ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆေးမြီးတို ချေးငွေများဖြင့်သာ ပြီးတော့မှာလား
This article has been converted from Zawgyi One to Unicode
၁၁ ကြိမ်မြောက် လွှတ်တော်များ ပုံမှန်အစည်းအဝေးတွင် အသံ အကျယ်လောင်ဆုံး ကိစ္စကား ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ထပ်မံတောင်းခံနေခြင်း ဖြစ်သည်။ ယင်းတို့ အထဲတွင် သမဝါယမ ဝန်ကြီးဌာန၏ တရုတ်နိုင်ငံမှ ချေးယူမည့် ချေးငွေကိစ္စလည်း ပါဝင်နေသည်။ ပြည်ထောင်စု လွှတ်တော်တွင် ငြင်းခုံ ဆွေးနွေးခြင်း များဖြင့် ပွဲကတော့ စည်ခဲ့ပါသည်။ အတိုက်အခံပြုကာ ခုခံဆွေးနွေးသည် များကတော့ လွှတ်တော်တွင်း အခြေအနေများအရ အသာစီးရဖို့ရာတော့ အကြောင်းမမြင်ဟု ယူဆသည်။
တည်မြဲ မြန်မာ အစိုးရသည် နိုင်ငံတကာမှ ချေးငွေယူမည်ဆိုလျှင် အူယားဖားယား ဖြစ်တတ်သည်။ ယင်းကို တတ်သိ လွှတ်တော် ကိုယ်စားလှယ် တချို့က ထောက်ပြဝေဖန်ခဲ့ကြသည်။ ယခု ပြည်ထောင်စု လွှတ်တော်အတွင်း သမဝါယမ ဝန်ကြီးဌာန၏ တရုတ်ထုတ်ကုန် သွင်းကုန်ဘဏ်မှ ဒေါ်လာ သန်း ၃၀ဝ ချေးထားပြီးပါသော်မှ ဘတ်ဂျက် ထပ်တောင်း သည့် အစီအစဉ်သည်လည်း ထောက်ပြဝေဖန်ခြင်း ခံရသော ကိစ္စတခုဖြစ်သည်။
သမဝါယမ ဝန်ကြီးဌာနသည် China Exim Bank မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ဝ အား အတိုးနှုန်း ၅ ရာခိုင်နှုန်း ပေးရမည်၊ နှစ်ရှည် ချေးငွေ ဖြစ်သည်၊ ထို့ပြင် အကျိုးဆောင်ခ ဒေါ်လာ ၁ သန်းကို လက်ငင်းပေးချေရမည် စသည်ဖြင့် ဖြစ်သည်။ ယင်းဝန်ကြီး ဌာန၏ ချေးငွေ လုပ်ဆောင်ချက်သည် ပြည်ထောင်စု လွှတ်တော်တွင် အစိုးရအဖွဲ့မှ တဆင့် တင်ပြတောင်းဆိုကာ သဘောတူ ခွင့်ပြုထားခြင်း မရှိခဲ့ပေ။
သို့သော် ကြမ်းပေါက်ကတော့ ကျွံပြီး ဖြစ်သည်။ ခြေထောက်များ နုတ်လျှင် ရလျက်သားဖြင့် မနုတ်ကြတော့ချေ။ သမ္မတ ဦးသိန်းစိန်သည် မြန်မာ့ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကိစ္စကို သမ္မတ တာဝန် ထမ်းဆောင်ပြီ ဆိုကတည်းက တကယ် လုပ်ပြမည်ဟု ရည်သန်ခဲ့သည့် စိတ်ရင်း ရှိခဲ့သည်မှာ သမ္မတ အစဉ်အဆက် ပြောကြားခဲ့သော လစဉ် ရေဒီယို မိန့်ခွန်းများက သက်သေပြခဲ့သည်။
ဤတွင် သမ္မတ၏ အကြံအစည်လော၊ သမ္မတ၏ နောက်ကွယ် အရိပ်တခုခု၏ အကြံအစည်လော စဉ်းစားစရာ ဖြစ်ရသည့် တချက်ခုတ် နှစ်ချက်ပြတ် အကျိုးရလဒ်ကိစ္စ ဝင်လာသည်။ သမ္မတ၏ မြန်မာ့ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နှင့် အတူ မဆလခေတ် ကတည်းက သေနေခဲ့သော သမဝါယမ စက္ကူကျားကို အသက်ပြန်သွင်းရေး သဘောကို သူတို့ လုပ်ဆောင်ကြလေပြီဟု ပြည်သူများက ဝေဖန်သုံးသပ်ကြသည်။
ဝေဖန် သုံးသပ်ရခြင်း အကြောင်းရင်း မှာလည်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် သမဝါယမ ချေးငွေ အစီအစဉ်များကို သမ္မတနှင့် သမဝါယမ ပြည်ထောင်စု ဝန်ကြီးတို့ နှစ်ဦး ပူးတွဲကာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း အစရှိသည်ဖြင့် ထက်အောက် စုန်ဆန်ကာ ဒေသခံ ဆင်းရဲနွမ်းပါးသူများနှင့် ထိတွေ့ပြီး သမဝါယမ ချေးငွေ အစီအစဉ် ကို ဝါဒဖြန့်ရင်း စည်းရုံးသိမ်းသွင်းခဲ့သည်။
သမဝါယမ ချေးငွေဟူသည် မြန်မာ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက် တဖွဲ့တရဲ့ အကူအပံ့ ဖြစ်စေရန် ရည်ရွယ် သည်။ သမဝါယမ ချေးငွေဟူသည် ဒေသခံ ဆင်းရဲသားများ လက်ထဲ ငွေသား ထုတ်ချေး ပေးခြင်းထက် ရင်းနှီး လုပ်ကိုင် စားသောက်စရာ ပစ္စည်းပစ္စယများကို အရစ်ကျ ပေးသွင်းခြင်းဖြင့် ရောင်းချပေးခြင်း ဖြစ်သည်ဟု နားလည်ရသည်။
လယ်ယာလုပ်ငန်းသုံး ပစ္စည်းများ ဖြစ်သော လက်တွန်းထွန်စက်၊ ကောက်စိုက်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များမှ အစပြုကာ ရေလုပ်ငန်းသုံး ပိုက်၊ လှေ အစရှိသည်ဖြင့် အပ်ချုပ်စက်၊ ဆိုက်ကား၊ မော်တော်ဆိုင်ကယ် စသည့် ပစ္စည်း ကိရိယာများအား အရစ်ကျ ပြန်သွင်းခြင်းဖြင့် ချေးငှား ရောင်းချပေးသော အစီအစဉ်ဖြစ်သည်။
ဒေသခံ လက်လုပ်လက်စား ဆင်းရဲသားများအား နေ့စဉ်ဝင်ငွေ ပုံမှန်ရနေစေရာမှ အဆုံး တနေ့တွင် လုပ်ကိုင်ရင်းနှီး စရာ ပစ္စည်းလည်း မိမိကိုယ်ပိုင် ဖြစ်သွားစေမည်ဟု ပြောကြားခဲ့သည်။ ကြားရသော သတင်းစကားများ အရ သက်ဆိုင်ရာ ဒေသခံ တော်တော်များများက အထူးစိတ်ဝင်စား ကြသည်ဟု ဆိုသည်။
သို့သော် အကန့်အသတ် ခံနေသည်မှာ ယင်းပစ္စည်း ကိရိယာများအား အရစ်ကျပြန် သွင်းခြင်းဖြင့် ကိုယ်ပိုင် ဖြစ်လိုလျှင် အလျင်ဦးစွာ သမဝါယမ အသင်းသို့ ဝင်ရမည်။ ဤတွင် ရပ်/ကျေး အာဏာပိုင် အချို့နှင့် ထိပ်တိုက် တွေ့ချေပြီ။
ယခင် အကျင့်ဟောင်း၊ စရိုက်ဟောင်းအတိုင်း မိမိတို့ ရပ်ကွက်၊ ကျေးရွာ အဝန်းအဝိုင်း အတွင်း ဝါးလုံးခေါင်းထဲ လသာချင် နေကြသော ရပ်/ကျေး အုပ်ချုပ်ရေးမှူး တချို့နှင့် အပေါင်းအပါတို့သည် သမဝါယမ အသင်း ဝင် မဝင် ကိစ္စဖြင့် အာဏာပြနေ၊ ခွင်ဖန်နေကြသည်ဟု အသံများ ထွက်ပေါ်လာသည်။
ယင်းသို့ ဖြစ်ရခြင်းမှာလည်း ရိုးရိုးသားသား လုပ်ကိုင် စားသောက်ချင်သူ ဆင်းရဲနွမ်းပါး ပြည်သူများက သမဝါယမ အသင်း ဝင်ရပါသော်မှ ဝင်ရပါစေ၊ ဝင်မည်။ အရစ်ကျ ပြန်သွင်းခြင်းဖြင့် ရင်းနှီးလုပ်ကိုင်စရာ ပစ္စည်းကိရိယာ အပိုင်ရသွားမည် ဆိုလျှင် သူတို့ တသက်ကျေနပ်သည်။
သို့သော် ပြဿနာကား သမဝါယမ ချေးငွေအစီအစဉ်သည် ဆင့်ပါးစပ် နှမ်းပက်ခြင်း သဖွယ် ဖြစ်နေ၍ အောက်ခြေ ရပ်/ကျေး အဆင့်တွင် ချေးငွေအစီအစဉ် ခံစားခွင့် ရရှိရေး လာဘ် လာဘပေးရသည့် ကိစ္စများ ဖြစ်ပေါ်နေသည်ဟု သတင်း ထွက်ပေါ်နေသည်။ ကဲ – ဘာများထူးပါ သနည်း။ သမဝါယမ ချေးငွေရရန် တန်းစီလာဘ်ထိုး နေရသည့်ကိန်း ဆိုက်ချေပြီ။ ဘယ်မှာလဲ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ဘယ်မှာလဲ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သမချေးငွေသည် လည်း ခုတ်ရာတခြား ရှရာတခြား ဖြစ်နေချေပြီ။
ယခု ၁၁ ကြိမ်မြောက် လွှတ်တော်များ ပုံမှန်အစည်းအဝေးတွင် သမဝါယမ ဝန်ကြီးဌာနက တရုတ်နိုင်ငံမှ ဒေါ်လာ သန်း ၃၀ဝ ချေးယူပြီးသည့်အပြင် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးအတွက် ဘတ်ဂျက် ထပ်မံ တောင်းခံထားခြင်းအပေါ် လွှတ်တော် ကိုယ်စားလှယ် အချို့က ဆွေးနွေးကန့်ကွက်ခဲ့ကြသည်။
သမဝါယမ ချေးငွေ အစီအစဉ်သည် အောက်ခြေတွင် သမချေးငွေ အနှံ့အစပ် မရှိခြင်း အပေါ် နှံ့နှံ့စပ်စပ် ချေးငှားနိုင်ရန် ဘတ်ဂျက် တိုးတောင်းရခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာနက ဆင်ခြေ ပေးကောင်းပေးမည်။ ထို့ပြင် ကိုရီးယားနိုင်ငံ Daedong Co., Ltd နှင့် ချိတ်ဆက်ကာ ဒေါ်လာသန်း ၁၀ဝ ဖိုးရှိသော လယ်ယာသုံး စက်ပစ္စည်း ကိရိယာများ ဝယ်ယူရေး အတွက်ဟု အကြောင်းပြမည်လား။ သူတို့တွင် ပြင်ဆင်ပြီးသား ရှိပါလိမ့်မည်။
အစက ပြန်ကောက်ရလျှင် တရုတ်ထုတ် ကုန်သွင်းကုန်ဘဏ်မှ ဒေါ်လာ သန်း ၃၀ဝ ချေးယူပြီး သမဝါယမ ချေးငွေ အဖြစ် စက်ပစ္စည်း ကိရိယာများအား အရစ်ကျရောင်းချပေးခြင်း အစီအစဉ်တွင်လည်း ထိပ်ပိုင်းက ခြစားသည့်ကိစ္စများ ရှိနိုင်ကြောင်း ဝေဖန် ထောက်ပြခြင်းများ ရှိခဲ့သည်။ လယ်ယာသုံး စက်ပစ္စည်းကိရိယာများ ဝယ်ယူရာတွင် အခြေခံ ကျေးလက်လူစုထဲ ဝယ်ရင်းဈေးနှုန်းအမှန်ဖြင့် ရောက်ရှိနိုင်ပါမည်လား။
ဝန်ကြီးဌာန အစီအစဉ်ဖြင့် လုပ်မည် ဆိုလျှင် ခြစားသည့် ကိစ္စက ရှိကို ရှိမည်။ အနည်းဆုံး ဝန်ဆောင်စရိတ်၊ သယ်ပို့ စရိတ်၊ ပြုပြင်ထိန်းသိမ်း စရိတ် စသည်ဖြင့် စာရင်းများကား တို့ပြနိုင်စရာ များစွာရှိသည်။ ဒေါ်လာ သန်း ၃၀ဝ ချေးယူမည် ဆိုကတည်းက ပွင့်လင်းမြင်သာမှု ကင်းမဲ့ခဲ့ပြီး ဖြစ်သည်။ လွှတ်တော်တွင်လည်း သဘောတူညီမှု မယူ၊ ခွင့်ပြုပေးခြင်း လည်း မရှိ၊ မိမိတို့သဘောဖြင့် မိမိတို့ ဇွတ်တိုး လုပ်ခဲ့ကြခြင်း ဖြစ်သည်။
သမဝါယမ ချေးငွေနှင့် မြန်မာ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နှစ်ပါးသွား အကတော့ ကခဲ့ကြချေပြီ။ နိုင်ငံပိုင် သတင်းစာ များ၏ မျက်နှာဖုံးတွင် သမ္မတနှင့် သမဝါယမ ပြည်ထောင်စုဝန်ကြီးတို့ လယ်ယာသုံး စက်ပစ္စည်းကိရိယာ ပြခန်းရှေ့ တွင် အပြုံးပန်းကိုယ်စီဖြင့် ဒေသခံ တောင်သူများအား စကားခြွေနေကြသည်။
သို့သော် ဒေသခံများ၏ ပြောစကားအရ ထိုတောင်သူများမှာ တောင်သူအတုများဟု ဆိုသည်။ သို့ဆိုလျှင် အလိမ် ဇာတ်လမ်း တစခန်းထလာပြီဟု ဆိုရမည်။ အလယ်အလတ်က လိမ်သည်။ ထိပ်ပိုင်းက အလိမ်ကို ကြိုက်သည်။ အောက်ခြေက လိမ်နေသည်ကို အူမချေးခါး သိနေသည်။
မြန်မာ့ နိုင်ငံရေး ခေတ်သမိုင်းတို့ ပြောင်းလဲခဲ့ချေပြီ။ အလိမ်ခံရပေါင်း များလှပြီ ဖြစ်သော အောက်ခြေ ဆင်းရဲနွမ်းပါး ပြည်သူများသည် အလိမ်ခံရပေါင်း များလှစွာသော သတင်းစာများ အရ မြန်မာ့ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးကို ဤသို့ သုံးသပ်ကြသည်။ ထိပ်ပိုင်းကလည်း အပြောင်းအလဲကို မလုပ်ချင်သေး၊ အလယ် အလတ်ကလည်း အပြောင်းအလဲကို လုံးဝမလိုလားကြ သေး၊ အောက်ခြေတွင်လည်း စုန်းပြူးများက အပြောင်းအလဲဟူသည်ကို လိုက်လံတိုက်ခိုက် နှောင့်ယှက်လုပ်နေကြသေးဟု ဝေဖန်နေကြသည်။ ယနေ့ ဆင်းရဲနွမ်းပါး ပြည်သူများသည် လည်စင်းခံ ဘဝက မလွတ်ကြသေးချေ။
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးသည် သမ္မတက ဦးဆောင်လင့် ကစား ပွင့်လင်းမြင်သာမှု လုံးဝမရှိ၊ ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်း သို့ လျှော့ချမည် ဆိုသည်မှာလည်း ရှင်းလင်းသေချာမှု မရှိ။ သမဝါယမ ချေးငွေ စသော ဆေးမြီးတိုများ ဖြင့်သာ မစားရဝမခန်း ဖြစ်နေ၏။ ယင်းဆေးမြီးတိုများထဲတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဟူသည်လည်း ပါနေသေး သည်။ စီမံကိန်းဝင် ကျေးရွာတရွာ ကျပ်သိန်း ၃၀ဝ ချေးပေးဦးမည် ဆို၏။
ချေးငွေရမည့် အိမ်ထောင်ကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီက စိစစ်ရွေးချယ်မည် ဟူသတတ်။ မပြတ်မသား မရှင်းမလင်း ဝါဒဖြန့်ချိခြင်း များဖြင့် စီစဉ်နေသော မြန်မာ့ဆင်းရဲနွမ်းမှု လျှော့ချရေး အစီအစဉ်များအား ရင်မောစွာ ကြည့်ရင်း ဒုံရင်းက ဒုံရင်း အတိုင်း ဖြစ်မကျန်ဖို့ရန်သာ လိုအပ်ပါကြောင်း ဆန္ဒပြုလိုက်ရပါသည်။ ။
(စာရေးသူသည် သတင်းစာ၊ ဂျာနယ်များတွင် သတင်း ဆောင်းပါးများကို ပုံမှန်ရေးသားနေသူဖြစ်ပြီး ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်)