်တွေကတဆင့် တောင်းဆိုမှုတွေ လုပ်လာတဲ့ နောက်ပိုင်းမှာ HIV ပိုးရှိသူတွေကို လူမှုပတ်ဝန်းကျင်က ခွဲခြားနှိမ်ချ ဆက်ဆံခံရမှုတွေမှာရော ဘယ်လို အပြောင်းအလဲရှိလာသလဲ။
ဖြေ။ ။ ကျနော်တို့ တောင်းဆိုနေတာမှာ ဆေးဝါးရတယ်ဆိုတာက တပိုင်း ခွဲခြားဆက်ဆံခံရတာက တပိုင်း။ ခွဲခြားဆက်ဆံ ခံနေရတဲ့ အဓိက အကြောင်းအရင်းက ရှက်တယ်၊ ကြောက်တယ်၊ မသိတာရယ် အဲဒီ ၃ ချက်ကြောင့်ပဲ။ ဆေးဝါးလက်လှမ်း မီမှုကြောင့် မှန်မှန် ကန်ကန် ကုသရင် ကျန်းမာတယ်၊ အသက်ရှင်တယ်၊ မသေတော့ဘူးဆိုတာ သိလာတယ်။ အဲလိုသိလာတော့ လူတွေက ကြောက် တာ နည်းနည်းလျော့လာတယ်။ ပြီးတော့ ဖွင့်ပြောမှုတွေ များလာတယ်။ ဒါကြောင့် ရှက်တာလျော့လာတယ်။ မသိတာအတွက်ကျတော့ ကျနော်တို့ ကိုယ်တိုင်က HIV ပိုးရှိနေရင် လူတွေကြားထဲမှာ ဘယ်လို နေထိုင်ရတယ်ဆိုတာတွေ ပိုပြောလာတယ်။ ဒါကြောင့် ခွဲခြား ဆက်ဆံမှုတွေ ကျလာတယ်။
မေး။ ။ အဲဒီလိုပြောနိုင်တာက သက်သေပြစရာ ရှိသလား။
ဖြေ။ ။ သက်သေပြစရာဆိုရင် ကျနော်တို့မှာ ခွဲခြားနှိမ်ချ ဆက်ဆံခံရတာတွေနဲ့ ပတ်သက်ပြီး အညွှန်းကိန်း အနေနဲ့ ၂၀၁၀ လောက် မှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ Report ထွက်ထားတယ်။ ဒါပေမယ့် အဲဒီ Report က ဘာဖြစ်သလဲ ဆိုရင် အချက်အလက်တွေက တရားဝင် ခွင့်ပြုချက်နဲ့ ကောက်ခဲ့ရတာ မဟုတ်ဘူး။ ဒီလို သုတေသန လုပ်တယ်ဆိုရင် လူနဲ့ လုပ်တဲ့ သုတေသန ဖြစ်တဲ့အတွက် လူ့ကျင့်ဝတ်ဆိုင်ရာ စောင့်ထိန်းရမယ့် အရာတွေရှိတယ်။ အဲဒီကျင့်ဝတ်တွေကို ဖြတ်ပြီး လုပ်ခဲ့ရတာမဟုတ်ဘူး။ ဒါကြောင့် အများပြည် သူကို ချပြခွင့်မရဘူး။ နောက်ပြီး နည်းပညာအရ ပြောမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ ဆေးသုတေသန ဦးစီးဌာနဆိုတာ ရှိတယ်။ အမေရိကန်တက္ကသိုလ်တွေ၊ အင်္ဂလန် တက္ကသိုလ်တွေက အသိအမှတ်ပြုထားတဲ့ သုတေသန ဌာန တခု ဖြစ်တယ်။ အဲဒီလို ဌာနတခုက နည်းပညာအရ ခွင့်ပြုထားတာ မဟုတ်တဲ့အတွက်ကြောင့် ကမ္ဘာကြီးကို ချပြတဲ့နေရာမှာ ဝေဖန်မှုတွေ ဘယ်လောက်မှန် တယ်၊ ဘယ်သူတွေက ဘယ်လိုကောက်ထားတာတွေ ဆိုတဲ့အချက်တွေ ကြောင့် အခုချိန်ထိ သုံးလို့မရဘဲ ကန့်သတ်အနေနဲ့ ဖြစ် နေတယ်။
မေး။ ။ ဒါဆို အဖွဲ့အစည်းတွေ ကြားထဲမှာရော ကန့်သတ်အနေနဲ့ ဝေငှတာတွေ ရှိသလား။
ဖြေ။ ။ ရှိတယ်။ ဒီအချက်အလက်တွေကို UN အဖွဲ့တွေ၊ INGO တွေကို ပို့တယ်။ ဒီဟာကလည်း အဓိက UNAIDS က တကမ္ဘာလုံး အတိုင်းအတာနဲ့ လုပ်တာ။ ကျနော်တို့နိုင်ငံမှာ အဲဒီအချိန်တုန်းကလည်း သုတေသန လုပ်ငန်းကိုလုပ်တဲ့ အဖွဲ့အစည်း ဆိုပြီးတော့ မရှိနေဘူး။ ရှိတာကလည်း MMRD ဆိုပြီး ဈေးကွက်နဲ့ လူမှုရေးဆိုင်ရာတွေကို လုပ်တဲ့ အဖွဲ့တခုရှိတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး HIV နဲ့ ပတ်သက်ပြီးတော့ လုပ်နေတဲ့ အဖွဲ့အစည်း မရှိဘူး။ အဲဒီမှာလည်း အဲဒီအဖွဲ့နဲ့ တွဲလုပ်တဲ့ အတွက် HIV နယ်ပယ်က မဟုတ် တဲ့ အတွက် ကျနော်တို့မှာ ဝေဖန်မှုတွေ၊ လုပ်ငန်းလုပ်ရတဲ့အခါ ကျန်းမာရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာ အားနည်းချက်တွေ ကြုံခဲ့ရတယ်။
မေး။ ။ နိုင်ငံတနိုင်ငံမှာ ဒီလိုကိစ္စမျိုးတွေကို သုတေသနလုပ်ရမယ့် ဟာမျိုးက အရေးကြီးကိစ္စဖြစ်နေတော့ မြန်မာနိုင်ငံမှာ HIV နဲ့ ပတ်သက်တဲ့ သုတေသန လုပ်ငန်းတွေရဲ့ အခြေအနေက ဘယ်လိုရှိနေသလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် HIV တင်မကဘူး။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အခုကြုံနေရတဲ့ဟာ။ ကျန်းမာရေး၊ လူမှုရေး ဆိုတဲ့ ကိစ္စတွေမှာ သုတေသန မရှိဘူး။ သုတေသနဟာ ဘယ်လိုအရေးကြီးတယ်၊ ဘာကြောင့် အရေးပါတယ်ဆိုတဲ့ အတွေးအခေါ်ကို မမိသေးဘူး။ နိုင်ငံရဲ့ အခြေအနေနဲ့ ပြန်တိုင်းတာကြည့်မယ်ဆိုရင် တိုးတက်မှုတခု၊ ပြောင်းလဲမှု တခုအတွက် ဆိုရင် သုတေသန မလုပ်ဘဲ ဘယ်လိုမှ ဆက်လုပ်လို့မရဘူး။ လုပ်ရင်လည်း မှန်ကန်တိကျတဲ့ ပြောင်းလဲမှုတခု မဖြစ်နိုင်ဘူး။ ကျနော်တို့နိုင်ငံမှာ ဆေး သုတေသနအနေနဲ့ စမ်းသပ်တီထွင်ပြီး လုပ်ရတဲ့ သုတေသနတွေ မရှိဘူး။ လူနဲ့ အခြေခံပြီး လုပ်ရတဲ့ သုတေသနတွေပဲ ရှိတယ်။ တိုးတက်လာမှု အပိုင်းတွေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ဘာမှ မလုပ်နိုင်ဘူး။ အဲဒါက အားနည်းချက်တခု။
နောက်ပြီး စီးပွားရေးနဲ့ မြန်မာပြည်ရဲ့ လူမှုဘဝတွေကို လုပ်တဲ့ သုတေသနဆိုရင်လည်း တရားဝင်လုပ်ခွင့်ရတဲ့ အဖွဲ့အစည်း ဆိုတာ MMRD တခုပဲရှိတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့အခါမှ သုတေသန လုပ်ငန်းကို တစိုက်မတ်မတ် လုပ်နေတဲ့ အဖွဲ့အစည်း ဆိုလို့ ၅ ဖွဲ့၊ ၆ ဖွဲ့လောက်ပဲရှိတယ်။ နိုင်ငံအပြောင်းအလဲအတွက် အထောက်အပံ့တွေဆိုတာ ဒီသုတေသန လုပ်ငန်းတွေကပဲ ရတာ။ အဲဒါကြောင့် ကျနော်တို့က အဲဒီအချိန်ကတည်းက သုတေသန လုပ်ငန်းတွေ လိုအပ်တယ် ဆိုပြီး လုပ်ချင်တယ်။ လုပ်ချင်တာက ၂၀၀၇၊ ၂၀၀၈ လောက်ကတည်းက လုပ်ချင်တာ။ ဒါပေမယ့် အခွင့်အလမ်းက ၂၀၀၉ လောက်မှ စရတယ်။ အဲဒီလောက် ကတည်း က HIV နယ်ပယ်မှာ တောက်လျှောက် သုတေသန လုပ်လာခဲ့တယ်။ သုတေသနလုပ်ငန်း လုပ်ထားတာ ၅ ခုရှိနေပြီ။ နှစ်တိုင်းနီးပါး လုပ်ဖြစ်တယ်။ တချို့က တနှစ်ထဲမှာ ၂ ခု လုပ်ခဲ့တာလည်း ရှိတယ်။
မေး။ ။ ဆေးဝါးတွေဟာ အရင်တုန်းက ဈေးနှုန်းကျလာတာတွေရှိတယ်လို့ ပြောတယ်။ ဆေးဝါးတွေ ဒီထက်လက်လှမ်း မီလာဖို့အတွက် ဆေးဝါးမူပိုင်ခွင့် ဥပဒေတွေက ဘယ်လောက်အရေးကြီးသလဲ။ ၂၀၂၁ မတိုင်ခင်အထိ မြန်မာနိုင်ငံဟာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး လွတ်လပ်ခွင့်ရသေးတယ်။ အခုလွှတ်တော်မှာ မူပိုင်ခွင့် ဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့တွေ ရှိတယ်ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လို ဝိုင်းဝန်း အကြံပေးဖို့ရှိသလဲ။
ဖြေ။ ။ လက်ရှိမှာ မူပိုင်ခွင့် ဥပဒေကို သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနက ရေးဆွဲနေတယ်။ UMFCCI က ပံ့ပိုးနေတယ်။ အရင်တုန်းက ဒါကြီးက ဘာမှန်းမသိဘူး။ ကျနော်တို့ ၂၀၁၁ မှာ ကျန်းမာရေး ဦးစီးဌာန၊ National AIDS Program၊ အစားအသောက်နဲ့ ဆေးဝါးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ UN နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ မူပိုင်ခွင့် ဖြေ လျှော့ရေးနဲ့ ပတ်သက်တဲ့ အာရှ ပစိဖိတ်ဒေသဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တခု တက်ရတယ်။ အဲဒီအချိန်မှာ ကိုယ်စားပြု တက်ရတဲ့ အဖွဲ့က ကိုယ့်နိုင်ငံ ပြန်ရောက်ရင် ဘာလုပ်မယ်ဆိုတဲ့ Work Plan ဆွဲရတယ်။ အဲဒီမှာ ပေးခဲ့တဲ့ ကတိကဝတ်တွေအတိုင်း ပြန် ရောက်တဲ့အခါ Working Group ဖွဲ့တယ်။ သွားခဲ့တဲ့ ၇ ယောက်တည်းနဲ့ မရဘူး။ ဒါကြောင့် သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနဟာ မူပိုင်ခွင့် ရေးဆွဲရေးမှာ တာဝန်ရှိတဲ့ ဌာနဖြစ်လို့ သူပါအောင် ထည့်ရတယ်။ နောက်ပြီးတော့ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဆက်စပ်တဲ့ ကိစ္စဖြစ်တဲ့ အတွက် ကုန်သွယ်ရေး ဝန်ကြီးဌာန ပါတယ်။ သတင်းနှင့် ပြန်ကြားရေး ပါတယ်။ ဝန်ကြီးဌာန ၇ ခုလောက်အထိ ဖိတ်ပြီး လုပ်တယ်။
ပြီးတော့ UNDP ပါလာတယ်။ WHO၊ UNICEF ပါတယ်။ စုစုပေါင်း ၁၄ ယောက်နဲ့ ဖွဲ့ထားတယ်။ အဲဒီအဖွဲ့ကနေပြီးတော့ လူတွေသိလာအောင် ပြောခွင့်တွေ ရလာတယ်။ ၂၀၁၂ မှာ အဲဒီအဖွဲ့ ဖွဲ့တယ်။ ဒီ ၂ နှစ်တာကာလမှာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး အစည်းအဝေးတွေ လုပ်တယ်။ လွှတ်တော်အမတ်တွေကို ဒီဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်ကို ရောက်လာရင် သတိထား၊ အလေး ထားပြီး ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆေးဝါးလက်လှမ်းမီမှု ဖြစ်အောင်အတွက် အသိပေးတာ လုပ်နိုင်တယ်။ ဝန်ကြီးဌာနကို ဒီ အဖွဲ့အနေနဲ့ စာပို့တာ ၂ ကြိမ်ရှိပြီ။ ကျနော်တို့ ဝိုင်းတွန်းနေပါတယ်။ စပြောလို့ရတာက ဝန်ကြီးဌာနကို မူပိုင်ခွင့် ဥပဒေမူကြမ်းကို တရားဝင် ထုတ်ပြဖို့ စတောင်းတယ်။ ကျနော်တို့ကို တရားဝင် မူကြမ်း အဆင့် ၉ ကို ပြတယ်။ မြန်မာဘာသာနဲ့ ရေးထားတာပေါ့။ ဒါပေမယ့် အဲဒီအချိန်မှာ ဝန်ကြီးဌာန အနေနဲ့ ပြီးနေတာက မူကြမ်း အဆင့် ၁၁ ဆင့် ရှိပြီ။ ဝန်ကြီးဌာန အနေနဲ့ ကျနော်တို့ကို ၂ ဆင့် ဝှက်ထားတယ်။
မေး။ ။ ဆေးယဉ်ပါးမှုနဲ့ Second Line ဖြစ်တဲ့လူတွေရဲ့ အခြေအနေလည်း ပြောပြပေးပါ။
ဖြေ။ ။ ဆေးရတဲ့လူ များလာလေ၊ Second Line ဖြစ်နိုင်ခြေ များလာလေပဲ။ ဆေးသောက်တဲ့လူ နည်းရင် Second Line ဖြစ်လာ မယ့် လူ အရေအတွက် နည်းမယ်။ Second Line အတွက် ဆေးတွက်ချက်တဲ့ နေရာမှာ အရန်အနေနဲ့ ARV ဆေးသောက်နေတဲ့ လူရဲ့ ၁၀ ရာခိုင်နှုန်းကို တွက်ရတယ်။ ဒါမှ နောက် ၅ နှစ်၊ ၁၀ နှစ် ကြာတဲ့အချိန်မှာ အဲဒီလူတွေအတွက် ဆေးရှိနေမှာ။ ဒါက ခန့်မှန်း တွက်ချက်တဲ့နေရာမှာ မူအနေနဲ့ ရှိတာ။ အခု ကျနော်တို့နိုင်ငံမှာ Second Line အတွက်ဆိုပြီး ARV ရနေသူတွေပမာဏရဲ့ ၈ ရာခိုင်နှုန်းအထိ တွက်ထားပြီးသား။ ဒီတော့ Second Line ဆေးတွေလည်း ရှိနေပြီ။ ဒါပေမယ့် လူ ၁၀၀ မှာ လူ ၈ ယောက်က ဆေးယဉ်ပါးမှု မဖြစ်ဘူး။
မေး။ ။ ဒီဖိုရမ်မှာ ဆွေးနွေးသွားတဲ့ အထဲမှာ အစိုးရဘက်က ဒီလုပ်ငန်းဆောင်တာတွေ လုပ်ဖို့ရာ အားနည်းချက်၊ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြောတယ်။ ဆိုတော့ သူတို့မှာ ဘာအားနည်းချက်တွေရှိနေလဲ၊ ဘာတွေပြင်ဖို့ လိုနေလဲ။
ဖြေ။ ။ ကျန်းမာရေး စနစ်တွေ အားကောင်းလာဖို့ လိုတယ်။ အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ ဆေးရုံ၊ ဆေးခန်း၊ ဆေးဝါးနဲ့ ပတ်သက်တဲ့ စက်ကိရိယာတို့၊ ဝန်ထမ်း အရေအတွက်တို့ ဒါတွေကို ဖြည့်ဖို့ လိုနေတယ်။ ဒါတွေ လုံးဝ အားနည်းနေတယ်။ အဲဒီအတွက် Global Fund ရဲ့ ရန်ပုံငွေတွေရတယ်။ နိုင်ငံတနိုင်ငံမှာ စနစ်တွေ အားကောင်းလာအောင်လုပ်ဖို့ ဆိုရင် ဟန်ချက်ညီညီ လုပ်ဖို့လိုတယ်။ ကျန်းမာရေးစနစ်ကို အားကောင်းနေအောင်လုပ်ရုံနဲ့ မရဘူး။ ကျန်းမာရေး စနစ် အားကောင်းနေပေမယ့် လူထုရဲ့ စနစ် အားနည်းနေရင် ကျန်းမာရေး ဝန်ဆောင်မှုကို လူတွေ လက်လှမ်း မမီဘူး။ အခု ကျနော်တို့ လူထု စနစ်အားကောင်းလာအောင် လုပ် တယ်။ ကျန်းမာရေး စနစ်ကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနထဲမှာ ရန်ပုံငွေတွေကို အခုစပြီး မြှင့်နေပြီ။ ဒါပေမယ့် လိုအပ်ချက်က ဘာလဲဆိုရင် လူထုနဲ့ အတူတူသွားရမှာ။ ကျန်းမာရေး ဌာနဘက်ကလည်း ကျန်းမာရေး စနစ်ကို မြှင့်နေတယ်။ လူထုအခြေပြု အဖွဲ့တွေကလည်း လူထု စနစ်ကို မြှင့်နေတယ်။ အဲဒီ နှစ်ခုကို ပေါင်းစပ်မယ့်ဟာ လိုနေတယ်။ တကမ္ဘာလုံးမှာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဒီစနစ် တွေကို မြှင့်မယ်ဆိုရင် ကျန်းမာရေး ရော၊ လူထုရော တပြိုင်တည်း လုပ်ရတယ်။ ကျနော်တို့ နိုင်ငံမှာ လုပ်တော့ လုပ်နေပြီ။ ဒါပေမယ့် မတွဲမိသေးဘူး။
မေး။ ။ အဲဒီလို ပူးပေါင်းလုပ်နိုင်ဖို့အတွက် ဘယ်လိုအကြံပြုချင်တာမျိုးရှိလဲ။
ဖြေ။ ။ အကြံပေးချင်တာတော့ အဲလို တွဲလုပ်နိုင်တာမျိုး ပေါ်လာဖို့အတွက် အသိပညာ ပေးစည်းရုံးတဲ့ ဟာတွေလုပ်ဖို့လိုမယ်။ နောက် အလှူရှင်တွေကလည်း ဒီလိုလုပ်နိုင်အောင် နည်းပညာနဲ့ရန်ပုံငွေတွေ ပံ့ပိုးမှုလိုမယ်။ အဲဒီနှစ်ခုကို ပံ့ပိုးဖို့ စိတ်ဝင်စားမယ့် အလှူရှင်မျိုး ရလာရင်တော့ ကျန်းမာရေးနဲ့ လူထုစနစ် အားကောင်းလာအောင် လုပ်ဖို့က ပိုပြီး မြိုင်ဆိုင် လာမယ်။
မေး။ ။ MPG နဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ကွန်ရက်ပေါင်း ၁၆၀ လောက်ရဲ့ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ အခြေအနေတွေကရော ဘယ် လိုရှိသလဲ။ အစိုးရသစ် တက်လာပြီးတဲ့ နောက်ပိုင်းမှာ လုပ်ရတာ ပိုပြီး ပွင့်ပွင့်လင်းလင်းလုပ်နိုင်ပြီး အားကောင်းလာသလား။ ဒါမှမဟုတ် အရင် အစိုးရလက်ထက်က အတိုင်းပဲလား ဆိုတာလေးပြောပြပေးပါဦး။
ဖြေ။ ။ ဒီဟာက အစိုးရအနေနဲ့ ပြောမယ်ဆိုရင် Global Fund က ရန်ပုံငွေ ပေးကတည်းက ငြင်းတယ်။ အဓိကတော့ အစိုးရ အနေ နဲ့ ဒီလူထု အခြေပြုအဖွဲ့တွေနဲ့ ပတ်သက်ပြီး တာဝန် မခံချင်ဘူး။ Global Fund က တောင်းတဲ့ အချိန်မှာ နိုင်ငံ တနိုင်ငံမှာ အစိုးရရဲ့ ကျန်းမာရေး ဝန်ကြီးဌာနကို အခြေခံပြီးမှ ပေးတာ။ အစိုးရက ငြင်းပေမယ့် ကျနော်တို့နိုင်ငံမှာ လိုနေ တယ်။ ကျနော်တို့က ဘယ်လို လုပ်မယ်၊ ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာတွေကို Global Fund ဘက်က လူတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ၊ ဆွေးနွေးတာတွေ လုပ်ပြီး၊ အစီအစဉ်တွေ၊ ရန်ပုံငွေတွေ တခါတည်း တွက်ကြတယ်။ အဲဒီတော့ အစိုးရဘက်က ဘယ်လိုမှ ငြင်းလို့မရတော့ ဘဲ လက်ခံလိုက်ရတယ်။
မေး။ ။ ဒါမျိုးက ဗဟိုအဆင့်တွေမှာတော့ဟုတ်တယ်။ ဒါပေမယ့် တချို့နယ်ဘက်က အဖွဲ့အစည်းတွေမှာ ကျတော့ အစိုးရ ဆေးရုံတွေက ဖြစ်စေ၊ National AIDS Program က ဝန်ထမ်းတွေကဖြစ်စေ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းချိတ်ဆက် တာမျိုးမရှိဘူးလို့ ပြောတယ်။ လုပ်နေရတဲ့ ပုံစံတွေက အရင်ကအတိုင်းပဲလား။ ပြောင်းလဲလာလား။
ဖြေ။ ။ ခြုံငုံပြောရမယ်ဆိုရင် အခု Global Fund ရဲ့ ရန်ပုံငွေနဲ့ ကျနော်တို့ အခု နယ်ရုံးခွဲ ၉ရုံး စဖွင့်တယ်။ စဖွင့်တယ်ဆိုရင် ကျနော် တို့က အပြင်မှာ သွားမဖွင့်ဘူး။ အစိုးရဆေးရုံတွေကို ကူတဲ့အလုပ်က စလုပ်တယ်။ ဒီဟာက အစိုးရ ခွင့်ပြုချက် မရဘဲနဲ့ သွားလုပ်လို့မရဘူး။ အဲလိုစလုပ်တာကလည်း ကမ္ဘာကြီးရဲ့ အကူအညီကလည်း တဖြည်းဖြည်း လျော့လာမယ်။ နိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်လာပြီဆိုတော့ လုပ်ရမယ့်ဟာ၊ ပြည်သူကို တာဝန်ယူရမှာက အစိုးရပဲဖြစ်တယ်။ ဆိုတော့ အစိုးရမှာ အဲဒီအခြေအနေတွေ၊ အခက်အခဲ တွေ ရှိနေသေးတယ်။ ကျနော်တို့ လူထု အခြေပြု အဖွဲ့အစည်းတွေနဲ့ နောင် ၅ နှစ် ၁၀ နှစ်ကျရင် ကြုံလာမယ့်ဟာတွေကို အခု ကတည်း က အတူလုပ်တဲ့ဟာကို စလုပ်တယ်။ စီမံကိန်းအရဆိုရင် ကျနော်တို့ နေရာ ၂၀ အထိ တိုးချဲ့ ဖွင့်သွားဖို့ရှိတယ်။ အခုဆိုရင် ဧရိယာ ၅ ခုမှာ ရုံး ၉ရုံးဖွင့်ထားတယ်။ အဓိက ဆေးရုံက AIDS လူနာတွေကို အဓိက ပံ့ပိုးပေးတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ HIV ပိုးရှိသူတွေအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေ လုံလောက်မှု အခြေအနေတွေ ကရော တနိုင်ငံလုံး အနေအထားနဲ့ ဆိုရင် ဘယ်လိုရှိနေတာကို တွေ့ရသလဲ။
ဖြေ။ ။ တိုးလာတယ်။ တိုးလာတယ်ဆိုရင် ကျနော်တို့ အဓိကတောင်းတဲ့ ဆေးက ကမ္ဘာကြီးဆီက တောင်းတာ။ အစိုးရ ကလည်း သိ အောင်၊ ကမ္ဘာကြီးကလည်း သိအောင်တောင်းခဲ့တယ်။ ကိုယ့်နိုင်ငံထဲမှာ ကျနော်တို့က CD4 စက်တွေကို လွှတ်တော်ကိုယ်စားလှယ် တွေကတဆင့် တောင်းခဲ့တယ်။ အစိုးရက အခု နိုင်ငံတော် စီမံချက်နဲ့ ၄၇ လုံး ဝယ်ပေးတယ်။ အားလုံးလွှမ်းခြုံနိုင်မှု မရှိသေးဘူး။ အခုလို လက်လှမ်းမီလာတယ် ဆိုပေမယ့် ပိုးကောင်ရေ စစ်တဲ့ စက်လိုအပ်လာပြန်တယ်။ Second Line နဲ့ ပိုးကောင်ရေ ဆက်စပ် နေတဲ့ စက်က ဆက်စပ်နေတယ်။ ဒီတော့ ကျနော်တို့မှာ အစိုးရကို တွန်းလို့ တခါမှ မပြီးနိုင်ဘူး။ ဆေးလက်လှမ်းမှီလာပြီဆိုရင် ဆေး ယဉ်ပါးတာတွေ ပေါ်လာမယ်။ ဆေးယဉ်ပါးလာပြီးဆိုရင် ပိုးကောင်ရေ စစ်ဖို့လိုလာတယ်။ အထောက်အကူပစ္စည်းတွေက နိုင်ငံတော် ဘက်က လိုအပ်လာတယ်။ ဒါပေမယ့် HIV နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကိုကိုင်တွယ်ရတာ ကျားမြီး ထက် ဆိုးတယ်။ မဆုံးနိုင်တော့ဘူး။
မေး။ ။ MPG လုပ်နေတဲ့ အထဲက တခုဖြစ်တဲ့ ပဋိပက္ခ ဒေသတွေက HIV ပိုးရှိနေတဲ့လူတွေအတွက်ရော ဘယ်လို ကိုင်တွယ်နေ သလဲ။
ဖြေ။ ။ ပဋိပက္ခ ဒေသတွေဆိုရင်တော့ အထူးသဖြင့် ရခိုင်ဒေသပေါ့။ ရခိုင်မှာ လူပေါင်း ၈၀၀ ကျော်လောက်ရှိတယ်။ ၈၀၀ ကျော်လောက် ကို အခု ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ယူပြီး ဆေးဝါးမပြတ်လပ်ရေးကို ကိုင်တွယ်ပြီးလုပ်ပေးနေတယ်။ လောလော ဆယ်တော့ ဘာပြဿနာမှ မရှိဘူး။ ကချင်မှာတော့ ခက်ခက်ခဲခဲ အဲလောက်မရှိဘူး။ ဒါပေမယ့်လည်း အစိုးရ အနေနဲ့ လုပ်ပေးနေ တာ မရှိဘူး။ ကချင်မှာက MSF(ဟော်လန်)က ဒုက္ခသည် စခန်းတွေမှာ ဝန်ဆောင်မှုတွေ ပေးနေတယ်။ ဒါပေမယ့် HIV လို့ ခေါင်းစဉ် တပ်ပြီးတော့ ပေးတာတော့ မဟုတ်ဘူး။ ဆင်းရဲနွမ်းပါးမှုနဲ့ ခေါင်းစဉ်တပ်ပြီးတော့ ဝန်ဆောင်မှု ပေးနေတယ်။ မိတ္ထီလာမှာတော့ နဂို ကတည်းက ART လွှမ်းခြုံနိုင်မှု ရှိပြီးသားဆိုတော့ ပြဿနာ မရှိဘူး။
မေး။ ။ နောက်ဆုံးတခုက မြန်မာပြည်ရဲ့ HIV/AIDS ကာကွယ်တားဆီးရေးကိစ္စမှာ MPG ရဲ့ မျှော်မှန်းချက်နဲ့ HIV ဆိုင်ရာ တုံ့ပြန်မှုတွေ လုပ်နေတဲ့ နယ်ပယ်တခုလုံးရဲ့ မျှော်မှန်းချက်က ဘယ်ကိုသွားနေသလဲ။
ဖြေ။ ။ နောက် ၃ နှစ်အတွင်း ရှေ့ဆက်သွားမယ့် မဟာဗျူဟာက ဒီမိုကရေစီ နိုင်ငံဖြစ်လာရင် လူ့အခွင့်အရေး အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရှိကိုရှိရမယ်။ အခု ကျနော်တို့ HIV ပိုးရှိနေတဲ့လူတွေရဲ့ အခွင့်အရေးတွေ၊ အထောက်အပံ့တွေ အတွက် အစီ အစဉ် တွေ ရေးဆွဲနေတယ်။ ဒါတွေဖြစ်လာရင်တော့ ဒီလူတွေရဲ့ လူမှုဘဝကလည်း ပုံမှန်ဘဝတွေ ဖြစ်လာနိုင်မယ်။ ။