အမေရိကန်သမ္မတ မစ္စတာအိုဘားမားရဲ့ အာရှခရီးစဉ်ထဲမှာ မြန်မာနိုင်ငံကိုလာတဲ့ ခရီးစဉ်ဟာ သတင်းတွေထဲမှာ စိတ်အဝင်စားဆုံး သတင်းတပုဒ် ဖြစ်နေပါတယ်။ အခုခရီးစဉ်ဟာ ၂၀၁၂ ခရီးစဉ်နဲ့ မတူတာကတော့ အမှန်ပါပဲ။
သမ္မတ အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ် မစခင်မှာ အမေရိကန်ပေါ်လစီကို ဝေဖန်သံမျိုးစုံနဲ့ ကြိုဆိုလိုက်တာ တွေ့ရပါတယ်။
အဓိက နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံပွဲလို့ ခေါ်ကြတဲ့ တွေ့ဆုံပွဲပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဝင်ဘာလ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အနောက်နိုင်ငံတွေဟာ မြန်မာ့နိုင်ငံရေးအပေါ် အရမ်း အကောင်းမြင်နေတယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။ ဝါရှင်တန်မှာတော့ သမ္မတအိုဘားမားကို အမေရိကန် လွှတ်တော်အမတ်တွေက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဖိအားပေးနေတာ တွေ့ရပါတယ် (ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရီပတ်ဘလီကန်ပါတီက လွှတ်တော် ၂ ရပ်စလုံးကို အနိုင်ရရှိ ထိန်းချုပ်ထားပါတယ်)။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာ့အပြောင်းအလဲဟာ တန့်ပြီး တဝဲလည်လည် (Stalled) ဖြစ်နေပါတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ ၁၂ ရက်ကနေ ၁၄ ရက်အထိကြာတဲ့ သမ္မတ အိုဘားမားရဲ့ခရီးစဉ်မှာ အဲဒီကွန်ဂရက်အမတ်တွေက အမေရိကန်အစိုးရအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတဖို့၊ အခြေခံဥပဒေကို ပြင်ဆင်ခွင့် မပေးဘဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်ထားတဲ့ကိစ္စတွေကို ဖိအားပေးတိုက်တွန်းပြောဆိုဖို့ ပြောကြားကြပါတယ်။
ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေပြီး ထပ်မံဖမ်းဆီးမှုတွေလည်းရှိနေတဲ့ ကိစ္စတွေ၊ သတင်းမီဒီယာတွေကို ကန့်သန်ထိန်းချုပ်နေတာတွေ၊ ရခိုင်ပြည်နယ်က ပဋိပက္ခတွေလည်း ဆက်ပြီးရှိနိုင်သေးတယ် ဆိုတာတွေကိုထောက်ပြီး မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲဟာ ရပ်ဆိုင်းနေပြီလို့ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေက တရားဝင်ပေးစာတစောင် ပေးပို့ခဲ့ကြပါတယ်။
ပိုပြီးထူးခြားတာက ဟားဗတ်တက္ကသိုလ် ဥပဒေကျောင်း International Human Rights Clinic (IHRC) က အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပြီး ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးကိုကို၊ အထူးစစ်ဆင်ရေးအဖွဲ့မှူး (ကစထ) ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး တို့ကို အရင် စစ်အစိုးရ လက်ထက်အတွင်း တိုင်းရင်းသားနယ်မြေတွေမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီးသူတို့ စုဆောင်းထားတဲ့ အချက်အလက် အထောက်အထားတွေနဲ့ တင်ပြလိုက်ပါတယ်။ အဲဒီဗိုလ်ချုပ်တွေရဲ့ ကျူးလွန်မှုဟာ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးကိုတင်ပြီး တရားစွဲဆိုနိုင်တယ်လို့ စာမျက်နှာ ၇၈ မျက်နှာပါ အစီရင်ခံစာနဲ့ ထုတ်ဖော်ထားပါတယ်။ မြန်မာအစိုးရဘက်ကတော့ အဲဒီစွပ်စွဲချက် အစီရင်ခံစာကို ပယ်ချခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ် အကူအညီ ပေးရေးအဖွဲ့ (TBC) ရဲ့ ထုတ်ပြန်ချက်မှာလည်း ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် ထိုင်း-မြန်မာနယ်စပ် သို့မဟုတ် ထိုင်းနိုင်ငံဘက်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေအပြင်၊ မြန်မာပြည်တွင်းမှာ စစ်ဘေးကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ အခြေအနေဟာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံပွဲတွေ အကြိမ်ကြိမ် လုပ်နေသည့်တိုင်အောင် ပိုပြီး တိုးတက် ကောင်းမွန်လာခြင်း မရှိဘူးလို့ ထောက်ပြလိုက်ပါတယ်။
သူတို့ရဲ့ မူလဒေသတွေမှာ လုံခြုံမှု မရှိခြင်းနဲ့ အစိုးရတပ်ရဲ့ တိုးချဲ့နေရာချမှုတွေကြောင့် ဒီဒုက္ခသည်တွေကို ပြန်ပို့ပြီး ပြန်လည် အခြေချ ထူထောင်ပေးဖို့ ခက်နေတယ်လို့လည်း ဆိုပါတယ်။
သမ္မတ အိုးဘားမားရဲ့ ခရီးစဉ်မတိုင်ခင်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာအစိုးရအကြား အပစ်အခတ် ရပ်စဲရေး ခိုင်ခိုင်မာမာ ဖြစ်မလားဆိုတဲ့ မျှော်လင့်ချက် အနည်းငယ် ရှိခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ သမ္မတအိုဘားမားတို့ အသိအမှတ်ပြုခံရနိုင်ပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ အလှမ်းဝေးတဲ့ စာချုပ်မျိုးကို ဘယ်တိုင်းရင်းသားအဖွဲ့ကမှ မျက်စိစုံမှိတ်ပြီး လက်မှတ် မထိုးကြသေးပါဘူး။
နေပြည်တော် ထိပ်သီးဆွေးနွေးပွဲ ဆိုတာလည်း ဟန်ပြလုပ်ပွဲသက်သက် ဖြစ်နေတယ်ဆိုတာကို ပြည်တွင်းပြည်ပက လက်ခံသွားကြပြီ ဖြစ်ပါတယ်။
သမ္မတ အိုဘားမား မြန်မာပြည်ကိုမလာခင် နောက်ထပ် ဖိအားပေးနေတဲ့ သတင်းတခုကတော့ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီဒုက္ခသည်တွေအရေး ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ မူဝါဒကြောင့် ထိုင်းနဲ့ မလေးရှားတွေကိုလှေနဲ့ ထွက်ပြေးခိုလှုံနေကြတဲ့ သတင်းတွေပါ။ ဒီကိစ္စဟာ မြန်မာကဥက္ကဋ္ဌ တာဝန်ယူပြီး အာဆီယံထိပ်သီးညီလာခံကို အပြီးသတ် အောင်ပွဲခံကျင်းပမယ့် အချိန်မှာတိုက်ဆိုင်စွာ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ သူ့အတွက် နိုင်ငံခြားရေးမူဝါဒအရ အောင်မြင်မှုလို့ ကြွေးကြော်ချင်နေတဲ့ သမ္မတ အိုဘားမားဟာ လွန်ခဲ့တဲ့ ၂ ပတ်က သမ္မတဦးသိန်းစိန်ကို အိမ်ဖြူတော်ကနေ သီးသန့်ဖုန်းခေါ် ဆက်သွယ်ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ စိုးရိမ်စရာအခြေအနေတွေ၊ မြန်မာအစိုးရအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး ယုံကြည်လက်ခံမှု ရှိရမယ်ဆိုတာကို ပြောကြားခဲ့ပြီး အမေရိကန် အစိုးရရဲ့ ဆက်လက် ထောက်ခံမှုကိုပါ ထည့်သွင်းပြောဆိုခဲ့တာ တွေ့ရပါတယ်။
သမ္မတ အိုဘားမားဟာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သီးသန့် ဖုန်းခေါ်ဆိုပါသေးတယ်။ ၂၀၁၂ တုန်းက သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားကို ပေးခဲ့တဲ့ ကတိကဝတ် ၁၁ ချက်ဟာလည်း အတော်များများကို မြန်မာဘက်က ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတာ တွေ့ရပါတယ်။
သမ္မတ အိုဘားမားရဲ့ မြန်မာပြည် ဒုတိယအကျော့ ခရီးစဉ်ဟာစိန်ခေါ်မှုတွေနဲ့ အားစမ်းမှုတွေ ရှိနေပြီး အနောက်နိုင်ငံက စူပါပါဝါခေါင်းဆောင်ရဲ့ အရည်အသွေးကိုလည်း သတိပိုကဲပြီး ဆန်းစစ်ဝေဖန်ကြမှာ မလွဲမသွေ ဖြစ်ပါတယ်။
အမေရိကန် အစိုးရအဆက်ဆက်က ၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို အစဉ်တစိုက် အားပေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုလည်း ပွင့်ပွင့်လင်းလင်း တရားဝင် ထောက်ခံခဲ့ပါတယ်။
ဒါပေမယ့် သမ္မတ အိုဘားမားလက်ထက် မြန်မာ့ပေါ်လစီမှာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၁၅ မြန်မာ့ ရွေးကောက်ပွဲမှာ အမေရိကန် ပေါ်လစီဟာပိုပြီး ကြားနေ (Neutral) ဖြစ်လာမလားဆိုတဲ့ အသံတွေလည်း ထွက်နေချိန် ဖြစ်ပါတယ်။
သဘောကတော့ လောလောဆယ် အာဏာရှင် လက်ဆင့်ကမ်းအသွင်ပြောင်းအစိုးရဖြစ်တဲ့ သမ္မတဦးသိန်းစိန် အစိုးရဟာ လက်ရှိအာဏာကို ဘယ်လက်ကနေ ညာလက်ကို လွှဲပြောင်းဖို့ အစီအစဉ်ရှိပြီး အတိုက်အခံတွေ ဘက်ကလည်း အကြီးအကျယ် အပြတ်အသတ် နိုင်မယ်လို့ မယူဆသလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလည်း ဖြစ်လာမယ်လို့ ထင်ထားပုံ မရပါဘူး။ ဒါ့အပြင် အမေရိကန်ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ တရုတ်နိုင်ငံကို မဟာဗျူဟာကျကျ ပြန်လည် ချိန်ခွင်လွှာ ပြန်တည့်ရမှာ ဖြစ်တဲ့အတွက် သူရဲ့ တိုင်းပြည်မှာ မျက်နှာမရတဲ့ အိုဘားမားဟာ မြန်မာ့အရေးမှာလည်း မျက်နှာရဖို့ကတော့ အခွင့်အလမ်း နည်းနေကြောင်း သုံးသပ် မိပါတယ်။
ဒီနေရာမှာ မြန်မာ့အိမ်နီးချင်း တရုတ်ရဲ့ အခန်းကဏ္ဍနဲ့ အမေရိကန်ရဲ့ အာရှ ဗဟိုပြု မူဝါဒ Pivot to Asia Policy ကို မေ့ထားလို့ မရပါ။ အသွင်ပြောင်းပြီး ပြုပြင် ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ အာဏာရှင်ဟောင်းတွေက တိုင်းပြည်မှာ အာဏာရော စီးပွားရေးရော အားလုံး ထိန်းချုပ်ထားဆဲဖြစ်ပြီး အကြောက်တရားနဲ့ ဆက်အုပ်ချုပ်နေဆဲဆိုတာ အမေရိကန် ထိပ်ပိုင်းအရာရှိတွေက သုံးသပ်ထားပြီး ဖြစ်ပါတယ်။ အာဏာကို လွယ်လွယ်နဲ့ စွန့်မှာမဟုတ်ဘူးဆိုတာ တွက်ဆပြီးသားပါ။
အချုပ်အားဖြင့် အမေရိကန်အစိုးရရော တရုတ်အစိုးရပါသူတို့ ကိုယ်ကျိုးစီးပွားတွေကို ရှေ့တန်းတင်ပြီး နိုင်ငံခြားရေးပေါ်လစီတွေ ချမှတ်ကျင့်သုံးကြတာ မဆန်းဘူးလို့ ဆိုရပါမယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီလို အင်အားကြီးနိုင်ငံကြီးတွေဟာ မြန်မာ့ပြည်တွင်းရေး အပြောင်းအလဲဖြစ်အောင် ဘာဆက် လုပ်ပေးနိုင်မလဲဆိုပြီး မျှော်လင့်ချက်တွေ ထပ်မံ ပုံအောထားလို့ မရနိုင်ပါဘူး။ သူတို့အနေနဲ့ကတော့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲလို အခမ်းအနားတွေကို လာရောက်ပြီး မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေကို သူတို့ဘက်က မြင်တဲ့ သတင်းစကား ပေးကြမှာ ဖြစ်ပေမယ့် ရေရှည်အတွက် အကျိုးသက်ရောက်မှုတွေကတော့ မြန်မာပြည်နဲ့ ပြည်သူတွေ အပေါ်မှာပဲမူတည်ပါတယ်။ မြန်မာ့အရေးကို ပါဝင်ပတ်သက်နေတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ မူဝါဒတွေအပေါ် သုံးသပ်တွက်ချက်ပြီး အပြောင်းအလဲအတွက် ကိုယ်တိုင်လမ်းဖောက်မှ မျှော်လင့်တဲ့ ပန်းတိုင်ဆီ သွားနိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။