• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“ဘယ်လောက် အတိုင်းအတာအထိ ယုံကြည်မှုပေးလို့ ရမလဲ”

by ဧရာဝတီ
4 November 2014
in အင်တာဗျူး
A A
DKBA, တပ်မတော် , ကလို့ထူးဘော , တိုင်းရင်းသား , အပစ်အခတ် ရပ်စဲရေး

DKBA ကလို့ထူးဘော ဌာနချုပ်မှ ဗိုလ်မှူး စောထွန်းထွန်း (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

31.1k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ လပိုင်းကပဲ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) နဲ့ အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို ကရင်ပြည်နယ် မြဝတီမြို့ပေါ်မှာလည်း စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ တိုက်ပွဲတွေကြောင့် စိုးရိမ်မှုတွေ ကြီးထွားခဲ့ကြရပါတယ်။

နောက်ဆက်တွဲအနေနဲ့လည်း ကျိုက်မရောမြို့က DKBA ကလို့ထူးဘော လက်နက်ကိုင် တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မှူး ဆန်းအောင်ကို ထုတ်ပယ်မှု ဖြစ်ပွားခဲ့ပါတယ်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
1.1k
သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

20 May 2025
932
မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

မြန်မာ့ နှစ် ၆၀ ကျိန်စာစက်ဝန်းကို ချိုးဖျက်ခြင်း

19 May 2025
950

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုက ရှေ့ဆက်တိုးမလိုလိုနဲ့ တန့်နေတဲ့ အနေအထားဖြစ်နေချိန်မှာ အခုလိုသေနတ်သံ ပြန်ထွက်ခဲ့တာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဘယ်လို အကျိုးသက်ရောက် မလဲ၊ DKBA အနေနဲ့ရော ဘာတွေဆက်လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် ဆုံဆည်းမြိုင်ကျေးရွာမှာ အခြေစိုက်တဲ့ DKBA ကလို့ထူးဘော ဌာနချုပ်မှ ဗိုလ်မှူး စောထွန်းထွန်း ကို ဧရာဝတီ သတင်းထောက် စနေလင်း က သွားရောက် တွေ့ဆုံမေးမြန်း ခဲ့တာတွေကို ဖော်ပြလိုက်ပါတယ်။

မေး။  ။ ဗိုလ်မှူး ဆန်းအောင်ကို DKBA က ထုတ်ပယ်လိုက်ရတဲ့ အကြောင်းအရင်းကို အရင်ဆုံး ရှင်းပြပေးပါ။

ဖြေ။  ။ ဗိုလ်မှူး ဆန်းအောင်နဲ့ ကျနော်တို့နဲ့က လုပ်ဖော်ကိုင်ဖက်တွေပါ။ သူကလည်း တလျှောက်လုံး နာမည်ဆိုးနဲ့ ဆိုးသွမ်းခဲ့တဲ့သူ လည်း မဟုတ်ပါဘူး။ သို့သော် တပ်မတော်မှာက စစ်စည်းကမ်း၊ စည်းမျဉ်းဥပဒေတွေရှိတယ်။ တချို့ အရေးကြီးတဲ့ အကြောင်းအရာ တွေဆို အထက်က တစုံတရာ ညွှန်ကြားချက်မရဘဲနဲ့ ဘာမှလုပ်ဆောင်လို့မရတာမျိုးရှိတယ်။ တပ်မှူးကြီး တယောက်အနေနဲ့ မိမိ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်နိုင်တဲ့ အတိုင်းအတာရှိသလို အထက်ဌာနရဲ့ ဆုံးဖြတ်ချက်ကို တောင်းခံရတာမျိုးလည်း ရှိတယ်။ အခု ပစ်ခတ်မှုဖြစ်စဉ်အထိ ဖြစ်ခဲ့တဲ့အခြေအနေက အထက်ဌာနကို ခွင့်တောင်းခဲ့တာမျိုးမရှိတဲ့အခါကြတော့ ငြိမ်းချမ်းရေးမှာ ထိခိုက် လာနိုင်တဲ့ အတိုင်းအတာရှိတော့ အထက်ဌာနအနေနဲ့ တာဝန်ခံဖို့ ခက်လာတယ်။ တခုချင်းနဲ့ တခုလုံးကို ကျနော်တို့ ဘယ်ဟာကို ဦးစားပေးမလဲဆိုရင် တခုချင်းကို ဦးစားပေးရင် တခုလုံးပျက်သွားနိုင်ခြေရှိတော့ ကျနော်တို့က အဖြစ်မခံနိုင်ဘူး။ အဲဒါကြောင့် လုပ် ထုံး လုပ်နည်းအရ အရေးယူတဲ့အပိုင်းက အရေးယူရတာပေါ့။ တာဝန်ရုပ်သိမ်းပြီးတော့ တပ်ကနေ ထုတ်ပယ် လိုက်ရတာပါ။

မေး။  ။ သူ့လက်အောက်မှာရှိနေတဲ့ တပ်ဖွဲ့တွေကြတော့ရော ဘယ်လိုစီမံမလဲ။ သူ့နေရာမှာ ဘယ်သူ့ကို ခန့်အပ်ဖို့ရှိလဲ။ ကျိုက် မရော ဒေသမှာပဲ တပ်ကိုဆက်ထားမှာလား။

ဖြေ။  ။ သူ့နေရာကို ဆက်တာဝန်ယူမယ့် သူက ဆက်ပြီးတော့ အုပ်ချုပ်သွားရမှာပေါ့။ လောလောဆယ်မှာတော့ ဘာစဉ်းစားချက်မှ မရှိသေးဘူး။ အခုချိန်မှာက ကော်သူလေး တပ်မတော်ကိစ္စတွေရှိနေတော့။ အဲဒါတွေ လွန်သွားပြီးရင် ဖြစ်လာမှာပါ။ ကျိုက်မရော ဒေသ မှာပဲ တပ်ကို ဆက်ထားတာလည်း ဖြစ်နိုင်သလို ဒေသတွင်းရှုတ်ထွေးမှုကြောင့် တပ်ကို ပြန်ရုပ်ကောင်းလည်း ရုပ်နိုင်တယ်။

ဗိုလ်မှူး ဆန်းအောင်ကို ထုတ်လိုက်တာက DKBA က အစိုးရစစ်တပ်နဲ့ ထိပ်တိုက်တွေ့ရတဲ့အရှိန်ကို လျှော့ချချင်လို့လား ဆိုပြီး တချို့က ပြောနေကြတယ်။ အဲဒီလိုဆို ထုတ်ပယ်လိုက်ရုံနဲ့ စစ်တပ်နဲ့ ထိပ်တိုက်တွေ့နေရတဲ့အရှိန်က တကယ်ရော လျော့သွားမလား။ သမ္မတကလည်း တခါကပြောဖူးတယ်။ တိုက်ပွဲတွေဖြစ်နေရင် လာမယ့်ရွေးကောက်ပွဲ နောက်ကျနိုင်မယ်ဆိုတဲ့ ပုံစံပြောသွားတယ်။

အဲဒါနဲ့ ပတ်သက်လို့ကတော့ ထွေထွေထူးထူး မပြောလိုပါဘူး။ သူတို့လည်း သူတို့ရှုထောင်ကနေကြည့်ပြီး သုံးသပ်ကြတာပါပဲ။ သူ့ဖြစ် စဉ်မှာ သမ္မတက ပြောနေသလို တိုက်ပွဲတွေဖြစ်နေရင် လာမယ့်ရွေးကောက်ပွဲ နောက်ကျနိုင်မယ်လို့ ဆိုတာနဲ့ ချိတ်ဆက်ပြီး ပြော ရရင် ကျနော်တို့ အကောင်းဆုံးစဉ်းစားတယ်။ သူ့ကို ဘာ့ကြောင့်အရေးယူလိုက်ရလဲဆိုတာက နောက်ဆက်တွဲ ဆိုးကျိုးတွေကို မရှုတ် ချင်တာလည်း တကြောင်းပါတယ်။ နောက်တကြောင်းက စစ်ဘက်ဆိုင်ရာ စည်းကမ်း ဖောက်ဖျက်တာလည်းပါတယ်။ ၂၀၁၅ မှာ ဖြစ်လာနိုင်မလားဆိုတာကတော့ အစိုးရပေါ်မှာ မူတည်တာပေါ့။ ကျနော်တို့က စစ်ပွဲတွေဖြစ်လို့၊ ဒေသမတည် ငြိမ်လို့ ဒီရွေးကောက်ပွဲကြီးကို ရွှေ့လိုက်ရပါတယ်ဆိုတဲ့ ကျနော်တို့ကြောင့်တော့ အဖြစ် မခံနိုင်ဘူး။ အဲဒါကတော့ သေချာတယ်။ သေနတ်သံက ကနေ့ချ ကနေ့ပြန်မည်တာပေါ့။ အဲဒီနောက်ပိုင်းမှာ ဒီဟာကြီးကိုအကြောင်းပြပြီးတော့ ဒါကြီးဖန်တီးတာမှာ ကျနော်တို့ကြောင့်တော့ သမိုင်းမှာ မကျန်ခဲ့စေချင်ဘူး။

အစိုးရဘက်ကပြောနေတာက အပစ်ရပ်၊ လက်နက်ဖြုတ်သိမ်း၊ ပြီးမှ နိုင်ငံရေး ဆွေးနွေး။ တိုင်းရင်းသားတွေ တောင်းဆိုတာက အပစ် ရပ်၊ နိုင်ငံရေးဆွေးနွေး၊ ပြီးမှ လက်နက်ဖြုတ်သိမ်း ဆိုတဲ့ဟာမှာ ကျိုက်မရောမှာ သေနတ်ပစ်ဖောက်မှုဖြစ်လာတယ်။ တချို့နိုင်ငံရေး သုံးသပ်သူတွေက အစိုးရဘက်က နိုင်ငံရေး ဆွေးနွေးမှုထက် လက်နက်ဖြုတ်သိမ်းရေးက အဓိကဆိုပြီး အကြောင်းပြချက်ရသွားပြီလို့ ဆိုနိုင်တယ်လို့ ပြောကြတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်လာတဲ့ အပေါ်မှာ ကနေ့မှ အပစ်အခတ် ရပ်စဲရေး ကာလပဲရှိပါသေးတယ်။ တလျှောက်လုံး ဗမာစစ်ဝါဒီ ကြီးစိုးမှုနဲ့ သွားခဲ့တာ။ အခုချိန်မှာ ကျနော်တို့ ဘယ်လောက်အတိုင်းအတာအထိ ယုံကြည်မှုပေးလို့ရမလဲ။ ဒီလက်နက် တွေ ဖြုတ်သိမ်းလိုက်ပြီ။ ထုံးစံအတိုင်း စစ်ဝါဒီ ပြန်ကြီးစိုးလာတဲ့အခါကြရင် ဆက်လက်ခုခံကာကွယ်ဖို့ အင်အားမရှိတော့ဘူး။ တသက် လုံး ခေါင်းငုံ့သွားရတော့မှာပဲ။ အဲဒါကြောင့် လက်နက်ဖြုတ်သိမ်းရေးဆိုတာ ယုံကြည်မှု တည်ဆောက်ပြီး ကာလတခုတော့ ဖြတ်သန်း ဖို့ လိုပါလိမ့်မယ်။ ယခင် တချိန်တုန်းက မြန်မာ့တပ်မတော်မှာ ရှိခဲ့တဲ့ ကချင် သေနတ်ကိုင်တပ်ရင်း၊ ရှမ်း သေနတ်ကိုင်တပ်ရင်း စတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ လက်နက်ကိုင်တပ်ရင်းရှိတော့ ဗဟို အစိုးရက သူလုပ်ချင်သလို ချယ်လှယ်လို့မရတော့ဘူး။ ကနေ့ ယုံကြည်မှု တည်ဆောက်ချိန်ဟာ အဲဒီလို ကာလမျိုး ဖြတ်သန်းရမလားတော့ မပြောနိုင်ဘူး။ ဆိုလိုတာက ကိုယ့်လုပ်ရပ်မှန်တယ်ဆိုရင် အဲဒါကို စိုးရိမ်နေစရာ၊ ကြောက်စရာလည်း မလိုဘူးဗျ။ ကိုယ့်လိပ်ပြာ မသန့်တဲ့အခါကြတော့ လက်နက်ရှိတဲ့သူက လက်နက်အားကိုး တာကိုး။ ကျနော်တို့ အာမခံချက် ပေးနိုင်တာက ကျနော်တို့ လူမျိုးရေး တပ်မတော် ရှိရမယ်။ ယုံကြည်မှုတည်ဆောက်ပြီးတော့မှ လက်နက်ဖြုတ်သိမ်းတာက ပြဿနာမရှိပါဘူး။ လောလောဆယ်တော့ ကျနော်တို့ လက်နက်ဖြုတ်သိမ်းဖို့က ဘယ်လက်ခံမလဲ။

မေး။  ။ ကျိုက်မရော သေနတ်ဖောက်မှုက စစ်တပ်တောင်းဆိုနေတဲ့ အကြောင်းပြချက်တခုရော မဖြစ်နိုင်ဘူးလား။

ဖြေ။  ။ မဖြစ်နိုင်ဘူးဗျ။ အဲဒါက တောင်းဆိုချက်၊ အကြောင်းပြချက် တခုသာ ဖြစ်လိမ့်မယ်။ ခိုင်လုံမှုတော့ မရှိဘူးဗျ။ လတ်တလော ရင်ဆိုင်ရတဲ့ ဖြစ်စဉ်ကို စဉ်းစားကြည့်လိုက်ရင် ကိုယ့်ဆီက မှားတာလည်း မှားတာပေါ့။ မူးယစ်ပြီး ကားမောင်း၊ ပစ်ခတ် သေဆုံးခဲ့တဲ့ဖြစ်စဉ်။ ဆက်စပ်ပြီး ကျိုက်မရောမှာ သေနတ်သိမ်းတဲ့ဖြစ်စဉ်၊ စတဲ့ ဖြစ်စဉ်တွေ တလျှောက်လုံး ဖြစ်လာတာလည်း တဖက်သတ် အနိုင် ကျင့်တာကို ခံစားလာရတယ်။ လက်နက် ကျည်ထွက်တဲ့ကိစ္စ မပြောနဲ့။ ပြီးခဲ့တဲ့နှစ်က ကျနော်တို့ DKBA နေ့ အခမ်းအနား လုပ်ဖို့အတွက် ကျနော့် ရဲဘော်တယောက် တက်လာတာမှာ မြဝတီလမ်းမှာပဲ ယူနီဖောင်းချွတ်ခိုင်း တာတွေကအစ ဖြစ်ခဲ့တယ်။ ရဲဘော်က ရဲဘော်လို ခံစားရတယ်။ သူစစ်သားတယောက်၊ စစ်ဝတ်စုံနဲ့ နေရတာ သူ့ကိုယ်သူ ဂုဏ်ယူတယ်။ သူ့စစ်ဝတ်စုံကို ချွတ်ခိုင်းတာက သူ့စိတ်ဓာတ်ကို ရိုက်ချိုးတာပဲ။ မထိကလုပ်၊ ထိကလုပ် လုပ်တဲ့ လုပ်ရပ်တွေက များလာတဲ့အခါကြတော့ ရဲဘော်က ဘယ်လောက်ထိန်းနိုင်မလဲ။ အဲဒီလို စုထားတာတွေ များလာတော့ ကျိုက်မရောဖြစ်စဉ်လို ဖြစ်လာရော။ တချို့နေရာတွေမှာ နားလည်မှုတည်ဆောက်ပြီး နေလို့ထိုင်လို့ရပေမယ့် တချို့နေရာတွေမှာ တင်းကျပ်စွာ ကိုင်တွယ်လာတဲ့အခါကြရင်ပေါ့။ စပြောတာက ငါတို့ လက်နက်ကိုင်တပ်ဖွဲ့တွေ တန်းတူဆက်ဆံကြမယ်ဆိုပေမယ့် တန်းတူမရှိတဲ့အခါကြတော့ အောက်ခြေက ရဲဘော်တွေရဲ့ စိတ်ထဲမှာ တောထဲနေတဲ့ ဘ၀ ကလည်း ဒီအတိုင်းပဲ၊ အပစ်ရပ်ထားတဲ့ ဘဝမှာလည်း ဒီအတိုင်းပဲ။ အချိုးအနှိပ်ခံရတဲ့ အနေအထားမျိုးဝင်လာခဲ့ရင် ကျနော်တို့လည်း ထိန်းသိမ်းရခက်တယ်။ အခုနောက်ဆက်တွဲ ဖြစ်ရပ်တွေက အဲဒီအချက်တွေပေါ် အခြေခံတယ်လို့ ကျနော်ယူဆတယ်။

မေး။  ။ ဗိုလ်မှူး ဆန်းအောင်နဲ့ ဖြစ်သွားတာက အစိုးရစစ်တပ်နဲ့ပေါ့။ တချို့ တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသား လက်နက် ကိုင် အောက်ခြေအချင်းချင်း ပြဿနာလေးတွေ ရှိတယ်လို့လဲ ကြားရတယ်။ အဲဒါနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်လဲ။

ဖြေ။  ။ အဓိကက တပ်ပိုင်နယ်မြေ သတ်မှတ်နိုင်ခြင်း မရှိတဲ့ဟာက ကိုယ့်နယ်မြေ သူကျူး၊ သူ့နယ်မြေ ကိုယ်ကျူး ဖြစ်နေတာက ပြ ဿနာပါ။ မသတ်မှတ်နိုင်သေးသရွေ့ကလည်း နောက်ဆက်လည်း ဖြစ်နေဦးမှာပဲ။

မေး။  ။ အဲဒီတော့ တိုင်းရင်းသား လက်နက်ကိုင်တွေအချင်းချင်း နားလည်မှုတွေ၊ စည်းလုံးညီညွတ်မှုက ဘယ်လောက်အထိ လိုအပ် တယ်လို့ ယူဆပါသလဲ။

ဖြေ။  ။ လိုအပ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်း စုစည်းညီညွတ်နေတဲ့အခါကြရင် အစိုးရက ကိုင်တွယ်ရ၊ ထိန်းကျောင်းရ ခက်တယ်။ အဲဒီအခါကြတော့ နည်းလမ်းဟောင်းကြီးအတိုင်းပဲ တစဆီ ပဲ့အောင်ဖဲ့၊ ဘယ်သူက ဘာကြိုက်တယ် ဆိုတဲ့ အခွင့်အရေးမျိုးနဲ့ ခြေဖျက်ခဲ့တာ ရှိပါတယ်။ အခု ကျနော်တို့ ကော်သူလေး တပ်မတော်ဖွဲ့စည်းမယ်ဆိုတာကလည်း အဲဒီ စုစည်းမှုအတွက် အစပျိုးတဲ့ ခြေလှမ်းတရပ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ စုစည်းအားကောင်းရင် တဘက်က မဖြိုခွဲနိုင်ပါဘူး။ စုစည်းမှု အားနည်းရင်တော့ တချိန်မှာ ပပျောက်သွားမယ့် အနေအထားကိုတောင် ရောက်နိုင်ပါတယ်။

မေး။  ။ အစိုးရက လုပ်နေတဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး အခြေအနေတွေကိုရော ဘယ်လိုသုံးသပ်မလဲခင်ဗျ။ အားရ ကျေနပ်မှုရှိလား။ ဘာတွေ လိုအပ်နေသလဲ။

ဖြေ။  ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အားရကျေနပ်မှု မရှိဘူး။ ကျနော်ပြောတာ ကလေးဆန်ချင် ဆန်နေမယ်။ ဒါပေမယ့် အဲဒါက တ ကယ်လုပ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ တိုင်းရင်းသား ဒေသတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတာ နှစ်ပေါင်းကြာ ပါပြီ။ ဘာသေနတ်သံမှ မမြည်ခဲ့ဘူး။ တပ်မတော် အစိုးရက ဝင်ရောက်လာတဲ့ နောက်ပိုင်းမှသာ စစ်ပွဲတွေဖြစ် လာတာကိုး။ အကယ်၍ ကနေ့မှာ လွတ်လပ်ပွင့်လင်းတဲ့ သဘောမျိုး ဖြစ်လာပြီ၊ တပ်ကလည်း သူ့စစ်တန်းလျားကို ပြန်ခဲ့မယ်ဆိုရင် တိုင်းရင်းသား တွေ သူ့ဒေသကိုသူ ထိန်းချုပ်ထားတာ နှစ်ပေါင်းများစွာပါ။ တိုင်းတပါး ကျူးကျော်တို့ ဘာတို့ပြောနေတာ။ တကယ်လို့ တိုင်းတပါး ကျူးကျော်တို့ ဖြစ်ခဲ့ရင်လည်း အရင်ဆုံး ထိတွေ့ရင်ဆိုင်ရမှာက တိုင်းရင်းသား အဖွဲ့ပါ။ တိုင်းရင်းသားတွေရဲ့ အရိုးပုံက ဟိုးအောက်ဆုံး မှာ ရှိနေမှာပါ။ တပ်ကသာ သူ့နေရာသူနေရင် ဒါတွေဖြစ်ခဲ့စရာ မရှိပါဘူး။

မေး။  ။ အခု စစ်တပ်က ဦးဆောင်ပြီး လုပ်နေတဲ့ ငြိမ်းချမ်းရေး ကိစ္စတွေမှာ အောင်မြင်ဖို့ တပ်ဘက်ကရော ဘယ်အပိုင်းတွေ လျှော့ချဖို့ လိုတယ်လို့ ယူဆလဲ။

ဖြေ။  ။ သာဓကတခု ကျနော်ပြောပြမယ်။ ကျနော်တို့ အခြေစိုက်တဲ့ ဆုံဆည်းမြိုင်ရွာနဲ့ မြဝတီမြို့ လမ်းတလျှောက်မှာ လမ်းကြောင်း လုံခြုံရေးအတွက် ကျနော်တို့ တပ်တွေ နေရာချထားတာရှိတယ်။ သာမန် အရပ်သားတောင်မှ ကိုယ့်အိမ်လုံခြုံရေးအတွက် ခြံစည်းရိုးခတ်တာရှိတယ်။ အဲဒီမှာ ကျနော်တို့ တပ်ဝန်းကို ခြံခတ်လည်း မရဘူး။ တပ်ဝန်းဆိုတာက သူ့ဝန်းနဲ့သူ ရှိရမှာပေါ့။ အရပ်သားတွေရော ဝင်ထွက်သွားလာနေတဲ့နေရာ မဖြစ်သင့်ဘူးလေ။ အဲဒါကို ဘာသဘောနဲ့ ခတ်တာလဲတို့ ဘာတို့နဲ့။ ကျနော်တို့ကိုသာ အဲဒီလို ကန့်သတ်တာ။ လမ်းတလျှောက်မှာရှိတဲ့ သူတို့စစ်ကြောင်းကို သွားကြည့်လိုက်ပါလား။ အခိုင်အမာနဲ့၊ ကတုတ်ကျင်းနဲ့။ ကျနော်တို့မှာ ပစ်ကျင်းလည်းမရှိ။ အဲဒါကိုပြောချင်တာ။ ကျနော်တို့ကရော လက်နက်ကိုင်တပ်ဖွဲ့ မဟုတ်ဘူးလား။ တပ်မတော်မှာသာ အန္တရာယ်ရှိသလား။ တပ်စခန်းကို တပ်စခန်းတခုလို မလုပ်နိုင်ရင် ကျနော်တို့က အရပ်ဘက်အဖွဲ့အစည်းဘက်ကိုပဲ ပြောင်းလိုက်ရတော့ မှာပေါ့။

အဲဒီလို မညီမျှမှုတွေက သာမန်ရဲဘော်တောင် စဉ်းစားလို့ရတယ်။ အခု ကျနော်တို့နေရာယူတဲ့ လမ်းတလျှောက်မှာ အစိုးရစစ်တပ် တွေ လည်း နေရာယူတာပဲ။ သူတို့ အဲဒီလိုနေရာယူတာမှာ ကျနော်တို့ဆီ အကြောင်းကြားတာမျိုး မရှိခဲ့ပေမယ့် ကျနော်တို့က နားလည်နိုင်ပါတယ်။ အဲဒီလို ကျနော်တို့နားလည်သလို သူတို့ဘက်ကလည်း ကျနော်တို့ကို ပြန်နားလည်ပေးဖို့လိုတယ်။ စစ်သားက စစ်သား အလုပ် လုပ်မှာပဲ။ လက်နက်ကိုင်ထားသူက သူ့လုံခြုံရေးအတွက် သူလုပ်မှာပဲ။ သူတို့အလုပ် သူတို့လုပ်သလို ကျနော်တို့အလုပ် လည်း ကျနော်တို့ လုပ်ပါရစေ။ နားလည်မှုပေးပါ။ ငါက အုပ်ချုပ်သူ လူတန်းစား၊ ငါလုပ်ချင်သလိုလုပ်မယ်၊ မင်းတို့ကမလုပ်နဲ့ဆိုရင် ဘယ်လိုလုပ် တန်းတူရည်တူဖြစ်မလဲ။ သူတို့ တပ်အချိန်းအပြောင်းမှာ ကျနော်တို့ ဌာနချုပ်ဘေးကနေ စစ်သည် ရာနဲ့ချီပြီး ဖြတ်သွားတာပဲ။ လိုအပ်တဲ့ ကားတွေတောင် ကျနော်တို့ဆီက ပို့ပေးတာပဲ။ ကျနော်တို့ လူ ၁၀ ယောက်လောက်သွားတာကို သတင်းမပို့လို့ဆိုပြီးတော့။ ဒီ ၁၀ ယောက်လောက်ကပဲ တိုင်းပြည်ကို ဖျက်တော့မယ့်ပုံစံ။ အဲဒီလိုဆက်ဆံတော့ ကျနော်တို့လည်း စိတ်ထဲက မကောင်း ဘူး။

မေး။  ။ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ကနေတဆင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကားပါမစ်မျိုးတွေ၊ စီးပွားရေး လုပ် ပိုင်ခွင့် မျိုးတွေ ပေးတာနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်လဲ။ တချိန်ကလည်း အဲဒီလိုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖြိုခွဲခဲ့တယ်လို့ တချို့က သုံးသပ်ကြတယ်။

ဖြေ။  ။ ရိုးရိုး လူပိန်းစကားနဲ့ပဲပြောမယ်။ ဒီလိုအခွင့်အရေးမျိုးက မက်မောကြတာပါပဲ။ သို့သော်လည်း အသိတရားလေး ရှိဖို့တော့ လို တာပေါ့။ ငါးစာရဲ့နောက်ကွယ်မှာ ငါးမျှားချိတ် ရှိသလားဆိုတာ။ အသိတရားနဲ့ ထိန်းညှိပြီးသွားဖို့တော့ လိုတာပေါ့။ အဲဒီအပေါ်မှာ နစ်မျောပြီး ကိုယ့်ဘ၀ ပေးဆပ်ခဲ့ရတာ ၁၀ စုနှစ်ကျော် ပေးဆပ်လိုက်ရတာတော့ ဦးနှောက်အသိဉာဏ် နည်းလွန်းရာ ကျပါတယ်။

မေး။  ။ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) အဖွဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ။  ။ ကောင်းပါတယ်။ အရင်ကတည်းက လုပ်နေကြအတိုင်း အဖွဲ့လေးတွေကို ခွဲပြီးတော့ တဖွဲ့စီ၊ တဖွဲ့စီ ကောက်စား၊ အခွင့်အ ရေး လေးတွေပေးပြီး ခါးပိုက်ထဲ ထည့်တာမျိုး ပုံစံနဲ့စာရင် ထုကြီးတခု စုစည်းတာက အစိုးရဘက်က ထည့်ချင်သလို ထည့်လို့မရဘူး။ တချိန်တုံးက ကျနော်တို့ တပ်ပေါင်းစုအဖြစ် ရှိခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း မျိုချခံခဲ့ရတာပါပဲ။ တဖွဲ့ချင်းမဆွေးနွေးပဲ တပ်ပေါင်းစု အနေနဲ့ ဆွေးနွေးမယ်၊ ဆွေးနွေးချက်တွေကိုလည်း အချိန်နဲ့အမျှ ကမ္ဘာနဲ့ နိုင်ငံသိအောင် ကြေညာမယ်၊ အာမခံချက်ရှိတဲ့ တတိယနိုင်ငံ လိုမျိုး၊ ကြားအုပ်စုက ပုဂ္ဂိုလ်လိုမျိုးတွေ ပါဝင်ပြီး ဆွေးနွေးမယ်ဆိုတဲ့ မူတွေချခဲ့တယ်။ ကနေ့ UNFC ကလည်း ဒီအတိုင်းဆက်ပြီး သွားနိုင်ရင်ကောင်းပါတယ်။ ဒါပေမယ့် လက်ငင်းမှာတော့ အဖဲ့ခံရတာ၊ အဖြိုခွဲခံရတာ ရှိနေပြီပဲ။ နောက်ထပ် ဆက်မဖြစ်ဘဲ ဒီအတိုင်း သွားနိုင်ရင်တော့ အားကောင်းပါတယ်။

မေး။  ။ အခုအချိန်မှာ UNFC ထဲကနေ ကရင်အမျိုးသား အစည်းအရုံး(KNU) က နုတ်ထွက်လိုက်ပြီ။ အဲဒီအပေါ်မှာရော ဘယ်လို သုံးသပ်မလဲ။

ဖြေ။  ။ ပြောရရင်တော့ဗျာ။ အဲဒီအစည်းအဝေး နောက်ပိုင်းမှာ သူတို့ပြောတာရှိပါတယ်။ ကရင့်ကြမ္မာကို ကရင်ဖန်တီးရမယ်ပေါ့။ က ရင်ခေါင်းဆောင် စောဘဦးကြီးလည်း ဒီစကားပြောခဲ့တယ်ပေါ့ဗျာ။ ဒါပေမယ့် ကရင်လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စီ၊ ကိုယ်စီ ဘယ်လို အဓိပ္ပာယ်ကောက်ကြလဲတော့ မသိဘူးပေါ့ဗျာ။ ကျနော် အဲဒီလောက်ပဲ ပြောချင်ပါတယ်။

မေး။  ။ ဗိုလ်မှူးအနေနဲ့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ နောက်ဆုံး ဘာများပြောချင်ပါသလဲ။

ဖြေ။  ။ ကျနော် အကောင်းဘက်လည်း ပြောမယ်၊ အဆိုးဘက်လည်း ပြောမယ်။ အကောင်းမြင်ပြောရရင်တော့ အစိုးရသက်တမ်း နုသေး တယ် လို့ပဲ ပြောရပါလိမ့်မယ်။ အခြေမတည်သေးတဲ့ စနစ်တခု အပြောင်းအလဲမှာ အချိုးအကွေ့ကိုလည်း ညင်သာစွာ ချိုးကွေ့နေရတဲ့အချိန်၊ အချိုးအကွေ့ ညင်သာရင်လည်း တိုင်းပြည်နာမယ့်အချိန်ဆိုတော့ အစိုးရက အဲဒါကို သတိ ကြီးကြီးထားပြီး လုပ်နေ ရ တယ်လို့ မြင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ကလည်း စိတ်ရှည်သည်းခံဖို့ လိုပါတယ်။ အဆိုးဘက် မြင်တာက ကနေ့ အစိုးရ အဖွဲ့အစည်းရဲ့ လုပ်ရပ်အပေါ်မှာ နိုင်ငံတော်ရဲ့ တပ်မတော်က မှန်မှန်ကန်ကန် လိုက်ပါရဲ့လား ဆိုတဲ့ဟာက သံသယ ရှိပါတယ်။     ။

Your Thoughts …
Tags: DKBA
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.5k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.1k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

by အေးချမ်းဆု
11 April 2024
11.2k

ကရင်စစ်မျက်နှာရှိ ဖာပွန်၊ မြဝတီ စစ်နယ်နှစ်ခုအနက် တခုကိုသာ ထိုးစစ်ဝင်နိုင်သည်။

ကျောက်ခက်၌ ပိတ်လှောင်ခံထားရသူ ရာချီ ကျန်နေ

ကျောက်ခက်၌ ပိတ်လှောင်ခံထားရသူ ရာချီ ကျန်နေ

by ဧရာဝတီ
13 February 2025
11.2k

ပြန်လွတ်လာသူများသည် အလုပ်ဆိုက်များမှ ထွက်ပြေးသည်ကို DKBA မှ ပြန်ဖမ်းမိသူများ၊ ငွေကြးဖြင့် ပြန်ရွေးရသူများနှင့် ကျားဖြန့် ငွေလိမ်အလုပ်ကို ကောင်းစွာမလုပ်နိုင်သူများကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး အွန်လိုင်းလိမ်လည်သည့်လုပ်ငန်းများအား အဆင်ပြေပြေ လုပ်နိုင်သူများကို ချန်လှပ်ထားကြောင်း သိရသည်။

မြဝတီတိုက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း

မြဝတီတိုက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း

by ဧရာဝတီ
20 April 2024
8.3k

စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေးကို ယခင်က အာရုံစိုက်ခဲ့သည့် ထိုင်းကဲ့သို့သော အိမ်နီးချင်းများသည် ယခု ပဋိပက္ခအပေါ် ၎င်းတို့၏ရပ်တည်ချက်ကို ပြန်လည် စဉ်းစားသုံးသပ်လာကြသည်။

စွယ်တော်ကုန်းတိုက်ပွဲ ဗျူဟာမှူး ထွက်ပြေးသွား

စွယ်တော်ကုန်းသိမ်းပြီးတော့ ကရင်ပြည် ဘာထူးလဲ

by စွယ်တော်
23 October 2024
6.1k

KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ယခုတကြိမ် စစ်ရေးပစ်မှတ်မှာ မြဝတီသိမ်းပိုက်ရေး ဟုတ်ပုံမရ။

Next Post
၈၈ ရဲ့တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း အပိုင်း (၆)

၈၈ ရဲ့တိုင်းဆူ ပြည်ဖျက်များကို ဖော်ထုတ်ခြင်း အပိုင်း (၆)

မျက်လှည်, လက်လှည့်, မှော်ပညာ, Street Magic, Close up Magic, Stage Magic,

ကျောင်းမှာ ကျမကို မှော်ဆရာမလေးလို့ ခေါ်ကြတယ်

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate