လတ်တလော အပစ်ခတ်ရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ နောက်ကြောင်း ပြန်လှည့်မှုတွေကြောင့် စိုးရိမ်စရာ အခြေအနေတွေ ကြုံနေရသလို တိုင်းရင်းသား တဖွဲ့ချင်းစီမှာလည်း အကွဲအပြဲ ပြဿနာတွေ ကြောင့် လူထု စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိပါတယ်။ ကော်သူလေး တပ်မတော်လို့ခေါ်တဲ့ ကရင်တပ်မတော်ကို ဖွဲ့စည်းလိုက်ပြီး စစ်ရေးဆိုင်ရာတင်းမာမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းကြီးတခုဖြစ်တဲ့ အရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကနေ ယာယီနှုတ်ထွက်ခဲ့တဲ့အထိ စည်းလုံးမှု ပြဿနာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
KNU ရဲ့ ရပ်တည်ချက်၊ ငြိမ်းချမ်းရေး လုပ်ဆောင်မှု၊ အခုဖွဲ့စည်းလိုက်တဲ့ ကရင်တပ်မတော် အပေါ် သဘောထားတွေကို ဧရာဝတီ အကြီးတန်း သတင်းထောက် မေခ က KNU အထွေထွေအတွင်းရေးမှူး ဖဒို စောကွယ်ထူးဝင်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ ဖဒို စောကွယ်ထူးဝင်းဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိုနှိုင်းရေး အဖွဲ့ (NCCT) မှာလည်း အတွင်းရေးမှူး ဖြစ်ပါတယ်။
မေး။ ။ အခုနောက်ပိုင်း ကရင်တပ်မတော်ဆိုပြီး ဖွဲ့စည်းလိုက်တဲ့ ကော်သူလေးတပ်မတော်နဲ့ ပတ်သတ်ပြီး KNU အနေနဲ့ဘယ်လို သဘောထားရှိလဲဆိုတာ သိပါရစေ။
ဖြေ။ ။ တပ်မတော်ဖွဲ့တာကတော့ ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက်ကွန့်ဖရင့်မှာ ကရင့်တပ်မတော်တွေ စည်းလုံး ညီညွှတ်ဖို့အတွက် ဆွေးနွေးခဲ့တာ ရှိပါတယ်။ အဲဒီကတည်းက ကျနော်တို့ ဆွေးနွေးခဲ့တာပါ။ သဘောထား ချမှတ်ပြီး လုပ်ဆောင်ဖို့ ကရင့်လက်နက်ကိုင်များ စည်းလုံးညီညွှတ်ရေး ကော်မတီဖွဲ့တယ်။ အဲဒီမှာ ကျနော်တို့ စစ်ဦးချုပ်က ဥက္ကဋ္ဌ အနေနဲ့လုပ်တယ်။ ကရင့်တပ်မတော်တွေက သက်ဆိုင်ရာပုဂ္ဂိုလ်တွေပါတယ်။
အုပ်ချုပ်ရေးမှူးတွေ အဖွဲ့ခေါင်းဆောင်တွေခေါ်ပြီး လက်နက်ကိုင် အဖွဲ့တွေကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ လုပ်ဆောင်မှုတွေ ချမှတ်တယ်။ ပြဿနာဖြစ်ရင်လည်း ဘယ်လိုဖြေရှင်းမလဲ။ မူးယစ်ဆေးကို ဘယ်လိုပပျောက်အောင် လုပ်မလဲ၊ ဒါတွေလုပ်ဆောင်တယ်။ နောက် ကော်မတီကို ၃ လ တကြိမ်လုပ်ဖို့ လုပ်တယ်။ ပူးတွဲ ကော်မတီတွေ ဖွဲ့တယ်။ အဲမှာ BGF တို့ KNLA တို့လည်း ပါတယ်။ ဒီတော့ ကျနော်တို့ စည်းလုံးရေး လုပ်ဆောင်ဖို့ စိတ်ကူးထားတာ ရှိပြီးသားပါ။ ဒါပေမယ့် တပ်မတော်ဖွဲ့ဖို့ကျတော့ ဘယ်လိုပုံစံနဲ့ ဖွဲ့မလဲဆိုတာတွေ ရှိတယ်။ မူအရ ရှိပေမယ့် ဘယ်လိုသေချာ လုပ်မလဲ မသိသေးဘဲ တပ်မတော်ဖွဲ့ဖို့ကတော့ လိုပါသေးတယ်။
မေး။ ။ ဒါဆိုရင် လက်ရှိဖွဲ့စည်းလိုက်တဲ့အပေါ် ဘယ်လို သဘောထားပေးချင်ပါသလဲ။
ဖြေ။ ။ ဒါက ခုနပြောသလို ဘာမှတိတိကျကျ သဘောထား မရှိဘူး။ ညှိုနှိုင်းမှုမရှိဘဲ ဘယ်လိုပုံစံလုပ်မလဲ။ အဖွဲ့တွေက KNU ကနေ ခွဲထွက်ခဲ့တာတွေဆိုတော့ ပေါင်းစည်းဖို့ သေချာလုပ်ရမယ်။ ကျနော်တို့ဆီမှာလည်း ကျနော်တို့ တပ်မတော် KNLA (ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်) ရှိနေတယ် DKBA (ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော်)၊ BGF (နယ်ခြားစောင့်တပ်)၊ KNLA-PC (ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းကောင်စီ ) စတာတွေ ပြန်ပေါင်းရမယ်။ ဘယ်လိုပေါင်းမလဲ စဉ်းစားရမယ်။ အဲလိုတွေ မစဉ်းစားဘဲလုပ်တာကိုတော့ လက်မခံနိုင်ဘူး ပြောရမယ်။
မေး။ ။ ဆုံဆည်းမြိုင်မှာ ကော်သူလေး တပ်မတော်ကိစ္စ ဆွေးနွေးဖြစ်တာကရော ဘယ်လိုအဖြေတွေ ထွက်လာပြီလဲ။
ဖြေ။ ။ မှန်ပါတယ်။ ကျနော်တို့ဘက်က ကရင်လက်နက်ကိုင်များ အရေး၊ KNU နဲ့ DKBA ဆုံဆည်းမြိုင်မှာ ကော်သူလေးတပ် ဖွဲ့စည်းခြင်း အပါအဝင် ကရင်လက်နက်ကိုင် အဖွဲ့များ အရေးနဲ့ပတ်သက်ပြီး KNU နဲ့ DKBA ထိပ်သီးခေါင်း ဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလကုန်မှာလည်း ထပ်ဆွေးနွေးမှာပါ။ အခုချိန်အထိတော့ တိကျတဲ့အဖြေ မထွက်သေးပါဘူး။
မေး။ ။ အခုလက်ရှိ UNFC မှာ ပါဝင်ရေး မပါဝင်ရေးအတွက် ဘယ်လို စဉ်းစားထားတာ ရှိပါသလဲ။
ဖြေ။ ။ UNFC က ပါဝင်မှုက ခေတ္တ ယာယီရပ်ဆိုင်းတာပါ။ ပါဝင်ရေးကို ရပ်တယ်ဆိုတာကို ပါဝင်မှု မပါဝင်မှုနဲ့ ဆိုင်ပါတယ်။ ပါရင်လည်းဘယ်လို ပါဝင်မလဲ ဆိုတာကို ဒီအောက်တိုဘာလထဲမှာ ဗဟိုကော်မတီဝင် အစည်းအဝေးမှာ ကျနော်တို့ ဆက်ဆွေးနွေးမှာပါ။ ဆုံးဖြတ်မှာပါ။ ပါဝင်ရေး မပါရေးက သူတို့ လက်ရှိ ရပ်တည်မှု၊ ဖွဲ့စည်းပုံတွေကို ကျနော်တို့ သေချာဆွေးနွေး လုပ်ဆောင်မှာ ဖြစ်ပါတယ်။
မေး။ ။ UNFC ကနေ ထွက်လိုက်တာက ဘယ်လိုသဘောထား ကွဲလွဲမှုတွေကြောင့်ပါလဲ။ ဒီအတွက် KNU အဖွဲ့ထဲမှာပါ သဘောထား ကွဲလွဲသွားတယ် ဆိုတာကရော မှန်ပါသလား။
ဖြေ။ ။ သဘောထားကွဲလိုမှု မရှိဘူး။ မူလကတည်းက ကျနော်တို့ အဖွဲ့မှာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ KNI ဟာ အားလုံးသဘောထားနဲ့ ရပ်တည်တာဖြစ်တယ်။ ကျနော်တို့ အနေနဲ့ UNFC မှာပါဝင်ရေးမှာ ကျနော်တို့ ပါဝင်တဲ့အဖွဲ့ အစည်းတွေရဲ့ ဖွဲ့စည်းတဲ့ပုံသဏ္ဍာန်၊ ဖွဲ့စည်းပုံ အခြေခံမူအပေါ်မှာ အဖွဲ့အစည်း တခုအနေနဲ့ ပါဝင်မှုက KNU နဲ့ မကိုက်ညီလို့ ပြန်သုံးသပ်တဲ့သဘောထားပါ။
မေး။ ။ KNU က အစိုးရနဲ့နီးစပ်တဲ့ အဖွဲ့တခုဖြစ်လို့ လက်ရှိငြိမ်းချမ်းရေးလို့ ပြောတဲ့ အပစ်ခတ်ရပ်စဲရေးကို ဘယ်လိုလုပ်ဆောင်ဖို့ စိတ်ကူးထားပါသလဲ။
ဖြေ။ ။ ကျနော်တို့ KNU က တိုင်းရင်းသားတွေ ပါဝင်ဖွဲ့စည်းထားတဲ့ NCCT မှာ ပူးပေါင်းပါဝင်မယ်။ တပြည်လုံး အပစ်ခတ်ရပ်စဲဖို့ကို သီးခြားလုပ်ဖို့ စိတ်ကူးက မူလကတည်းက မရှိပါဘူး။
မေး။ ။ KNU အနေနဲ့ UNFC ကနေ ခွဲထွက်လိုက်တာက စည်းလုံးညီညွှတ်မှု ဆိုတာကို မေးခွန်းထုတ်လာကြတယ်။ ဒီအပေါ်မှာ ဘယ်လိုများ ပြောချင်ပါသလဲ။
ဖြေ။ ။ တိုင်းရင်းသားစည်းလုံးမှု မပြိုကွဲပါဘူး။ KNU ဘက်က တိုင်းရင်းသားတွေ ပိုစည်းလုံးနိုင်ဖို့ တင်ပြခဲ့တယ်။ ဆွေးနွေးခဲ့တယ်။ အပြိုကွဲလည်း မခံပါဘူး။ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ပြိုကွဲအောင်လည်း မလုပ်ဘူး။ KNU ကလည်း သီးခြားရပ်တည်လို့မရဘူး။ ရပ်တည်ဖို့လည်း စိတ်မကူးဘူး။
မေး။ ။ လက်ရှိတိုက်ပွဲတွေ ကရင်မြေအပေါ်မှာ ပြန်လည် ဖြစ်ပေါ်နေတဲ့အပေါ် ဘာများပြောချင်သလဲ။
ဖြေ။ ။ ဒါက သက်ဆိုင်ရာ အဖွဲ့တွေဘက်က အောက်ခြေရဲဘော်တွေကြား နားလည်မှုလွဲတာ၊ နောက် ခေတ်အဆက်ဆက် အစိုးရရဲ့လုပ်ဆောင်မှုနေတွေမှာက တဖွဲ့နဲ့တဖွဲ့ အမြင်မတူတာတွေရှိတယ်။ အောက်ခြေမှာ ဖြစ်နေတဲ့ကိစ္စကလည်း လက်ရှိ နယ်မြေသတ်မှတ်ချက် တိကျစွာ မရှိတာတွေကလည်း အခက်အခဲဖြစ်စေတယ်။ ခေတ်အဆက်ဆက် အစိုးရရဲ့ မှားယွင်းတဲ့လုပ်ဆောင်ချက်တွေကို အခုချိန်မှာ နားလည်ဖို့ ခက်တာတွေရှိနေဆဲပါ။
သေချာပြောနိုင်တာကတော့ အဖွဲ့အစည်းတခုချင်းစီက တိုက်ပွဲတခုကို မူအရချမှတ် လုပ်ဆောင်ပြီး တိုက်နေတာ မရှိဘူး။ ဒါက အောက်ခြေနားလည်မှု လွဲတာပဲဖြစ်တယ်။ အောက်ခြေမှာ လိုက်နာရမယ့်၊ ကျင့်ဝတ်တွေလည်း မရှိသေးဘူး။
မေး။ ။ ကရင်တမျိုးသားလုံးကို ကိုယ်စားပြုတယ်လို့ ပြောတဲ့ KNU ဘက်က အစိုးရနဲ့ တအားနီးစပ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး KNU ရဲ့ ရပ်တည်ချက်ကို တိတိကျကျ ပြောပေးနိုင်မလား။
ဖြေ။ ။ KNU ရဲ့ ရပ်တည်ချက်က ဘယ်လိုလဲလို့ပြောရရင် ကျနော်တို့ KNU က အစိုးရနဲ့ တခါမှအပစ်ခတ် ရပ်ခဲ့တာ တရားဝင် မရှိခဲ့ဘူး။ နှစ်ပေါင်း ၆၀ လောက် တိုက်ခဲ့ကြတယ်။
ကျနော်တို့တောင်းဆိုတာက အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးမှု လုပ်ဆောင်ရေး၊ နိုင်ငံရေးဆိုတာကို စစ်ရေးနဲ့ ဖြေရှင်းလို့ မရဘူး။ ဘယ်လောက်ပဲ တိုက်နိုင်ပါစေ အခြေခံပြ ဿနာတခုကို မရှင်းရင် အဆင်မပြေဘူး။ ကျနော်တို့ ၂၀၁၂ မှာ စပြီး အပစ်ခတ်ရပ်စဲခဲ့တယ်။ နောက် နိုင်ငံရေးဆွေနွေးပွဲဆီကို တက်ရောက်နိုင်ဖို့ လုပ်ဆောင်နေတယ်။
တဖွဲ့တိုင်းမှာ သူ့အမျိုးသား ရပ်တည်မှုဆိုတာ ရှိတယ်။ တဖွဲ့နဲ့တဖွဲ့က မတူညီနိုင်ဘူး။ အဖွဲ့အစည်းတိုင်းမှာ သူ့ ဆုံးဖြတ်ချက် ကိုယ်စီရှိတယ်။ တပြည်လုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ကို လုပ်ဆောင်နေတယ်။ ဒါက ကျနော်တို့ တဖွဲ့ချင်းစီက အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ တပြည်လုံးအတိုင်းအတာကို အပစ်ခတ်ရပ်စဲရေး လုပ်ဆောင်ရမယ် ဆိုတဲ့ အချက်ရှိတယ်။ အစိုးရနဲ့နီးစပ်တဲ့ အဖွဲ့ဆိုတာက ကျနော်တို့က တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်တာတွေ ရှိတယ်။ နောက် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ဖို့ ပူးပေါင်းဆောင်ရွက်တဲ့ သဘောအရ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာပဲ ဖြစ်တယ်။ သူတို့ဘက်က ပါဝင်အောင်လုပ်ဆောင်တာ ဖြစ်တယ်။ ရန်သူနဲ့ အမြင်မတူတာကို ညှိချင်တဲ့သဘောပဲ။
ဒါကို အပြတ်ရှင်းမယ်လို့ လုပ်ဆောင်လို့ မရတာကိုသိလို့ ကိုယ်နဲ့ ပြိုင်ဘက် ဘယ်သ့ူကိုမဆို ပူူးပေါင်းလုပ်ဆောင်တဲ့ သဘောပါ။ ကျနော်တို့ ရပ်တည်မှုက ကျနော်တို့အဖွဲ့ရဲ့ ရပ်တည်မှု ကျနော်တို့ လူမျိုးရဲ့ရပ်တည်မှုပါပဲ။ အစိုးရဘက်ကို ယိုင်တာလည်း မဟုတ်ဘူး။ လိုအပ်လို့ ပူးပေါင်းဆောင်ရွက်ကြတဲ့ သဘောပါဘဲ။ ကျနော်တို့ ရပ်တည်မှုက ပူးပေါင်းဆောင်ရွက်မှုပဲ။ အကုန်လုံးက အတူတကွ နေရမှာဖြစ်တယ်။
တခုနဲ့တခုက အပြတ်ရှင်းလို့လည်း မရဘူး။ တပ်မတော်ဆိုင်ရာမှာလည်း အမြင်မတူတာတွေရှိတယ်။ ဒီတော့ ဒါတွေကို တူညီဖို့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်တယ်။ ဒါက အစိုးရဘက်ကိုယိုင်တာလို့ ပြောလို့မရပါဘူး။ ပူးပေါင်း ဆောင်ရွက်ဖို့ လုပ်ဆောင်တာသာ ဖြစ်ပါတယ်။
မေး။ ။ လက်ရှိမှာ တိုင်းရင်းသားတွေဘက်မှာ ခေါင်းမာဂိုဏ်း၊ အပျော့ဂိုဏ်းတွေနဲ့ နှစ်ဖက်ကွဲပြီး လွန်ဆွဲနေတယ်လို့ သိရတယ်။ ကရင်အဖွဲ့အစည်းက အပျော့ဂိုဏ်းလို့လည်း ဆိုနေကြတယ်။ ဒီအပေါ်မှာ ထင်မြင်နေတာက ကရင်အဖွဲ့အစည်း အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးကို မြန်မြန်ရယူချင်လို့ လက်မှတ်ခွဲပြီး ထိုးဖို့ ရှိနေသလားဆိုတဲ့ မေးခွန်းပေါ် ဘယ်လို ဖြေချင်ပါသလဲ။
ဖြေ။ ။ကျနော်တို့ အဖွဲ့အစည်းနဲ့ အလုပ်လုပ်တယ်။ KNU တဖွဲ့တည်း လက်မှတ်ထိုးဖို့က ထိုးရမယ့် စာချုပ်ပေါ် မူတည်တာပဲလေ။ လက်မှတ်ထိုးတာက တဖွဲ့ချင်းရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ အပစ်အခတ် ရပ်စဲရာမှာ NCCT က ညှိလို့ သဘောတူပြီဆို ဒါကတော့ ဖြစ်သင့်ပြီပေါ့။
ကျနော်တို့လိုချင်တာက အပစ်ခတ်ရပ်ပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ရှိရမယ်။ အဓိက နိုင်ငံရေးပြဿနာ ဖြစ်တယ်။ နိုင်ငံရေး တွေ့ဆုံမှု ရှိရမယ်။ ဒါကိုရပြီဆို ကျနော်တို့အနေနဲ့ လက်ခံမှာပါ။ တခြားအဖွဲ့အစည်းကလည်း စဉ်းစားရမှာပါ။
တခြား အဖွဲ့အစည်းအနေနဲ့ကလည်း သူ့အနေနဲ့ လုပ်သင့်လား မလုပ်သင့်လားဆိုတာ စဉ်းစားရမှာပါ။ ကျနော်တို့ လုပ်ဆောင်နေတာက တသီး တခြားလို့ပြောလို့မရဘူး။ အကုန်ဆက်စပ်မှုရှိတယ်။ တိုင်းရင်းသားတွေ လှုပ်ရှားမှုတွေက ပြည်တွင်းမှာရှိနေတဲ့ အဖွဲ့တွေလှုပ်ရှားမှုနဲ့ ဆက်စပ်မှုရှိနေတယ်။ ဒီအပေါ်မှာ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်ဖို့ အကုန်လုံး ပါဝင်ရမှာဖြစ်တယ်။ ကျနော် NCCT ဘက်က လုပ်ဆောင်မှုတွေကို တိုင်းရင်းသားတွေက တဖွဲ့ချင်း ဆုံးဖြတ်ရမှာ ဖြစ်တယ်။
ဒီတော့ ကျနော်တို့ KNU က သီးသန့် လုပ်မယ်ဆိုရင်လည်း တခြား အဖွဲ့အစည်းတွေကလည်း သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲ။ အပစ်ခတ်ရပ်တာလည်း တဖွဲ့ချင်းစီက ကိုယ်ပိုင်ဆုံးဖြတ်ပြီး လုပ်ခဲ့တာပဲ။ နိုင်ငံရေးဆွေးနွေး ပွဲကျရင် ပူးပေါင်းတက်ကြမယ်ဆိုတာ စုပေါင်း ဖြေရှင်းရမယ့် ပြဿနာပါပဲ။
မေး။ ။ NCCT က လုပ်ဆောင်နေမှုက ကြန့်ကြာတယ်လို့ KNU ဥက္ကဌ မူတူးစေးဖိုးက ပြောထားတာရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လိုသဘောထား ရှိထားပါသလဲ။ ဒီလိုကြန့်ကြာနေတဲ့အတွက် KNU ဘက်က သီးခြားလက်မှတ် ထိုးမယ်လို့ ပြောလို့ရနိုင်တယ်လို့ ပြောနေကြပြီ။ ဒါက ဒီသဘောပဲ ဆောင်တယ်လို့ ယူဆလို့ရပါသလား။
ဖြေ။ ။ NCCT ဘက်က ညှိပေးတာတောင် ကြန့်ကြာနေမှုတွေ ဆက်ရှိနေရင် ဆိုတာကတော့ မူလက လုပ်ဆောင်တဲ့ အစိုးရသဘောထား၊ တပ်မတော်နဲ့ တွေ့ဆုံချိန် သဘောထားတွေအရ အဆင်သင့်ဖြစ်တဲ့အဖွဲ့ လက်မှတ်ထိုး၊ နိုင်ငံရေးစကား ပြောဒီလို။
ကျနော်တို့ အခုလုပ်နေတာက နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုက အဓိကပါပဲ။ ကျနော်တို့ လိုချင်တာ နိုင်ငံရေး စကားပြောဖို့ပါပဲ။ အဓိက ရည်မှန်းချက်ကလည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်လာဖို့ပါပဲ။ ဒီတော့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်နိုင်တယ်။
ကျနော်တို့ တောင်းတဲ့ အခွင့်အရေးတွေ ဖြစ်နိုင်တယ်။ တောင်းတာရသလား စဉ်းစားရမယ်။ ကျနော်တို့ KNU တောင်းတာက ဒါပဲ။ တခြားကလည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲသွားဖို့ စဉ်းစားမယ်ဆို သွားကြရမယ်။ ကျနော်တို့ KNU စဉ်းစားတာက နိုင်ငံရေး ဆွေးနွေးပွဲသွားဖို့မှာ အပစ်ရပ်ပြီးမှသွားမလား မရပ်ခင် သွားမလား။
မရပ်ခင်သွားရင် ဆွေးနွေးမှုက လုပ်နေတုန်း စစ်ရေးတွေကလည်း ဆက်လက်ရှိနေနိုင်တယ်။ စစ်ရေးအရ အပြတ် တဖက်နဲ့တဖက် လုပ်နေရင် အဆင်ပြေမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ နိုင်ငံရေးအရ မရှင်းဘဲ စစ်ရေးအရ ရှင်းမယ်ဆို ဘယ်တော့ပြီးမလဲ၊ ဒီကိစ္စက။
ကျနော်တို့ ဒီပြဿနာက အဖွဲ့အစည်းတွေက စတာမဟုတ်ဘူး။ အမျိုးသား အခြေခံကနေ စတဲ့ပြဿနာပါ။ လေးစားမှု အသိမှတ်ပြုမှုတွေ မရှိခဲ့လို့ ဖြစ်လာခဲ့တာတွေပါ။ မဟာလူမျိုးကြီးဝါဒ၊ ဝါဒီတွေ ကြီးစိုးမှုှုတွေကြောင့် ဖြစ်လာခဲ့တာ။ အကုန်လုံးက လက်မခံလို့ ဖြစ်ခဲ့တာ။ ခုန အမေးကို ပြောရမယ်ဆိုရင် ခေါင်းမာဂိုဏ်း၊ အပျော့ဂိုဏ်းဆိုတာ KNU မှာလည်း ရှိပါတယ်။
ဒါက ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ မယုံကြည်လို့ ဖြစ်လာတာပါ။ ယုံကြည်မှု တည်ဆောက်တာမှာ အားနည်းခဲ့တာတွေကြောင့် ဖြစ်လာတာပါ။ ကျနော်တို့ စစ်တွင်းကာလကဆို တပ်မတော် ယန္တရားတွေကို ဖျက်ဆီးအောင်ဖြိုတာပဲ။ ရပ်တည်မှုရအောင် စစ်ရေးအရ အကုန်လုပ်တာပဲ။ လုပ်တာမှာ မလုပ်သင့်မလုပ်ထိုက်တာ မတွေးဘဲ အကုန်လုပ်တာပဲ။ ဒါတွေက တဖက်နဲ့တဖက် မုန်းတီးမှု၊ စိတ်နာကျည်းမှုတွေ ရှိနေတာပါပဲ။
မေး။ ။ သမ္မတနဲ့လည်း တွေ့ဆုံခဲ့သလို ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း တွေ့ဆုံခဲ့တယ်ဆိုတော့ လက်ရှိ ငြိမ်းချမ်းရေးအပေါ်မှာ ကာချုပ်ရဲ့သဘောထားကို ဘယ်လိုမြင်မိပါသလဲ။ တချို့ သုံးသပ်တာက စစ်ပွဲတွေ သက်ဆိုးရှည်နေတာက ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောထားတင်းမာမှုလို့ ပြောကြတယ်၊ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ တချို့စစ်ဖြစ်တာက စိတ်လှုံဆော်လို့ ဖြစ်တာပေါ့။ စစ်တိုက်တယ်ဆိုတာ တဖက်တည်းတော့ တိုက်လို့မရဘူး။ နှစ်ဖက်စလုံး တိုက်မှရတာပါ။ တချို့ကျတော့ မတော်တဆဖြစ်တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်တာမျိုး မရှိဘူး။
အပစ်ခတ်ရပ်စဲရေး မခိုင်မာစဉ်မှာ နယ်မြေသတ်မှတ်ထားတာ အတိအကျမရှိတော့ စစ်တပ်ဘက်က ကျော်လာတယ်။ နောက် တိုင်းရင်းသားတွေ ဘက်ကလည်း ကာကွယ်တာနဲ့ ပစ်တာတွေဖြစ်တယ်။ တဖက်ကလည်း နယ်မြေစိုးမိုးရေး၊ တဖက်ကကျတော့လည်း ကာကွယ်ရေး၊ ဒီအမြင်တွေကနေ ဖြစ်လာတာပေါ့။ အကျိုးစီးပွားတွေပါမယ်။ နောက် အောက်ခြေမှာရှိတဲ့ တပ်မှုးတွေရဲ့သဘောထားတွေနဲ့လည်း ဆိုင်တယ်။ နားလည်မှုရှိရင် မဖြစ်ဘူး။ တချို့ကျတော့ စိတ်လှုံဆော်မှု၊ မုန်းတီးမှုတွေ၊ မခံချင်မှုတွေ ရှိနေတော့ ဒီလိုပြဿနာတွေ တက်လာတာတွေလည်း ရှိပါတယ်။ ဒီတော့ဒီပြဿနာတွေက တဦးချင်းစီ အပေါ်မှာ မူတည်တယ်။
မေး။ ။ ဒါဆို ကာချုပ်က သဘောထား တင်းမာမှု ရှိ မရှိကို ဘယ်လိုများ ပြောချင်တာပါသလဲ။
ဖြေ။ ။ သိရသလောက် ကျနော့်အမြင်ကတော့ သူလည်း ငြိမ်းချမ်းရေး လိုလားတယ်လို့ ပြောရမှာပါ။
မေး။ ။ အပစ်ခတ်ရပ်စဲရေးမှာ အစိုးရနဲ့ တပ်မတော်ပါဝင်မှုကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ သူတို့ပူးပေါင်းပါဝင်မှုက တော်တော်လေး ကောင်းလာပါတယ်။ စစ်ရေးက အဓိကကျပါတယ်။ သူတို့ ဘက်ကလည်း အာမခံချက်ရမယ့် အချက်တွေထည့်တယ်။ ကျနော်တို့ ဘက်ကလည်း ထည့်တယ်။ တိုးတက်မှုတော့ ရှိပါတယ်။ ညှိတာမှာ တဖက်နဲ့တဖက်က နားလည်မှုရှိဖို့ပဲ လိုအပ်ပါတယ်။ နားလည်မှုရှိရင်တော့ အဆင်ပြေမှာပါ။
မေး။ ။ လက်ရှိ ဆွေးနွေးပွဲတွေမှာဆိုရင် အခုနောက်ပိုင်း တပ်ပိုင်းဆိုင်ရာဘက်က နောက်ပြန်လှည့်တယ်လို့ ပြောလာတွေရှိနေတော့ ဒီအပေါ်မှာ ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်အမြင်ကတော့ အာမခံချက် ဆိုတာကို သေချာအောင် လုပ်ဆောင်နေတယ်လို့ မြင်တယ်။ အခုလက်ရှိမှာက ကျနော်တို့ဘက်က တင်ပြမှုတွေကို သူတို့ဘက်က ပြန်ဆုံးဖြတ်မှုတွေ ရှိလာတာတော့မှန်တယ်။ ဒါကိုလည်းပဲ ကောင်းသောလက္ခဏာလို့ပဲ မြင်ပါတယ်။
မေး။ ။ တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ အခုနောက်ပိုင်းမှာ ကိုယ်စားပြု စီးပွားရေး လုပ်ဆောင်တာတွေ ရှိနေတယ်။ KNU က ခွဲထွက်သွားတဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီကလည်း စီးပွားရေး လုပ်ဆောင်လာတာ ရှိတယ်။ အကျိုးစီးပွားတွေ လုပ်ဆောင်မှုတွေလည်း ရှိနေတယ်လို့ ဝေဖန်ကြတယ်။ ဒီအပေါ်မှာ KNU အနေနဲ့ကရော ဘယ်လို အချက်တွေကြောင့် စီးပွားရေးကို လုပ်ဆောင်နေတာပါလဲ။
ဖြေ။ ။ ကျနော်တို့ စီးပွားရေးဆိုတာကို အဖွဲ့အစည်းရဲ့စီးပွားရေး၊ လူထုရဲ့စီးပွားရေးအပေါ်မှာ လုပ်ဆောင် တာတွေရှိတယ်။ ကိုယ်ကျိုးအတွက် လုပ်ဆောင်တာတွေတော့ မရှိပါဘူး။ တချိန်တုန်းက ကျနော်တို့ရပ်တည်မှုက အခွန်တွေကောက်ခဲ့တယ်။ ဒါတွေက ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့တာ တွေရှိကောင်းရှိခဲ့မယ်။ ကိုယ့်အဖွဲ့အစည်း ရပ်တည်နိုင်ဖို့ လုပ်တာတွေ ရှိတယ်။ ဒါကတော့ ရပ်တည်မှုအနေနဲ့ လုပ်ဆောင်ရတာတွေ ရှိတာပေါ့။
အခုလောလောဆယ်မှာတော့ ကျနော်တို့ ဘာစီးပွားရေးမှ လုပ်ဆောင်တာ မရှိဘူး။ KNU ကို အသုံးချတာတွေပါ။ စီးပွားရေးအရ ကျနော်တို့အဖွဲ့တွင်းမှာ တဦးချင်း ပုဂ္ဂလိက စီးပွားရေးလုပ်ဆောင်သူတွေရှိလည်း လုပ်ခွင့်ပေးပါတယ်။ ဒါပေမယ့် ပြည်သူ မထိခိုက်စေဖို့ပဲ။ လူထုနားလည်ဖို့ပါ။
အတတ်ပညာလည်း ရှိဖို့လိုတယ်။ အခုကတော့ ကျနော်တို့က အဖွဲ့အကျိုးစီးပွားအတွက်ပဲ ကျနော်တို့ လုပ်ဆောင်ပေမယ့် ပြည်သူတွေကို ထိခိုက်တာရှိမယ်ဆို ကျနော်တို့ အနေနဲ့လုပ်ခွင့်ပေးတာ မရှိပါဘူး။
မေး။ ။ KNU အနေနဲ့ တချိန်တုန်းက ကိုယ်ယုံကြည်ရာကို လက်နက်စွဲကိုင်ပြီးပဲ တိုက်ပွဲတွေ ဝင်ခဲ့တယ်၊ တော်တော်များများက ခေါင်းမာတယ်လို့ ဆိုကြတယ်။ အခုချိန်ကျတော့ ငြိမ်းချမ်းရေးဆိုတာကို အပျော့ပြောင်းဆုံးနည်းနဲ့ ရယူဖို့လုပ်နေတယ်။ ဒီတော့ ဘယ်လိုပုံစံမျိုးနဲ့ ငြိမ်းချမ်းရေးကို ရယူဖို့ လုပ်ဆောင်နေသလဲ ဆိုတာကို တိကျစွာ ဖြေပေးစေချင်ပါတယ်။
ဖြေ။ ။ ဒါက ကျနော်တို့ နှစ်ပေါင်း ၆၀ကျော်ကြာ လက်နက်ကိုင်ပြီး လုပ်ဆောင်ခဲ့တာက အဖွဲ့အစည်းပြဿနာ မဟုတ်ဘူး။ အမျိုးသားရေးကို ကိုယ်စားပြုမှုကြောင့် ဖြစ်ပေါ်လာတာဖြစ်တယ်။
အသေးစိတ် စဉ်းစားလုပ်ဆောင်ရမှာ ဖြစ်တယ်။ တချိန်က ရန်သူကို ရန်သူလို့မြင်ပြီး တချိန်လုံး အမြစ်ဖြုတ်ဖို့ လုပ်ခဲ့ကြတယ်။ ဒါတွေက တကယ်ကျတော့ ဘယ်လိုမှ အမြစ်ပြတ်သွားတာ မဟုတ်ဘူး။ ဒါတွေကြောင့် ကျနော်တို့ ပြည်သူတွေပဲ ဒုက္ခတွေများတယ်။ ဘဝတွေပျက်ရတယ်။ အခုချိန်မှာ ရန်သူကိုလည်း မိတ်ဆွေဖွဲ့၊ တူညီတာတွေစု၊ မတူတာကို ညှိဖို့လိုလားတယ်။ ပူးပေါင်းညှိနှိုင်းတာတွေ လုပ်မယ်။ တချိန်လုံးလည်း အစိုးရနဲ့ ပတ်သတ်တဲ့ ယန္တရားတွေကို ကျနော်တို့ ဖျက်ခဲ့တယ်။ နည်းပေါင်းစုံသုံး လုပ်ခဲ့တယ်။ သူတို့လည်း ကျနော်တို့ရွာတွေ မီးရှို့၊ လုပ်သင့်တာ မလုပ်သင့်တာ အကုန်လုပ်တယ်။ ဒါတွေက အမုန်းတရားတွေပဲ ရှိတယ်။ အခုချိန်မှာ အေးချမ်းစွာ အဖြေရှာတာကပဲ အကောင်းဆုံးမို့ ဒီလမ်းကိုရွေးတာပါ။
မေး။ ။ နောက်ဆုံးအနေနဲ့ တိတိကျကျ သိချင်တာက KNU ဘက်က အစိုးရနဲ့နီးစပ်တော့ သီးခြား လက်မှတ်ထိုးသွားဖို့ ရှိသလားဆိုတဲ့ စိတ်ဝင်တစားဖြစ်နေကြတဲ့အပေါ် ဘယ်လိုမျိုးများ အဖြေပေးချင်ပါသလဲ။
ဖြေ။ ။ အခုချိန်ထိတော့ ကျနော်တို့ ဆုံဖြတ်ထားတာ မရှိဘူး။ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှု နိုင်ငံရေး ယန္တရားအပေါ် ကျနော်တို့ ဘယ်လို ဆုံးဖြတ်ရမလဲ။ NCCT က ညှိပြီးလို့ရှိရင်လည်း ဒါက တိုင်းရင်းသားတွေ အတွက် လိုအပ်တယ် ဆိုရင် KNU အတွင်းမှာ ကျနော်တို့ ဆွေးနွေးမယ်။ လက်မှတ်ထိုး၊ မထိုး အဖွဲ့တွင်း ဆုံးဖြတ်မယ်။ တခြား အဖွဲ့တွေလည်း ဒီလိုစဉ်းစား ဆုံးဖြတ်မှာပဲလေ။ ဒါက ပထမအဆင့်။ ဒုတိယအဆင့်က ကျနော်တို့ သတ်မှတ်တဲ့ ကာလ ဆိုတာရှိတယ်။ အစိုးရမှာဆိုလည်း သူတို့သက်တမ်းကာလ ဆိုတာရှိတယ်။ သူ့သက်တမ်းပြီး တခြားသူ ဆက်လုပ်မှာပဲ။ ကျနော်တို့က ဒါကို စဉ်းစားရမှာတွေရှိတယ်။ ထိုးမယ်၊ မထိုးဘူး ဆိုတာ ကျနော်တို့ ခုချိန်မှာ မစဉ်းစားရ သေးဘူး။ ဒါက အဖွဲ့တိုင်း ဆုံးဖြတ်ရမှာပါ။