အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာပြည်နှင့်စိမ်းသူ မဟုတ်။ ဒုတိယကမ္ဘာစစ်အတွင်းက သမ္မတ အိုဘားမား၏ အဖိုး Hussein Onyango Obama က မဟာမိတ်တပ်ပေါင်းစု၏ မြို့သိမ်းတိုက်ပွဲ စစ်သည် တဦးအဖြစ် ပါဝင်ခဲ့ဖူးသည်။
ဗြိတိသျှ နာမည်ကြီး တပ်မတော်၊ အမှတ် (၁၄) သည် မိတ္ထီလာအပြီး မန္တလေးမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲခဲ့ရာ တွင် သမ္မတ အိုဘားမား၏အဖိုးက အာဖရိကတိုက် ရိုင်ဖယ်သေနတ်ကိုင် တပ်ရင်းမှ ပါဝင်ခဲ့သည်။
၂၀၁၂ ခုနှစ် မြန်မာ့တံခါးဖွင့် အကူးအပြောင်းတွင် သမ္မတအိုဘားမား မြန်မာ့မြေကို နင်းခဲ့သည်။ ဆယ်စုနှစ် များစွာအတွင်း မြန်မာ့မြေသို့ရောက်ရှိပြီး ပထမဆုံး တရားဝင်လာရောက်လည်ပတ်သော အမေရိ ကန်ပြည်ထောင်စုသမ္မတ ဖြစ်ခဲ့သည်။
အမေရိကန်၏ မြန်မာနိုင်ငံအပေါ်ထားသော မူဝါဒသည် ပိုပြီး ပျော့ပျောင်းလာခဲ့သည်။ သမ္မတအိုဘားမားက မြန်မာ့အကူးအပြောင်းကို အမွှမ်းတင်ခဲ့သည်။ ရင်ဆိုင်စရာများကို သတိပေးပြောကြားခဲ့သည်။ ယခုနှစ် နိုဝင် ဘာလတွင် သမ္မတအိုဘားမား နေပြည်တော်သို့ သွားရောက်လိမ့်မည်။
မြန်မာအစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အာဆီယံ (ASEAN) ထိပ်သီးအစည်းဝေးသို့ တက်ရောက်မည်။
သမ္မတအိုဘားမား၏ ခရီးစဉ်မတိုင်ခင် မြန်မာပြည်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် ကချင် ပြည်နယ်သို့ သုံးရက်တာခရီး လည်ပတ်ခဲ့သည်။ သမ္မတ၏ ခရီးစဉ်မတိုင်မီ ကချင်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်၊ မထိုးနိုင်ကို အမေရိ ကန်အစိုးရက လေ့လာတီးခေါက်နေသည့် သတင်းများလည်း ထွက်ရှိနေချိန်ဖြစ်သည်။
အမေရိကန်အစိုးရ အဆက်ဆက်သည် ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုနောက်ပိုင်း မြန်မာပြည်တွင်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ စစ်မှန်သော နိုင်ငံရေးအရ တွေ့ဆုံဆွးနွေးမှု ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေး ရရှိရေး တို့အတွက် ဖိအားပေးမှု၊ ပိတ်ဆို့အရေးယူမှု၊ ထို့အပြင် နောက်ပိုင်းတွင် အပြုသဘော တိုက်တွန်းမှုများကိုပါ ပြုလုပ်လာခဲ့သည်။
သို့သော် ကိုယ့်ဝမ်းနာ ကိုယ်သာသိသည် ဆိုသည့်အတိုင်း မမှည့်သေးသောအသီးကို အချိန်မကျသေးဘဲ အတင်းကာရော ရင့်မှည့်ခိုင်း၍မရ။ သမ္မတအိုဘားမား၏ ဦးဆောင်မှုအောက်၌ နိုင်ငံတကာ အရေးအခင်းများ တွင် မဖြေရှင်းနိုင်ဘဲ ကျဆင်းနေချိန်တွင် မြန်မာပြည်၏ အပြောင်းအလဲအတွက် သမ္မတအိုဘားမားက Credit လိုချင်သည်၊ သူ၏ နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုဟု လက်ခမောင်းခတ်ချင်သည်ဟု နိုင်ငံတကာက ဝေဖန်ပြောဆို ရေးသားနေချိန်လည်းဖြစ်သည်။
ထို့ကြောင့် သမ္မတ အိုဘားမား၏ Air Force One လေယာဉ်ကြီး နေပြည်တော်လေဆိပ်သို့ မဆိုက်ရောက်ခင် အိမ်ဖြူတော်က မြန်မာပြည်ကို လေ့လာအကဲခတ်မှုသည် လက်တွေ့ကျဖို့လိုသည်။
ဒီမိုကရေစီရေး၊ လူအခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အပေါ် အမျှော်လင့်ကြီး မျှော်လင့်နေခဲ့သော မြန်မာပြည်သူ ပြည်သားတို့၏ မျှော်လင့်ချက်များ လျော့ကျနေချိန်ဖြစ်သည့်အပြင် စီးပွားရေးအရ အလားအလာကောင်းများ မျှော်လင့်ချက်အပေါ်တွင်လည်း သံသယဝင်နေချိန် ဖြစ်သည်။
သမ္မတအိုဘားမားက မြန်မာပြည်တွင် နှစ်ရက်သာလည်ပတ်မည့် ခရီးစဉ်ဖြစ်သည်။ ၂၀၁၂ နိုဝင်ဘာလက ခရီးစဉ်နှင့် မတူဘဲ အကောင်းထက်စာလျှင် အဆိုးဘက်သို့ ပိုပြီးဦးတည်နေသော လက်ရှိကာလကို ထင်ဟပ ်နေသည့် မြန်မာပြည်၏ အခြေအနေကို အမေရိကန်သမ္မတ အိုဘားမား သိမြင်တတ်ဖို့ လိုသကဲ့သို့ သူပြောကြားမည့် မိန့်ခွန်းတွင်လည်း ထည့်သွင်းသတိပေးရန် လိုပေလိမ့်မည်။