အရှေ့အာရှ ထိပ်သီး အစည်းအဝေးတခုသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် သမ္မတ အိုဘားမားနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များသည် နိုဝင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံ၍ မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲမှ အကြောင်းအရာများနှင့် ပတ်သက်၍ တက်ရောက်ခဲ့ကြသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမြင်သဘောထားများကို ဧရာဝတီ အကြီးတန်း သတင်းထေက် ခင်ဦးသာက ဆက်သွယ်မြေးမြန်းထားပါသည်။
ဦးညွန့်တင်
(အမျိုးသားလွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဌ၊ ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၂) မဲဆန္ဒနယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ)
သမ္မတ အိုဘားမား အနေနဲ့ကတော့ မြန်မာ ပါလီမန်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကဏ္ဍတွေမှာ ဘယ်လောက်အထိ ထဲထဲဝင်ဝင် ပါသလဲဆိုတာကို သိချင်တယ်ဆိုတော့ ကျနော်တို့က ရှင်းပြကြတာပေါ့လေ။ အဓိကတော့ လွှတ်တော် နာယက ကြီး သူရ ဦးရွှေမန်းက အရင်စတင် ရှင်းပြတာပေါ့။ ပါလီမန်တွေဟာ မြန်မာ့ ပြုပြင်ပြောင်းလဲရေးတွေမှာ ရှေ့တန်းက ပါဝင်ပြီး လုပ်နေပါတယ်ဆိုတဲ့ အကြောင်းတွေကို အချက်အလက်နဲ့ သေချာ ပြောတာပေါ့။ ပြီးတော့ အမျိုးသား လွှတ်တော် ဥက္ကဌကြီးက ပြောတယ်။
ကျနော်ကတော့ ဒို့ပါလီမန်မှာ ရှိတဲ့အမတ်တွေ၊ ဝန်ထမ်းတွေရဲ့ အရည်အသွေး လိုအပ်နေတယ်၊ အထူးသဖြင့် အမေရိကန် ကွန်ဂရက်က လုပ်နည်းလုပ်ဟန်တွေကို လေ့လာချင်တယ်။ နောက်ပြီးတော့ သူတို့ပါလီမန်တွေ ဘက်ကလည်းပဲ ဒီဘက်မှာ လာပြီး လေ့လာဖို့၊ အပြန်အလှန် လေ့လာရေး ခရီးတွေ သွားကြဖို့ လုပ်ချင်တဲ့အကြောင်းကို တင်ပြဆွေးနွေးခဲ့တယ်။ သူတို့က ပါလီမန်လုပ်လာတာ နှစ်ပေါင်း နှစ်ရာကျော်ပြီလေ။ အဲဒီတော့ သူတို့ဆီက ပညာတွေ၊ အရည်အသွေးတွေကို လိုချင်တာပေါ့။ အထူးသဖြင့် ဝန်ထမ်းတွေရဲ့ အရည်အသွေးတွေကို မြှင့်တင်ချင်တယ်။
နောက်တခုက သူတို့ဆီက ပါလီမန်မှာလိုမျိုး စာကြည့်တိုက် ကောင်းကောင်း လိုချင်တယ်။ လွှတ်တော် ကိုယ်စားလှယ် တွေကို အထောက်အကူ ပြုပေးနိုင်မယ့် သုတေသန စင်တာ ကောင်းကောင်း လိုအပ်တယ်။ အဲဒီလို နေရာတွေက ဥပဒေကြမ်းတွေ ရေးပေးနိုင်တာပေါ့။ အဲဒီလို အရာမျိုးတွေကို အမေရိကန်အနေနဲ့ ကူနိုင်ရင် ကူပေးဖို့ ဆွေးနွေးပါတယ်။
အိုဘားမားကတော့ ခြုံငုံပြီး ဆွေးနွေးတယ်၊ အဓိက သူပြောတာကတော့ မြန်မာနိုင်ငံကို ကူညီမယ်။ လွှတ်တော်တွေကိုလည်း ကူမှာပေါ့။ ကျနော်တို့ ဆွေးနွေးတာတွေကို အားလုံးကို ကူညီမယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ ရေးတွေကိုလည်း သူသိတယ်ပေါ့။
ဒါပေမယ့် ဒီကိစ္စတွေဟာ လွယ်တော့ မလွယ်ဘူးဆိုတာ သူသဘောပေါက်တဲ့အကြောင်း၊ နိုင်ငံတနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးဟာ မလွယ်ဘူးဆိုတာ သူသိတဲ့အကြောင်း ပြန်ရှင်းပြတယ်။ အခက်အခဲတွေကြားက လုပ်ရတယ်ဆိုတာ မလွယ်တဲ့အကြောင်း ပြောတယ်။
နောက်ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ရခိုင်-ဘင်္ဂလားနယ်စပ်၊ ရခိုင်ဘက်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို ဆွေးနွေးတယ်။ ဒီကိစ္စတွေကို ဖြေရှင်းတဲ့အခါမှာ စိတ်ရှည်ပြီးတော့ လုပ်ကြပါ။ သူတို့ဘက်ကလည်းပဲ တတ်နိုင်သမျှ ကူညီမယ်လို့ ပြောတယ်။
သူပြောတာတွေက သိပ်ကောင်းပါတယ်။ ဘယ်အရာကိုမှ တည့်တည့် မပြောဘူး၊ သွယ်ဝိုက်ပြီးတော့မှ ပြောတယ်။ ရခိုင်ဘက်မှာ ဆိုရင်လည်း လူနည်းစု ဖြစ်တဲ့သူတွေကို တတ်နိုင်သလောက် ဖေးမပါလို့ ပြောတယ်။ တကယ့်ကို သံတမန် ဆန်ဆန် ပြောသွားတာတွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကိုလည်း တော်တော် နားလည်ပုံရတယ်။ မြန်မာ နိုင်ငံကိုတောင်မှ မြန်မာလို့ပဲ တောက်လျှောက် ပြောသွားတယ်။ ဘားမားလို့ တခွန်းမှ ပြောမသွားဘူး။
ကျနော့်အမြင်ကတော့ သူ့ကိုသာ သူလုပ်ချင်တိုင်း လုပ်ခွင့်ပေးရင် တကယ့်ကို ကူညီမယ်လို့ ထင်တယ်။ သူ့မှာနောက်က ဆွဲနေတာတွေက သူတို့ရဲ့ လွှတ်တော် (ကွန်ဂရက်) တွေပေါ့။ ပါလီမန်တွေက ထိန်းထားတော့ သူလုပ်ချင်တိုင်း လုပ်လို့ မရဘူးပေါ့။ မြန်မာရဲ့ စီးပွားရေးကိုလည်း တကယ် ကူညီပေးချင်နေတယ်။
အဲဒီတော့ ကျနော်တို့ အိုဘားမားနဲ့ ဆွေးနွေးခဲ့အပေါ်မှာ အင်မတန်မှ အားရကျေနပ်ပါတယ်။ လူကများတော့ တယောက် နည်းနည်းစီပဲ ဆွေးနွေးရတယ်။ သူက ဘာပြောလဲဆိုတော့ မင်းတို့ လွှတ်တော် ကိုယ်စားလှယ်တွေ အရည်အချင်း အတော် ပြည့်ဝတာပဲလို့ မှတ်ချက်ချသွားတယ်။ အဲဒီတော့ ကျနော်ကလည်းပဲ သူဟာ အင်မတန်တော်တဲ့၊ သံတမန် ဆန်တဲ့ နိုင်ငံ့ ခေါင်းဆောင်တဦးလို့ မှတ်ချက်ပေးချင်ပါတယ်။
ဦးရဲထွန်း
(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ သီပေါမဲ ဆန္ဒနယ်)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)
ကျနော်တို့ တိုင်းပြည်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိုင်းပြည် မငြိမ်းချမ်းနိုင်။ ပြည်သူ လူထုလည်း ဒုက္ခရောက်နေ ကြတဲ့အတွက် ဒါတွေကို ပြေလည်ဖို့ လွှတ်တော်ကရော၊ အစိုးရကရော ဝိုင်းဝန်း ကြိုးစားနေတယ်၊ ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ အတွက်လည်း လက်တကမ်းလောက်ပဲ လိုတော့တယ်။ အဲဒါတွေပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ သွားမယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ သူတို့ တောင်းဆိုတာတွေဟာ ဖက်ဒရယ် ပြည်ထောင်စု စနစ်သွားဖို့ တောင်းဆိုထားတဲ့အပြင် ကျနော်တို့ နိုင်ငံဟာလည်းပဲ ဖွဲ့စည်းပုံ ဥပဒေအရ ဖက်ဒရယ် ပုံစံ ဖြစ်နေပေမယ့် ပြည်နယ်၊ တိုင်းဒေသ အစိုးရနဲ့ ဗဟိုအစိုးရ အဖွဲ့ကြားမှာ အုပ်ချုပ်ခွင့်၊ လုပ်ပိုင်ခွင့်တွေ ကွာနေတယ်၊ နည်းနေတယ်။
ဒါကြောင့် ဗဟို ချုပ်ကိုင်မှုကို လျှော့ချဖို့ လိုတယ်။ ဗဟိုချုပ်ကိုင်မှု လျှော့ချရာမှာလည်းပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ပြင်သင့် ပြင်ထိုက်တာတွေကို ပြင်ရလိမ့်မယ်။ ဒီလို ပြင်ဆင်ဖို့ အတွက်ဆိုရင် အစိုးရရော၊ လွှတ်တော်ရော၊ တပ်မတော်ကပါ အမြင်တူဖို့ လိုတယ်ဆိုတာမျိုးကို ကျနော်က ရှင်းပြခဲ့တာပါ။
ကျနော်တင်ပြတဲ့ အပေါ်မှာ အိုဘားမား ပြန်ပြောတာကတော့ နိုင်ငံတခုမှာ ဗဟိုချုပ်ကိုင်မှု လျော့ချတာ၊ ပြည်နယ် အစိုးရနဲ့ ဗဟိုအစိုးရအကြား အာဏာခွဲဝေတာတွေကို မျှမျှတတ ဖြစ်ဖို့လိုတယ်။ နောက်တခုက ဗဟို အစိုးရရဲ့ ချုပ်ကိုင်မှု နည်းလွန်းသွားရင်လည်း သူတို့ရဲ့ လုပ်ဆောင်မှုတွေ အားနည်းသွားတတ်တာတွေကို၊ လုပ်ရကိုင်ရ အားနည်းသွားတာကို ပြန်ရှင်းပြတယ်။ အလားတူ ဗဟိုက ချုပ်ကိုင်မှု များလွန်းရင်လည်း အောက်မှာ လွတ်လပ်မှု အားနည်းသွားတတ်တာတွေ၊ အခွင့်အရေးတွေ မရှိတော့ဘူး ဆိုတာတွေကို အိုဘားမား က ထောက်ပြသွားတယ်။
နောက်တခုက တပ်မတော်ကဏ္ဍကို ပြောတယ်။ တပ်မတော်ဆိုတာ အင်အားရှိတဲ့ အဖွဲ့ဖြစ်တယ်။ လွှမ်းမိုးလိုတဲ့ သဘော သဘာ၀ ရှိတယ်။ အနိုင်ကျင့်လိုတဲ့ သဘောရှိတယ်။ ဒါကြောင့် တပ်ကို နိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်းနေသင့်တယ်။ ပြည် သူတွေက ရွေးကောက် တင်မြှောက်ထားတဲ့ သမ္မတလို ပုဂ္ဂိုလ်မျိုးရဲ့ ထိန်းချုပ်မှု အောက်မှာပဲထားသင့်တယ် ဆိုတာမျိုးလည်း ဆွေးနွေးသွားတယ်။ သူ့အနေနဲ့ ဆိုရင်တော့ တပ်မတော်သားဆိုတာ နိုင်ငံရေးစကား ဘယ်တော့မှ မပြောဘူး ဆိုတာမျိုးလည်း ပြောတယ်။
ဦးဇုန်လှယ်ထန်း
(အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ဖလန်း မဲဆန္ဒနယ်၊ ချင်းတိုးတက်ရေး ပါတီ)
ကျနော်တို့ နိုင်ငံမှာ အခြေခိုင်တဲ့ အဖွဲ့တွေ လိုအပ်တယ်။ အခု ကြံ့ခိုင်ရေးတို့၊ NLD တို့လိုမျိုး အဖွဲ့တွေ လိုတယ်။ အမေရိကန် လိုမျိုးပေါ့။ ပြီးတော့ သူတို့ အချင်းချင်းလည်းပဲ အပြုတ်ဖြုတ်သလိုမျိုး၊ အမြစ်ပြုတ်အောင် သုတ်သင် ရှင်းလင်းသလိုမျိုး မလုပ်ဖို့လိုတယ် ဆိုတဲ့အကြောင်း အိုဘားမားက ပြောတယ်။ ခိုင်မာတဲ့ အဖွဲ့တွေ လိုတယ်ဆိုတာကို ပြောတယ်။ အိုဘားမားက လာကတည်းက ခင်းဗျားတို့ပြောတာ နားထောင်ဖို့လာတာ၊ ဘာကူညီပေးရမလဲ ဆိုပြီးတော့ ပြောတယ်။ ဘယ်ကဏ္ဍတွေမှာ ကူညီပေးရမလဲ ဆိုတာမျိုးတွေ ပြောတယ်။ တွေ့ဆုံတဲ့ ခေါင်းစဉ်မှာလည်းပဲ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍဆိုပြီး ပေးထားပြီးသားဆိုတော့ လွှတ်တော် ကဏ္ဍ ဆွေးနွေးကြတယ်။
နောက်ပြီးတော့ ကျနော်တို့ ပြည်နယ်တွေမှာလည်းပဲ ခိုင်မာတဲ့ ပါတီ အဖွဲ့အစည်းတွေ လိုတဲ့အကြောင်း ကျနော်ပြောပါတယ်။ အဲဒီနေရာမှာလည်းပဲ အမေရိကန်အနေနဲ့ အဘက်ဘက်က ကူညီလို့ ရတာတွေကို ကူညီပေးပါဆိုပြီး တင်ပြဆွေးနွေး ခဲ့ပါတယ်။ လွှတ်တော်ထဲမှာဆိုရင်လည်း ဥပဒေပြုရေး၊ မလိုတဲ့ ဥပဒေတွေကို ပယ်ဖျက်ရေး၊ ပြည်သူ ကိုယ်စားပြုရေးတွေ လုပ်ဆောင်နေတဲ့ အကြောင်းတွေ ပြောကြတယ်။
ကျနော်တို့ နိုင်ငံက အခုမှ လွှတ်တော်တွေ ပေါ်တာ၊ သူတို့က လွှတ်တော်တွေ ပေါ်တာ ကြာပြီ ဆိုတော့ သူတို့ဆီက ကျနော်တို့ သင်ယူစရာတွေ အများကြီးရှိတယ်ဆိုတာ ဆွေးနွေးတယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်တာတွေ ကူညီ ပံ့ပိုးပေးပါဆိုပြီး ပြောကြတယ်။
အိုဘားမား ပြန်ပြောတာကတော့ သူတို့နိုင်ငံက ဖွဲ့စည်းပုံဟာ နှစ်ပေါင်း ရာချီနေပြီပေါ့။ အဲဒီလောက် ကြာနေတာတောင် လက်ရှိမှာလည်း အသုံးပြုနေဆဲပေါ့ ဆိုတာမျိုးပြောတယ်။ နောက်တခုက အမေရိကန်ဟာလည်းပဲ အခုလို နိုင်ငံ ဖြစ်ဖို့ နှစ်တွေ အများကြီး ကြာခဲ့ရတဲ့အကြောင်း ပြောတယ်။
အဲဒီတော့ အဖွဲ့အစည်းတွေ ခိုင်မာဖို့ အရေးကြီးကြောင်းပြောတယ်။ သူတို့နိုင်ငံမှာလည်းပဲ စစ်တပ်ကောင်းကောင်း ရှိတယ်။ ဒါပေမယ့် စစ်တပ်ဆိုတာ ဘက်မလိုက်ရဘူးလို့ ပြောတယ်။ စစ်တပ်အနေနဲ့လည်း အိုဘားမားကို “ခင်ဗျားက ဒီမိုကရက်တစ် လား၊ ရီပါပလက်ကန်လား ဆိုတာမျိုး တခါမှ မမေးဖူးဘူးတဲ့။ သူဘယ်ပါတီက ဆိုတာလည်း သိချင်မှ သိကြမှာတဲ့” လို့ ပြော သွားတယ်။ စစ်တပ် အကြောင်းကတော့ ပြောသွားတာတွေ အများကြီးပါ။
နောက် ကျနော်ဆွေးနွေးတဲ့ တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့လည်း အခွင့်အရေးတွေ တန်းတူပေးရမယ်၊ ကန့်သတ်မှု၊ ချုပ်ချယ်မှု မရှိရဘူး ဆိုပြီး ပြောတယ်။ ယုံကြည်မှုတွေ လိုတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးဖို့ ဟာတွေ ပြောသွားတယ်။
ဒေါ်ဖြူဖြူသင်း
(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)
အကုန်လုံး ဆွေးနွေးကြတာကတော့ လွှတ်တော် ကိစ္စပါ။ ပညာရေး ကိစ္စဆွေးနွေးကြတယ်။ လွှတ်တော်ကိစ္စ ဆွေးနွေးကြတဲ့ အခါမှာ ဥပဒေပြုရေး ကဏ္ဍတွေမှာ အခက်အခဲတွေ ရှိတာတွေ ပြောကြတယ်။ တချို့ကလည်း အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ပြောကြတယ်။ နောက်တခုက ဒီမိုကရေစီ အပြောင်းအလဲတွေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ အကြောင်း ဆွေးနွေးကြတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လက်ရှိအခြေအနေတွေ၊ ရခိုင်ဒေသက အကြမ်းဖက်မှု ကိစ္စတွေ အဲဒါတွေကို ဆွေးနွေးကြတယ်။
ကျမ အနေနဲ့ ဆွေးနွေးတာကတော့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အပေါ်မှာ ပြည်သူတွေရဲ့ သဘောထားတွေကို ဆွေးနွေး ဖြစ်တယ်။ နောက်တခုက ရခိုင်မှာ ဖြစ်ခဲ့တာတွေ၊ မိတ္ထီလာမှာ အကြမ်းဖက်မှု ဖြစ်ခဲ့တာတွေကို ပြောခဲ့တယ်။ ဒီကိစ္စတွေဟာ ဘယ်ဒေသမှာ ဖြစ်ဖြစ် ကျမတို့ နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေပါ။ ဒါမျိုးတွေ နောက်ထပ် မဖြစ် ရအောင် ဘယ်လိုမျိုးတွေ ကြိုတင်ကာကွယ် နိုင်မလဲ ဆိုတာတွေ ဆွေးနွေး ဖြစ်ပါတယ်။ နောက် စစ်တပ်ကဏ္ဍ ဆွေးနွေးတဲ့အခါမှာ စစ်တပ်ဆိုတာ အရပ်သား အစိုးရရဲ့ အုပ်ချုပ်မှု အောက်မှာပဲ ထားရှိရမယ်၊ စစ်သားဆိုတာ နိုင်ငံရေး ပါတီထဲမှာ ပါလို့ မရဘူး။
တကယ်လို့များ နိုင်ငံရေး လုပ်ချင်တယ်ဆိုရင်လည်း တပ်ကနေပြီးတော့ အရပ်ဘက်ကို ပြောင်းရမယ် ဆိုတာမျိုးတွေ သေချာ ရှင်းပြတယ်။ လွှတ်တော်ထဲက စစ်သားတွေရဲ့ ပါဝင်မှု ကဏ္ဍမှာလည်း တဖြည်းဖြည်း လျှော့ချသွားဖို့ အတွက် အင်ဒိုနီး ရှားနိုင်ငံကို နမူနာ ယူသင့်တယ်လို့ ဆိုတယ်။ ကိုယ့်နိုင်ငံနဲ့ လိုက်လျော ညီထွေဖြစ်မယ့် နည်းလမ်းတွေနဲ့ စစ်တပ် အခန်းကဏ္ဍကို ဘယ်လိုလျော့ချမလဲ ဆိုတာ ဆောင်ရွက်သင့်တာတွေကို ဆွေးနွေးကြတယ်။
နောက်တခုက ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ အခက်အခဲတွေကို ဆွေးနွေးကြတယ်။ ဥပမာ- တိုင်းရင်းသားတွေက ဖက်ဒရယ် စနစ်ဖြစ်ပေါ်ဖို့ အကြောင်းတွေ ဆွေးနွေးကြတဲ့ အပေါ်မှာလည်း လူနည်းစုတွေရဲ့ အခွင့်အရေးကို မပေးဘူး ဆိုရင် တိုင်းပြည်မှာ အခက်အခဲတွေ များနေမယ်။ ဒါကြောင့် ဗဟို ချုပ်ကိုင်မှုတွေကို လျှော့ချပြီးတော့ တိုင်းရင်းသားတွေကို အခွင့်အရေးတွေ ပေးမှသာ တိုင်းပြည် အဆင်ပြေမယ်ဆိုပြီး အိုဘားမားက ဆွေးနွေးသွားတယ်။ ဆွေးနွေးကြတဲ့ အထဲမှာတော့ ကဏ္ဍတွေ အတော်စုံပါတယ်။
သူတို့နိုင်ငံမှာလည်းပဲ တိုင်းရင်းသား ပြဿနာတွေ နှစ်အတော်ကြာ ဖြေရှင်းခဲ့ရတဲ့ အကြောင်းတွေ ပြောပါတယ်။ ဒါတွေဟာ အခုချိန်မှာ အောင်မြင်နေပြီပေါ့။ ဘာကြောင့် အောင်မြင်လဲ ဆိုတော့ မျှတတဲ့ ဥပဒေတွေကြောင့် ဖြစ်တယ်ဆိုတာ ရှင်းပြတယ်။ သူဆွေးနွေးတာတွေဟာ အားလုံး သိပြီးတဲ့ ကိစ္စတွေ ဖြစ်ပေမယ့် အတော်လေး ကောင်းပါတယ်။
နောက်တခုကတော့ အားလုံး သိကြတဲ့ အတိုင်း ၂၀၁၅ ရွေးကောက်ပွဲ ကိစ္စပေါ့။ ၂၀၁၅ မှာ ဘယ်ပါတီပဲ အနိုင်ရရပေါ့။ အင်အားကြီးတဲ့ ပါတီက အနိုင်ရရင်လည်း အင်အားနည်းတဲ့သူကို မလွှမ်းမိုးဖို့ပေါ့။ အင်အား နည်းတဲ့သူတွေကလည်းပဲ အင်အားကြီးတဲ့သူတွေနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ အကြောင်းတွေကို ဆွေးနွေးသွားကြတယ်။ အဓိကတော့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စကို ပြောသွားတယ်။
ဆွေးနွေးခဲ့အပေါ်မှာ အားရ ကျေနပ်လား၊ ဘယ်လို မြင်လဲဆိုတော့ တော်တော်များများကတော့ ကောင်းပါတယ်။ သူတို့နဲ့ ကျမတို့ နိုင်ငံနဲ့လည်း အမြဲတမ်း အဆက်အသွယ်ရှိပါတယ်။ ဒီမှာရှိတဲ့ သူတို့ ကိုယ်စားလှယ်တွေနဲ့လည်း အမြဲ အဆက် အသွယ် ရှိတော့ သတင်းတွေ ကြားသိနေရတာတွေ ရှိပါတယ်။ ဒီက ပြည်သူ လူထုတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေ ကိုလည်း သိနိုင်တာပေါ့။
ကျမတို့ လွှတ်တော် ကိုယ်စားလှယ်တွေ အပြင် လူမှုအဖွဲ့အစည်း အသီးသီးတွေ၊ ကျောင်းသားလူငယ်တွေနဲ့လည်းပဲ တွေ့ဆုံတဲ့ အခါကျကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျမတို့ တိုင်းပြည်ရဲ့ အခြေအနေတွေကို ပိုပြီးတော့ ကိုယ်တွေ့ မြင်တွေ့သွားရတာက ကောင်းပါတယ်။ ဒီက နိုင်ငံရေး အခြေအနေတွေနဲ့ တခြား အခြေအနေ အရပ်ရပ်ကို ကိုယ်တိုင်တွေ့မြင်သွားတဲ့အခါ ကျတော့ အဲဒါတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်တဲ့ အခါမှာ ပိုပြီး ထိရောက်မယ်လို့ ထင်ပါတယ်။
ဒေါက်တာ ဗညားအောင်မိုး
(အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ အမှတ် (၇ ) မဲဆန္ဒနယ်၊ မွန်ပြည်နယ်)
တိုင်းရင်းသား အခွင့်အရေးတွေ ပေးဖို့၊ ဖက်ဒရယ် စနစ်ဖော်ဆောင်ဖို့၊ ဒီမိုကရေစီ စနစ်ဖော်ဆောင် ကျင့်သုံးဖို့ ကိစ္စတွေကို ကျနော်တို့ လွှတ်တော်က ဆောင်ရွက်နေတဲ့ အကြောင်းတွေကို ဆွေးနွေးကြပါတယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက်ရော၊ အပစ်ခတ် ရပ်စဲရေး အတွက်ရော အကျိုးရှိအောင် ကျနော်တို့ လုပ်ဆောင်နေတဲ့ အကြောင်းတွေကို ပြောကြ တယ်။
နောက်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့နဲ့ တိုင်းရင်းသား တန်းတူရေး ကိစ္စ။ နောက်တခုက အမေရိကန်နိုင်ငံ အနေနဲ့ ကျနော်တို့ နိုင်ငံ စီးပွားရေး တိုးတက်ဖို့ ဘက်စုံက ဝိုင်းကူညီနိုင်မယ့် ကိစ္စ အရေးကြီးတယ်၊ စီးပွားရေး တိုးတက်လာမယ် ဆိုရင် ဒီမိုကရေစီဆိုတာလည်း တိုးတက်လာမယ်လို့ မြင်တဲ့အတွက်ကြောင့် ကျနော်တို့ကို ဘက်စုံ ကူညီဖို့ တင်ပြကြတယ်။ လွှတ်တော် ဥက္ကဌ တွေကလည်းပဲ တင်ပြဆွေးနွေးကြပါတယ်။
ကျနော် အဓိက ဆွေးနွေးတာကတော့ ကျနော်တို့မှာ ပညာရေး ကဏ္ဍ အားနည်းနေတယ်။ အင်္ဂလိပ်စာ အင်မတန် အားနည်း နေပါတယ်။ အမေရိကန်က လာတဲ့အဖွဲ့ တခု ကျနော်တို့ မော်လမြိုင် တက္ကသိုလ်မှာ ပူးပေါင်း ဆောင်ရွက်နေပေမယ့် ထိရောက်မှု သိပ်မရှိသေးတဲ့အတွက် အမေရိကန် နေနဲ့ အကူအညီပေးဖို့ တင်ပြခဲ့ပါတယ်။
နောက်ပြီးတော့ ကျနော်တို့ နိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာ ပျံ့နှံ့မှုဟာ အထက်တန်းကျောင်း အထိ ရောက်လာနေပါပြီ။ ဒါဟာ အင်မတန် အန္တရာယ်များပါတယ်။ ဒီကိစ္စကို တိုက်ဖျက်ဖို့ ကျနော်တို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် ကူညီပေးဖို့ တင်ပြတဲ့ အကြောင်းကိုလည်းဆွေးနွေးခဲ့ပါတယ်။ ကိုယ်စားလှယ်တွေကတော့ အများကြီး တင်ပြဆွေးနွေးကြတယ်။
သမ္မတ အိုဘားမား ပြန်ပြောတာကတော့ ဆက်လက် ကူညီဆောင်ရွက်ပေးသွားဖို့၊ ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု တချို့ရှိတာကိုလည်း အသိအမှတ်ပြုပါတယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသားတွေကို အခွင့်အရေး အပြည့်အဝပေးဖို့ အရေးကြီးကြောင်း၊ အားနည်းတဲ့ တိုင်းရင်းသားဆိုရင် ပိုပြီးတော့ အခွင့်အရေး ပေးဖို့ လိုကြောင်းတွေ သူပြန်ပြောတယ်။
ကျနော်ကတော့ အမေရိကန်နဲ့ ကျနော်တို့ နိုင်ငံရဲ့ ဆက်ဆံရေးကို အကောင်းဘက်ကပဲ မြင်ပါတယ်။ ကျနော်တို့ ဥက္ကဋ္ဌ ကလည်း အခုသွားနေတဲ့ ပုံစံဟာ အရင်ကနဲ့မတူဘဲ အားလုံးကို ပြောင်းလဲရေး လုပ်ပြီး သွားနေတဲ့အကြောင်း ပြောပါတယ်။
အိုဘားမားကလည်းပဲ ကျနော်တို့ရဲ့ လုပ်ဆောင်မှုတွေကို တိတိကျကျ မပြောပေမယ့် သူလည်း အားရကျေနပ်တဲ့ပုံ ရပါတယ်။ ကျနော်တို့ကလည်း အားရကျေနပ်ပါတယ်။
နောက်တခုက လာမယ့် ရွေးကောက်ပွဲမှာ ပါတီတွေဟာ တခုကိုတခု အပြုတ်တိုက်ဆိုတဲ့ သဘောမျိုး မဖြစ်ရအောင် အတိုက်အခံတွေ အနေနဲ့လည်း တခါတလေမှာ အစိုးရ နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာအောင် ဆိုတာက အစ သူက အကြံဉာဏ်တွေ ပေးပါတယ်။ ဆိုတော့ အပြုသဘော အတော်ဆောင်တဲ့ သဘောပါ။
ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ ပြောတာက ကျနော်တို့နိုင်ငံမှာ အစိုးရနဲ့ ကြံ့ခိုင်ရေး အုပ်စုရယ်၊ ကျနော်တို့ တိုင်းရင်းသား အုပ်စုရယ်၊ NLD အုပ်စု ဆိုပြီး ၃ စု ရှိနေတာကို တင်ပြဆွေးနွေးကြတော့ သူက သဘောပေါက်ပြီး ပြန်ရှင်းပြတဲ့သဘော လည်း ပါ ပါတယ်။
နောက်ဆုံး အားလုံးဆွေးနွေးပြီးကြတဲ့ အခါမှာတော့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က လက်ရှိလုပ်ဆောင်နေမှု တွေကို ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘဲ ဆက်လက် လုပ်ဆောင်သွားမယ်ဆိုတာကိုလည်းပဲ ကတိပေး လိုက်ပါတယ်။