ကျနော်တို့က Sanction ကိစ္စထက် ပူးပေါင်း ဆောင်ရွက်ရေးပေါ့

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အနေနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာပါ။ တောင်တရုတ်ပင်လယ်အရေး၊ မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌအနေနဲ့ ကိုင်တွယ်ရာမှာ ကြုံတွေ့ခဲ့ရမှု၊ သမ္မတ အိုဘားမား ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးမယ့် ကိစ္စများ စတာတွေနဲ့ ပတ်သက်လို့ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်အား ဧရာဝတီ သတင်းထောက် သစ်နေမိုးနဲ့ ကျော်ဆုမွန်တို့က မေးမြန်းထားချက်တွေကို ဖော်ပြလိုက်ပါတယ်။

မေး ။   ။ တောင်တရုတ်ပင်လယ် အရေးမှာ Code of conduct (ကျင့်ဝတ်စည်းကမ်း) လုပ်နိုင်ဖို့ အလားအလာ ရှိတယ်လို့ ဆိုတော့ ဘယ်အချက်တွေပေါ်မှာ မူတည်ပြီး အလားအလာ ကောင်းဖို့ ရှိတယ်လို့ ပြောတာပါလဲ။

ဖြေ။   ။ ကျနော်ပြောတာ Code of conduct ထွက်မှာ မဟုတ်ဘူး။ Code of conduct ပေါ်လာအောင် ဘယ်လို လုပ်မယ်ဆိုတဲ့ လုပ်ငန်းစဉ်ပေါ့။ Code of conduct ကတော့ အများကြီး လုပ်ရဦးမှာ။ ဒါကို လုပ်နေတာ ကြာပြီ၊ အများကြီး တိုးတက်မှု မရှိဘူးပေါ့။ ဒါကြောင့်မို့ ဒီနှစ်မှာတော့ ကျနော်တို့ ဥက္ကဋ္ဌရာထူးလုပ်တဲ့ အချိန်မှာ ပါဝင်ပတ်သက်တဲ့ နိုင်ငံအားလုံး အနေနဲ့ ဒါကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ အဆင့်ဆင့် ဘယ်လို လုပ်ကြမလဲဆိုတဲ့ တိကျတဲ့ မူဘောင်ပေါ့၊ ဒီ မူဘောင်ထွက်နိုင်အောင် ကျနော်တို့က ကြိုးစားနေတာပါ။

မေး။   ။ တိကျတဲ့ မူဘောင် ဆိုတဲ့ထဲမှာ ဘယ်လိုအချက်မျိုးတွေ ပါနိုင်မလဲ။

ဖြေ။   ။ ဒါတော့ လောလောဆယ် ပြောလို့ မရသေးဘူး။ အဓိကကတော့ သူ့အဆင့်လိုက်ဆိုတော့ အားလုံး သဘောတူရင် ပိုမြန်တာပေါ့။ ပြီးခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ ယေဘုယျ သဘောတူခဲ့တယ်။ ဒါကို အမြန်ဆုံး ပေါ်ပေါက်ဖို့လိုတယ် ဆိုတာပေါ့။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က အခု ကြိုးစားဆောင်ရွက် နေတာပေါ့။

မေး။   ။ မြန်မာ အနေနဲ့ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို တနှစ်တာ တာဝန်ယူကာလ ကုန်တော့မယ်ဆိုတော့ တနှစ်လုံးမှာ အအောင်မြင်ဆုံး ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့တဲ့ Issue တခုက ဘာဖြစ်နိုင်မလဲ။

ဖြေ။   ။ ကျနော့် အမြင်ကတော့ အာဆီယံ အချင်းချင်းမှာရော၊ အာဆီယံနဲ့ ဆက်စပ်တဲ့ နိုင်ငံတွေ ကြားထဲမှာရော ပိုပြီးတော့မှ ပေါင်းစည်းဆက်ဆံမှု ပိုကောင်းလာအောင် လုပ်နိုင်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒါဟာ အောင်မြင်မှုပေါ့။ ဥပမာ ဆိုပါတော့ အရင်တုန်းက ရှိနေခဲ့တဲ့ အငြင်းပွားမှုတွေ အများကြီး အရှိန်လျော့သွားတယ်ပေါ့။ တောင်တရုတ်ပင်လယ်ဆိုလည်း နှစ်ဆန်းပိုင်းမှာ တော်တော်လေး တင်းတင်းမာမာ ဖြစ်ခဲ့ပေမယ့် လျော့သွားတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားဆိုလည်း သူတို့ဟာသူတို့ အဖြေရှာသွားနိုင်တယ်။ ကျန်တဲ့ နိုင်ငံတွေအချင်းချင်းမှာလည်း ဘာမှ အငြင်းပွားတာ မရှိသလောက် ဆိုတော့ ကျနော်တို့အနေနဲ့ အာဆီယံရဲ့ မူဘောင်ဖြစ်တဲ့ အများသဘောတူ လုပ်ဆောင်ရမယ်ဆိုတဲ့ မူဘောင်ထဲကနေ လုပ်နိုင်ခဲ့တယ်လို့ ကျနော် ယုံကြည်တယ်။

မေး။   ။ မြန်မာက အာဆီယံ-တရုတ်၊ အာဆီယံ-အမေရိကန်၊ ဒီလို နိုင်ငံတွေကြားမှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ရတဲ့အခါ နှစ်ဖက်စလုံးကို ဘက်လိုက်မှု မရှိဘဲ သွားတဲ့အခါမှာ ဘယ်လို အခက်အခဲမျိုးတွေ ကြုံရတာ ရှိပါသလဲ။

ဖြေ။   ။ အခက်အခဲ မရှိပါဘူး။ ဘာဖြစ်လို့လဲဆို ကျနော်တို့ရဲ့ မူဝါဒကိုက စကတည်းက လွတ်လပ်ပြီး တက်ကြွတဲ့ ဘက်မလိုက်တဲ့ မူဝါဒဆိုတော့ ကျနော်တို့ နိုင်ငံအနေနဲ့က အာဆီယံနဲ့ ဆွေးနွေးဘက် နိုင်ငံတွေကြားမှာ တခါမှ ပြဿနာ မရှိဘူး။ နောက်တခါ အစဉ်လာအရလည်း ဆက်ဆံရေး ကောင်းခဲ့တယ်။ ဥက္ကဋ္ဌက ဝင်ပြီး ညှိနှိုင်းတဲ့ ကိစ္စမှာလည်း ဘက်လိုက်မှု မရှိဘဲ ဆောင်ရွက်နိုင်ခဲ့တယ်ပေါ့။ ဒါကြောင့်မို့ သက်ဆိုင်ရာ နိုင်ငံတွေက ပိုပြီး ပူးပေါင်း ဆောင်ရွက်မှုရတယ်လို့ ကျနော်တို့ မြင်ပါတယ်။

မေး။   ။ ဒီတခေါက် အမေရိကန်သမ္မတလည်း လာမယ်ဆိုတော့ သမ္မတ ဦးသိန်းစိန်နဲ့ နှစ်ဖက် သီးသန့်တွေ့ဖို့ အစီအစဉ် ရှိပါသလား။

ဖြေ။   ။ ရှိပါတယ်ဗျ။ အချိန်ကတော့ ညှိတုန်းပဲ။ ၁၃ ရက်နေ့လောက် ဖြစ်ဖို့ များပါတယ်။

မေး။   ။ အဓိက ဘယ်လို Issue တွေ ဆွေးနွေးမယ်လို့ ပြောလို့ ရမလဲ။

ဖြေ။   ။ အဓိကကတော့ သမ္မတကြီးနဲ့ အိုဘာမား ပထမတခါ တွေ့တုန်းက သဘောတူခဲ့တဲ့ အချက် ၁၁ ချက်ရှိ ပါတယ်။ ဒီအချက်တွေမှာ အကောင်အထည်ဖော်ခဲ့တဲ့ အခြေအနေတွေပေါ့။ ဒါတွေကို ပြန်ဆွေးနွေးဖို့ ရှိပါတယ်။ အချို့ဟာတွေက ကျနော်တို့ အစိုးရတဖွဲ့တည်း လုပ်လို့ရတာ ရှိတယ်။ အချို့ဟာ အခြား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရတာတွေ ရှိတယ်။ ဒီလို နေရာမျိုးတွေမှာတော့ အကောင်အထည်ဖော်ဖို့ ကျန်နေတာတွေ ရှိတယ်ဗျ။

တချို့ပြောနေကြတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ရုံးဖွင့်ဖို့ ကိစ္စဆိုရင် တကယ်ကျ အဲဒီ ရုံးဖွင့်တာ ကမ္ဘာပေါ်မှာ ၁၃ နိုင်ငံပဲ ရှိတယ်။ ဒါပေမယ့် အဲဒီ ၁၃ နိုင်ငံလုံးကလည်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဒီရုံးကို လက်ခံပြီးတော့ ဖွင့်ခဲ့တာ။ ကျနော်တို့ နိုင်ငံကျ အဲဒီလို ဖွင့်ဖို့အတွက် ဘာဆုံးဖြတ်ချက်မှ မရှိဘူး။ ကျနော်တို့က ဘာဖြစ်လို့သဘောတူခဲ့လည်း ဆိုရင် ကျနော်တို့ အစိုးရသစ်အနေနဲ့ မြန်မာရဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်ဖို့  စိတ်ပိုင်းဖြတ်ထားမှု ရှိတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် နိုင်ငံတကာ စံနှုန်းတွေနဲ့ ဖြစ်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ဖို့ကို သန္နိဋ္ဌာန် ချထားတယ် ဆိုတာကို ပြချင်လို့ ကျနော်တို့က သဘောတူခဲ့တာ။

ဒီလို သဘောတူတဲ့ နေရာမှာ သူတို့ ၁၃ နိုင်ငံလုံးနဲ့ ချုပ်ထားတဲ့ သဘောတူချက်တွေကို လေ့လာတယ်။ UN ဘက်ကလည်း သူတို့ အဆိုပြုချက်ကို ပေးတယ်။ ဒီဘက်ကလည်း အဆိုပြုချက်ကို ပြန်တင်ထားတယ် ဆိုတော့ ဒီနှစ်ခု ညှိတုန်းပဲ ရှိသေးတယ်။ သို့သော် အဲဒီလို ညှိနေပေမယ့် ကျနော်တို့က ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘဲနေတာ မဟုတ်ဘူး။ ကျနော်ထင်တယ်၊ အိုဘားမား ပြန်ပြီး သိပ်မကြာသေးဘူး ဘန်ကောက်မှာ သူတို့ အခြေစိုက်တဲ့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ရုံးက ကိုယ်စားလှယ် ၃ယောက်က ကျနော်တို့နိုင်ငံထဲမှာ ရောက်နေတယ်။ အဓိကအားဖြင့် ရခိုင်ပြည်နယ်ပေါ့။ လူ့အခွင့်အရေး အကြံပြုတာတွေ လုပ်တယ်။ သဘောတူ စာချုပ် မချုပ်နိုင်သေး ပေမယ့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု လုပ်နေတယ်။

နောက် ငြိမ်းချမ်းရေး ဆိုလည်း ကျနော်တို့က ၁၆ ဖွဲ့လုံးနဲ့ ညှိရတော့ မတူကွဲပြားတဲ့ အမြင်တွေ ရှိနေတယ်။ ကျနော် ထင်ပါတယ်။ အမေရိကန်ဘက်ကလည်း ပြည်တွင်းရေးအရ ဖြစ်နေတဲ့ တချို့ဖိအားတွေ ရှိမှာပေါ့။ ဒီကိစ္စကိုလည်း ကျနော်တို့နဲ့အတူ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိမ့်မယ်လို့ ထင်ပါတယ်။

မေး။   ။ ဒီတော့ အိုဘားမား ပြန်သွားရင် လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံး ဖွင့့်ဖို့ အလားအလာ အများကြီး ရှိတယ် ဆိုလိိုတာပေါ့။

ဖြေ။   ။ ဖွင့်ဖို့ဆိုတာ သဘောတူညီချက် ရဖို့လိုတာပေါ့။ ရုံးအနေနဲ့ ကျနော်တို့နဲ့ ဘာတွေ လုပ်မလဲ ဆိုတာပေါ့။ ဒီဟာကို ကျနော်ုတို့က အသေးစိတ် ညှိနေတာ၊ ဒါညှိလို့ သဘောတူတယ် ဆိုရင်တော့ ဖွင့်မှာပေါ့။ ဒီလို သဘောတူညီချက် မရခင်မှာတောင် ရပ်မနေပါဘူး။ ကိုယ်စားလှယ် သုံးယောက်ကို နှစ်ရှည်လများ နေခွင့်ပေးပြီးတော့ ကျနော်တို့နဲ့ အတူ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေပါတယ်။

မေး။   ။ အမေရိကန် သမ္မတကသာ ပြည်တွင်းရေး လက်ရှိလှုပ်ရှားမှုတွေ ဖြစ်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံတဲ့အခါ တိုက်တွန်းပြောဆိုတာမျိုး ရှိလာရင် သမ္မတဘက်က သဘောထားက ဘယ်လိုရှိနိုင်မယ်ဆိုတာ ပြောလို့ရမလား။

ဖြေ။   ။ တိုက်တွန်းတယ်တို့၊ သမ္မတ ဘယ်လိုပြောမလဲ ဆိုတာတော့ ကျနော် ခုချိန်မှာ ခန့်မှန်းလို့ မရဘူးပေါ့။ သို့သော် အရင် အစဉ်အဆက် ရပ်တည်ချက်ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာသည် ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းရေး ဖြစ်တယ်။ နောက်တချက်က ပြင်ဖို့လိုတယ်ဆိုတာကို ပါဝင်ပတ်သက်တဲ့ သူတွေအားလုံး သဘောတူထားပြီးသား။

ပြင်တဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ ပြဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်ဖို့ သဘောတူ ထားပြီးသား။ ဒီတိုင်းလုပ်မယ် ဆိုရင် ရပ်တည်မှာပါ။ သို့သော်လည်း အမေရိကန်ရဲ့ ထုတ်ပြန်ချက်တွေအရ သူ့အနေနဲ့ ဘယ်ဟာကို ပြင်သင့်တယ် မပြင်သင့်ဘူး ဆိုတာ ထုတ်မပြောဘူးဆိုတာ ကျနော်တို့ နားလည်ထားပါတယ်။

မေး။   ။ ဒီတခေါက် မြောက်ကိုရီးယားက မတက်ဘူးဆိုတာ ဘာကြောင့်များပါလဲ။

ဖြေ။   ။ ဒါတော့ ကျနော် အခြေအနေ အသေးစိတ် မသိပါဘူး။ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ရှင်းပြတာ ပါလာပါလိမ့်မယ်။

မေး။   ။ မြန်မာအနေနဲ့ အာဆီယံ ရာထူးကို အောင်အောင်မြင်မြင်နဲ့ လွှဲပြောင်းပေးဖို့ဆိုရင် ဘာတွေ လိုအပ်သေးတယ်လို့ မြင်ပါသလဲ။

ဖြေ။   ။ ကျနော်တို့က လွှဲပြောင်းပြီးပြီဆို အခု ၂၀၁၅မှာ အာဆီယံ တခုတည်းတော့ အသိုင်းအဝိုင်း ဖြစ်တော့မှာပေါ့။ ကျနော်တို့ ဥက္ကဋ္ဌ ဖြစ်တဲ့အခါမှာ ၂၀၁၅ အလွန်အာဆီယံရဲ့ မျှော်မှန်းချက်တွေကို စပြီး ဆွေးနွေးခဲ့တယ်။ တချို့ အချက်တွေလည်း သဘောတူထားတယ်။ ဒါတွေလည်း နောက် ဥက္ကဋ္ဌကို လွှဲပြောင်း ပေးသွားမှာပါ။

နောက်တချက် သမ္မတကြီး အလေးထား ဆောင်ရွက်နေတဲ့ ရာသီဥတု ပြောင်းလဲမှုပေါ့။ ဒီအာဆီယံ ထိပ်သီး ဆွေးနွေးပွဲနဲ့ အတူ Green Economy နဲ့ ပတ်သတ်တဲ့ အာဆီယံရဲ့ ဗဟိုဌာနတခု ဖွင့်ဖို့ ရှိတယ်။ သဘာ၀ ပတ်ဝန်းကျင်နဲ့ ရာသီဥတု ပြောင်းလဲမှုအပေါ်မှာ ပိုပြီးအာရုံစိုက် လုပ်ဆောင်နိုင်ခဲ့တယ်။

နောက် ၂၀၁၅ အလွန် အာဆီယံရဲ့ အခြေခံမူတွေကို အာဆီယံခေါင်းဆောင်တွေ စဉ်းစားနိုင်အောင် လုပ်ဆောင် နိုင်ခဲ့တယ်။ အရင်တုန်းက ပစ်ပယ်ထားခဲ့တဲ့ နိုင်ငံတွေကလည်း ကျနော်တို့ရဲ့ ဥက္ကဋ္ဌ ရာထူးကို ထောက်ခံပြီး ဝိုင်းဝန်း ဆောင်ရွက်ခဲ့တယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း တက်ခဲ့တာပေါ့။ နောက် နိုင်ငံတကာ ဆက်ဆံရေး လုပ်ပုံလုပ်နည်း အတွေ့အကြုံတွေ အများကြီး ရပါတယ်။

မေး။   ။ ဒီတခေါက်မှာ အင်ဒိုနီးရှားရော၊ ရုရှားရော သီးသန့် တွေ့ဆုံဖို့ ရှိတယ် ဆိုတော့ ဒါက ဘာကြောင့်ပါလဲ။

ဖြေ။   ။ အိန္ဒိယနဲ့လည်း သီးသန့်တွေ့ဖို့ ရှိပါတယ်။ ဒီနေ့ပေါ့။ အင်ဒိုနီးရှားကတော့ သမ္မတရာထူး တာဝန်အသစ် ယူထားတဲ့ သူဖြစ်တဲ့အတွက် အာဆီယံ ထုံးစံအရ နိုင်ငံတွေကို လိုက်မိတ်ဆက်ရမှာပေါ့။ ရုရှားကတော့ သမ္မတ မလာနိုင်တော့ ဝန်ကြီးချုပ် အနေနဲ့ ဖြစ်ပေါ် တိုးတက်မှုတွေ ရှင်းပြမှာပေါ့။ ပြီးခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးမှာ ယူကရိန်း ပြသနာနဲ့ ပတ်သက်လို့ရော မလေး လေကြောင်းလိုင်း ပစ်ချခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ရော အာဆီယံရဲ့ သဘောထားကို ထုတ်ပြန် ကြေညာတာ ရှိပါတယ်။ ဒါကြောင့်ဒီမှာတော့ ဒီအခြေအနေ လေးတွေကို လာရှင်းပြမလား မျှော်လင့်ရတာပေါ့။

မေး။   ။ အာဆီယံ ဥက္ကဋ္ဌ ရာထူးတာဝန် ယူလိုက်ရတဲ့ နိုင်ငံတနိုင်ငံ အနေနဲ့ စီးပွားရေးအရရော နိုင်ငံရေးအရရော ဘယ်လို အကျိုးမြတ်မျိုးများ ရလိုက်ပါသလဲ။

ဖြေ။   ။ ခရီးသွားလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေမှာတော့ တိုက်ရိုက် အကျိုးသက်ရောက်ခဲ့ပါတယ်။

မေး။   ။ အိုဘားမား အနေနဲ့ သမ္မတကြီးနဲ့ နောက်ဆုံးတွေ့ဆုံမှုမှာ မှတ်ချက်ဘာတွေများ ပေးခဲ့တာ ရှိပါသလဲ။

ဖြေ။   ။ သူနဲ့က တွေ့ပြီးတဲ့ နောက်ပိုင်းတော့ မရှိသေးဘူးပေါ့။ ဒီတခါတွေ့မှပဲ ကြားရမှာပေါ့။

မေး။   ။ အမေရိကန် အစိုးရရဲ့ မြန်မာအပေါ် ထားတဲ့သဘောထားက အရင်ထက်စာရင် အများကြီး ပျော့ပျောင်း လာတယ်၊ ပြောင်းလဲလာတယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။ ဝန်ကြီးအနေနဲ့ ဒီလို ပြောင်းလဲလာတာက ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။   ။ အမေရိကန်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို ကူညီခဲ့တဲ့ နေရာမှာ မြန်မာတနိုင်ငံတည်း မဟုတ်ဘူး။ စစ်အေးခတ် ပြီးသွားတဲ့ အချိန်ကတည်းက စပြီး သူကဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ နိုင်ငံတွေကို ကူညီပေးခဲ့တာ။ ဒီအတွက် ဒီလို ပြောင်းလဲရေး ဖြစ်စဉ်မှာ ကြုံခဲ့တဲ့ စိန်ခေါ်မှုတွေ သူတို့ နားလည်တယ်။ ဒါကြောင့်မို့ ကျနော်တို့အစိုးရရဲ့ လုပ်ဆောင်မှုတွေကို တိတိကျကျ အကဲဖြတ်တယ်။ ဥပမာ ငြိမ်းချမ်းရေးကိစ္စ ကျနော်တို့က ခေတ်စနစ်ကို အခုမှ ပြောင်းတဲ့ အချိန်မှာ ၁၆ ဖွဲ့နဲ့ စကားပြောရတယ်ပေါ့။ ဒါတွေကိုသူတို့က နားလည်ပါတယ်။

မေး။   ။ ဒီတခေါက် အိုဘားမားလာရင် Sanction တွေ ရုပ်ပေးဖို့ ကိစ္စကိုရော သမ္မတ ဦးသိန်းစိန်က ပြောမယ်လို့ မျှော်လင့်ထားလား။

ဖြေ။   ။ ကျနော်တို့က Sanction ကိစ္စထက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေပေါ့။ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ လူ့အခွင့်အရေး မြှင့်တင်ရေး ကိစ္စတွေ ဒါတွေကို ပိုပြီး ဦးစားပေး ဆွေးနွေးဖို့ ရှိပါတယ်။ ပိတ်ဆို့မှု ကိစ္စတွေက အိုဘားမား အနေနဲ့ သမ္မတ တယောက် လုပ်ပိုင်ခွင့်ထဲက လုပ်နိုင်တာ အားလုံးသူလုပ်ပေးခဲ့ပြီးပြီ။ ကျန်တာတွေ ကတော့ ကွန်ကရက်လွှတ်တော်ရဲ့ အဆုံးအဖြတ်နဲ့မှ လုပ်ပိုင်ခွင့်ရမှာတွေမို့ ကျနော်တို့ ဒီကိစ္စုကိုတော့ အတင်းအကျပ်ကြီး ပြောဖို့ မရှိပါဘူး။

မေး။   ။ တောင်တရုတ်ပင်လယ် ဆိုင်ရာ Code of conduct ကိစ္စအပြင် အခြား ရလဒ် တခုခုကို အကောင်အထည် ဖော်နိုင်ဖို့များ ရှိသလား။ ဗီယက်နမ်ဆို ၂၀၁၀ အာဆီယံ ဥက္ကဋ္ဌ တုန်းက အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို အမေရိကန်နဲ့ ရုရှားပါလာဖို့ ညှိနှိုင်းမှုတွေ လုပ်နိုင်ခဲ့တာမျိုးပေါ့။ အခုလည်း ဒီက အခြား တခုခုများ လုပ်ဆောင်နိုင်တာ ရှိမလား။

ဖြေ။   ။ ကျနော်တို့ ကတော့ အခု တောင်တရုတ်ပင်လယ် အရေးကလွဲပြီး နောက်ထပ်အရေးပေး ပြောတာကတော့ ကိုရီးယား ကျွန်းဆွယ်ကို တင်းမာမှု လျှော့ချနိုင်ဖို့ပေါ့။ ဒီကိစ္စကို အမြဲတမ်း တိုက်တွန်း ပြောကြားနေတာ ရှိပါတယ်။ ဒီ အစည်းအဝေးမှာလည်း ကျနော်တို့ ပြောကြမှာပါ။ နောက်တခုက အာဆီယံအနေနဲ့ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တဲ့ ကိစ္စတွေ၊ နောက်တခါ အခုဖြစ်နေတဲ့ ယူကရိန်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဒါတွေကို အာဆီယံရဲ့ ဘုံသဘောထား အနေနဲ့ ပြောနိုင်ဖို့ ကြိုးစားဆောင်ရွက် နေတာတွေ ရှိပါတယ်။ ဒါပေမယ့် အသေးစိတ်ကတော့ မပြောနိုင်သေးပါဘူး။ အခုမှ အဆင့်မြင့် အရာရှိကြီးတွေ ညှိကြတုန်းပါ။

မေး။   ။ ဥက္ကဋ္ဌ ရာထူး စယူခါစတုန်းက တရုတ်လေကြောင်း ကာကွယ်ရေးဇုန် ထုတ်ပြန်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ် ဖြစ်တာ၊ ကိုရီးယာနဲ့ တရုတ်ဖြစ်တာ၊ ဂျပန်နဲ့ တရုတ်ဖြစ်တာ၊ နောက်တော့ အာဆီယံနိုင်ငံတွေနဲ့ တရုတ်နဲ့ ပေါ့။ ဒီလို အခြေအနေတွေကြားမှာ အာဆီယံ ဥက္ကဋ္ဌ တဦးအနေနဲ့ ဘယ်လို ဒီပလိုမေစီနဲ့ တနှစ်စာကို ဖြတ်သန်းခဲ့သလဲ။ အားရကျေနပ်ခဲ့မှုရော ရှိခဲ့ပါသလား။

ဖြေ။   ။ လုပ်ခဲ့တာတွေကိုတော့ အသေးစိတ်ပြောပြလို့ မရဘူးပေါ့နော်။ အချို့ဟာတွေက Quiet ဒီပလိုမေစီနဲ့ လုပ်ခဲ့တာ တွေလည်း ရှိပါတယ်။ ပြောလို့ ရတာကတော့ ဥက္ကဋ္ဌ ရာထူးယူတုန်းက တင်းမာမှု အခြေအနေနဲ့ အခု တောင်တရုတ်ပင်လယ်မှာ ရှိနေတဲ့ အခြေအနေကို ကြည့်လိုက်ရင် အများကြီးလျော့ကျသွားပါတယ်။

အာဆီယံအနေနဲ့ပါ မဟုတ်ဘဲ ကျန်တဲ့ နိုင်ငံတွေနဲ့ပါ ပြောဆိုတာတွေ လျော့ကျသွားပါတယ်။ တင်းမာမှု လျော့သွားတာပေါ့။ ဒါက အောင်မြင်မှုပေါ့။ သို့သော် ဒါကို ဘယ်လိုရအောင် လုပ်ခဲ့သလဲ ဆိုတာကိုတော့ ပြောလို့ မရဘူး။

မေး။   ။ မြန်မာက နှစ်များစွာ ပိတ်နေခဲ့တာနဲ့ ပတ်သတ်ပြီး နိုင်ငံစုံသံတမန် ဆက်ဆံရေး Conference diplomacy မှာ အရမ်း အားနည်းတယ်လို့ ပြောဆိုခံရတာတွေ ရှိပါတယ်။ အခုလို နိုင်ငံတကာနဲ့ ပြန်လည် တည်ဆောက်လာတဲ့အချိန် ဆိုတော့ လက်ရှိရော ဘယ်လို အခြေအနေ ရှိပါပြီလဲ။

ဖြေ။   ။ နိုင်ငံစုံ သံတမန်ဆက်ဆံရေး Conference diplomacy မှာတော့ ကျနော်တို့က အတွေ့အကြုံ နည်းတာတော့ အမှန်ပါ။ ဒါပေမယ့် အာဆီယံ အဖွဲ့ဝင်ဖြစ်လိုက်တာကြောင့် အာဆီယံ အစည်းအဝေးတွေ တက်တဲ့အချိန်မှာ ပြီးခဲ့တဲ့ ၁၇ နှစ်တာ ကာလအတွင်းမှ အတွေ့အကြုံ တော်တော်ရလိုက်ပါတယ်။ တပ်မတော် အစိုးရလက်ထက်မှာ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ အလွတ်သဘော ဆွေးနွေးပွဲတွေ၊ ကုလသမဂ္ဂတွေမှာ ဆွေးနွေးပွဲတွေ အတော်အတန်တော့ လေ့လာခွင့်ရတာပေါ့။ ဒါကြောင့် အတွေ့အကြုံ နည်းပေမယ့် အားနည်းချက်တော့ မရှိဘူးပေါ့။

အတွေ့အကြုံပိုင်း အားနည်းတယ် ဆိုတာမှာ အထူးသဖြင့် အရာရှိတွေအဆင့် ညွှန်ချုပ်အဆင့် ညွှန်ကြားရေးမှူး အဆင့်တွေမှာ အားနည်းတာ ရှိပါတယ်။ တချို့ဟာတွေကျ ဘာသာရပ်ကို မကျွမ်းကျင်လို့ မဟုတ်ဘူး။ အချို့ဟာတွေ မှာ ကျနော်တို့က ဘာသာစကားကြောင့်၊ ဒါမျိုးတွေလည်း ရှိပါတယ်။ ဘာပဲပြောပြော ဒီတနှစ် ဥက္ကဋ္ဌ လုပ်လိုက်တဲ့ အတွက် လွန်ခဲ့တဲ့ ၁၇ နှစ်နဲ့စာရင် အများကြီး အတွေ့အကြုံရသွားပါပြီ။ ကိုယ်က သဘာပတိ လုပ်ပြီး ဝင်ညှိပေးရတဲ့ အခါကျတော့ နောင်မှာ ဒီအတွေ့အကြုံတွေကို ပိုအသုံးချနိုင်မယ်လို့ ထင်ပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading