မြို့တော်နေ လူထု၏ အခက်အခဲကို ဖြေရှင်းပေးမည့် စည်ပင် အလိုရှိသည်

သွေး (စစ်ကိုင်း)

This article has been converted from Zawgyi One to Unicode

လူဦးရေ ထူထပ်များပြားတဲ့ ရန်ကုန်မြို့ကြီးမှာ မြို့သာယာလှပဖို့၊ သန့်ရှင်းတဲ့ ရေရရှိဖို့၊ အမှိုက်တွေကို စနစ်တကျ သိမ်းဆည်းဖို့ စတဲ့ လိုအပ်ချက်တွေ ရှိနေဆဲပါ။ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့က စည်ပင်သာယာရေး ကော်မတီမှာ တာဝန်ရှိတာမို့ မြို့လူထုအကျိုးကို အမှန်တကယ်ရှေးရှုတဲ့ ကိုယ်စားလှယ်တွေ ပေါ်ထွက်လာဖို့ လိုပါတယ်။ လာမယ့် ဒီဇင်ဘာ ၂၇ ရက်မှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲက ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ ဆိုတဲ့မေးခွန်းကို ရန်ကုန်လူထုက မေးနေပါပြီ။

တကယ်တော့ လူဦးရေ ၇ သန်းကျော်အထိ ရှိလာနေတဲ့ ရန်ကုန်မှာ စည်ပင်သာယာရေးကော်မတီရဲ့ အခန်းဂဏ္ဍဟာ အထူးပဲ အရေးကြီးပါတယ်။ ပြည်သူ့ဆန္ဒနဲ့ စည်ပင်သာယာကော်မတီ ရွေးကောက်တင်မြှောက်ပွဲ ကျင်းပတာဟာ ၁၉၄၉ ခုနှစ် နောက်ပိုင်းမှာ ပထမဦးဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ ဖဆပလ အစိုးရ လက်ထက်မှာ ကျင်းပခဲ့တဲ့ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွေဟာ လူထုရဲ့ စိတ်ဝင်စားမှုရရှိခဲ့သလို တချို့သော နိုင်ငံရေးသမားတွေကလည်း နိုင်ငံရေးအရ အားစမ်းတဲ့ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာတွေ ရှိခဲ့ပါတယ်။

သွေး (စစ်ကိုင်း) သည် ကဗျာ၊ ဝတ္ထုတို၊ ပန်းချီ ဆောင်းပါးများကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည့် ရန်ကုန် အခြေစိုက် စာရေးဆရာမ တဦးဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျမတို့ သိမှီသလောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ စစ်အစိုးရခေတ်နဲ့ လက်ရှိအစိုးရလက်ထက်တွေအထိ စည်ပင်ရဲ့ လုပ်ဆောင်ချက်တွေဟာ အားရစရာမကောင်းပါဘူး။ ဒါကြောင့် လူထုထဲကနေ လူထုအကျိုးကို သယ်ပိုးနိုင်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်သွားရမှာပါ။ ရွေးကောက်တင်မြှောက်မယ့်ပုံစံကို လေ့လာကြည့်တဲ့အခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ကိုယ်စားလှယ် ၄ ယောက်၊ ခရိုင် တခုစီက ကိုယ်စားလှယ် ၁၂ ယောက်၊ မြို့နယ် ၃၂ မြို့နယ်က တမြို့နယ်မှာ ၃ ယောက်နှုန်းနဲ့ စုစုပေါင်းမြို့နယ် ကိုယ်စားပြု ကိုယ်စားလှယ် ၉၆ ယောက်၊ အားလုံးပေါင်း ကိုယ်စားလှယ် ၁၁၂ ယောက်ကို ရွေးချယ်ခွင့်ရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုလက်ရှိအချိန်အထိ ပြည်သူတွေကို ရှင်းရှင်းလင်းလင်း အသိပေးချပြတာ မရှိသေးပါဘူး။ တချို့ဆို ကိုယ်နေထိုင်တဲ့ မြို့နယ်မှာ ဘယ်သူတွေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာတောင် မသိကြပါဘူး။ မဲပေးခွင့်ရှိသူ ဆိုရာမှာလည်း အိမ်ထောင်စု တစုမှာ ၁၈ နှစ်ပြည့်ပြီးတဲ့ အိမ်ထောင်ဦးစီးတယောက်ကသာ မဲပေးခွင့်ရှိမယ်လို့ ဆိုထားတာကြောင့် မြို့တော်နေ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ အခွင့်အရေး ဆုံးရှုံးရပါတယ်။ သန်းခေါင်စာရင်းနဲ့ နေထိုင်သူတွေရှိသလို ဧည့်စာရင်းနဲ့ နေထိုင်သူတွေပါရှိတဲ့အတွက် ဧည့်စာရင်းနဲ့ နေထိုင်တဲ့ အိမ်ထောင်စုက မဲပေးခွင့် ရှိ မရှိလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်အဖြစ် ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်းဟာ မြို့တော်နယ်နိမိတ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက် (ဒါမှမဟုတ်) ကျေးရွာအုပ်စုအတွင်း အနည်းဆုံး ၁၀ နှစ် နေထိုင်သူ ဖြစ်ရမှာဖြစ်သလို ကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းချိန်မှာ အိမ်ထောင်စု စာရင်းအရ အမှန်တကယ်နေထိုင်သူဖြစ်ရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ချက်တွေကို သိရှိနားလည်ဆောင်ရွက်နိုင်မယ့် ဗဟုသုတရှိရမယ်လို့ ဆိုပြန်ပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပြည်သူတွေ ဆန္ဒမဲပေးနိုင်ဖို့ နံနက် ၆း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ မဲရုံတွေကို ဖွင့်လှစ်ပေးသွားမှာပါ။ အနိုင်ရရှိတဲ့ ကိုယ်စားလှယ်အမည်စာရင်းကို ၄၈ နာရီ  အတွင်း ကြေညာပေးသွားမယ်လို့ သိရပါတယ်။ အရေးအကြီးဆုံးက ဒီရွေးချယ်ပွဲနဲ့ ပတ်သက်ပြီး အသိပေးသင့်တာတွေကို အောက်ခြေလူထုထိ သိရှိအောင် ဆောင်ရွက်ဖို့၊ ပြည်သူတွေဘက်က ကိုယ့်မြို့နယ်အတွက် အမှန်တကယ်အလုပ်လုပ်ပေးမယ့် ကိုယ်စားလှယ်ကိုပဲ ရွေးချယ်ဖို့၊ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့လည်း ပြည်သူယုံကြည်မှုရအောင် စွမ်းနိုင်သမျှ အကောင်းဆုံး အလုပ်လုပ်သွားဖို့ပါပဲ။

မြို့တော်ကို သန့်ရှင်းသာယာအောင် လုပ်ချင်သူတွေ၊ နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးစေချင်သူတွေ၊ မြို့တော်နေ လူထု သွားလာနေထိုင်ရေး သက်သာချောင်ချိအောင် လုပ်ချင်သူတွေ ဒီလိုရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သင့်ပါတယ်။ မြို့နယ်တခုလုံးမဆိုထားနဲ့ ရပ်ကွက်တခုမှာကို စည်ပင်က ဆောင်ရွက်ပေးရမယ့် လိုအပ်ချက်တွေ ရှိနေပါတယ်။ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်နိုင်ဖို့ အမှိုက်ပုံးအရေအတွက် လုံလုံလောက်လောက် ထားရှိပေးရမယ်၊ လမ်းကြောင်းနဲ့ အမှိုက်သိမ်းရင် အချိန်မှန်ရမယ်၊ အမှိုက်ပုံးမှာ အမှိုက်ပြည့်နေတာနဲ့ ချက်ချင်း လာသိမ်းရမယ်၊ အမှိုက်ခွန်ပေးထားရတဲ့ ပြည်သူတွေအတွက် ဝန်ဆောင်မှု ကောင်းရပါမယ်။ တခါ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ရင် ထိထိရောက်ရောက်အရေးယးရမှာဖြစ်သလို နောက်ဖေးလမ်းကြောင်းတွေမှာ CCTV တပ်ထားသင့်ပါတယ်။ ရပ်ကွက်ထဲမှာ ခွေးလေခွေးလွင့်တွေရှိနေရင် ရှင်းလင်းရမှာဖြစ်သလို ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတဲ့ တိရစ္ဆာန်တွေ မွေးမြူထားရင် အရေးယူရမှာပါ။ တချို့ ရပ်ကွက်တွေမှာ သားသတ်လုပ်ငန်းလုပ်ကိုင်တာတွေရှိသလို လူနေအိမ်မှာ တိုက်ကြက်တွေ မွေးမြူထားတာလည်းရှိပါတယ်။ အဲဒီလို ကိစ္စတွေကအစ စနစ်တကျ ကြပ်မတ်ရမှာပါ။

လမ်းဘေးဈေးသည်တွေကို စနစ်တကျနေရာချထားရေး ကိစ္စဟာလည်း သက်ဆိုင်ရာ မြို့နယ်စည်ပင် ကိုယ်စားလှယ်က လုပ်ဆောင်သွားရမှာပါ။ ဥပမာအားဖြင့် ကျမနေထိုင်တဲ့ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေး ဈေးအနီး ၄၁ လမ်း (အောက်) မှာ လမ်းဘေးဈေးသည်တွေ ဈေးရောင်းကြပါတယ်။ မနက်ပိုင်းမှာ ရောင်းချတဲ့ ပုံကျဈေးတန်းက လူနေအိမ်တွေရှေ့မှာမို့ ငါးညှီနံ့တွေကိုပါ ရှုရှိုက်နေရပါတယ်။ ဖြစ်သင့်တာက ငါးရောင်းချသူ တွေကို ဘိုကလေးဈေးထဲမှာပဲ နေရာချထားပေးသင့်သလို မွန်းတည့် ၁၂း၀၀ နာရီ (ဒါမှမဟုတ်) နံနက် ၁၁း၃၀ နာရီအထိ ဆိုပြီး သတ်သတ်မှတ်မှတ် အချိန်တခုထားပြီး ဈေးသိမ်းခိုင်းရမှာပါ။ စနစ်တကျနေရာချထားပေးခြင်း အားဖြင့် လမ်းပိတ်ဆို့မှုသက်သာသွားမှာဖြစ်သလို လမ်းမှာ နေထိုင်သူတွေရဲ့ ကျန်းမာရေးအတွက်ပါ အဆင်ပြေ စေမှာပါ။ ဈေးရောင်းချရာက ထွက်လာတဲ့ အမှိုက်တွေကို စနစ်တကျသိမ်းဆည်းဖို့ အတွက်လည်း ဈေးသည်တွေကို အသိပညာပေးဖို့ လိုပါတယ်။

မိုးတွင်းမှာ ရေကြီး၊ ရေလျှံတဲ့ကိစ္စအတွက် အဓိက တာဝန်ရှိတာက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာပါ။ ရေနုတ်မြောင်းတွေ တူးဖော်ပေးရမှာဖြစ်သလို ရေစီးရေလာ ကောင်းစေဖို့ ရေမြောင်းဆယ်ယူ မှုတွေ ပြုလုပ်ပေးရမှာပါ။ ရေမြောင်းပြမြေပုံ ရန်ကုန်မြို့မှာ ပီပီပြင်ပြင် မရှိသေးဘူးလို့ ပညာရှင်တွေက ဆိုပါ တယ်။ ရေမြောင်းပြ မြေပုံရေးဆွဲဖို့ Master Plan ချမှတ်ရမှာဖြစ်ပြီး အဲဒီလိုပြုလုပ်မှသာ ရေကြီးရေလျှံမှုကို လျှော့ချနိုင်မှာပါ။

ရေမြောင်းတွေဟာ စည်းကမ်းမဲ့သူတွေရဲ့ အမှိုက်စွန့်ပစ်ရာနေရာတွေ ဖြစ်လာနေပါတယ်။ အရင်က ဗိုလ်မြတ် ထွန်းလမ်းဟာ ရေနုတ်မြောင်းကြီးဖြစ်ပြီး ဗိုလ်ချုပ်လမ်းအထိ ရှည်ခဲ့တဲ့နေရာကို လူနေအိမ်တွေ ဆောက်လိုက် တဲ့အခါ ရေကြီးမှုဖြဖြစ်လာရပါတယ်။ ပလက်ဖောင်းတွေကို မြှင့်လိုက်တဲ့အခါမှာလည်း အနိမ့်ပိုင်းမှာ ရေတွေ စုဆုံလာတာကလည်း ရေကြီးရေလျှံစေတဲ့ အကြောင်းတချက်ဖြစ်ပါတယ်။

နောက်ထပ်ပြောစရာရှိတာက အများပြည်သူ လမ်းလျှောက်ဖို့ထားတဲ့ ပလက်ဖောင်းတွေမှာ လမ်းလျှောက် စရာနေရာမရှိလောက်အောင် လမ်းဘေးဈေးသည်တွေ ပြည့်ကျပ်နေတာ၊ ဆိုင်ကြီးတချို့က မီးစက်တွေကို ပလက်ဖောင်းပေါ်မှာ အခိုင်အခံ့ နေရာချထားတာ၊ လေအေးပေးစက် အကြီးကြီးတွေကို ပလက်ဖောင်းပေါ်ထိ နေရာယူတပ်ဆင်ထားပြီး ရေထုတ်တာ စနစ်တကျ မရှိတာကြောင့် တပေါက်ပေါက်ကျနေတဲ့ ရေတွေက ရေညှိပါတက်ပြီး ချော်လဲနိုင်တဲ့ အန္တရာယ်ရှိနေတာတွေကိုပါ စည်ပင်အနေနဲ့ ဖြေရှင်းပေးဖို့ လိုပါတယ်။ ကန်ထရိုက်တိုက်တွေမှာ အဝီစိတွင်းတူးတာကလည်း မြေအောက်ရေကို အလွန်အကျွံထုတ်ယူရင် တိုက်မြေ ကျွံသွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ ဒါကြောင့် မြို့တွင်းရော၊ ဆင်ခြေဖုံးရပ်ကွက်တွေမှာပါ ချိုးဖြူရေကို အလုံအလောက်ပေးသွားဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

သန့်ရှင်းတဲ့ရေလိုပဲ မိလ္လာစနစ် မှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။ မြို့လယ်ခေါင်လို နေရာတွေမှာ ဥပမာ ၃၈ လမ်း၊ လမ်း ၃၀ တို့မှာ တွေ့ရတဲ့ လမ်းလယ်ခေါင်က မိလ္လာအဖုံးပေါက်ပြီး အညစ်အကြေးတွေ အပြင်ကို စိမ့်ထွက်နေတာတွေဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ မိလ္လာအဖုံးပေါက်နေတာတွေ့ရင် တာဝန်သိသူ တွေက အကြောင်းကြားပေးရမှာဖြစ်သလို တာဝန်ရှိသူတွေက လာရောက်ပြုပြင်ပေးရမှာပါ။ အခုတော့ ၇ သန်းကျော်နေနေတဲ့ ရန်ကုန်မှာ အများသုံးအိမ်သာက မလုံလောက်တော့ နံစော်နေတဲ့ ဟိုနေရာဒီနေရာတွေ ရှိနေပြီး လူစုလူဝေးတွေလုပ်တဲ့ ပွဲလမ်းသဘင်တွေဆို အမှိုက်နဲ့ ကျင်ကြီးကျင်ငယ်စွန့်ကို ဖြစ်သလို စွန့်ပစ်ကြတော့တာပါပဲ။

စည်ပင်သာယာရေး ကော်မတီလို့ ဆိုထားတဲ့အတွက် မြို့တော် စည်ပင်သာယာရေးအတွက် ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ လမ်းဘေးဈေးသည်တွေဆီက ဈေးကောက်၊ ဈေးရုံ၊ အမှိုက်ခွန်၊ ရေခွန် ကောက်ရုံနဲ့ မပြီးပါဘူး။ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ ရုံးတွေဆီ တခုခုသိချင်လို့ ဖုန်းဆက်ရင် ဖုန်းမကိုင်တာဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ။ ၂၀၁၃ ခုနှစ်တုန်းက ချိုးဖြူရေ လာ မလာ သိချင်လို့ ကျမဟာ ကျောက်တံတားစည်ပင်ရုံးကို ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းကိုင်မယ့်သူ မရှိပါဘူး။ အနည်းဆုံး ၈ ကြိမ်လောက် ဆက်ပေမယ့် အကြောင်းမထူးခဲ့ပါဘူး။ သိပ်မကြာသေးခင်ကလည်း စည်ပင် (ဈေးများဌာန) ကို ဖုန်းဆက်တဲ့ အခါ ဖုန်းကိုင်တဲ့ အမျိုးသမီးက “ကျမတို့က အောက်ခြေဝန်ထမ်းပါ”လို့ပြောပြီး ဖုန်းကိုကပျာကယာ ချသွား ပါတယ်။ ဒါကြောင့် ရွေးကောက်ခံရတဲ့ စည်ပင်ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ပြည်သူတွေသိအောင် ထုတ်ပြန်ပေးသင့်သလို ဖုန်းဖြေဆိုဖို့လည်း တာဝန်ရှိပါတယ်။

ပြည်သူတွေအနေနဲ့ အမှိုက်ခွန်၊ ရေခွန်တွေ ပေးရသလို တဖက်ကလည်း ထိုက်သင့်တဲ့ဝန်ဆောင်မှု ပေးရမှာပါ။ တချို့ အမှိုက်သိမ်းလှည်းတွေဟာ တော်တော်လေး ဟောင်းနွမ်းနေပြီမို့ ဖြစ်နိုင်ရင် အမှိုက်သိမ်းဝန်ထမ်းတွေ အတွက်ပါ အဆင်ပြေအောင် လဲလှယ်ပေးစေချင်ပါတယ်။ အခုရပ်ပိုင်းအတွင်း  ကျောက်တံတားနဲ့ ဗိုလ်တထောင်မြို့နယ်တွေမှာ သစ်လွင်တဲ့ အမှိုက်ပုံးတွေ တွေ့လာရတာကိုတော့ ဝမ်းသာမိပါတယ်။ ချိုးဖြူရေကို အဓိကအားထားနေရတဲ့ မြို့နယ်တွေ အများကြီးမို့ အကြောင်းတခုခုကြောင့် ရေပေးဝေမှု ခေတ္တပြတ်တောက်မယ်ဆိုရင် ကြိုတင်အကြောင်းကြားသင့်ပါတယ်။

ရွေးကောက်ခံရတဲ့ မြို့နယ်အလိုက် စည်ပင်ကိုယ်စားလှယ်တွေ အနေနဲ့ မြို့နယ်တမြို့ချင်းရဲ့ လိုအပ်ချက် တွေကို သိရှိအောင်ကြိုးစားပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမှာပါ။ ပြည်သူတွေဘက်က လည်း သမာသမတ်ရှိနိုင်တဲ့၊ ရိုးသားမှုရှိတဲ့ ကိုယ်စားလှယ်တွေကိုပဲ ရွေးချယ်သင့်ပါတယ်။

ပြည်သူနဲ့နီးစပ်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်အတွက် ကိုယ်ကျိုးမကြည့်ဘဲ ဖြည့်ဆည်းပေးနိုင်မှ၊ လာဘ်ပေး လာဘ်ယူမှုတွေ ကင်းရှင်းမှ၊ ရန်ကုန်မြို့တော်ကြီး အမှန်တကယ် သန့်ရှင်းသာယာလာအောင် စနစ်ကျတဲ့ အစီအမံတွေ ချမှတ်အကောင်အထည် ဖော်နိုင်မှသာ စည်ပင်သာယာရေး ကော်မတီအပေါ် ပြည်သူတွေက ထားရှိတဲ့ သဘောထားက “အဆိုး” ကနေ “အကောင်း” ကို ပြောင်းလဲလာမှာ ဖြစ်ပါကြောင်း တင်ပြ ရေးသားလိုက်ပါတယ်။

Loading