အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ တိုက်ပွဲများ ဖြစ်ပွားနေမှု၊ မီဒီယာများ ဖိနှိပ်မှု ဆက်လက်ခံနေရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်း စတဲ့ အငြင်းပွားဖွယ်ရာတွေ ပေါ်ပေါက်နေချိန်လည်း ဖြစ်ပါတယ်။
သမ္မတ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံကို ဒုတိယတခေါက် ရောက်လာတဲ့အခါ မြန်မာနိုင်ငံအပေါ် ဆက်လက်ထားရှိမယ့် သဘောထားမူဝါဒ၊ ၂၀၁၅ မြန်မာ့ရွေးကောက်ပွဲ အပေါ် အမြင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲခြင်း မရှိတာနဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေးအပေါ် သက်ရောက်မှု၊ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပေးချင်တဲ့ သတင်းစကား၊ အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလားအလာအပေါ် အမြင်၊ အာရှ ပစိဖိတ်ဒေသတွင်း မြန်မာနိုင်ငံရဲ့ အလားအလာနဲ့ အမေရိကန် မူဝါဒ ဖြစ်နိုင်ခြေ စတာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနအတွက် သီးသန့် အင်တာဗျူးကို အမေရိကန်၊ ဝါရှင်တန် ဒီစီ အခြေစိုက် သတင်းထောက် လာလစ် ကေ ဂျာ (Lalit K. Jha) က ဆက်သွယ် မေးမြန်း ပေးပို့ထားပါတယ်။
မေး – မြန်မာနိုင်ငံကို ၂ ကြိမ်လာရောက်တဲ့ ပထမဆုံး အမေရိကန် သမ္မတအနေနဲ့ မြန်မာနိုင်ငံဟာ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒရဲ့အောင်မြင်မှု တခုအဖြစ် ယူဆပါသလား။ ဒီလိုမေးရတာက West Point စစ်တက္ကသိုလ်မှာ ဒီနှစ်နွေဦးတုန်းက သမ္မတကြီး ပြောခဲ့တဲ့ မိန့်ခွန်းမှာ အမေရိကန်ဟာ သေနတ်တချက်တောင် မဖောက်ဘဲ မြန်မာနိုင်ငံနဲ့ မိတ်ဖက်နိုင်ငံအဖြစ် တည်ဆောက်ခဲ့တာပါလို့ ပြောခဲ့ဖူးလို့ဖြစ်ပါတယ်။
ဖြေ – လွန်ခဲ့တဲ့ ၂ နှစ်က မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ အမေရိကန် သမ္မတအဖြစ် လာရောက်ခဲ့ရတာကို ဂုဏ်ယူပါတယ်။ ကျနော်ရောက်ရှိခဲ့ချိန်မှာ မြန်မာပြည်သူတွေရဲ့ လိုက်လှဲပျုငှာစွာ ကြိုဆိုမှုတွေကို လေးလေးနက်နက် သိရှိခံစားခဲ့ရပါတယ်။ ဒုတိယအကြိမ် လာရောက်ဖို့အတွက်လည်း ကျနော် အများကြီးမျှော်လင့်ထားတာပါ။ ဒီတကြိမ်မှာတော့ ဒေသတွင်း အခြားခေါင်းဆောင်တွေနဲ့ အတူတူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အရှေ့အာရှထိပ်သီးအစည်းဝေးနဲ့ အရှေ့တောင်အာရှထိပ်သီး အစည်းအဝေးတွေကို တက်ရောက်မှာ ဖြစ်ပါတယ်။ ဒီလိုထိပ်သီး အစည်း အဝေးတွေကိုကျင်းပဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အစည်းအဝေးတွေကို အောင်မြင်စွာ ကျင်းပပေးနိုင်တဲ့အတွက် မြန်မာအစိုးရနဲ့ ပြည်သူတွေကို ကျနော် ချီးကျုးမိပါတယ်။ ဒီအစည်းအဝေးတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့တိုးတက်မှုကို ထင်ဟပ်ပြသနေပြီး အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံအနေနဲ့ ပိုမိုကြီးမားတဲ့ ကဏ္ဍကနေ ပါဝင်နိုင်ကြောင်း ပြသနေတဲ့ သင်္ကေတတခု ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က ကျနော် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီးနောက်မှာ သမ္မတ ဦးသိန်းစိန်ကို အိမ်ဖြုတော်ကို ဖိတ်ခေါ်ကြိုဆိုခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တယောက် အနေနဲ့ နှစ်ပေါင်း ၅၀ နီးပါးအတွင်း အမေရိကန်ကို ပထမဆုံး လာရောက်လည်ပတ်မှုလည်း ဖြစ်ပါတယ်။ ကျနော် ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း အသက်စွန့်ပြီး ဆောင်ရွက်ခဲ့ကြတဲ့ ရဲရင့်တဲ့ အခြားသော တက်ကြွ လှုပ်ရှားသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့၂နှစ်အတွင်း ကျနော်တို့နှစ်နိုင်ငံဟာ ဆက်ဆံရေးနဲ့ ကုန်သွယ်ရေးတွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။
ကျနော့်ရဲ့ ဆက်ဆံမှုဟာ ကျနော် အမေရိကန် သမ္မတ စဖြစ်ချိန်မှာ အစိုးရတွေကို ပြောခဲ့တဲ့စကားပေါ်မှာ အခြေခံပါတယ်။ အဲဒီတုန်းက ခင်ဗျားတို့ ပိုမိုပွင့်လင်းမြင်သာမှုနဲ့ ပြုပြင်ပြောင်းလဲရေးကို ထိထိရောက်ရောက် စလုပ်ပြီဆိုရင် အမေရိကန်က လက်ကမ်းကြိုဆိုပြီး ဒီပြုပြင်ပြောင်းလဲမှုတွေကို ကူညီပေးမှာပါလို့ ကျနော် ပြောခဲ့ပါတယ်။ ဒီအသွင်ပြောင်းလဲရေးဟာ ဘယ်လောက် ခက်ခဲမလဲဆိုတာ ကျနော် ရှင်းရှင်းလင်းလင်း သိပါတယ်။ ဒါပေမယ့် သမ္မတ တယောက်အနေနဲ့ အမေရိကန်ဟာ ပိုမိုကြီးမားတဲ့ လွတ်လပ်မှု ကြွယ်ဝချမ်းသာမှုနဲ့ ဂုဏ်သိက္ခာကို ရှာဖွေသူတိုင်းအတွက် မိတ်ဆွေအဖြစ် ရပ်တည်ပေးသွားမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်။
အမေရိကန် စစ်တက္ကသိုလ် West Point မှာ မိန့်ခွန်းပြောချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေသာ
အောင်မြင်ရင် အမေရိကန်ဟာ မိတ်ဖက်နိုင်ငံအသစ် တနိုင်ငံ ရပါလိမ့်မယ်လို့ ကျနော်ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အသစ် ပြန်လည် တည်ဆောက်ခြင်းနဲ့ ပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ ရှည်လျားကြမ်းတမ်းတဲ့ ခရီးရှည်ကြီးရဲ့အစမှာပဲ ရှိနေပါသေးတယ်။ ဒါပေမယ့် တဖက်မှာတော့ ကျနော် အရင်တခေါက် မြန်မာနိုင်ငံကို ရောက်ခဲ့ချိန်ကတည်းက တိုးတက်မှုတွေကို တွေ့နေရပါပြီ။ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ၊ ကောင်းမွန်တဲ့ နိုင်ငံရေးခြေလှမ်းတွေ၊ လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမှုတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆောင်ရွက်မှုတွေ မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို အဟန်အတား ဖြစ်စေခဲ့တဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ အပါအဝင်ပေါ့။
အခြားတဖက်မှာတော့ လွန်ခဲ့ ၄ နှစ် ပြုပြင်ပြောင်းလဲရေး စတင်ခဲ့စဉ်အချိန်မှာ အများက မျှော်လင့်ထားခဲ့သလောက် တိုးတက်မှုတွေဟာ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာခြင်းမရှိပါဘူး။ တချို့နေရာတွေမှာ ပြုပြင်ပြောင်းလဲရေးက နှေးကွေးနေပြီး တချို့နေရာတွေမှာ နောက်ပြန်တောင် ရောက်နေပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ချုပ်ချယ်ကန့်သတ်မှုတွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ မီဒီယာသမားတွေ အဖမ်းခံခဲ့ရပြီး ဂျာနယ်လစ် ကိုအောင်ကျော်နိုင်ဟာ အကြောင်းမဲ့သက်သက် ကြေကွဲဖွယ် အသတ်ခံခဲ့ရပါတယ်။ ရခိုင်ပြည်နယ်က လူ့သားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ကျနော်တို့ အလွန်ပဲ စိုးရိမ်ပူပန်မိပါတယ်။ ရိုဟင်ဂျာတွေနဲ့ အခြားမူဆလင် လူ့အဖွဲ့အစည်းတွေကို ခွဲခြားဆက်ဆံမှု၊ အနိုင်ကျင့်မှုတွေကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ပြီး ဒီအခြေအနေအပေါ်လည်း အလွန်ပဲ စိုးရိမ်ပူပန်မိပါတယ်။
ကျနော့်ရဲ့ ဒီတကြိမ် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်း ပြောချင်တဲ့ အဓိက စကားတွေထဲက တခုကတော့ မြန်မာအစိုးရဟာ သူရဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူမှုဘဝကောင်းမွန်ရေးကို ဆောင်ရွက်ရန်အတွက် တာဝန်ရှိပါတယ်။ နောက်ပြီး နိုင်ငံသားတွေ အားလုံးရဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ ရရှိရေးအတွက် ဆောင်ရွက်ပေးဖို့အတွက် တာဝန် ရှိပါတယ်။ ဒါမှသာ ပြုပြင်ပြောင်းလဲရေးဟာ လမ်းကြောင်းမှန်ပေါ် ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါမှသာ ဒီနိုင်ငံအနေနဲ့ ပိုမိုကြွယ်ဝပြီး ဒီဒေသအတွင်းနဲ့ နိုင်ငံတကာမှာပါ သူ့ရဲ့နေရာမှန်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ အထူးသဖြင့်တော့ မြန်မာ နိုင်ငံသားတွေအတွက် အောင်မြင်မှုဖြစ်မှာ ဖြစ်ပြီး အမေရိကန်နဲ့ နိုင်ငံတကာအတွက်လည်း ကောင်းမွန်မှာ ဖြစ်ပါတယ်။
မေး – အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ ၂၀၁၅ ရွေးကောက်ပွဲ အပေါ်မျှော်လင့်ချက် ကြီးကြီး ထားနေကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အတိုက်အခံတွေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက စစ်တပ်က ရေးဆွဲထားတဲ့
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့အတွက် ကြိုးပမ်းနေကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်လို့ သမ္မတကြီးအနေနဲ့ ထင်ပါသလား။ ဒီရွေးကောက်ပွဲဟာ အမှန်တကယ်လွတ်လပ်ပြီး တရားမျှတမှု ရှိဖို့ အမေရိကန် အနေနဲ့ ဘယ်လိုတွန်းအားပေးသွားဖို့ အစီအစဉ်ရှိပါသလဲ။ တကယ်လို့ ၂၀၁၅ ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲအတိုင်း ဖြစ်လာရင် ဒါဟာ အမေရိကန်နဲ့ မြန်မာရဲ့ ဆက်ဆံရေး အပေါ် ဘယ်လို သက်ရောက်မှုမျိုး
ရှိနိုင်ပါသလဲ။
ဖြေ – နေပြည်တော်နဲ့ ရန်ကုန်မှာ ကျနော်က အစိုးရ၊ လွှတ်တော် နဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ၂၀၁၅ ရွေးကောက်ပွဲ အကြောင်းကို အဓိကထား ဆွေးနွေးသွားမှာပါ။ အမေရိကန် အနေနဲ့ ဒီရွေးကောက်ပွဲ ဖြစ်စဉ်တွေကို အနီးကပ် စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာ စတောင် မစရသေးတဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်နဲ့ ပတ်သက်ပြီး ဘာမှကြိုတင်ပြီး မပြောလိုပါဘူး။ ကျနော်ပြောချင်တာကတော့ ဒီရွေးကောက်ပွဲဟာ အရေးပါတဲ့ မှတ်တိုင်တခု ဖြစ်လာမှာ ဖြစ်ပြီး မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒီရွေးကောက်ပွဲကို ယုံကြည်လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ မျှော်လင့်နေကြပါတယ်။ ဒါမှလည်း ပြုပြင်ပြောင်းလဲရေးကို ရှေ့ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ၊ မြန်မာပြည်သူတွေ အားလုံးရဲ့ လိုအင်ဆန္ဒတွေကို ထင်ဟပ်နိုင်တဲ့ ကိုယ်စားပြုနိုင်စွမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်ဖို့ အတွက် အရမ်းပဲ အရေးကြီးပါတယ်။ ပြီးတော့
ဒီရွေးကောက်ပွဲဟာ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံနဲ့ ရှေ့ဆက်ပြီး ဘယ်လိုဆက်ဆံမယ် ဆိုတာကို အဆုံးအဖြတ် ပေးမှာပါ။
မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာပြည်သူတွေကပဲ ပုံဖော်ရမှာပါ။ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်ကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့် ရှိသင့်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အမေရိကန် ဒါမှမဟုတ် တခြားနိုင်ငံတခုခုက မြန်မာပြည်သူတွေကို သူတို့ရဲ့ အနာဂတ်ကို ဘယ်လိုဆုံးဖြတ်ရမယ်လို့ ပြောခွင့် မရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာနဲ့
အတူတကွ အမေရိကန်ဟာလည်း နောက်နှစ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကူအညီပေးဖို့ လုပ်ဆောင်နေပါတယ်။
ကျနော်တို့က အားလုံးပါဝင်မှုရှိတဲ့၊ ပွင့်လင်းမြင်သာတဲ့၊ ယုံကြည်စိတ်ချမှုရှိတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မြောက်ရေးအတွက် နိုင်ငံရေး ပါတီတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရနဲ့အတူ ပူးပေါင်း ဆောင်ရွက် နေပါတယ်။ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ မဲဆန္ဒရှင်တွေကို ပညာပေးနိုင်ဖို့ ဒီမိုကရေစီ နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုနိုင်တဲ့ စွမ်းရည်ကို မြှင့်တင်ဖို့နဲ့ လွှတ်တော်ရဲ့ ဥပဒေပြုရေး စွမ်းရည်ကို မြင့်တင်ဖို့အတွက် အကူအညီတွေ ပေးနေပါတယ်။ ကျနော်တို့က ပြည်တွင်းနဲ့ နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ အားလုံးကို ပွင့်လင်းမြင်သာမှုရှိစွာ ခွင့်ပြုပေးနိုင်ရေး၊ မြန်မာနိုင်ငံအစိုးရကို တိုက်တွန်းနေပါတယ်။ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ အပါအဝင် ရွေးကောက်ပွဲ တရားမျှတမှုရှိရေး၊ အားထုတ်ကြိုးပမ်းမှုတွေကို အကူအညီပေးသွားမှာပါ။
ကျနော်ရဲ့ ခရီးစဉ်အတွင်းမှာ လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ခေါင်းဆောင်တွေနဲ့ နိုင်ငံသားတွေက ဘယ်လိုမြင်လဲဆိုတာကို သိချင်ပါတယ်။ ရွေးကောက်ပွဲတခုတည်းနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည် မဖော်နိုင်ဘူးဆိုတာ ကျနော်တို့ သိပါတယ်။ ဒါကြောင့်မို့လည်း အခြေခံ ဥပဒေပြုပြင်ရေးကို ကျနော်တို့ ထောက်ခံခဲ့တာပါ။ ကျနော်တို့ အရင်က ပြောခဲ့ဖူးသလိုပဲ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးဟာ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒကို ထင်ဟပ်ရပါမယ်။ အားလုံး ပါဝင်မှုရှိတဲ့ ပွင့်လင်းမြင်သာတဲ့ ယုံကြည်စိတ်ချမှုရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပ နိုင်စေရပါမယ်။ လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်နိုင်ရပါမယ်။ အစိုးရနဲ့ လူများစု တိုင်းရင်းသား ဒေသတွေအကြား ဆက်ဆံရေးကို ပြေလည်စေရပါမယ်။ ပြီးတော့ အရပ်ဖက်အစိုးရရဲ့ စစ်တပ်ကို ထိန်းချုပ်နိုင်စွမ်းကို တိုးမြှင့်နိုင်စေရပါမယ်။ ဒီအတွက် လိုအပ်တာတွေကတော့ တရားဥပဒေစိုးမိုးရေး အပါအဝင် ဒီမိုကရေစီ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုတွေ ရဖို့အတွက် ဒါတွေက မရှိမဖြစ်လိုအပ်ပါတယ်။
မေး– သမ္မတကြီး ခင်ဗျား၊ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တဲ့ တိုင်းရင်းသား ပဋိပက္ခတွေ၊ လူ့အခွင့် အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေ နိုင်ငံရေး ခေါင်းဆောင်တွေ အများအပြားကို ဆက်လက် ထောင်သွင်း အကျဉ်းချမှုတွေနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် ကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ကျေးရွာတွေက အတင်းအဓမ္မ ပြောင်းရွှေ့ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အများစုက အပစ်အခတ် ရပ်စဲရေးစာချုပ်တွေကို လက်မှတ်ထိုးထားပေမယ့် ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ အစိုးရစစ်တပ်က တိုက်ခိုက်မှုတွေကို ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ ဘာပြောချင်ပါသလဲ။ အခုတကြိမ် မြန်မာနိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတကြီးဘက်က ဘာပြောဖို့ ရှိပါသလဲ။
ဖြေ – ကျနော်ပြောချင်တာကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ အားလုံးပါဝင်မှုရှိတဲ့ နိုင်ငံရေး ဆွေးနွေးမှု ဖြစ်စဉ်ရဲ့ တိုးတက်မှုတွေအပေါ် အမေရိကန်က ကြိုဆိုပါတယ်။ ထာဝရငြိမ်းချမ်းရေး ရဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား အုပ်စုတွေ စိတ်ပိုင်းဖြတ်ထားမှု အပေါ်လည်း အမေရိကန်က အားရကျေနပ်မိပါတယ်။ ဒီကိစ္စ အောင်မြင်ဖို့အတွက် ဒီအပစ်အခတ် ရပ်စဲရေးဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်သင့်ပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးက တိုင်းရင်းသား အဖွဲ့တွေ အားလုံးအနေနဲ့ သူတို့ရဲ့ ကံကြမ္မာကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရရှိရေးကို သေချာစေပါလိမ့်မယ်။ စစ်မှန်တဲ့နိုင်ငံရေး ပြန်လည်ပေါင်းစည်းရေးဟာ မြန်မာနိုင်ငံသားတွေ အားလုံးအတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်လာပါလိမ့်မယ်။
အမေရိကန် အနေနဲ့လည်း ပွင့်လင်းမြင်သာတဲ့ အာလုံးပါဝင်မှုရှိတဲ့ တရားဝင်မှုရှိတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အကူအညီ ပေးရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆောင်ရွက်နေပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်က ဆက်လက် ခက်ခဲပြီး ရှုပ်ထွေးနေဦးမှာပါပဲ။ နှစ်ပေါင်းများစွာကြာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် ယုံကြည်မှု တည်ဆောက်ဖို့ဆိုတာ အချိန်လိုပါတယ်။ ပြီးတော့ သက်ဆိုင်သူတွေ အားလုံးက စစ်မှန်ထက်သန်တဲ့ စိတ်ဆန္ဒရှိဖို့လည်း လိုပါတယ်။ တိုက်ပွဲ အငယ်စားလေးတွေနဲ့ တခြားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဖောက်ဖျက်မှုတွေဟာ ယုံကြည်မှု တည်ဆောင်ရေး အပေါ် အဟန့်အတား ဖြစ်စေပါတယ်။
ကျနော်အရင်က ပြောခဲ့သလိုပဲ နိုင်ငံရေးနဲ့ စီးပွားရေး မျက်နှာစာတွေမှာ တိုးတက်မှုတွေ အနည်းငယ်ရှိပေမယ့် အခြားသော နယ်ပယ်တွေမှာတော့ ပြုပြင်ပြောင်းလဲရေးတွေဟာ နှေးကွေးနေပြီး နောက်ပြန်သွားနေပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်တွေအပေါ် ထိန်းချုပ်ကန့်သတ်မှုတွေ အပြင် နိုင်ငံရဲ့ တိုင်းရင်းသားဒေသတွေမှာ တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေနဲ့ အတင်းအဓမ္မ ခိုင်းစေမှုတွေအပါအဝင် အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တွေ့နေရတုန်းပဲ ဖြစ်ပါတယ်။ ဒီချိုးဖောက်မှုတွေက မြန်မာနိုင်ငံသား အများအပြားရဲ့ နာကျင်ဖွယ်ကောင်းတဲ့ သမိုင်းကို ရည်ညွှန်းဖော်ပြနေပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒီအဖြစ်တွေကို ဆက်လက်ကြုံတွေ့လိုခြင်း မရှိတော့ပါဘူး။ ဒါကြောင့်လည်း အမေရိကန်အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်လက် ထိတွေ့ဆက်ဆံပြီး ပြုပြင် ပြောင်းလဲရေးကို ထောက်ခံအားပေးနေတာ၊ အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုတ်ချနေတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေက တည်ဆောက်နေတဲ့ မြန်မာနိုင်ငံသစ်မှာ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် လုံးဝနေရာမရှိပါဘူး။
ကျနော်ပြောခဲ့သလိုပဲ၊ ကျနော် မြန်မာအစိုးရကို ပြောချင်တာကတော့ မြန်မာအစိုးရအနေနဲ့ မြန်မာနိုင်ငံသား အားလုံးရဲ့ လူမှုဘ၀ တိုးတက်ကောင်းမွန်ရေးနဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အာမခံပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ အစိုးရတိုင်းရဲ့ အခြေခံ တာဝန်တွေထဲက တခုဖြစ်ပါတယ်။ မတရားခံရသူတွေအတွက် တရားမျှတမှုကို ဆောင်ကြဉ်း ပေးရမှာ ဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ပွင့်လင်းမြင်သာမှု ရှိစွာ ဥပဒေနဲ့အညီ အပြစ်ပေးရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံကို အသစ်ပြန်လည် တည်ဆောက်မှုမှာ လူတိုင်း ပါဝင်ဆောင်ရွက်ရပါမယ်။
ဥပမာ အနေနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေနဲ့ တခြား မွတ်စလင် အသိုင်းအဝိုင်းတွေအပေါ် အကြမ်းဖက်မှု အများစုဟာ ဒေသခံတွေက ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို တိုးတက် ကောင်းမွန်စေဖို့ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ တာဝန်ရှိပါတယ်။ စိန်ခေါ်မှု အခက်အခဲတွေကို ဖြေရှင်းပေးရပါမယ်။
ဒါကြောင့်မို့လည်း လွန်ခဲ့တဲ့ ၂ နှစ်က ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောစဉ်က သည်းခံခြင်းရဲ့ အရေးပါမှုနဲ့ လူသားတွေအနေနဲ့ တန်းတူညီမျှတဲ့ လူ့ဂုဏ်သိက္ခာ အကြောင်း မြန်မာ ပြည်သူတွေကို ကျနော် တိုက်ရိုက်ပြောခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့အားလုံး အနေနဲ့ ကျနော်တို့ရဲ့ ကိုယ်ပိုင်ဘဝမှာ ခွဲခြား ဆက်ဆံမှုတွေနဲ့ ဘက်လိုက်မှုတွေ ကြားမှာ သတိထားပြီး နေထိုင်ဖို့ လိုအပ်ပါတယ်။ အခြားနိုင်ငံတွေလိုပဲ မြန်မာနိုင်ငံအနေနဲ့ ပြည်သူတွေ အားလုံးရဲ့ အင်အားနဲ့ တည်ထောင်မယ်ဆိုရင် ပိုမိုခိုင်မာပြီး ပိုမိုအောင်မြင်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မတူကွဲပြားမှုတွေကို ခြိမ်းခြောက်မှု အနေနဲ့ မကြည့်ဘဲ အင်အားတရပ်အဖြစ် ရှုမြင်သင့်ပါတယ်။
မေး – ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အစီအစဉ်ရှိပါသလား။ အနာဂတ် မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လိုကဏ္ဍမှာ ရှိမယ်လို့ သမ္မတကြီး ထင်ပါသလဲ။
ဖြေ – လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ဖြူတော်မှာ တွေ့ဆုံခွင့်ရခဲ့ပြီး ဒီလို တွေ့ဆုံခွင့်ရတဲ့ ပထမဆုံး အမေရိကန် သမ္မတအနေနဲ့ ကျနော် ဂုဏ်ယူပါတယ်။ ကျနော် အရင်က ပြောခဲ့သလိုပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ သူလုပ်ဆောင်ပြခဲ့တာတွေ သူ့ရဲ့ စာပေအရေးအသားတွေက တဆင့် ကျနော်အပါအဝင် တကမ္ဘာလုံးမှာ ရှိတဲ့သူတွေကို စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ ဒီမိုကရေဒီရဲ့ ပြယုဂ်ပဲ ဖြစ်ပါတယ်။ သူရဲ့ သတ္တိ၊ ဂုဏ်သိက္ခာနဲ့ နိုင်ငံအတွက် ပေးဆပ်ဖို့ စိတ်ပိုင်းဖြတ်ထားမှုတွေကို ကျနော်အမြဲတန်းပဲ လေးစားခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်အတွက် ခက်ခဲ ကြမ်းတမ်းတဲ့ နှစ်ပေါင်းများစွာကို သူ့ရဲ့ အိမ်ထဲမှာပဲ နေထိုင်ရင်း ဖြတ်သန်းခဲ့ပါတယ်။ သူ့ရဲ့ အဲဒီအိမ်မှာ ပြီးခဲ့တဲ့ ၂
နှစ်က တွေ့ဆုံခွင့် ရခဲ့တဲ့အတွက် ကျနော် တော်တော်လေးကို စိတ်လှုပ်ရှားခဲ့ပါတယ်။
ကျနော် မြန်မာနိုင်ငံကို ရောက်နေစဉ်မှာ သူနဲ့ ထပ်တွေ့ချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးနဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကိစ္စရပ်တွေတော်တော်များများကို သူနဲ့ အသေးစိတ်ဆွေးနွေးခဲ့ပါတယ်။ ဒါကို ကျနော်တို့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒီတခေါက် လည်ပတ်ချိန်မှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပေဒပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်၊ နောက်နှစ် ရွေးကောက်ပွဲနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာ အနေနဲ့ အားလုံးပါဝင်မှု ရှိတဲ့၊ ပွင့်လင်းမြင်သာမှု ရှိတဲ့၊ ယုံကြည် စိတ်ချရမှုရှိတဲ့ ရွေးကောက်ပွဲတရပ် ဖြစ်မြောက်ရေး အတွက် ဘယ်လိုအကူအညီ ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး သူရဲ့ သဘောထားအမြင်တွေကို အထူးပဲ သိချင်ပါတယ်။ သူဟာ တရားမျှတမှု နဲ့ လွတ်လပ်ခွင့်အတွက် ကြီးမားတဲ့ ခွန်အား တရပ် ဖြစ်ပါတယ်။ နောက်လာမယ့် နှစ်ပေါင်းများစွာမှာလည်း သူရဲ့ နိုင်ငံအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဆောင်ရွက်သွားမယ်လို့ ကျနော် မျှော်လင့်ပါတယ်။
မေး – နောက်ဆုံးအနေနဲ့ အခုကနေ နောက်လာမယ့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံကို သမ္မတကြီး အနေနဲ့ ဘယ်လို ဖြစ်စေချင်ပါသလဲ။ အာရှ ပစိဖိတ်ဒေသမှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်လာနိုင်မယ်လို့ သမ္မတကြီးက ထင်ပါသလဲ။ အမေရိကန်က ဆက်လက်ကျင့်သုံးသွားမယ့် မူဝါဒက ဘယ်လိုရှိပါသလဲ။
ဖြေ – သိပ်မကြာသေးခင်ကတော့ မြန်မာနိုင်ငံမှာ ကျနော်တို့ အခုမြင်နေရတဲ့ တိုးတက်မှုနဲ့ ပြုပြင်ပြောင်းလဲရေးတွေ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ခဲ့သူ အနည်းငယ်ပဲ ရှိပါလိမ့်မယ်။ တကယ်လို့ ဒီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်သာ ဆက်လက် ဖြစ်ပေါ်နေပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ရှိတဲ့ ခြေလှမ်းတွေသာ လှမ်းနိုင်ခဲ့မယ် ဆိုရင်တော့ အခုကနေ ၁၀ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ သန်း ၅၀ သော ပြည်သူတွေဟာ ပိုမိုကြွယ်ဝပြီး ဒီမိုကရေစီဆန်တဲ့ နိုင်ငံတခုကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ခရီးကတော့ အရှည်ကြီးပါ။ အောင်မြင်မယ်လို့ အာမခံချက်လည်း မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ ထိတွေ့ဆက်ဆံမှုရဲ့ ရည်ရွယ်ချက်ကတော့ ပြုပြင်ပြောင်းလဲရေးကို တိုက်တွန်း အားပေး ပုံဖော်ဖို့ ဖြစ်ပြီး ဒါမှလည်း မြန်မာပြည်သူတွေ အနေနဲ့ သူတို့ရဲ့ထိုက်တန်တဲ့ အနာဂတ်ကို ရောက်ရှိ အကောင်အထည်ဖော်နိုင်မှာ
ဖြစ်ပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံ အနေနဲ့ တည်ငြိမ်ကြွယ်ဝပြီး တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်ပေါ်နေတဲ့ အရှေ့တောင် အာရှမှာ ခေါင်းဆောင်နိုင်ငံတနိုင်ငံ အနေနဲ့ သူ့ရဲ့နေရာမှန်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေ အားလုံးအနေနဲ့ သူတို့နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်နိုင်စေမယ့် တာဝန်ခံမှု ရှိပြီး တုန့်ပြန်မှုရှိတဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံအနေနဲ့ တည်ဆောက်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါဟာ အမေရိကန် မူဝါဒရဲ့ အုတ်မြစ်အခြေခံလည်း ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ မရှိတော့တဲ့ ၊ နိုင်ငံရေး ပါတီတွေ အနေနဲ့ လွတ်လပ်စွာ လုပ်ဆောင်နိုင်ပြီး တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ၊ ဂျာနယ်လစ်တွေအနေနဲ့ စိုးရိမ်ရမှုနဲ့ တရားစွဲဆိုခြင်း ခံရမှု မရှိဘဲ အမှန်တရားကို ဖော်ထုတ် တင်ပြနိုင်တဲ့ မြန်မာနိုင်ငံကို မြင်ချင်ပါတယ်။ မိဘတွေ အနေနဲ့ သူတို့ရဲ့ ကလေးတွေကို ထောက်ပံ့မှု ပေးနိုင်တဲ့၊ လူငယ်တွေအတွက် အခွင့်အရေးတွေ ပိုမိုပေးအပ်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေး တိုးတက်မှုတွေ ဖြစ်ပေါ်စေဖို့ အတွက် အမေရိကန်က ပူးပေါင်းဆောင်ရွက် ပေးလိုပါတယ်။ ဒီပြုပြင်ပြောင်းလဲရေးသာ ဆက်လက် တိုးတက် ဖြစ်ပေါ်နေမယ် ဆိုရင် အမေရိကန်အနေနဲ့ ပိုမို ရင်းနှီးမြှပ်နှံနိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်ပြီး ကုန်သွယ်ရေးနဲ့ ၂ နိုင်ငံ ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံမှုတွေ တိုးတက်လာမယ်လို့ ကျနော်ယုံကြည်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ကုန်သွယ်မှု ၊ ရင်းနှီးမြှပ်နှံမှုနဲ့ အတွေးအခေါ် အကြံညဏ်တွေ အပြန်အလှန် ဖလှယ်မှု ကနေတဆင့် အကျိုးကျေးဇူးရရှိနိုင်ပြီး ဒေသတွင်း လုံခြုံရေးနဲ့ ကြွယ်ဝမှုကို အထောက်အပံ့ပေးနိုင်ကာ အာဆီယံနဲ့ အာရှ ပစိဖိတ်ဒေသမှာ တက်ကြွပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တာကို မြင်ချင်ပါတယ်။ အလွန် ကြီးမား တဲ့ စိန်ခေါ်မှုတွေ ရှေ့မှာ ရှိနေတာကို ကျနော်တို့ သတိထားမိပါတယ်။ ဒါပေမယ့် နှစ် ၆၀ ကြာ စစ်အာဏာရှင် အုပ်ချုပ်ရေး ကနေအသွင်ကူးပြောင်းလာတဲ့ လမ်းတလျှောက်မှာမြန်မာပြည်သူတွေကို ကူညီဖို့နဲ့ ပြည်သူတွေကို ဆင်းရဲတွင်းကနေ ကယ်တင်နိုင်မယ့် ဒီမိုကရေစီနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရဖို့အတွက် ကူညီဖို့ ကျနော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ခင်ဗျားတို့ရဲ့ အနာဂတ်ဟာ ကျနော်ကိုယ်တိုင် အတွက်ရော ၊ ကျနော့်နိုင်ငံအတွက်ရော အရေးကြီးပါတယ်။ ကျနော်တို့ ခင်ဗျားတို့ကို အောင်မြင်စေချင်ပါတယ်။
(ဤ အင်တာဗျူးသည် ဧရာဝတီ၏ မူပိုင်ဖြစ်သည်။ ကူးယူပုံနှိပ် ဖော်ပြခွင့် မပြုပါ။)